← Chapters

အာကာပြင်ကျယ်မော်ကွန်းတိုက်

Vol. 105 Ch. 1461

အာကာပြင်ကျယ်မော်ကွန်းတိုက်

Vol. 105 Ch. 1461

ယခုတွင် နဝမဂိုဏ်းသားအားလုံးနီးပါးသည် အာကာပြင်ကျယ်မော်ကွန်းတိုက်၏အရှေ့ တောင်ထိပ်ပေါ်၌ ရပ်နေသောလူကို ကြည့်နေကြ၏။

ထိုလူသည် နတ်ဧကရာဇ်တစ်ပါးသဖွယ် ခံညားထည်ဝါသောအသွင်အပြင်ဖြင့် နွေးထွေးစွာ ပြုံးရင်း ရပ်နေ၏။ အပြုံးသည် ရိုးရှင်းသော နွေးနွေးထွေးထွေးအပြုံးမျှသာ၊ ထို့ထက်မပို။ ဖန်မု ယန်အာ့ထံမှ အကြည့်လွှဲလိုက်သောအခါ သူ့အကြည့်သည်... အာကာပြင်ကျယ်မော်ကွန်းတိုက်အပေါ် ကျရောက်သွား၏။

၎င်းကို မော်ကွန်းတိုက်ဟု ခေါ်လင့်ကစား တကယ်တော့ အထပ်ဆယ်ထပ်ရှိသော မျှော်စင်ကြီးတစ်ခု ဖြစ်ပေသည်။

နဝမဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ဤအမှတ်သို့ ရောက်ရှိလာခဲ့သည့် ဂိုဏ်းသားများသာ အာကာပြင်ကျယ်မော်ကွန်းတိုက်၏ ထိပ်ဆုံး ၁၀၀ စာရင်းဝင်နိုင်မည့် အရည်အချင်းရှိသည်။

ထိုကဲ့သို့ကျင့်ကြံသူတစ်ဦးတစ်ယောက်စီသည် သက်ဆိုင်ရာဂိုဏ်းများအတွင်း၌ အင်မတန် ထင်ရှားကျော်ကြား၏။ သူတို့က ကျန်ဂိုဏ်းများတွင်လည်း လူသိများလေသည်။

အာကာပြင်ကျယ်ကျောင်းတော်တွင် ... အာကာပြင်ကျယ်မော်ကွန်းတိုက်စုစုပေါင်း ကိုးတိုက်ရှိသည်။ တစ်နည်းပြောရလျှင် ထိုမော်ကွန်းတိုက်ကိုးတိုက်ထဲက တစ်တိုက်တွင် ထိပ်ဆုံးတစ်ရာထဲ ဝင်ရောက်သူများသည် အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး၏ ထိပ်ဆုံးတစ်ထောင်စာရင်းဝင် ဖြစ်၏။

ထိုမျှကြီးမားသောဂိုဏ်းတစ်ဂိုဏ်း၌ ထိပ်ဆုံးတစ်ထောင်ထဲ ဝင်ရောက်သည့် ဂိုဏ်းသားကား အစစ်အမှန်ရွေးချယ်ခံတစ်ဦး ဖြစ်ပေသည်။

ထို့ကြောင့် ဖန်မု၏နာမည် ထိပ်ဆုံးတစ်ရာအကြား ပေါ်လာသောအခါ နဝမဂိုဏ်းတစ်ဂိုဏ်းလုံး အံ့အားသင့်သွားတော့သည်။ ကျင့်ကြံသူများစွာ အာရုံစိုက်လာကြပြီး အတော်များများ၏မျက်လုံးများသည် အားကျမှု၊ မနာလိုမှုတို့ဖြင့် တောက်ပနေ၏။ ရွေးချယ်ခံများသည် အမှတ်မထင်မကြွေလွင့်သွားသရွေ့ အာကာပြင်ကျယ်ကျောင်းတော်၏ ထောက်တိုင်များဖြစ်လာလိမ့်မည်။ သူတို့က ဂိုဏ်းအတွက် အသက်သွေးကြောပမာ အရေးပါသည်သာမက အခြားသူများ ရန်မစရဲမည့် ပုဂ္ဂိုလ်များဆိုလည်း မမှားပေ။

ဖန်မုကမူ သာမန်ရွေးချယ်ခံတစ်ဦးနှင့် သိသိသာသာကွာခြားသောတစ်စုံတစ်ခုကို လုပ်ပြခဲ့၏။ သူသည် အချိန်တိုလေးအတွင်း ထိပ်ဆုံး ၁၀၀ အတွင်းဝင်ရောက်ခြင်းဖြင့် ဒဏ္ဍာရီတစ်ပုဒ် ရေးထိုးခဲ့လေသည်။ ဂိုဏ်းအတွင်းရှိ မရေမတွက်နိုင်သော ရွေးချယ်ခံများမှာ သူမည်မျှဝေးဝေးအထိ သွားနိုင်မည်လဲ လွန်စွာသိချင်နေကြ၏.

