← Chapters

မော့ယွမ်၏တပည့်အဖြစ် ဟန်ဆောင်ပေးခြင်း

Vol. 2 Ch. 27

မော့ယွမ်၏တပည့်အဖြစ် ဟန်ဆောင်ပေးခြင်း

Vol. 2 Ch. 27

သူသည် ဓားစံအိမ်သို့ ပြန်ရောက်သောအခါ ဟွမ်လောင်လျှိုမှာ စားပွဲပေါ်မှ စာအုပ်ကို သိမ်းဆည်းနေသည်။

ဟန်မူယဲ့ကိုမြင်လျှင် သူက ပြုံးလျှက် စားပွဲပေါ်တွင် ဝိညာဉ်ကျောက်တုံး ၂တုံးကို တင်လိုက်သည်။

“အစ်ကို… ခင်ဗျား ဒီနေ့ ဂွင်မိထားတယ်ပေါ့”

ဟန်မူယဲ့က ပြုံးလျှက် ဝိညာဉ်ကျောက်တုံးများကို ကောက်ယူလိုက်သည်။

သူ့တွင် အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၃တုံးသာ ရှိသည်။ သူ့တွင် အမှန်တကယ် အရည်အသွေးနိမ့် ဝိညာဉ်ကျောက်တုံးများ လိုအပ်နေ၏။

“ဒီနေ့ အခြေအနေ သိပ်မဆိုးဘူး။ အတွင်းစည်းတပည့် ၂ယောက် ဓား လာ,လက်ခံကြတယ်”

ဟွမ်လောင်လျှိုက ဝမ်းသာအားရ ပြောသည်။

ဓားစံအိမ်မှ ဓားထိန်းများသည် ရရှိသော အကျိုးအမြတ်များကို ခွဲဝေယူသည့် ထုံးစံရှိသည်။

သို့သော်လည်း အကျိုးအမြတ် မည်မျှရရှိသည်ဆိုခြင်းက သူတို့၏ကိုယ်ပိုင်စွမ်းရည်နှင့် သက်ဆိုင်၏။

ဟွမ်လောင်လျှိုက ဝိညာဉ်ကျောက်တုံး ၂တုံးကို ဟန်မူယဲ့အား ပေးခဲ့ရာ သူကိုယ်တိုင်က သေချာပေါက် ဝိညာဉ်ကျောက်တုံး ၆ တုံးနှင့်အထက် ရရှိခဲ့သည်။ သူက သေချာပေါက် ဝမ်းသာပေသည်။

“အစ်ကို… ကျွန်တော် ရက်နည်းနည်းလောက် တောင်အောက်ကို ဆင်းချင်တယ်”

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ကာ ပြောသည်။

‘တောင်အောက်ကို ဆင်းမည်လား’

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်ကာ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ရ၏။

သည်အကောင်က အတော်လေး လက်မြန်သည်။ ဂျူနီယာညီမလေးမူနှင့် တောင်အောက်ကို ဆင်းကာ သူတို့ကိစ္စများကို သွားဖြေရှင်းသည်များလား။

တောင်ပေါ်တွင် လုပ်ဆောင်ရန် မသင့်တော်သည်များ အများအပြား ရှိသည်။

ဥပမာအားဖြင့် တူနှစ်ကိုယ်ကျင့်ကြံခြင်း…

“ကောင်းပြီ… ရက်နည်းနည်းပဲ… တကယ်လို့ အကြီးအကဲမေးရင် ငါ ဖြေပေးထားလိုက်မယ်”

ဟွမ်လောင်လျှိုက ပြုံးလျှက် ပြောသည်။

“ငါးရက် ဒါမှမဟုတ် ခြောက်ရက်ပါပဲ”

ဟန်မူယဲ့က အသွားအပြန်ခရီးတစ်ခေါက်စာကို တွက်ချက်ကာ ပြောသည်။

“မင်းတို့လူငယ်တွေ အရမ်းကောင်းတယ်”

ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ သူ၏အခန်းထဲကို ဝင်သွားသည်။

ဟွမ်လောင်လျှို နားလည်မှုတစ်ခုခုလွဲသွားကြောင်း ဟန်မူယဲ့ သိလိုက်သော်လည်း ရှင်းမပြတော့ပါ။

သူသည်လည်း အခန်းထဲကို ပြန်ကာ ချီပင်လယ်မှ ဓားချီများအား ကြည့်သည်။ ထို့နောက် ခန္ဓာကိုယ်ကျင့်ကြံစနစ်များနှင့်ဓားပညာရပ်များအား ပြန်သုံ့သသည်။

