အန္တရာယ်များသည့် ကစားပွဲ
Vol. 30 Ch. 407
အခန်း (၄၀၇) : အန္တရာယ်များသည့် ကစားပွဲ
တောအုပ်အတွင်း ကျိုးရှုက အံ့အားသင့်သည့် အမူအရာမျိုး ရှိနေလေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းခန့်က သူသည် တောအုပ်အတွင်း အမဲလိုက်နေသည့် လေလွင့်ကျင့်ကြံသူများဆီမှ သမာသမတ် မဟာမိတ်အဖွဲ့ရှိ အထက်ပိုင်းလူအားလုံး အသတ်ခံရကြောင်း သတင်းရလိုက်သည်။
နာရီဝက်ကျော်ကြာမြင့်သည့်တိုင် သူက မှားကြားတာလားဟု စဉ်းစားရင်း ထွေထွေကြီး ငေးမောကြည့်နေမိသည်။
ဒါက မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုးက အရင်က မဖြစ်ခဲ့ဖူးဘူး။ ဘာလို့ အခုဖြစ်လာတာလဲ။ ငါ့တည်ရှိမှုက လိပ်ပြာတောင်ပံ သက်ရောက်မှုဖြစ်လာပြီးတော့ အနာဂတ်ကို ပြောင်းလဲသွားစေတာလား…
ကျိုးရှုက သူ့စိတ်ထဲမှ မှတ်ဉာဏ်များနှင့် ပတ်သက်ပြီး သံသယ မရှိသည့် အချက်မှာ လွန်ခဲ့သည့်လပိုင်းအတွင်း သူက ကံအပြောင်းအလဲ အခွင့်အရေးများစွာကို ရှာဖွေတွေ့ရှိခဲ့၍ ဖြစ်သည်။
တစ်လအတွင်း သူက နက်နဲဂရမ်းမာစတာအဆင့်မှ နက်နဲဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ခဏအကြာ ကျိုးရှုက အသက်ပြင်းပြင်း ရှူလိုက်ပြီး အခြေအနေသည် သူ့အတွက် မဟုတ်ကြောင်းသိ၍ စိတ်တည်ငြိမ်အောင် ထားလိုက်သည်။ ဤအချိန်စက်ဝန်းတွင် အပြောင်းအလဲများဖြင့် အနာဂတ်၏ သူ့မှတ်ဉာဏ်များက မည်သည့်အချိန်တွင် အသုံးမဝင်ဖြစ်သွားမည်ကို မသိသည့်အတွက် သူ့အင်အားကို တိုးပွားဖို့သာ အလျင်အမြန် ဆောင်ရွက်လိုက်သည်။
သူက အနီးဆုံး ကံအပြောင်းအလဲ အခွင့်အရေးရှိရာဆီ ပြေးသွားလိုက်ပြီး တစ်စုံတစ်ခု မှားယွင်းနေတာ မရှိစေရန် သေချာအောင် ပြုလုပ်လိုက်သည်။
နေမင်းအပေါ်တွင် ဝမ်ဝေ့က သူ့ကမ္ဘာဦးစိတ်ဝိညာဉ်မှ အက်ကြောင်းကို ပြုပြင်ရင်း ကျင့်ကြံနေသည်။ ကံဆိုးစွာဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံးများဖြင့်ပင် သူ့လက်ရှိ အခြေအနေကို ထိန်းထားနိုင်ရုံမျှသာ ဖြစ်၏။
သူသာ အပြည့်အဝ ပြန်လည်ကောင်းမွန်လိုလျှင် သူ့အနေနှင့် အချိန်အမြောက်အများ လိုအပ်လိမ့်မည်။ ထို့ကြောင့် အကောင်းဆုံး ဖြေရှင်းနည်းက သူ့ဂိုဏ်းမှ သူ့ကို ရှာတွေ့ပြီး သူ့တာအိုအုတ်မြစ်ကို ပြင်ဆင်ရင်း သူ့သက်တမ်း၏ ပြဿနာကိုပါ ဖြေရှင်းပေးမည့် နည်းလမ်းကို စောင့်ဆိုင်းရမည်။
