← Chapters

တောင်ထိပ်ပေါ်မှ ပြုံးပြလိုက်ရာတွင်

Vol. 105 Ch. 1460

တောင်ထိပ်ပေါ်မှ ပြုံးပြလိုက်ရာတွင်

Vol. 105 Ch. 1460

ပဲ့တင်ထပ်နေသောခေါင်းလောင်းသံ တိုးဝင်သွားသည့်အချိန်တွင် တောင်အပြင်ရှိ လူတိုင်းမှာ ဖန်မုဆိုသည့် နာမည်ကြောင့် လုံးလုံးလျားလျား တုန်လှုပ်နေကြလေပြီ။

“ဆယ်နှစ်အတွင်း သေမျိုးအဖြစ်ကနေ အင်မော်တယ်အဆင့်တက်ခဲ့တဲ့ ဖန်မု။ နဝမပါရာဂွန်တောင် ပေါ်လာတဲ့အထိ ကြောက်စရာကောင်းတဲ့ အင်မော်တယ်ပြစ်ဒဏ်ကို လှုံ့ဆော်ခဲ့တဲ့ တစ်ယောက်လား။ အဲဒီ ဖန်မုလား”

“သူဆိုတာ ယုံတောင်မယုံနိုင်ဘူး။ သူက ဆယ်နှစ်တည်းနဲ့ သေမျိုးအဖြစ်ကနေ အင်မော်တယ်အဆင့်တက်ပြီးတဲ့နောက် ပျောက်ချင်းမလှပျောက်သွားခဲ့တာလေ။ ဂိုဏ်းထဲမှာ အရိပ်အယောင်တောင် မမြင်ခဲ့ရဘူး။ တကယ် သူ ဖြစ်နေတာပဲဟ”

“အဲဒီတုန်းက သူ့ကို အံ့ဖွယ်ရွေးချယ်ခံဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြတာ။ အခု နှစ်ဆယ်ကြာပြီးတဲ့နောက်တော့ သူ ပြန်ပေါ်လာပြီ။ သူ့ကျင့်ကြံအဆင့်က ရှေးဟောင်းနယ်ပယ်မှာများ ဖြစ်နေမလား”

လူတိုင်း ဖန်မုကို မှတ်မိသွားကြသဖြင့် အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။ ထိုစဉ်တုန်းက သူ လုပ်ဆောင်ခဲ့သည့် အံ့ဖွယ်သရဲအဖြစ်အပျက်များသည် လက်ရှိဖြစ်နေသောအရာနှင့် ထပ်တူကျသွားကာ အကုန်လုံးအား တုန်လှုပ်သွားစေတော့သည်။

ထိုအချိန်တုန်းက သူ့ကို အထင်သေးခဲ့သူများစွာ ရှိခဲ့၏။ သို့သော် ယခုတော့ ထိုအထင်သေးမှုများမှာ လှေကားထစ် (၅၀၀၀၀) မြောက်အတွက် မြည်ဟည်းနေသော ခေါင်းလောင်းသံ၏ရှေ့မှောက်၌ ယိုင်နဲ့ပြိုလဲကုန်ကြလေပြီ။

နဝမဂိုဏ်းတစ်ဂိုဏ်းလုံးတွင် လှေကားထစ် (၅၀၀၀၀) အထိ တက်နိုင်ခဲ့လူ အယောက်တစ်သောင်းသာ ရှိသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်က အတိုင်းထက်အလွန် မြင့်မားသည်ဟုတော့ မဆိုလိုပေ။ အာကာပြင်ကျယ်မော်ကွန်းတိုက်က လူတစ်ယောက်၏အလားအလာနှင့် အတိုက်အခိုက်စွမ်းရည်ကိုသာ စစ်ဆေးသည်မဟုတ်ပါလော။ ကျင့်ကြံအဆင့်က ထွေထွေထူးထူး အရေးမကြီးလှပေ။