၎င်းမှာ အလွန်ထူးဆန်းသည်။ သူက မော့ယွမ်၏ဓားကို ကိုင်လိုက်သောအခါ မည်သည့်ပညာရပ်ကိုမှ မသိ၊ မတတ်ခဲ့ပါ။

သူက ထိုအချက်ကို နားမလည်ပေ။

နောက်တစ်နေ့ နံနက်တွင် ဟန်မူယဲ့သည် အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံးတစ်လုံးနှင့် အရည်အသွေးမြင့် တိမ်မြူချီဆေးလုံး ၃လုံးကို ကုတင်ပေါ်တွင် တင်ထားခဲ့ကာ တိတ်တဆိတ် ထွက်လာခဲ့သည်။

အကယ်၍ သူ၏သူသည်သာ အသက်ဆက်မရှင်နိုင်တော့ပါက ထိုဆေးလုံးများမှာ ဟွမ်လောင်လျှိုနှင့်တွေ့ဆုံခြင်းအတွက် လက်ဆောင်အဖြစ် သူ ပေးထားခဲ့ခြင်း ဖြစ်သည်။

ဓားစံအိမ်မှ ထွက်လာရင်း သူက ဖြူလွင့်လွင့်ကောင်းကင်၏အရှေ့ဘက်ကို လှမ်းကြည့်သည်။ သူက သက်ပြင်းတစ်ချက် ရှိုက်ကာ နောက်ကျောမှ ခရမ်းမီးတောက်ဓားကို ကျကျနန ပြင်ဆင်လျှက် တောင်ကုန်းဂိတ်တံခါးထံသို့ လှမ်းသွားလိုက်သည်။

လမ်းတစ်လျှောက်တွင် မီးခိုးရောင်နှင့် အစိမ်းရောင်ဝတ် အပြင်စည်းဂိုဏ်းသားများသည် ဟန်မူယဲ့ကိုမြင်လျှင် လေးစားသမှုပြုကြရသည်။

သူသည် အတွင်းစည်းဂိုဏ်းဝင်ဖြစ်သော အဖြူရောင်ဝတ်စုံအား ဝတ်ထားခြင်း ဖြစ်သည်။

သူ တောင်ကုန်းဂိတ်တံခါးသို့ ရောက်သွားသောအခါ မော့ယွမ် မရောက်သေးချေ။

သို့သော်လည်း များစွာသော အပြင်စည်းဂိုဏ်းသားများနှင့် အစေခံများမှာ ဝင်ထွက်သွားလာနေကြသည်။

သူတို့၏စကားများကို နားထောင်ကြည့်ပါက ယနေ့ ဂိုဏ်းကို ဧည့်သည်များ ရောက်လာကြရန် ရှိကြောင်း သိရသည်။ သူတို့က တောင်ကုန်းဂိတ်တံခါးအား သန့်ရှင်းရေးလုပ်ကာ ဧည့်သည်များအား ကြိုဆိုရမည်။

ဘန်း…

မီးခိုးရောင်ဝတ်လူတစ်ဦး၏ပန်းအိုးမှာ ကျကွဲသွားသည်။

“မင်း ကန်းနေလား”

တီးတိုးမာန်မဲကာ အပြင်စည်းဂိုဏ်းသားတစ်ဦးက အစေခံတပည့်တစ်ဦးအား နောက်မှ ကန်ကျောက်လိုက်သည်။

ထိုအစေခံမှာ မြေပြင်ပေါ်တွင် လူးလိမ့်လဲကျသွား၏။

သူသည် ဟန်မူယဲ့နှင့် သိပ်မဝေးသောနေရာသို့ လဲကျလာခြင်း ဖြစ်သည်။

ထိုကိစ္စအား ဂရုစိုက်ရန် ပျင်းရိသော ဟန်မူယဲ့က ခေါင်းငုံ့လိုက်သည်။ သူက ထိုအစေခံတပည့်အား မြင်လျှင် ဟန်မူယဲ့ ပြုံးလိုက်၏။ သူက ရှေ့ကို လှမ်းသွားကာ လက်ဆန့်တန်းပေးသည်။

“အစ်ကိုလု…”

မြေပြင်ပေါ်သို့ လဲကျသွားသူမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထံသို့ ဟန်မူယဲ့အား ခေါ်သွင်းလာသူ လုကော ဖြစ်သည်။

