မော့ယွမ်၏တောင်းဆိုမှုများ
Vol. 2 Ch. 26
ရေကန်စံအိမ်အပြင်ဘက် တောင်ကုန်းလမ်းအတိုင်း လျှောက်လာရင်း မူဝမ်မှာ ခေါင်းငုံ့ထားသည်။
“စီနီယာအစ်ကို… ရှင့်အသက်ကို ဆွဲဆန့်နိုင်မယ့် ဆေးလုံးတစ်လုံး ကျွန်မ ရှာဖို့ ကြိုးစားပါ့မယ်”
အသက်ကို ဆွဲဆန့်နိုင်သောဆေးလုံးများမှာ အလွန်ရှာရခက်သည်။ ၎င်းတို့ကို ကံကောင်း၍သာ တွေ့နိုင်၏။
မူဝမ်သည် ထိုစကားကိုဆိုသော်လည်း ယုံကြည်မှု သိပ်မရှိပါ။
ဟန်မူယဲ့က ရယ်မောလိုက်ကာ သူမအား ကြည့်သည်။
“ဂျူနီယာညီမလေး… ဒါက ကျုပ်ရဲ့အသက်ရှင်ကာလ တိုသွားတာပဲ ရှိတာ။ အရမ်းကြီး အရေးမကြီးပါဘူး”
မူဝမ်၏အာခီမီအဆင့်ဖြင့် သူမသည် ဟန်မူယဲ့၏အသက်ရှင်ကာလကို မမြင်နိုင်ပါ။
မူဝမ်က ခေါင်းညိတ်လျှက် တီးတိုးပြောသည်။
“ဒါဆို စီနီယာအစ်ကို… ဓားစံအိမ်ကို ပြန်လိုက်ပါ။ ကျွန်မ ဆေးခန်းဆောင်ကို သွားတော့မယ်”
အချိန်နောက်ကျနေပြီကို သတိထားမိကာ ဟန်မူယဲ့ကလည်း ခေါင်းညိတ်သည်။
“ကောင်းပြီ… နောက်ပိုင်း အချိန်ရရင် ကျုပ် ဆေးခန်းဆောင်ကို လာပါ့မယ်။ တကယ်လို့ တစ်ခုခုကို နားလည်ဖို့ ခက်ခဲရင် ကျုပ်ကို ဓားစံအိမ်မှာ လာရှာပါ”
သည်ကလေးမ အရွယ်ရောက်လာပါက ပိုမို၍ ကြည့်ကောင်းပေလိမ့်မည်။
ထို့အပြင် သူမသည် စိတ်နှလုံး သန့်စင်သော မိန်းကလေးဖြစ်သည်။
ဟွမ်လောင်လျှိုက သူမအား ဟန်မူယဲ့နှင့် တွဲပေးလိုခြင်းက စိတ်ကူးကောင်းတစ်ခု ဖြစ်သည်။
သူတို့နှစ်ဦး တောင်ကုန်းလမ်းအတိုင်း လျှောက်လာကြ၏။ အတန်ကြာလျှင် မူဝမ်သည် ဆေးခန်းဆောင်သို့ အပြန်လမ်းခွဲသို့ ရောက်လာ၏။
သူမသည် ဟန်မူယဲ့ထွက်သွားကာ လမ်းကလေးကို ကြည့်ကာ လက်သီးကို တင်းတင်းဆုပ်ထားသည်။
“စီနီယာအစ်ကိုဟန်မှာ အသက်ရှင်ဖို့ ခြောက်ရက် ခုနစ်ရက်ပဲ ကျန်တော့တယ်”
ထို့နောက် သူမက စိုးရိမ်သော မျက်နှာအမူအရာဖြင့်ပင် လမ်းကလေးအတိုင်း ပြေးလွှားသွားတော့သည်။
…
ဟန်မူယဲ့ ဓားစံအိမ်သို့ မပြန်ဖြစ်ပါ။
ချီစွမ်းအားကို လှည့်ပတ်ကာ သူသည် လေအလျင်အလား ပြေးလွှားနေသည်။ သူသည် ၁၅ မိနစ်ခန့်တွင် အပြင်စည်းဂိုဏ်းသားများနေသော စမ်းချောင်းဘေးမှ အဆောင်များထံသို့ ရောက်လာသည်။
ရှေ့မှ သစ်သားအိမ်လေးကို လှမ်းကြည့်ကာ ဟန်မူယဲ့ အသက်ပြင်းပြင်းရှူလျှက် လှမ်းသွားလိုက်သည်။