ခေါင်းလောင်းသံကြောင့် ယန်အာမှာ အသက်ရှူမြန်လာပြီး အာကာပြင်ကျယ်မော်ကွန်းတိုက်အား ကြောင်တောင်တောင်လေး ငေးကြည့်နေသည်။ ချက်ချင်းဆိုသလို ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် သူမအား ဖန်မု၏တပည့်အဖြစ် မှတ်မိသွားကြ၏။

တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်ကြပြီး သူတို့၏အမူအရာများက မပြောင်းလဲသယောင် ထင်ရသော်လည်း သူတို့၏မျက်ဝန်းထဲ၌ ယန်အာ၏ဆရာအပေါ် လေးစားမှု၊ အားကျမှုတို့ကို မြင်ရနိုင်သည်။

၅၀၀၀၀ မြောက် လှေကားထစ်အတွက် ခေါင်းလောင်းမြည်နေသည့်အချိန်မှာပင် ထိပ်ဆုံး (၁၀၀၀၀) ဝင် ကျင့်ကြံသူအတော်များများသည် တံခါးပိတ်ကျင့်နေရာမှ ထွက်လာကြပြီး တောင်ဆီ ဦးတည်သွားကြ၏။

၅၀၀၀၀ မြောက် လှေကားထစ်ကို မရောက်ခင်တုန်းက ဖန်မုသည် သူတို့ထက် အဆင့်နိမ့်ခဲ့၏။ သို့သော် ယခုတော့ နေရာပျောက်တော့မည်ကို ခံစားကြရ၍ ထိပ်ဆုံး (၁၀၀၀၀) ဝင် ကျင့်ကြံသူများစွာ ရောက်လာကြလေပြီ။

“ဟိုမှာ အစ်ကိုကြီး ချိန်ကျန်းမဟုတ်လား။ သူက ထိပ်ဆုံးတစ်‌သောင်းစာရင်းဝင်လေ”

“အစ်ကိုကြီးလျို့ယွင်လည်း ဒီရောက်နေပြီ”

“အဲ့ဒါ အစ်မစွန်းလော့မဟုတ်လား...” နဝမဂိုဏ်းမှ ထင်ပေါ်ကျော်ကြားသော ပါရမီရှင်များစွာ ထွက်လာကြသဖြင့် စကားသံများ ပွက်လောရိုက်နေကြတော့သည်။

သူတို့ရောက်လာသည့်အခါ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် သူတို့အတွက် နေရာဖယ်ပေးလိုက်ကြ၍ လူအုပ်ကြားထဲ၌ သူတို့အား ထင်းနေစေ၏။

တစ်ချိန်တည်းမှာပင် ဖန်မုသည် တောင်ပေါ်ရှိ လှေကားထစ်ပေါ်၌ ရပ်လျက် အောက်၌ဖြစ်ပျက်နေသော အုတ်အော်သောင်းနင်းအခြေအနေကို ကောင်းစွာသိလေသည်။ သူက ပြုံးရင်း နည်းနည်းလေးမှဂရုမစိုက်ဘဲ ခေါင်းလောင်းသံမှ ကောင်းချီးထဲတွင်သာ စိတ်အာရုံကို နှစ်မြုပ်ထား၏။ ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံကား အဆင့်တက်ဖို့ ဆံခြည်မျှင်လေးသာ လိုတော့လေသည်။

သို့သော် ယင်းက ဒုတိယသာရှိသေးသည်။ ဂိုဏ်းသို့ စရောက်ခဲ့သည့် ပထမနေ့ကတည်းက သူ အားထုတ်နေခဲ့သော နဝမမန္တန်၏ ချုပ်နှောင်စည်းကား ထင်ရှားသထက် ထင်ရှားလာချေပြီ။

အသက်ဆယ်ရှိုက်ကြာသော် သူသည် မျက်လုံးပြန်ဖွင့်၍ ဆက်တက်သွား၏။ ဤတစ်ခေါက်တွင် တောင်မှဖိအားသည် သူ့အပေါ် သက်ရောက်မှုလုံးဝမရှိသည့်အလား သူ၏အရှိန်က ပို၍ပင်မြန်လာသည်။