လုကောက မော့ကြည့်လျှင် အဖြူရောင်ဝတ်စုံဖြင့် ဟန်မူယဲ့အား မှင်တက်စွာ ကြည့်သည်။ သူက အလိုအလျောက် ထရပ်ကာ ဦးညွှတ်လိုက်၏။

အစေခံတပည့်များမှာ ဂိုဏ်း၌ အနိမ့်ဆုံး အတန်းအစားများ ဖြစ်ကြသည်။ အဖြူရောင်ဝတ်စုံဖြင့်အတွင်းစည်းဂိုဏ်းဝင်များ မဆိုထားနှင့်၊ အပြင်စည်းဂိုဏ်းသားများပင် သူတို့ကို ခိုင်းစေနိုင်၏။

“လုကောက စီနီယာအစ်ကို,ကို နှုတ်ခွန်းဆက်ပါတယ်”

ထို့နောက် လုကောက ဟန်မူယဲ့အား အသေအချာကြည့်သည်။

ဟန်မူယဲ့၏မျက်နှာကို အသေအချာကြည့်မှ သူက မှင်တက်သွား၏။

“အစ်ကို… အစ်ကိုဟန်…”

နှစ်ဦးသား ရပ်လျှက်ပြောနေလျှင် ထိုမြင်ကွင်းကို အနီးအနားမှ လူများအားလုံး မြင်ကြသည်။

လုကောက ဟန်မူယဲ့အား အစ်ကိုဟု ခေါ်သည်ကိုကြားလျှင် သူ့အား ကန်ကျောက်လိုက်သော အပြင်စည်းတပည့်သည် မျက်နှာပြာနှမ်းသွား၏။

“သေစမ်း… လုကောမှာ အတွင်းစည်းတပည့် အစ်ကိုတစ်ယောက်ရှိတာလား”

မီးခိုးရောင်ဝတ်အစေခံတပည့်တစ်ယောက်က အားကျစွာဖြင့် တီးတိုးရေရွက်သည်။

“ငါ မကြားမိပါဘူး။ သူတို့ ဘယ်လိုပတ်သက်တာလဲ သိချင်လိုက်တာ”

တစ်ယောက်ကလည်း ဟန်မူယဲ့နှင့် လုကောကို လှမ်းကြည့်ကာ ခန့်မှန်းသည်။

“ဒီအစေခံက အတွင်းစည်းတပည့်တစ်ယောက်နဲ့ ပတ်သက်နေတာပဲ။ စွန်းစန်းထုံက ဒီတစ်ခေါက်တော့ ပြဿနာကို တုတ်နဲ့ထိုးမိပြီ”

အဝေးတွင် အစိမ်းရောင်ဝတ် အပြင်စည်းဂိုဏ်းဝင်တစ်ဦးက တီးတိုးပြောသည်။

“စီနီယာအစ်ကို… စိတ်လျှော့ပါ… ကျုပ် အစ်ကိုလုကောကို ကန်ဖို့ မရည်ရွယ်ပါဘူး။ ကျုပ်တို့မှာ အလုပ်အလျင်လိုနေလို့ပါ”

အပြင်စည်းဂိုဏ်းသားစွန်းစန်းထုံက အလျင်အမြန် ရှေ့တက်လာကာ ဟန်မူယဲ့အား ဦးညွှတ်ကာ ရှင်းပြသည်။

သူကား ထိုမျှ မမိုက်မဲပါ။ ဟန်မူယဲ့သာ သူ့အား မေးခွန်းထုတ်ပါက၊ သို့မဟုတ် လုကောက တိုင်တန်းပါက ဟန်မူယဲ့က သေချာပေါက် သူ့အား အပြစ်ပေးနိုင်သည်။

သူက ဦးဆုံး အပြစ်ဝန်ခံထားခြင်းက ပိုကောင်းပေသည်။

ဟန်မူယဲ့ သူ့အား မကြည့်ချေ။ သူက လုကောအား ကြည့်ကာ မေးသည်။

“အစ်ကိုလု ထိခိုက်သွားသေးလား”

သူ၏အပြုအမူက လုကောကို အံ့အားသင့်စေသည်။

ဟန်မူယဲ့သည် ဓားစံအိမ်မှ ဓားထိန်းတစ်ဦးဖြစ်ကာ အမှန်တကယ် ကျင့်ကြံဆင့် နက်နဲသော အတွင်းစည်းဂိုဏ်းဝင် မဟုတ်ကြောင်း သူ သိသော်လည်း အပြင်လူများ မသိပါ။