တောင်ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ မည်သူမှ စကားမပြောကြပေ။ မျက်လုံးအားလုံး ဖန်မုအပေါ် မမှိတ်မသုန် အာရုံစိုက်နေစဉ် ဖန်မုသည် အင်္ကျီလက်စခါ၍ အာကာပြင်ကျယ်မော်ကွန်းတိုက်ဖြစ်သော မျှော်စင်ကြီး၏ ပင်မတံခါးဝသို့ လှည့်ထွက်သွား၏။ ထိုနေရာသို့ ရောက်သောအခါ သူက တံခါးကို ဖိတွန်းလိုက်သည်။

တံခါး ပွင့်နေစဉ် တဂျုန်းဂျုန်းမြည်သံများအား ကြားလိုက်ရ၏။ ထို့နောက် ဖန်မုက‌ အာကာပြင်ကျယ်မော်ကွန်းတိုက်၏ပထမအထပ်သို့ တွေဝေဆုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်သွားလေပြီ။

အာကာပြင်ကျယ်မော်ကွန်းတိုက် ။ အထပ်ဆယ်ထပ်ဖြင့် မျှော်စင်ကြီးတစ်ခု။ တစ်ထပ်စီက နာမည်ဆယ်ခုစီကို ကိုယ်စားပြုသည်။ ထိုအထပ်တစ်ထပ်အတွင်း နေနိုင်သည့် အချိန်ပမာဏက လူတစ်ယောက်၏အဆင့်ကို ဆုံးဖြတ်ပေးမည်။

ဖန်မု ပထမအထပ်ထဲ ဝင်လိုက်လျှင်ချင်း တောက်တောက်ပပပအရောင်အဝါများ ပြိုးပြက်လက်သွားပြီး သူ့အရှေ့၌ တည်ရှိနေသော ကမ္ဘာတစ်ကမ္ဘာကို မြင်လိုက်ရ၏။ မိုးကောင်းကင်သည် အနီ‌ရောင်ဖြစ်ပြီး မြေပြင်ကား .... မီးတောက်မီးလျှံများ ဖြစ်ချေသည်။

မည်သည့်အရာကိုမဆို ချေဖျက်ပစ်နိုင်လောက်အောင် အလွန်ပြင်းထန်သောဖိအားက သူ့ကို ဖိနှိပ်နေသည်။ သို့သော် ဖန်မုသည် သိပ်ခံစားရပုံမပေါ်ပေ။ သူ၏နတ်ဘုရားအာရုံနှင့် ဝိညာဉ်သည် ကြောက်မက်ဖွယ်ဖိအားကို ခံစားနေ၍ သူ့ခန္ဓာကိုယ်မှာ တုန်ရီနေသော်လည်း ကြက်သွေးရောင်ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများက လင်းလက်တောက်ပနေ၏။

“အာကာပြင်ကျယ်မော်ကွန်းတိုက်ရဲ့ ပထမအထပ်က လူတစ်ယောက်ရဲ့ စိတ်ခွန်အားနဲ့ ဇွဲကို စစ်ဆေးတာဖြစ်ရမယ်။ ခန္ဓာကိုယ်ပေါ်မှ ဖိအားမရှိဘူး။ ဝိညာဉ်အပေါ်ကိုပဲ သက်ရောက်နေတာ” သူ အတွေးများ ရပ်နေသည့်အချိန်မှာပင် ဖိအားက ရုတ်တရက် ဆထက်တိုးလာကာ ဖန်မု လက်လျှော့အောင် ကြိုးစားနေသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေတော့သည်။