လှေကားထစ် ၅၅၀၀၀၊ လှေကားထစ် ၅၈၀၀၀။ ထို့နောက် ၆၀၀၀၀ ကိုနင်း၍ တစ်ချက်လေးပင်မရပ်ဘဲ ၆၂၀၀၀ မြောက်သို့ ရောက်ရှိသွားသည်။ သူကား ဝှစ်ခနဲ မြင့်သထက် မြင့်တက်သွား၏။ ၆၀၀၀၀ မြောက်လှေကားထစ်အတွက် ခေါင်းလောင်းမြည်သောအခိုက်အတန့်တွင် ဖန်မုက ၆၃၀၀၀ မြောက်တွင် ဖြစ်လေသည်။ အမြန်နှုန်းကြောင့် သူ၏ကိုယ်တွင်းအင်္ဂါများ တုန်ခါလာသော်လည်း သူသည် ဟက်ခနဲ ရယ်၍ အရှိန်တင်လိုက်၏။ မကြာမီ ၆၇၀၀၀ မြောက် လှေကားထစ်သို့ ရောက်ရှိသွားပြီး ခြေလှမ်းတစ်လှမ်းက ... သူ့အား ၇၀၀၀၀ မြောက်လှေကားထစ်အပေါ် တန်းတန်းမတ်မတ် ရောက်သွားစေတော့သည်။

သူ ထိုလှေကားထစ်ကို နင်းလိုက်သည့်အချိန်မှာ ၆၀၀၀၀ မြောက်လှေကားထစ်အတွက် ခေါင်းလောင်းသံ ရပ်သွားပြီး ၇၀၀၀၀ မြောက်အတွက် ခေါင်းလောင်းသံက တစ်ဆက်တည်း မြည်လာသည်။ နဝမဂိုဏ်းတစ်ဂိုဏ်းလုံး တုန်လှုပ်သွားပြီး လူအုပ်ကြီးကြားရှိ လျှမ်းလျှမ်းတောက်နေများပင် မယုံနိုင်ဖြစ်နေကြ၏။

ပထမဆုံးလှေကားထစ်တစ်သောင်းအတွက် မြည်သော ခေါင်းလောင်းသံက နောက်ပိုင်း လှေကားထစ်တစ်သောင်းပြည့်တိုင်း မြည်သော စုပေါင်းခေါင်းလောင်းသံနှင့် မတူညီပေ။ မိုးနှင့်မြေပမာ ကွာခြားသည်ဟု ဆိုရလိမ့်မည်။

ခေါင်းလောင်းသံများ တ‌ဒေါင်ဒေါင် စုပေါင်းမြည်နေစဉ် တောင်အနီးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသာမက လူတိုင်း တုန်လှုပ်နေကြသည်။ အာကာပြင်ကျယ်မော်ကွန်းတိုက်၏ ထိပ်ဆုံး ၃၀၀၀ စာရင်းဝင် ရွေးချယ်ခံအကုန်လုံး အံ့အားသင့်ကုန်ကြ၏။ တာအိုနယ်ပယ်ကျင့်ကြံသူများပင်အပါအဝင် လူတိုင်း တောင်ဆီ အပြေးအလွှားရောက်လာကြသည်။ ထိပ်ဆုံး ၁၀၀ ဝင်သောလူများတော့ မပါပေ။

လူပေါင်းများစွာက အာကာပြင်ကျယ်မော်ကွန်းတိုက်၏ပတ်ဝန်းကျင်တွင် ကြိတ်ကြိတ်တိုးလျက် ပွက်လောရိုက်နေကြသည်။

“ဒီဖန်မု ဒီလောက်ထူးချွန်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူက ခေါင်းလောင်းသံတွေ မြည်နေစေတဲ့လူတဲ့လေ”