ဂိုဏ်းတွင် ဝတ်စုံ၏အဆင့်အတန်းကိုသာ လူအများက သိကြသည်။

ယနေ့တွင် ဟန်မူယဲ့က အတွင်းစည်းဝတ်စုံဖြင့် လုကောအား ရင်းနှီးဖော်ရွေစွာ ဆက်ဆံရာ နောင်တွင် တခြားလူများကလည်း သူ့အား တလေးတစားဆက်ဆံကြမည်မှာ သေချာ၏။

“ကျုပ် အဆင်ပြေတယ်… အဆင်ပြေတယ်”

လုကောက ဖုန်များကို ခါလျှက် ပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်ကာ တောင်ကုန်းဂိတ်တံခါးသို့ရောက်လာသော ရထားလုံးကို လှမ်းကြည့်သည်။ အစိမ်းရောင်ဝတ် အပြင်စည်းဂိုဏ်းသားနှစ်ဦးသည် ထိုရထားလုံးနောက်မှ လိုက်ပါလာကြ၏။

သူတို့က ရပ်လိုက်လျှင် ရထားလုံးကို ဆွဲသော မြင်းကြီးများကလည်း ဟီသံပေးလျှက် ရပ်လိုက်ကြ၏။

“အင်း… မင်းတို့ ဆက်ပြီး လိုက်ပို့ဖို့ မလိုတော့ဘူး”

ရထားလုံးထဲမှ အိုမင်းသောအသံတစ်ခုကို ကြားရသည်။

ထိုသူမှာ မော့ယွမ် ဖြစ်သည်။

ထိုလူနှစ်ဦးက အချင်းချင်းကြည့်ကာ သက်ပြင်းချကြသည်။ တစ်ယောက်က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“စီနီယာအစ်ကို… ခရီးက ရှည်တယ်… ဘေးကင်းပါစေ”

နောက်တစ်ယောက်ကလည်း ပြောသည်။

“စီနီယာအစ်ကို… ဂရုစိုက်ပါ”

ရထားလုံးထဲမှ မော့ယွမ်က အသာအယာ ‘အင်း’ ခံသည်။

ဟန်မူယဲ့ ရထားလုံးထံသို့ လျှောက်သွား၏။

မော့ယွမ်ကား အပြင်စည်းဂိုဏ်းသားဖြစ်လာသည်မှာ နှစ် ၂၀၀ ရှိပြီဖြစ်သော်လည်း ယခု သူ့အား လိုက်ပို့သောအခါ လူ ၂ယောက်သာ ဖြစ်သည်။

မြင်ကွင်းက စိတ်မသက်မသာ ဖြစ်စေသည်။

သူက ခြေလှမ်းအနည်းငယ်ဖြင့် ရထားလုံးမောင်းသောနေရာသို့ ခုန်တက်လျှက် ထိုင်လိုက်သည်။

“လိုက်ပို့တဲ့အတွက် ကျေးဇူးပဲ”

သူက နောက်လှည့်ကာ ဆေးလုံး၂လုံး ပစ်ပေးလိုက်သည်။

အစိမ်းရောင်ဝတ် အပြင်စည်းဂိုဏ်းတပည့် ၂ဦးက အလိုအလျောက် လှမ်းဖမ်းလိုက်ကြ၏။

“ဒါ…”

“ဒါက အရည်အသွေးမြင့်တိမ်မြူချီဆေးလုံးပဲ”

သူတို့နှစ်ဦး အံ့အားသင့်စွာ ရေရွက်လျှက် ဟန်မူယဲ့အား ဦးညွှတ်လိုက်ကြသည်။

“ကျေးဇူးပါ စီနီယာအစ်ကို”

အရည်အသွေးမြင့်တိမ်မြူဆေးလုံးသည် ဝိညာဉ်ကျောက်တုံး ၃၀၀ တန်ဖိုးရှိသည်။ သူတို့က နှစ်အတော်ကြာ မစားမသောက်ဘဲ စုဆောင်းလျှင်ပင် ထိုပမာဏကို မစုဆောင်းနိုင်ပါ။

ဟန်မူယဲ့က ကြိုးများကို ဆွဲကာ ရထားလုံးကို စမောင်းလိုက်သည်။

သူက လုကော၏ဘေးနားကို ရောက်လျှင် နောက်ဆုံးကျန်သော ဝိညာဉ်ကျောက်တုံးပါ ကျောက်စိမ်းပုလင်းငယ်အား လှမ်းပစ်ပေးလိုက်သည်။