အိမ်ပိုင်ရှင်သည် တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် အပြင်သို့ ထွက်လာသည်။
မော့ယွမ်…
“မနေ့က မင်း လာရှာတဲ့အကြောင်း လူတစ်ယောက်က ငါ့ကို ပြောတယ်။ အဲဒါ မင်းဖြစ်မယ်လို့ ငါ တွေးထားသားပဲ”
မော့ယွမ်က တစ်ချက်ရယ်ကာ ဟန်မူယဲ့အား အိမ်ကလေးထဲသို့ ဖိတ်ကြားသည်။
အိမ်ကလေးထဲတွင်ကား သပ်ရပ်သန့်ရှင်းနေကာ ပစ္စည်း များများစားစား မရှိပါ။
မော့ယွမ်က သစ်သားခုံကလေးတွင် ထိုင်လိုက်ကာ မော့ကြည့်သည်။
“မင်း တစ်ရက် ၂ရက်လောက် နောက်ကျရင် ငါ့ကို ရှာတွေ့တော့မှာ မဟုတ်ဘူး”
‘ဘာကို ဆိုလိုတာလဲ’
ဟန်မူယဲ့ကလည်း သူ့ရှေ့မှ ခုံတွင် ထိုင်လိုက်ကာ မေးသည်။
“ဘာကြောင့်လဲ”
မော့ယွမ်သည် စိတ်သက်သာရာရသော်လည်း အထီးကျန်ဆန်သော အမူအရာဖြင့် ပြောသည်။
“ဟဲ…ဟဲ… ငါ့ဆန္ဒက ပြည့်သွားပြီလေ။ ဘာလို့ ဒီမှာ ဆက်နေရမှာလဲ”
ထို့နောက် သူက ဟန်မူယဲ့အား မှိုင်းညို့နေသော မျက်လုံးများဖြင့် ကြည့်သည်။
သူ၏ဆန္ဒမှာ ပြည့်ဝသွားပြီဖြစ်သည်။ သူက ဓား ၁၀၀၀၀ တို့အိမ်အပြန် ကျင့်စဉ်အား ဟန်မူယဲ့ကို လက်ဆင့်ကမ်းပေးခဲ့ခြင်းကို ဆိုလိုသည်လား။
ဟန်မူယဲ့ကလည်း ၎င်းကို နားလည်သည်။
မော့ယွမ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ဆက်နေခြင်းမှာ ဓား ၁၀၀၀၀ တို့အိမ်အပြန်အား လက်ဆင့်ကမ်းပေးလို၍ ဖြစ်သည်။
ယခု ဟန်မူယဲ့က ထိုပညာရပ်အား သင်ကြားခဲ့ပြီးဖြစ်ရာ သူ့ဆန္ဒလည်း ပြီးမြောက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ထွက်သွားရန် ပြင်နေခြင်း ဖြစ်သည်။ သူသည် တံခါးပိတ်လေ့ကျင့်ရန် သွားခြင်း သို့မဟုတ် မွေးရပ်မြေကို ပြန်ခြင်း တစ်ခုခု ဖြစ်နိုင်သည်။
မော့ယွမ်က သူ့အား ပြုံးလျှက်မေးသည်။
“မင်းမှာ ဓား ၁၀၀၀၀ တို့အိမ်အပြန် ကျင့်စဉ်နဲ့ပတ်သက်ပြီး မေးစရာရှိတာလား”
ဟန်မူယဲ့က ခဏမျှ တွေးလိုက်ပြီး ပြောသည်။
“စီနီယာ… ခင်ဗျားက ဓားချီ ခန္ဓာကိုယ်ထဲ ဝင်တာနဲ့ပတ်သက်ပြီးတော့ ဘယ်လို ဖြေရှင်းပါသလဲ”
ဟန်မူယဲ့၏စကားကိုကြားလျှင် မော့ယွမ်က လက်များကို ပွတ်ကာ ပျော်ရွှင်စွာ ပြောသည်။
“မင်းက ဓားပညာကို လေ့ကျင့်ဖို့ မွေးလာတယ်ဆိုတာ ငါ သိတာပေါ့”
“မင်းက သိပ်တောင် မကြာသေးဘူး ဓား ၁၀၀၀၀ တို့အိမ်အပြန် ပညာရပ်ရဲ့ သော့ချက်ကို နားလည်နေပြီ”