“သူ ဘယ်လိုတောင် လုပ်နိုင်တာတုန်း။ ၆၀၀၀၀ နဲ့ ၇၀၀၀၀ အမှတ်ကြားမှာ လှေကားထစ်တစ်သောင်း ရှိတယ်မဟုတ်လား။ မြန်ချက်က အံ့မခန်းပဲ”

တအံ့တဩပြောသံများ ဆူညံနေစဉ် တောင်ခြေရှိ ကျောက်တိုင်က လင်းလက်လာသည်။ လူတိုင်း လှမ်းကြည့်လိုက်သည့်အခါ အဆင့် ၃၀၀၀ ဖြစ်သော အောက်ဆုံးနာမည်မှာ ပျောက်ကွယ်သွားပြီး တခြားနာမည်ဖြင့် အစားထိုးခံလိုက်ရ၏။

အဆင့် (၃၀၀၀) ကို ... ဖန်မုက သိမ်းပိုက်လိုက်လေပြီ။

နာမည်သည် သေးငယ်ပြီး အောက်ဆုံးနေရာတွင်ဖြစ်သော်လည်း ပို၍ပင်အုံးအုံးကြွက်ကြွက် ထသွားစေတော့သည်။

ယန်အာမှာ ဝမ်းသာကြည်နူးမှုတို့ဖြင့် မျက်လုံးလေးများတောက်ပနေလျက် တုန်ရီနေသည်။ သူမဆရာ၏နာမည်ကို ကျောက်တိုင်ထက်တွင် မြင်လျှင် သူမမှာ ထခုန်မတတ် ပျော်ရွှင်သွား၏။ ဤအခိုက်အတန့်သည် သူမအတွက် အပျော်ဆုံးအခိုက်အတန့်ဖြစ်သည်သာမက နဝမပါရာဂွန် လာကယ်တုန်းကထက်ပင် စိတ်လှုပ်ရှားစရာကောင်းလေသည်။

ယခုတော့ အစ်ကိုကြီးပိယွင်ဆိုသူအား သူမ သတိပင်မရတော့။

ယန်အာ၏မျက်ဝန်းလေးများမှာ မျှော်လင့်ချက်တို့ဖြင့် တောက်ပနေပြီး စိတ်အားတက်ကြွလာ၏။ “ထိပ်ဆုံး ၃၀၀၀ ကို ဂရုစိုက်စရာလား။ ငါ့ဆရာက သေချာပေါက် ထိပ်ဆုံး ၁၀၀ ထဲဝင်မှာ”

တစ်ချိန်တည်းမှာပင် အာကာပြင်ကျယ်တောင်အနား ရောက်ရှိလာကြသူများ တစတစများပြားလာသည်။ သူတို့က ကျောက်တိုင်ကို ကြည့်ပြီးနောက် အာကာပြင်ကျယ်မော်ကွန်းတိုက်ကို မော့ကြည့်ကြ၏။ ဤလူများသည် ‌ကျောက်တိုင်ပေါ်တွင် နာမည်ရေးထိုးခံထားရသော ရွေးချယ်ခံများဖြစ်ကြ၍ သူတို့ရောက်ရှိလာခြင်းက တောင်ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအပေါင်းအား ပို၍ပင် စိတ်လှုပ်ရှားလာစေတော့သည်။

“ဂူတျန်းရီ။ ရှောက်မင်ဟောက်၊ ဂူ‌တောင်းလုံ၊ ဟန်ရုံနန်...”

“သူတို့အကုန် ဒီရောက်နေတာ ယုံတောင်မယုံနိုင်ဘူး...”