“အစ်ကိုလု… ကျုပ် ပြန်ရောက်တဲ့အခါ တစ်ခါလောက် သွားသောက်ကြတာပေါ့”

လုကောကလည်း လက်လှမ်းကာ ပုလင်းငယ်ကို ဖမ်းယူလိုက်ပြီး လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်။

“ကောင်းပြီ… သောက်ကြတာပေါ့…”

သူ၏ပါးစပ်က တုန်ခါသွားကာ သူ့ပုခုံးများမှာလည်း လှုပ်ယမ်းနေသည်။

အရည်အသွေးမြင့် တိမ်မြူချီမှာ သူ့အတွက် ရတနာတစ်ပါးအလား တန်ဖိုးကြီးလှသည်။

အပြင်စည်းဂိုဏ်းသားနှစ်ဦးက လုကောအား လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်သည်။

“ကျုပ်တို့က လော့ချန်နဲ့ ချင်ယိပါ။ ခင်ဗျားရဲ့နာမည်ကို သိခွင့်ရမလား”

လုကောက အလျင်အမြန် လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“လုကောက စီနီယာအစ်ကိုတို့ကို နှုတ်ခွန်းဆက်ပါတယ်”

သူတို့က ခေါင်းညိတ်ကာ ပြုံးလျှက် ထွက်သွားကြသည်။

ဤသည်ကား အသိအကျွမ်း ဖြစ်သွားသည့်သဘောကို ဆိုလိုသည်။

ဤသို့သော အဆက်အသွယ်ဖြင့် နောင်တွင် လုကောမှာ အခွင့်အလမ်းများ ရလာနိုင်သည်။

ဤသည်က လူတစ်ယောက်တည်းကြောင့် ဖြစ်သည်။

အားလုံးက ရထားလုံးကို လှမ်းကြည့်ကြ၏။

လေပြင်းတစ်ချက်အဝှေ့တွင် လှိုက်ကာလှုပ်ယမ်းမှုကြောင့် အတွင်းမှ လိုက်ပါသွားသူ၏အဝတ်တစ်စွန်းတစကို မြင်လိုက်ကြရသည်။ ထိုသူကား အစိမ်းရောင်ဝတ်စုံဖြင့် အဖိုးအိုတစ်ဦးဖြစ်သည်။

“အစိမ်းရောင်ဝတ်စုံ… အဲဒါက အကြီးအကဲ ဒါမှမဟုတ် အပြင်စည်းဂိုဏ်းသား…ဒါ…”

တစ်စုံတစ်ယောက်က တီးတိုးပြောကာ လုကောအား မနာလိုစွာ လှမ်းကြည့်သည်။

အတွင်းစည်းဂိုဏ်းသားက ရထားလုံးမောင်းပေးခြင်းဖြစ်ရာ ထိုသူမှာ သေချာပေါက် အကြီးအကဲတစ်ဦးဖြစ်သည်။

“စီနီယာလု… ကျုပ်တို့ အနာဂတ်မှာ ပိုပြီး ရင်းရင်းနှီးနှီးနေကြရအောင်”

“စီနီယာအစ်ကိုလု… ကျုပ် ဒီပန်းအိုးတွေကို သယ်ပေးမယ်”

“စီနီယာအစ်ကိုလု… ခင်ဗျား ရေဆာလား… ကျုပ်မှာ သန့်စင်ပန်းခက်ရေရှိတယ်”

…

အပြင်စည်းဂိုဏ်းသားများနှင့် အစေခံဂိုဏ်းသားများသည် လုကောအား ဝန်းရံနေကြသည်။

အများဆုံး စိတ်အားထက်သန်သူမှာ လုကောအား ကန်ကျောက်ခဲ့သော စွန်းစန်းထုံ ဖြစ်သည်။

လုကောက သူတို့အား ပြန်လည်၍ လက်နှစ်ဖက်ဆုပ်ပြကာ ထွက်ခွာသွားသော ရထားလုံးကို လှမ်းကြည့်၏။

“ကောင်လေး… ငါ့မွေးရပ်မြေမြို့ကို ရောက်ရင် ငါ့တပည့်အနေနဲ့ ဟန်ဆောင်ပေးမလား”

ရထားလုံးတွင် မော့ယွမ်က ရုတ်တရက် ပြောသည်။

“စိတ်မပူနဲ့… ငါမင်းကို အလကား ဟန်မဆောင်ခိုင်းပါဘူး”

All Chapters