ဖန်မုက ပြုံးသည်။ ကျင့်ကြံအဆင့်အရ ဤကိုယ်ပွားသည် မထူးချွန်သော်လည်း စိတ်ခွန်အားနှင့်ပတ်သက်လာလျှင် ... မန်ဟို၏ ဇွဲနပဲကြီးသော စိတ်ခွန်အားကို ယှဉ်နိုင်သည့်လူအား အာကာပြင်ကျယ်ဂြိုဟ်တစ်ဂြိုဟ်လုံးတွင် ရှာတွေ့နိုင်မည်မဟုတ်ပေ။

မန်ဟို၏စိတ်ခွန်အားသည် တောင်ပင်လယ်လောကအတွင်း၌ ထုဆစ်ပြုပြင်ခံခဲ့ရပြီးနောက် ကြံ့ခိုင်လာခဲ့၏။ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောက၏လက်မှ တောင်ပင်လယ်လောကကို ကာကွယ်ပေးခဲ့တုန်းကလည်း လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ မန်ဟိုကား နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့သည့်အပြင် အတွေ့အကြုံများစွာလည်း ရရှိခဲ့သည့်အတွက် ရင့်ကျက်ပြောင်းလဲနေခဲ့ပြီမဟုတ်ပါလော။

သူသာ စိတ်မမာခဲ့လျှင် ပျက်စီးသွားခဲ့သည်မှာ ကြာလေပြီ။ ယခု ဤမျှော်စင်၏ပထမအထပ်တွင် ရပ်နေစဉ် ဖိအားက အဆတစ်ရာတိုးပွားလာလျှင်တောင်မှ သူ့အတွက် လေပြေညင်းလေးထက် ပိုမည်မဟုတ်။

အလွန်ဆုံး သူ့ဆံပင်များကို ရှုပ်ပွသွားစေလိမ့်မည်၊ သို့မဟုတ် သူ့စိတ်ကို အတန်ငယ် တုန်ရီသွားစေမည်။

တဂျုန်းဂျုန်းမြည်သံများ၏ အလယ်တွင် ဖိအားသည် ပြင်းထန်လာပြီး ဒေါသတကြီးအော်သံကဲ့သို့ အသံတစ်သံက အရပ်လေးမျက်နှာမှ ပဲ့တင်ထပ်လာ၏။

“ဒူးထောက်စမ်း” အသံကြီးက ငေါက်ငမ်းသည်။ အသံလှိုင်းက မန်ဟိုတဖြစ်လဲ ဖန်မုကို ရိုက်ခတ်လိုက်သော်လည်း ဖန်မုက မထီမဲ့မြင်ပြုံးသည်။ အထင်သေးမှုက သူ၏မျက်လုံးများတွင် တောက်ပနေပြီး သူခြေတစ်လှမ်းလှမ်း၍ အင်္ကျီလက်စခါလိုက်သည့်အခါ အင်မော်တယ်ချီလှိုင်း ဖြာထွက်သွား၏။

“မင်းသာ ငါ့ကို ဒူးထောက်ရမှာ” သူက ဟိန်းဟောက်သည်။ တတိယဘဝနှင့် စတုတ္ထဘဝမှ အရာအားလုံးကို ပေါင်းစည်းထားသည့် စိတ်ခွန်အားသည် မိုးကောင်းကင်ကို ဖီဆန်သောဖိအားကို ထုတ်လွှတ်လိုက်ရာ ပထမအထပ်အား တုန်ရီလာစေတော့သည်။

အရောင်အဝါများ ပြိုးပြိုးပြက်ပြက်လက်၍ လေပြင်းများ အော်မြည်လာပြီး ထစ်ချုန်းသံများ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေသည်။ ပထမအထပ်မှ ဖိအားမှာ သူ၏စိတ်ခွန်အားနှင့် နတ်ဘုရားအာရုံကို ပြန်မတွန်းလှန်၍ နောက်ဆုတ်သွားရတော့သည်။

ဖန်မုက နောက်တစ်လှမ်းလှမ်းသည်။ ထို့နောက် နောက်တစ်လှမ်း။ တစ်လှမ်းလှမ်းတိုင်း သူ၏စိတ်ဓာတ်သည် မာကြောလာ၏။ တစ်ဆက်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ဖိအားမှာ အားနည်းလာသည်။ သူ ကိုးလှမ်းမြောက်ကို လှမ်းလိုက်သည့်အခါ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွား၏။ ဖိအားမှာ ဖန်မုကို ဖိနှိပ်နေခြင်းမဟုတ်တော့၊ ဖန်မုက ၎င်းကို ဖိနှိပ်နေလေပြီ။

နဝမဂိုဏ်းအာကာပြင်ကျယ်မော်ကွန်းတိုက်၏ ပထမအထပ်တွင် ယခုလို ပထမဆုံးအကြိမ်ဖြစ်ပွားခြင်း ဖြစ်သည်။ ယခင်က နောက်တစ်ထပ်တက်နိုင်ဖို့အတွက် အချိန်တစ်ခုအထိ ဖိအားကို တောင့်ခံဖို့ လိုခဲ့သော်လည်း....