ဝမ်ဝေ့အား စိတ်အတိုစေဆုံးအချက်မှာ လက်ရှိအခြေအနေတွင် သူက မကျင့်ကြံနိုင်ခြင်း ဖြစ်၏။ သူက ယခု ကမ္ဘာဦးစိတ်ဝိညာဉ်၏ ယင်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ အနည်းငယ်သာ ကြိုးစားလိုက်လျှင် သူက ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။ သို့သော် သူက အဟန့်အတား ဖြစ်နေ၏။
ကမ္ဘာဦးစိတ်ဝိညာဉ်ကို အဆင့်ငါးဆင့် ခွဲခြားထားသည်။ ယင်ဝိညာဉ်၊ ယင်ယန်ပြောင်းပြန်၊ ယန်ဝိညာဉ်၊ သံကြိုးဖယ်ရှားခြင်းနှင့် မသေမျိုးဝိညာဉ်သုံးမျိုးတို့ ဖြစ်သည်။
ယင်ဝိညာဉ်အဆင့်တွင် ကျင့်ကြံသူများက သူတို့၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို အားကောင်းစေဖို့အတွက် ယင်စွမ်းအားကို စုပ်ယူရသည်။ သူတို့က မိုးမြေမှ ယင်ချီများကို အစီအရင်ဖြင့် စုစည်းခြင်း၊ ဝိညာဉ် သို့မဟုတ် တစ္ဆေများကို ဝါးမျိုခြင်းတို့ဖြင့် ဝိညာဉ်စွမ်းအင်ကို ယင်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ကြသည်။ သို့သော် နောက်နည်းလမ်းကမူ မိစ္ဆာကျင့်ကြံသူများ အများစု အသုံးပြုသည့် နည်းလမ်း ဖြစ်၏။
အသင်္ချေအင်ပါယာကမ္ဘာတွင် အတွေ့ရအများဆုံးနည်းလမ်းမှာ လမင်းဆီမှ စွမ်းအင်ကို စုပ်ယူခြင်း ဖြစ်သည်။ အကြောင်းမှာ လမင်းက မိုးမြေကြားရှိ အသန့်စင်ဆုံး ယင်စွမ်းအားဟု သတ်မှတ်လို့ရလေသည်။ ထို့အပြင် ယင်ဓာတ်ရှိသည့် ကောင်းကင်အသုံးအဆောင် ပစ္စည်းများကိုလည်း အသုံးပြုကြ၏။
ယင်ယန်ပြောင်းပြန်အဆင့်တွင်မူ ကမ္ဘာဦးစိတ်ဝိညာဉ်၏ ယင်သဘာဝမှ ယန်သဘာဝသို့ ပြောင်းလဲပြီး ယင်ယန်မျှခြေသို့ ပြောင်းလဲယူခြင်း ဖြစ်သည်။
ကျင့်ကြံသူများစွာအတွက် ထိုဖြစ်စဉ်က အလွန်နှေးကွေးပြီး အချိန်များစွာ ယူရသည်။ သို့သော်လည်း ပါရမီရှင်များနှင့် ကောင်းကင်ရွေးချယ်ခံများအတွက်မူ ထိုဖြစ်စဉ်က အလွယ်တကူ ကျော်လွှားလိုက်သလိုမျိုး သို့မဟုတ် အတိအကျဆိုရလျှင် ထိုအဆင့်တွင် အချိန်အများကြီး မဖြုန်းကြပေ။
ကမ္ဘာဦးစိတ်ဝိညာဉ်ကို လေ့ကျင့်ပေးဖို့ ယန်စွမ်းအားများကို စုပ်ယူရသည်။ ထိုအဆင့်တွင် ဝိညာဉ်က ခန္ဓာကိုယ်မရှိဘဲ အကျိုးဆက်မရှိဘဲ အသက်ရှင်နိုင်မည် ဖြစ်၏။ ထိုစဉ်အတွင်း ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်က ပျက်စီးသွားလျှင် ကမ္ဘာဦးစိတ်ဝိညာဉ်သာ အကောင်းအတိုင်းရှိနေသရွေ့ တခြားသူ၏ ခန္ဓာကိုယ်ကို သိမ်းယူနိုင်လိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် အသင်္ချေအင်ပါယာကမ္ဘာ၏ စီးပွားအတွင်ဆုံး လုပ်ငန်းတစ်ခုမှာ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အတွက် သင့်တော်သည့် ခန္ဓာကိုယ်များကို ရောင်းချခြင်းဖြစ်၏။ ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်က မဟာဧကရာဇ်နှစ်ပါး မွေးထုတ်ထားသည့် မိစ္ဆာဧကရာဇ်မျိုးဆက် ဖြစ်သည့် အလောင်းကောင် ရောင်းဝယ်ရေးဂိုဏ်းဟု ခေါ်ဆိုသည်။
သို့သော်လည်း ဝမ်ဝေ့ သိထားသလောက် ထိုဂိုဏ်း၏ နောက်ကြောင်းများက အပေါ်ယံ မြင်ရသလောက် မရိုးရှင်းပေ။
သံကြိုးဖယ်ရှားခြင်းအဆင့်တွင်မူ ကျင့်ကြံသူများက ခန္ဓာကိုယ်နှင့် ဝိညာဉ်ဆက်နွယ်နေသည့် အနှောင်အဖွဲ့များကို ဖယ်ရှားပစ်ရသည်။ မဟုတ်ပါက ကမ္ဘာဦးစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်အပြင်ဘက်တွင် နေနိုင်မည် မဟုတ်ဘဲ အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် ခန္ဓာကိုယ်တစ်ခုအတွင်း ပြန်လည်ဆွဲယူခံရမည် ဖြစ်၏။
ထိုအကြောင်းအရင်းကြောင့် တိထျန်းနှင့် တိုက်ပွဲအတွင်း တိထျန်းက သူ့ဝိညာဉ်ကို ခန္ဓာကိုယ်မှ နှင်ထုတ်စဉ် သံကြိုးများစွာ ထွက်ပေါ်လာခြင်း ဖြစ်၏။
နောက်ဆုံးအဆင့်တွင်မူ သက်ရှိအားလုံးက မသေမျိုးဝိညာဉ်သုံးခုနှင့် သေမျိုးဝိညာဉ် ခုနစ်ခုရှိသည်ဟု ပြောဆိုကြလေ့ရှိသည်။
ဝမ်ဝေ့က ကျင့်ကြံပြီးသည့်နောက်တွင် မျက်လုံးပွင့်လာပြီး ကောင်းကင်နက်နဲကုန်းမြေအား စစ်ဆေးကြည့်လိုက်သည်။ သမာသမတ်ဂိုဏ်း မဟာမိတ်၏ အထက်ပိုင်းလူများသည် အသတ်ခံရကြောင်း သိသည့်အခါ တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိလိုက်၏။
သူက လက်ဝှေ့လိုက်သည့်အခါ သူ့လက်မှ အဝါရောင် ဘောလုံးတစ်လုံး ထွက်ပေါ်လာသည်။ ဤသည်က ချူးမိုသည် ဂိုဏ်းများစွာနှင့် နတ်ဆိုးမျိုးနွယ် အများစုကို သတ်ဖြတ်ပြီးနောက် စုပ်ယူထားသည့် အသက်ဓာတ် ဖြစ်ပေသည်။
အများစုက သူ့ဆီရောက်ရှိလာပြီး နက်နဲစွမ်းရည်တချို့သာ ချူးမိုဆီချန်ထားခဲ့သည်။
ချူးမိုက ငယ်ရွယ်လွန်းသည့်အတွက် သူ့အနေနှင့် သက်တမ်းကို မလိုအပ်ဘဲ အများစုကို ကုသဖို့ရာအတွက် အသုံးပြုထားသည့်အတွက် အများကြီး မလိုအပ်ပေ။