သူက သက်ပြင်းတစ်ချက် ချသည်။ မော့ယွမ်က ယခင် မှတ်ဉာဏ်ဟောင်းများကို ပြန်တွေးမိဟန်တူသည်။
“အရင်တုန်းက ငါဟာ ဓား ၁၀၀၀၀ တို့အိမ်အပြန် ပညာရပ်ကို တီထွင်ချင်ခဲ့တယ်။ ဒါပေမဲ့ ၁၀ နှစ်ကြာတဲ့အထိ ဘာတိုးတက်မှုမှ မရှိခဲ့ဘူး”
“နောက်ပိုင်း ငါက အံ့ဖွယ်ကိုးပါးဓားကို သုံးလိုက်တဲ့အတွက် ဓားချီပြယ်လွင့်သွားတဲ့ ဓားစံအိမ်အကြီးအကဲကို သွားတွေ့ခဲ့တဲ့အခါ သူက ပြောတယ်…”
ထိုအချိန်တွင် မော့ယွမ်က လက်မြှောက်ကာ သူ၏လက်ထဲမှ ရှေးဟောင်းဓားတစ်လက်အား စားပွဲပေါ်သို့ တင်လိုက်သည်။
“ကလင်…”
ဓားသည် ဓားအိမ်ထဲမှ ထွက်လာသောအခါ ရေကဲ့သို့ ကြည်လင်သောအသံထွက်လာသည်။
“ဓားကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပြီးတော့ ဓားချီကို ပျိုးထောင်ပါ”
“ပထမဆုံး ဓားချီအငွေ့အသက် မင်းခန္ဓာကိုယ်ထဲကို ဝင်သွားတဲ့အခါ…”
မော့ယွမ်က ပြုံးလိုက်သည်။ သူက ဆက်ပြောမည့်စကားကို သူ၏ဓားအား မကြားသိစေလိုသည့်အလား ဓားကို ဓားအိမ်ထဲကို ပြန်သွင်းလိုက်၏။
“မင်း တူနှစ်ကိုယ်ကျင့်ကြံခြင်းခံစားချက်ကို တွေ့ကြုံဖူးလား”
အဖိုးအို၏မျက်လုံးထဲတွင် တဏှာရာဂအငွေ့အသက်များ ရှိနေသည်။
ဟန်မူယဲ့ ခေါင်းညိတ်သည်။ သူသည် မော့ယွမ်ပြောသည်ကို နားလည်သည်။
သူ ခေါင်းညိတ်သည်ကိုမြင်လျှင် အဖိုးအို၏အမူအရာက ပို၍ ရာဂတဏှာအငွေ့အသက်များ ပြင်းထန်လာသည်။ သူက လက်ဝှေ့ယမ်းကာ ပြောသည်။
“ဟုတ်တယ်… အဲဒီ ခံစားချက်ပဲ။ မင်းက အဲဒါကို ခံစားဖူးတယ်ဆိုမှတော့…”
“ကျုပ်က ဓားချီ ခန္ဓာကိုယ်ထဲ ဝင်သွားတဲ့ ခံစားချက်ကို သိပါတယ်”
ဟန်မူယဲ့က တီးတိုးပြောသည်။
“ဟဟ… အဲဒါ ကောင်းတယ်… ဟင်… ဘာလဲ…”
မူလက ရယ်မောနေသော မော့ယွမ်သည် ရုတ်တရက် စားပွဲကို လှန်လိုက်ကာ အောက်ကို ပြုတ်ကျသွားသော ဓားကို ဂရုမစိုက်တော့ဘဲ ဟန်မူယဲ့ထံသို့ တိုးကပ်လာကာ သူ၏လက်များအား လှမ်းဆုပ်လိုက်သည်။
“ဓားချီ မင်းခန္ဓာကိုယ်ထဲကို ဝင်သွားတယ်…”
သူ၏လက်များက ဟန်မူယဲ့၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
“မင်းက အရမ်းအလျင်လိုတာပဲ… သုံးနှစ်… ပထမဆုံး ဓားချီအငွေ့ကို စုစည်းဖို့ သုံးနှစ်ကြာတယ်။ အဲဒီအချိန်မှာ မင်းရဲ့ခန္ဓာကိုယ်နဲ့အရိုးက ဓားချီနဲ့နေသားကျနေပြီ။ အဲဒါက အကောင်းဆုံး အချိန်ပဲ”