ယနေ့တော့ ... တစ်ခါမှမဖြစ်ဖူးသောအရာ ဖြစ်ပျက်နေ၏။

မန်ဟို၏စိတ်ခွန်အားနှင့် ဇွဲက ပထမအထပ်၏ဖိအားကို သူ့ရှေ့မှောက်တွင် ဒူးထောက်ဝပ်စင်းအောင် ဖိအားပေးရင်း တစ်ထပ်လုံးအပြည့် စိုးမိုးနေသောမြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။

နောက်ဆုံးတော့ သူသည် တစ်ထပ်လုံး၏ ဘုရင်သဖွယ် ဖြစ်လာ၏။ သူ၏ခြေဖဝါးက မိုးနှင့်မြေကို ပြားကပ်သွားစေနိုင်၍ ဖိအားမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

သူ၏ပတ်ပတ်လည်ရှိ ပုံရိပ်ယောင်ကမ္ဘာမှာ ပြိုကျသွားပြီး ဒုတိယအထပ်သို့ ဝင်ပေါက်က သူ့အရှေ့၌ ပေါ်လာသည်။

ထိုစဉ် တောင်အပြင်ရှိ ကျောက်တိုင်ထက်၌ ဖန်မုနာမည်သည် ပိယွင်ကို ကျော်၍ အဆင့် ၉၀ သို့ တက်သွား၏။ ပရိသတ်အားလုံး အံ့အားသင့်ကုန်ကြတော့သည်။

“မြန်... မြန်လိုက်တာ” ပိယွင်မှာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။ သူတစ်ယောက်တည်းသာ ထိုသို့တုံ့ပြန်ခြင်းမဟုတ်။ ထိပ်ဆုံး ၁၀၀ စာရင်းဝင်ဂိုဏ်းသားအတော်များများလည်း မယုံကြည်နိုင်ကြပေ။

ပထမအထပ်က မည်မျှကြောက်စရာကောင်းမှန်း သူတို့သိကြရာ အံ့ဩခြင်းရေချိန်အား ပို၍ပင် မြင့်တက်သွားစေတော့သည်။

အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်ခဲ့ဖူးသော ဂိုဏ်းသားများသည် ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ ထင်ကြေးပေးလာကြ၏။ “သူ ဒီလောက်မြန်မြန်သွားနိုင်တဲ့ နည်းလမ်းတစ်ခုပဲရှိတယ်” တစ်ယောက်က ပြောသည်။ “သူက...”

ပြောမဆုံးသေးခင်မှာပဲ ပထမအထပ်မှ အရောင်အဝါများ စတင်ဖြာထွက်လာသည်။

“ပထမကောင်းကင်ဘုံ ပထမကောင်းကင်ဘုံ ပေါ်လာနေပြီ”

“အဲဒီအ‌ရောင်အဝါကို ငါ သိတယ်။ အာကာပြင်ကျယ်မော်ကွန်းတိုက်ထဲမှာ ဒဏ္ဍာရီတစ်ပုဒ်ရေးထိုးနိုင်တဲ့ ဘယ်သူမဆို ပထမကောင်းကင်ဘုံ ပေါ်လာအောင် စွမ်းဆောင်နိုင်တယ်တဲ့” ကျိန်းစပ်နေသောအရောင်အဝါက မိုးကောင်းကင်ကို စိုးမိုးသွားသဖြင့် တောင်အပြင်ရှိ ကျင့်ကြံသူများထံမှ အထိတ်တလန့်ရေရွတ်သံများ ပဲ့တင်ထပ်လာစေသည်။