ဝမ်ဝေ့၏ ခန္ဓာကိုယ်က အားကောင်းနေသည့်အတွက် ထိုအသက်ဓာတ်များက သူ့အပေါ် သက်ရောက်မှုအနည်းငယ်သာ ရှိလေသည်။ ထို့အပြင် သူက ထိုနည်းလမ်းဖြင့် ဒဏ်ရာများကို ပျောက်ကင်းစေလိုလျှင် သူ၏ အခြေခံအုတ်မြစ်အပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိလာလေသည်။
သူက ထိုစွမ်းအင်များကို မည်မျှသန့်စင်စေကာမူ ထိုအရာက လူများစွာ ပေါင်းစပ်ထားသည့်အချက်က ဘာမှမပြောင်းလဲပေ။ ၉၉.၉၉၉ ရာခိုင်နှုန်း သန့်စင်နေလျှင်ပင် သူ မသန့်စင်နိုင်သည့် ပမာဏအနည်းငယ်က လျှို့ဝှက်အန္တရာယ်တချို့ ရှိနေနိုင်သည်။ ထို့ကြောင့် သူက မလိုအပ်ဘဲ ထိုနည်းလမ်းဖြင့် ကုသဖို့ အသုံးမပြုလိုပေ။ သူက အကျိုးဆက်ကို ရင်ဆိုင်ရမည် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ထိုအသက်ဓာတ်များက တခြားကိစ္စများကို အသုံးပြုနိုင်လေသည်။ သူက သူ့မျက်လုံးပွင့်လာစဉ် မျက်လုံးထဲရှိ အဖြူရောင် အစိတ်အပိုင်းအပါအဝင် ခဲဖြူရောင်အဖြစ် ပြောင်းလဲသွားပြီး ထိုအရာမှ ကံကြမ္မာစွမ်းအား ထွက်ပေါ်လာသည်။
သူက ဂမ္ဘီရကို ဖော်ဆောင်လိုက်စဉ် သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည့် အသက်ဓာတ်က ဖြည်းဖြည်းချင်း လွင့်ပြယ်သွားပြီး တွက်ချက်မှုအနေနှင့် ပေးစပ်လိုက်ရသည်။ ပုံမှန်အားဖြင့် သူ့ကံကြမ္မာရုပ်သေးရုပ်၏ ရုပ်ခန္ဓာဖြင့် ဂမ္ဘီရအတွက် တန်ပြန်သက်ရောက်မှုကို စိုးရိမ်နေစရာ မလိုအပ်ပေ။ သို့သော် သူက ယခုလက်ရှိတွင် အခြေအနေက အကောင်းဆုံး ဖြစ်မနေပေ။
စက္ကန့်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းများက ပုံမှန်ပြန်ဖြစ်သွားပြီး အမူအရာက လေးနက်လာသည်။
“ စကားမဲ့ဂိုဏ်းရဲ့ တည်ထောင်သူက တကယ်ကို ပါရမီရှင်ပဲ။ ဒီလောက်ခေတ်ကာလတွေ အကြာကြီး ဒီကိစ္စအတွက် စီစဉ်ခဲ့တယ်။ သူ့အစီအစဉ် အကောင်အထည် ပေါ်လာတော့မှာ မမြင်ရတာ နှမြောစရာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
ဝမ်ဝေ့က ချီးကျူးနေသော်လည်း ထိုဂိုဏ်း၏ အစီအစဉ်အောင်မြင်သွားလျှင် သူ့အခြေအနေက ပိုမိုအန္တရာယ်များလာနိုင်ကြောင်း သိလေသည်။ တစ်ချိန်တည်းဆိုသလို သူက အခွင့်အရေး မပေးလိုပေ။
ထို့အပြင် ယခင်လပိုင်းအတွင်း ကံကြမ္မာနှင့် ကံအပေါ် နားလည်နိုင်စွမ်းက သိသိသာသာ တိုးမြင့်လာခဲ့၏။ အကြောင်းအရင်းမှာ သူက ဤကမ္ဘာနှင့် စစ်တုရင် ကစားနေပြီး သက်ရှိမြောက်များစွာနှင့် ကမ္ဘာ၏ ကံကြမ္မာများကိုပင် လှုပ်ကိုင်ထားသည်။