လူတိုင်း တအံ့တဩရေရွတ်နေသည့်အချိန်မှာပင် အစိမ်းရောင်ဝတ်ရုံနှင့် ခပ်ချောချာကောင်လေးတစ်ဦး ပေါ်လာသည်။ သူ၏မျက်နှာက တင်းမာအေးစက်နေသော်လည်း မည်သည့်ရှုထောင့်မှကြည့်ကြည့် ချို့ယွင်းချက်မရှိပေ။

ပတ်ဝန်းကျင်ရှိ ဂိုဏ်းသူအားလုံး ချက်ချင်း ရင်ခုန်လာကြတော့သည်။

“အစ်ကိုကြီးပိယွင်”

ဤလူငယ်သည် နဝမဂိုဏ်းတွင် အတိုင်းထက်အလွန် ကျော်ကြား၏။ သူက တောင်ပေါ်ရှိ လှေကားထစ်အားလုံးကို နင်း၍ အာကာပြင်ကျယ်မော်ကွန်းတိုက်ထဲ ဝင်ရောက်ခဲ့သော ... ပိယွင်ဖြစ်လေသည်။

ယန်အာပင်လျှင် ရုတ်တရက် ခံစားချက်များရှုပ်ထွေးလာသည်။

ဖန်မုသည် တောင်အပြင်၌ ဖြစ်ပျက်နေသောအရာများကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေး ဆက်သွားနေသော်လည်း သူ၏အရှိန်က နည်းနည်းလေးမှ မလျော့ပေ။ ပို၍ပင် မြန်သေးသည်။

ဖိအားက အောက်နှင့်ယှဉ်လျှင် တိုးလာသော်လည်း ဖန်မုအတွက်တော့ လျစ်လျူရှု၍ရ၏။ ယခုတွင် ခြေတစ်လှမ်းလျှင် အထစ်တစ်ရာမဟုတ်တော့ဘဲ အထစ်ငါးရာဖြစ်နေချေပြီ။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ ဆယ်လှမ်း ... အလှမ်းနှစ်ဆယ်။

သူ ပေါ်လာသည့် နောက်တစ်နေရာကား ၈၀၀၀၀ မြောက် လှေကားထစ်ဖြစ်၏။ ခေါင်းလောင်းသံများ ထပ်မြည်လာသည့်တိုင် ဖန်မုသည် မရပ်ပေ။ ယခုတွင် ခြေတစ်လှမ်းက သူ့အား လှေကားထစ်တစ်ထောင် ကျော်သွားစေနိုင်လေပြီ။ ဆယ်လှမ်းလှမ်းပြီးသော် ၉၀၀၀၀ မြောက်လှေကားထစ်သို့ သူ ရောက်ရှိသွား၏။

ထိုမှနေ၍ နဝမဂိုဏ်းနှင့် လွင့်မျောနေသောတိမ်တိုက်များကို သူ ငုံ့ကြည့်နိုင်လေသည်။ ဤနေရာ၏ဖိအားမှာ ဖန်မုအတွက် သက်ရောက်မှုတချို့ကို ခံစားလာရသည့်တိုင်အောင် ပြင်းထန်သည်။

သူ့နဖူး၌ ချွေးအနည်းငယ်ပင်စို့နေ၏။

“ဒီလိုပဲဖြစ်ရမှာပေါ့” ဖန်မုက ပြုံးရင်း ပြောသည်။ “မဟုတ်ရင် အင်မတန်ရိုးရှင်းနေလိမ့်မယ်” သူ့မျက်လုံးများသည် လင်းလက်တောက်ပနေ၏။ ခေါင်းလောင်းမြည်နေစဉ် သူက အသက်ပြင်းပြင်းတစ်ချက်ရှူကာ အရှိန်တင်လိုက်ပြန်သည်။

ခြေတစ်လှမ်းလျှင် လှေကားထစ် ၂၀၀၀။

သူကား အပေါ်ပျံတက်နေ၏။

လှေကားထစ်တစ်ထစ်ကို ကျော်တိုင်း ထစ်ချုန်းသံများ ကြားရနိုင်သည်။

လှေကားထစ် ၉၂၀၀၀။ နောက်တစ်လှမ်း လှေကားထစ် ၉၄၀၀၀။

ခေါင်းလောင်းသံမှ ကောင်းချီးသည် ပို၍တိုးပွားလာပြီး သူ့ကျင့်ကြံခြင်းအခြေခံ၏အငွေ့အသက်များလည်း အားကောင်းလာ၏။ တတိယခြေလှမ်းက သူ့အား ၉၆၀၀၀ မြောက်လှေကားထစ်သို့ ရောက်ရှိသွားစေသည်။