ရှေးခေတ်ကတည်းက အာကာပြင်ကျယ်မော်ကွန်းတိုက်နှင့်ပတ်သက်၍ ဒဏ္ဍာရီတစ်ပုဒ် ရှိခဲ့သည်။ အထပ်တစ်ထပ်တွင် လူတစ်ယောက်သည် တစ်ခါမှမကြားဖူးသော အရာတစ်ခုကို လုပ်နိုင်၍ ထိုအထပ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့လျှင် ... ကောင်းကင်ဘုံ၏အရောင်အဝါကို ကိုယ်စားပြုသော အ‌ရောင်အဝါများ တောက်ပလာလိမ့်မည်။

ပါဝင်သည့်အထပ်အရေအတွက်အပေါ် အခြေခံ၍ ပထမမှ ဒသမကောင်းကင်ဘုံအထိ ရှိလေသည်။

ရှေးခေတ်မှ ယနေ့ထက်ထိတိုင်အောင် ပထမကောင်းကင်ဘုံအား အတွေ့မများခဲ့ပေ။ ဒုတိယကောင်းကင်ဘုံကို ရောက်ရှိခဲ့သူများမှာလည်း အလွန်ရှားပါးပြီး တတိယကောင်းကင်ဘုံနှင့် ပတ်သက်လာသည့်အခါ နဝမဂိုဏ်း၏သမိုင်းတစ်လျှောက်လုံးတွင် လူကိုးယောက်သာ အောင်မြင်ခဲ့ဖူး၏။

စတုတ္ထကောင်းကင်ဘုံအတွက်မူ ... နှစ်ယောက်သာ အောင်မြင်ခဲ့ဖူးသည်။ ပဉ္စမကောင်းကင်ဘုံကိုတော့ နဝမဂိုဏ်း၏ ရှည်လျားသောသမိုင်းတစ်လျှောက် တစ်ခါမှ မမြင်ခဲ့ရဖူးပေ။

ယခုတွင် ပထမကောင်းကင်ဘုံ ပေါ်လာခဲ့ပြီဖြစ်၍ နဝမဂိုဏ်းရှိလူတိုင်း စိတ်လှုပ်ရှားလာကြတော့သည်။

တာအိုနယ်ပယ်ပညာရှင်များက မျက်မြင်တွေ့ရဖို့ ရောက်လာကြသလို၊ နဝမဂိုဏ်း၏အကြီးအကဲများနှင့် တာအိုသခင်များလည်း ထွက်လာကြသည်။

တာအိုဥသျှောင်များပင် အာကာပြင်ကျယ်မော်ကွန်းတိုက်သို့ ပျံသန်းလာကြ၏။

ဖန်မုက အာကာပြင်ကျယ်မော်ကွန်းတိုက်၏ ပထမအထပ်၌ တခဏရပ်ပြီးနောက် ဒုတိယအထပ်ထံ လှမ်းလိုက်သည်။

ထိုအခိုက်အတန့်တွင် သူကား ကမ္ဘာအသစ်တစ်ခုသို့ ဝင်ရောက်သွားလေပြီ။ ထိုကမ္ဘာအတွင်း၌ ဧရာမမန္တန်ဝင်္ကပါကြီးတစ်ခုကလွဲ၍ တခြားဘာမှမတည်ရှိပေ။

“မန္တန်ဝင်္ကပါကို ထွန်းလင်းစေပါ” အသံတစ်သံက ပြောသည်။ “အမွှေးတိုင်တစ်တိုင်အတွင်း လင်းစေနိုင်တဲ့ ဘယ်သူမဆို တတိယအထပ်ကို တက်မယ်”

ဖန်မုက အတွေးနက်နေသောအမူအရာဖြင့် တင်ပျဉ်ခွေထိုင်သည်။ ထိုင်လိုက်လျှင်ချင်း သူ၏ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ လည်ပတ်စပြုလာပြီး သူ၏နတ်ဘုရားအာရုံလည်း ဖြာထွက်သွားသည်။ သူ၏သွေးကြောများသည် သလင်းကဲ့သို့အလင်းရောင်ဖြင့် တောက်ပလာ၏။