ချူးမိုနှင့် ကျိုးရှုတို့က ကမ္ဘာအပေါ် လွှမ်းမိုးမှုအားကောင်းလာလေလေ သူ့အတွက် ကံကြမ္မာစွမ်းအားကို နားလည်ဖို့ ပိုမိုလွယ်ကူလာလေလေ ဖြစ်၏။
“ ဒီလိုဆိုရင် ငါ ယေဘုယျအခြေအနေကို ထိန်းချုပ်ပြီးတော့ သူတို့အစီအစဉ်တွေ အလွယ်တကူ မအောင်မြင်အောင် တားဆီးရမယ်။ ငါ့ရဲ့ အကျိုးအမြတ် မရမချင်း နှောင့်နှေးသွားအောင် လုပ်ရမယ်။ ဒီဂိုဏ်းက ငါ့ကို မြန်မြန်ရှာတွေ့သွားလို့ ငါ့ဘေးကင်းလုံခြုံမှုက စိတ်ချရတယ်ဆိုရင် ပိုတောင်ကောင်းသေးတယ်”
ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူက ကုန်းမြေကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်လည်ကျင့်ကြံလိုက်သည်။ သူက သူ့ဂိုဏ်းနှင့် ဆက်နွယ်ထားသည့် ကံကြိုးမျှင်အပေါ် အာရုံစိုက်ထားလိုက်ပြီး ဆက်သွယ်ဖို့ ကြိုးစားလိုက်သည်။
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို သူ့သွေးမှ အနည်းငယ် လှုပ်ခတ်မှုကို ခံစားမိလာ၏။ အကယ်၍ သူ့အာရုံခံစားမှုအပေါ် ပြင်းထန်ခြင်းကြောင့်သာ မဟုတ်လျှင် ထိုအကြောင်းကို သိမည် မဟုတ်ပေ။ သူက နက်နက်နဲနဲ အာရုံစိုက်ထားသည့်အခါ အနည်းငယ်မျှ ဖြစ်သော်လည်း ဖမ်းဆုပ်မိလိုက်၏။
အဲဒါများ ဖြစ်နေမလား…
သူက ပိုမိုအာရုံစိုက်ထားလိုက်သည့်အခါ တစ်ယောက်ယောက်က သူ့သွေးမျိုးဆက်မှ နောက်ယောင်ခံလိုက်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူက တစ်ဖက်နှင့် ဆက်နွယ်မှုကို အားကောင်းစေဖို့ ကြိုးစားလိုက်၏။
သူက သူနှင့် သူ့မိသားစုထံ ဆက်နွယ်ထားသည့် ကံကြိုးမျှင်ကိုပင် ထိုဆက်နွယ်မှုအား အားကောင်းစေဖို့ အသုံးပြုလိုက်သည်။
……………..
ကောင်းကင်နက်နဲကုန်းမြေ၊ သွေးအန္တရာယ် အစီရင်စု
ချူးမိုက ပျက်စီးနေသည့်ဂိုဏ်းရှေ့တွင် ရပ်နေသည်။ နေရာအနှံ့တွင် သွေးများ ပြန့်ကျဲနေသော်လည်း ပတ်ဝန်းကျင်တွင် အလောင်းများ ရှိမနေပေ။ သူက အေးစက်စက်အမူအရာဖြင့် ထွက်သွားဖို့ပြင်လိုက်၏။
သူ့စနစ်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
“ တီ … စနစ်က လုပ်ဆောင်မှုတချို့ကို ပြန်လည်ကောင်းမွန်လာပါပြီ။ တာဝန် လုပ်ဆောင်ချက်ကို ဖွင့်လှစ်နေပါပြီ”