“ဓားချီက မင်းခန္ဓာကိုယ်ထဲကို ဝင်သွားရင် အဲဒါက မင်းရဲ့အသက်ဓာတ်ကို ထိခိုက်စေလိမ့်မယ်”
“ဟူး… ဒါက ငါ့အမှားပဲ။ မင်းကို ကျင့်ကြံခြင်းရဲ့တားမြစ်ချက်ကို ရှင်းမပြခဲ့တဲ့ ငါ့အမှားပဲ”
မော့ယွမ်က နောင်တရစွာ ပြောသည်။
“ကျွန်တော်က ဓားစံအိမ်ရဲ့ဓားထိန်းပဲ။ ဓားချီ ကျွန်တော့ ခန္ဓာကိုယ်ထဲကို ဝင်တာက ဓား ၁၀၀၀၀ တို့အိမ်အပြန်ပညာရပ်နဲ့ မသက်ဆိုင်ဘူး”
ဟန်မူယဲ့က အဖိုးအို၏အမူအရာကို ကြည့်ကာ ရှင်းပြသည်။
“ဓားထိန်း…”
မော့ယွင် တောင့်တင်းသွားသည်။
သူက ထိုင်ခုံတွင် ဖြေးလေးစွာ ပြန်ထိုင်လိုက်ကာ ပြောသည်။
“မှန်တယ်… ဓားထိန်းတစ်ယောက်က ဓားချီ ခန္ဓာကိုယ်ထဲ ဝင်ဖို့ အလွယ်ကူဆုံးပဲ… ငါ ဘာလို့ မတွေးမိခဲ့ပါလဲ”
သူက ဟန်မူယဲ့အား မေးသည်။
“မင်းရဲ့အသက်ဓာတ်က ဘယ်လောက်ကျန်သေးတယ်ထင်လဲ”
မည်မျှ အသက်ရှင်ဦးမည်နည်း။
ဟန်မူယဲ့ သက်ပြင်းချသည်။ သူသာ အသက်ရှင်ချိန် ကျန်သေးပါက မော့ယွမ်ထံသို့ ရောက်လာမည် မဟုတ်ပါ။
ဟန်မူယဲ့ တိတ်ဆိတ်နေသည်ကိုမြင်လျှင် မော့ယွမ်က ခေါင်းညိတ်သည်။
“ငါ နားလည်ပြီ”
သူက သစ်သားသတ္တာတစ်လုံးကို ထုတ်ယူကာ အဖုံးကို ဖွင့်လိုက်သည်။ အတွင်း၌ ကျောက်စိမ်းပုလင်းငယ်တစ်လုံး ရှိသည်။
“ကောင်လေး… ငါ့မှာ မင်းအသက်ကို နည်းနည်းဆွဲဆန့်နိုင်တဲ့ ဆေးတစ်လုံးရှိတယ်”
သူက သည်အတိုင်းပင် ဆေးလုံးကို ဟန်မူယဲ့အား ကမ်းပေးသည်။
သူ့ရှေ့မှ ဆေးလုံးကိုကြည့်ကာ ဟန်မူယဲ့ တိတ်ဆိတ်နေသည်။
ဤဆေးလုံးမှာ ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ တန်ဖိုးရှိသည်။
ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ မျှဖြင့် သူက အများအပြား လုပ်နိုင်သည်။
အပြင်စည်းဂိုဏ်းသား မော့ယွမ်အတွက် ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ မှာ တစ်သက်တာ စုဆောင်းမှု ဖြစ်သည်။
ထို့အပြင် ဆေးလုံးမှာ မော့ယွမ်အတွက် သူ့အသက်ကို ဆွဲဆန့်ရန် ဖြစ်သည်။
သူ၏ကိုယ်ပိုင်အသက်မှာလည်း အဆုံးသတ်ခါနီးနေပြီ ဖြစ်ဟန်ရသည်။
“စီနီယာ… ဒီဆေးလုံးက ခင်ဗျားကိုယ်တိုင်အတွက်…”
ဟန်မူယဲ့က အသံတိုးတိုးဖြင့် ပြောသည်။
မူလက သူသည် ဆေးလုံးအား မော့ယွမ်ထံမှ ဝယ်လိုခဲ့သည်။
သို့သော်လည်း မော့ယွမ်က အားလုံးကို သိမ်းဆည်းကာ ထွက်သွားတော့မည်ကို မြင်လျှင် ဟန်မူယဲ့နားလည်သွားသည်။