နောက်တစ်လှမ်းလှမ်းလိုက်သည့်အခါတွင်တော့ .... ၉၈၀၀၀။

ဖန်မုသည် တောင်ထိပ်မှ လှေကားထစ် ၂၀၀၀ သာကွာဝေးတော့လေသည်။ အာကာပြင်ကျယ်မော်ကွန်းတိုက်ဖြစ်သော ဧရာမမျှော်စင်ကြီးကို သူ မြင်နေရသလို၊ ၎င်း၏အပေါ်ရှိ ကောင်းကင်ကိုလည်း သူ မြင်နေရ၏။ အောက်ရှိ တောင်များမှာ သေးငယ်သွားသယောင်ပင်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံချုပ်စည်းကား ပို၍ပြည့်စုံလာ၏။

“ဒီနောက်ဆုံး လှေကားထစ် ၂၀၀၀ ပြီးရင် ငါက အာကာပြင်ကျယ်မော်ကွန်းတိုက်ထဲ ဝင်ဖို့ အရည်အချင်းပြည့်မှီသွားပြီလား” သူက တည်ငြိမ်သောအမူအရာဖြင့် ခြေကြွလိုက်သည်။ ခြေပြန်ချလိုက်သောအခါ သူသည် နောက်ဆုံးလှေကားထစ် ၂၀၀၀ ကို ဖြတ်ကျော်၍ တောင်ထိပ်သို့ ရောက်သွားလေပြီ။

လှေကားထစ် ၁၀၀၀၀။

ပထမဆုံးလှေကားထစ်မှ အထစ်တစ်သိန်းမြောက်သို့ ဖန်မုတက်သွားခဲ့ပုံမှာ နဝမဂိုဏ်းအတွက် အံ့ဖွယ်သရဲဖြစ်ရပ်ဖြစ်သည်။ ထိုမျှသာမက စုစုပေါင်းအချိန်ကား အမွှေးတိုင်ငါးတိုင်ထွန်းစာပင် မကြာခဲ့။

ဤအခိုက်အတန့်တွင် ဖန်မု၏နာမည်သည် ကျောက်တိုင်ပေါ်တွင် လျင်မြန်စွာ အပေါ်တက်လာ၏။ အဆင့် ၃၀၀၀ မှ ၂၅၀၀။ ထို့နောက် ၂၀၀၀။ ၁၀၀၀။ ၅၀၀။ ၄၀၀။ ၃၀၀။ ၂၀၀....

အဆုံးသတ်တွင် ၎င်းသည် ... အဆင့် ၁၀၀ ၌ ပြန်ပေါ်လာ၏။

၎င်းအပေါ်တက်သွားသောနှုန်းက ... ဖန်မုသည် ယခုတွင် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားပြီဟု သက်သေပြနေသည်။

ခေါင်းလောင်းသံက မိုးနှင့်မြေကို တုန်ခါနေစေရင်း တဒေါင်ဒေါင် မြည်နေသည်။ ကောင်းချီး၏အကျိုးသက်ရောက်မှုက ဖန်မု၏တစ်ကိုယ်လုံးတွင် နေရာယူနေ၏။

ပထမဆုံးအနေဖြင့် တောင်အပြင်ရှိ လူအုပ်ကြီးသည် ဖန်မု အာကာပြင်ကျယ်မော်ကွန်းတိုက်၏အပြင်၌ ရပ်နေသည်ကို မျက်မြင်တွေ့လိုက်ရလေပြီ။