“ ပင်မတာဝန်။ ။ ကမ္ဘာကြီးကို အုပ်စိုးပြီးတော့ ကျင့်ကြံသူဦးရေရဲ့ ၇၀ရာခိုင်နှုန်းကို ဝါးမျိုပစ်လိုက်ပါ။ ဆုလာဘ်အနေနဲ့ ကောင်းကင်အလိုဆန္ဒကမ္ဘာရဲ့ တည်နေရာကို ရရှိပါမယ်”
“ တာဝန်ခွဲ (၁)။ ။ နတ်ဆိုးအုပ်ချုပ်သူ အားလုံးကို သတ်ပြီးတော့ ဝါးမျိုလိုက်ပါ။ ဆုလာဘ်အနေနဲ့ တစ်ယောက်ချင်းစီရဲ့ သတ်ဖြတ်မှုအပေါ် မူတည်ပြီး ရရှိပါမယ်”
“ တာဝန်ခွဲ(၂)။ ။ သမာသမတ်ဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်းတွေရဲ့ အဆင့်(၇)ကနေ (၉)အထိ ကျင့်ကြံသူတွေကို တတ်နိုင်သမျှ များများ ဖျက်ဆီးပစ်ပါ။ ဆုလာဘ်အနေနဲ့ အောင်မြင်မှုအပေါ် မူတည်ပြီး ရရှိပါမယ်”
ချူးမိုက ထိုသတိပေးချက်ကို မြင်ကာ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည် “ စနစ် … ငါက အဲဒီတာဝန်တွေကို မပြီးမြောက်ရင် ဘာဖြစ်သွားမှာလဲ”
“ ပိုင်ရှင်က ဆုလာဘ်တွေ ရရှိမှာ မဟုတ်ပါဘူး”
“ အဲဒါပဲလား”
“ ဟုတ်ပါတယ်”
ချူးမိုက ထိုအရာကို ကြားပြီးနောက် စိတ်အေးသွားလေသည်။ အပြစ်ဒဏ် မရှိသရွေ့ သူက ထိုတာဝန်များကို လုပ်သည်ဖြစ်ဖြစ်၊ မလုပ်သည်ဖြစ်ဖြစ် ကိစ္စမရှိပေ။ အထူးသဖြင့် အဓိကတာဝန်မှ ဆုလာဘ်နှင့် ပတ်သက်လာသည့်အခါတွင် သူက တုံးအအ အရာများကို လုပ်မည် မဟုတ်ပေ။
ယခင်လအတွင်း သူက ယခင်ပိုင်ရှင်၏ မှတ်ဉာဏ်အများစုကို နားလည်သွားလေပြီ။ ဂိုဏ်းများစွာ ဖျက်ဆီးလိုက်သည်နှင့်အတူ သူက ကောင်းကင်အလိုဆန္ဒကမ္ဘာက မည်သို့ ဆိုလိုကြောင်း သိလိုက်၏။
မဟာဧကရာဇ် ဖြစ်လာကာ ထာဝရအသက်ရှင်နိုင်ချေကို ရရှိနိုင်ချေရှိခြင်း ဖြစ်၏။ သူက ကျင့်ကြံဆင့် သို့မဟုတ် တခြားသူများကို စုပ်ယူခြင်းကြောင့် သူ့သက်တမ်းက မည်မျှတိုးမြင့်လာစေကာမူ ကန့်သတ်ချက်ရှိကြောင်း သိထားလေသည်။
မဟာဧကရာဇ် ဖြစ်လာခြင်းကသာ အမှန်တကယ် မသေမျိုး ဖြစ်လာမည် ဖြစ်၏။
“ စနစ် … ငါ အဲဒီတာဝန်တွေကို ပြီးမြောက်သွားရင် ဘာဆုလာဘ်ရမှာလဲ”
“ ခန္ဓာကိုယ်၊ နက်နဲစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားတွေအတွက် ထူးကဲတဲ့ ကျင့်စဉ်၊ ဆေးဝါးပညာရပ်၊ လက်နက်သန့်စင်ခြင်းတွေအတွက် ကျင့်စဉ်၊ ဆေးလုံး၊ ကောင်းကင်နှင့် မိုးမြေရတနာ တွေကို ရရှိပါမယ်”
ချူးမိုက ထိုအရာကို ကြားပြီးနောက် သူ့ရည်မှန်းချက်က ကြီးမားလာလေသည်။
“ အဲဒါဆို ငါက ဒီကမ္ဘာကို ခြေနင်းတုံးအဖြစ် အသုံးပြုပြီးတော့ ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းရမယ်”