မော့ယွမ်၏အသက်မှာလည်း ကုန်ဆုံးခါနီးပြီ ဖြစ်သည်။ သူက နောက်ဆုံးအချိန်တွင် ဂိုဏ်းမှ ထွက်သွားလိုသည်။
ယခု မော့ယွမ်က ဆေးလုံးကို သူ့အား ပေးနေသည်။ ဟန်မူယဲ့ ဆေးလုံးအား မယူရက်တော့ပါ။
သူက ဆေးလုံးကို သူ့အသက်အတွက် လိုအပ်သလို မော့ယွမ်မှာလည်း ထိုနည်းတူ ဖြစ်သည်။
“ဟက်…ဟက်… ငါလို အဖိုးအိုက ဒီဆေးလုံးကို စားလိုက်တာက ဘာထူးဦးမှာလဲ”
မော့ယွမ်က ခေါင်းယမ်းကာ ဟန်မူယဲ့အား ကြည့်သည်။
“ဒီဆေးလုံးက အလကားတော့ မဟုတ်ဘူး”
“ငါ့ကို ကိစ္စနှစ်ခု ကတိပေး…”
သူက လက်မြှောက်ကာ ပြောသည်။
“ပထမ… မနက်ဖြန် ငါ့ကို အဖော်ပြုပြီး ငါ့မွေးရပ်မြေမြို့သို့ လိုက်ခဲ့ပေး”
“ဒုတိယ… တကယ်လို့ အဲဒီရက်ရောက်လာခဲ့ရင် ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို မျိုးဆက်မပြတ်သွားစေနဲ့”
မော့ယွမ်ပြောသည်ကား အကယ်၍ ဟန်မူယဲ့သာ အသက်ရှင်ကာလမကျန်တော့ပါက ဓား ၁၀၀၀၀ တို့အိမ်အပြန်အား နောက်တစ်ယောက်ထံသို့ လက်ဆင့်ကမ်းပေးခဲ့ရမည်။
“ကျွန်တော် မရောက်လာရင် စီနီယာက မွေးရပ်မြေမြို့ကို တစ်ယောက်တည်း ပြန်မှာမလား”
ဟန်မူယဲ့က မော့ယွမ်ကို ကြည့်သည်။
“ငါက မိတ်ဆွေ ၈ ယောက်နဲ့အတူ ဒီကို ရောက်လာခဲ့တဘ်။ အခု နှစ် ၂၀၀ ရှိပြီ။ ငါတစ်ယောက်တည်း ကျန်တော့တယ်”
မော့ယွမ်က ခေါင်းညိတ်ကာ ပြောသည်။
ကျင့်ကြံခြင်းကား ထိုသို့ဖြစ်သည်။ နှစ် ၁၀၀ ခန့်ကြာပြီးနောက်တွင် မိတ်ဆွေများအားလုံးမှာ အသက်ကုန်ဆုံးသွားကြပေလိမ့်မည်။
“ဒါဆို စီနီယာရဲ့မွေးရပ်မြေက တော်တော်ဝေးလား”
ဟန်မူယဲ့က မေးသည်။
သူက မော့ယွမ်အား ပို့ဆောင်လိုသော်လည်း ဓားစံအိမ်နှင့် များစွာ ကြာမြင့်အောင် ခွဲမသွားလိုပါ။
“ဟဲဟဲ… အဲဒါက သိပ်မဝေးပါဘူး။ တောင်ခြေကနေ မိုင်တစ်ထောင်ပါပဲ။ ငါတို့က ဂိုဏ်းရထားလုံးနဲ့ဆိုရင် ငါးရက်ထက်မကြာဘူး”
မော့ယွမ်က ပြုံးလျှက်ပြောသည်။
“ကောင်းပြီ။ မနက်ဖြန် ကျွန်တော် တောင်ခြေမှာ စောင့်နေမယ်”
ဟန်မူယဲ့က ဦးညွှတ်ကာ မော့ယွမ်၏ဓားကို ကြမ်းပြင်မှ ကောက်လျှက် စားပွဲပေါ်၌ တင်ထားခဲ့သည်။ ထို့နောက် နောက်လှည့်ကာ ထွက်လာခဲ့၏။
သူ၏နောက်ကျောနှင့် စားပွဲပေါ်မှ ဆေးလုံးကို ကြည့်ကာ မော့ယွမ်၏မျက်နှာတွင် ကျေးဇူးတင်သော ဟန်ပင်များ ရှိနေသည်။