ဤအထပ်က ပင်ကိုယ်ပါရမီကို စစ်ဆေးသည်။ မန္တန်ဝင်္ကပါလင်းအောင် လုပ်ဖို့ အံ့ဖွယ်ပင်ကိုယ်ပါရမီကို လိုအပ်သည်။ ဖန်မု၏ပင်ကိုယ်ပါရမီသည် ကြေးမီးအိမ်ဖြင့် အသစ်တည်ဆောက်ထားသော ကိုယ်အစစ်မှ ဆင်းသက်လာသည်မဟုတ်ပါလော။ သူ၏ပင်ကိုယ်ပါရမီ မည်မျှထက်သန်သလဲ စကားလုပ်ပြောနေစရာပင် မလိုချေ။ ဤသည်မှာ အာကာပြင်ကျယ်ကျောင်းတော်ဖြစ်ပြီး သူ၏ကြေးမီးအိမ်က အာကာပြင်ကျယ်ဂိုဏ်းချုပ်၏အပိုင်ဖြစ်ကြောင်း သူ ပြောနိုင်သည်။

တစ်နည်းဆိုရလျှင် ကြေးမီးအိမ်၏ ပြန်လည်တည်ဆောက်ပေးခြင်း ခံရပြီးနောက် ကိုယ်ပွား၏ပင်ကိုယ်ပါရမီက အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ပါရမီနှင့် အနည်းအကျဉ်းမျှသာ ကွာခြားလိမ့်မည်။

အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ ပင်ကိုယ်ပါရမီဖြင့် အာကာပြင်ကျယ်ကျောင်းတော်၏ နတ်ဘုရားစမ်းသပ်ပွဲတွင် ယှဉ်ပြိုင်ခြင်းက ... တကယ်တမ်း မသမာနည်းသုံးရာ ရောက်လေသည်။

ဖန်မု ထိုင်ချလိုက်သောအခိုက်အတန့်တွင် မန္တန်ဝင်္ကပါသည် တောက်ပလာပြီး တဝုန်းဝုန်းမြည်လာ၏။

အာကာပြင်ကျယ်မော်ကွန်းတိုက် ဖန်ဆင်းခံခဲ့ရသော အခိုက်အတန့်မှ ယနေ့ထက်ထိတိုင်အောင် ယခုလိုအရာမျိုး မဖြစ်ပျက်ခဲ့ဖူးပေ။ မန္တန်ဝင်္ကပါကား မျက်စိကျိန်းလုအောင် ထွန်းလင်းနေလေသည်။

လူအုပ်ကြီးသည် ဒုတိယအထပ်မှ ဖြာထွက်လာသော ကျိန်းစပ်စပ်အရောင်အဝါကို မြင်လိုက်ကြရ၏။ ၎င်းကား ... ဒုတိယကောင်းကင်ဘုံမှတစ်ပါး အခြားမဟုတ်ပေ။

၎င်းသည် ပထမကောင်းကင်ဘုံမှ အရောင်အဝါနှင့် ပေါင်းစည်း၍ လုံးလုံးလျားလျား ရင်သပ်ရှုမောဖွယ်မြင်ကွင်ကို ဖန်တီးလိုက်၏။

“ဒုတိယကောင်းကင်ဘုံ။ ဒုတိယကောင်းကင်ဘုံ တကယ်ကြီး ပေါ်လာတာလား”

“မဖြစ်နိုင်တာ။ မမြန်လွန်းဘူးလား။ ဒုတိယအထပ်က မန္တန်ဝင်္ကပါတစ်ခုလုံးကို ဒီလောက်မြန်မြန် ဘယ်လိုလုပ်လင်းအောင် လုပ်နိုင်မှာတုန်း”

“သူ့မှာ ဘယ်..ဘယ်လို ပါရမီမျိုး ရှိတာလဲဟ။ ဒါကြီးက ဘယ်လိုလုပ်ဖြစ်နိုင်နေတာတုန်း။ အရည်အသွေးအမြင့်ဆုံးပါရမီ ရှိရင်တောင်မှ ဒီလောက်မမြန်သင့်ဘူး။ မဟုတ်မှ ... မသမာနည်းသုံးနေတာများလား” တောင်ထိပ်အနား၌ စုဝေးနေသော ထိပ်ဆုံး ၁ဝဝ စာရင်းဝင်များမှာ ပွက်လောရိုက်နေတော့သည်။ သူတို့၏အသံများ ပဲ့တင်ထပ်နေသည်နှင့်အမျှ ကျန်ဂိုဏ်းသားများလည်း ပို၍အုတ်အုတ်ကျက်ကျက် ဖြစ်လာကြသည်။

တာအိုနယ်ပယ်ပညာရှင်များ၊ ဂိုဏ်းအကြီးအကဲများနှင့် တာအိုဥသျှောင်များပင် မှင်သက်နေကြ၏။

All Chapters