တောင်လေပြေ၏ တိုက်ခတ်မှုကြောင့် ဖန်မု၏ဆံပင်ရှည်ရှည်များမှာ သူ၏အဝတ်စများနှင့်အတူ လွင့်လူလှုပ်ရှားနေသည်။ သူက မျက်လုံးများပိတ်ထားဟန်တူပြီး သူ၏ပုံပန်းသွင်ပြင်မှာ သန့်ရှင်းစင်ကြယ်သော အင်မော်တယ်တစ်ဦးနှင့် တူပေသည်။

မည်သည့်စကားသံမှ ထွက်မလာ။ တအံ့တဩရေရွတ်သံများ မကြားရ။ မရေမတွက်နိုင်သော မျက်လုံးများသည် ... တောင်ထိပ်ရှိ ထိုပုဂ္ဂိုလ်ကိုသာ မမှိတ်မသုန် ကြည့်နေကြ၏။

ယခုတွင် ဖန်မုကား နဝမဂိုဏ်းမှလူများ၏ မှတ်ဉာဏ်ထဲတွင် ထာဝရတည်ရှိသွားလေပြီ။

နောက်ဆုံးတော့ ကောင်းချီးပြီးဆုံး၍ သူက မျက်လုံးများ ပြန်ဖွင့်သည်။ အောက်၌ စုဝေးနေခဲ့သော လူအုပ်ကြီးကို သူ ငုံ့ကြည့်လိုက်သောအခါ ယန်အာကို မြင်သွားပုံပေါ်သည်။ သူမ စိတ်လှုပ်ရှားစွာ ရပ်နေစဉ် ဖန်မု၏မျက်ဝန်းများသည် နူးညံ့သွား၏။ သူက နွေးထွေးစွာ ပြုံးရင်း သူမအား လက်ပြလိုက်လေသည်။

သူ့အကြည့်၊ သူ့အပြုံးနှင့် သူလက်ပြလိုက်ပုံအား လူတိုင်း မြင်လိုက်ကြရသည်။ ချက်ချင်းဆိုသလို မျက်လုံးအားလုံးက ဖန်မုထံမှ ယန်အာ့ဆီ ရောက်လာကြသည်။

ယန်အာ့မျက်နှာလေး နီမြန်းသွား၏။ သူမအတွက် လူပေါင်းများစွာ၏စိုက်ကြည့်ခြင်းခံရသည်မှာ ပထမဆုံးဖြစ်၍ ရင်တဒိန်းဒိန်းခုန်လာလေသည်။ တစ်ချိန်တည်းမှာပင် အတိတ်ဘဝကတည်းက တည်ရှိခဲ့ပြီး ယခုပြန်လည်နိုးထလာနေသည့် အမျိုးအမည်မဖော်နိုင်သောခံစားချက်သည် သူမနှလုံးအိမ်ထဲတွင် ပေါက်ဖွားလာ၏။

ဖန်မုကို ကြည့်နေသော သူမမျက်ဝန်းများမှာ လွန်စွာရွှန်းလဲ့တောက်ပလာပြီး သူမနှလုံးခုန်နှုန်းမှာလည်း စည်းချက်မညီတော့ပေ။

အတန်ကြာသော် သူမက ချောင်းဟန့်၍ ရှက်သွေးလေးဖြန်းလျက် တိုးတိုးလေး ပွစိပွစိပြောလေ၏။ “ဟွန့် အဘိုးကြီးက အဘိုးကြီးလိုမနေဘူး။ မိန်းကလေးတွေကို ဘယ်လိုချော့ရမှန်းသိသားပဲ”

နေမင်းသည် အလျှံတညီးညီး တောက်ပနေ၏။ မန်ဟို့အကြည့်နှင့် ပေါင်းစည်းသွားသောအခါ ၎င်းက ..

အတိတ်ဘဝများအထိ စိမ့်ဝင်ထိုးဖောက်သွားသော အနွေးဓာတ်လေး ဖြစ်သွားချေသည်။

All Chapters