← Chapters

ချစ်ခြင်းမေတ္တာ

Vol. 30 Ch. 410

ချစ်ခြင်းမေတ္တာ

Vol. 30 Ch. 410

အခန်း (၄၁၀) : ချစ်ခြင်းမေတ္တာ

အနောက်ပိုင်း ကျားဖြူကုန်းမြေ၊ နတ်ဆိုးပုပ်နယ်မြေ

ဧရာမတောင်ကြီးတစ်လုံးက ရုတ်ချည်းထွက်ပေါ်လာသည့်အတွက် မိစ္ဆာကျင့်ကြံသူများသာမက တစ်ကမ္ဘာလုံး အံ့ဩသွားကြသည်။ ကံဆိုးစွာဖြင့် တိမျိုးနွယ်က ထိုတောင်ကို အပိုင်သိမ်းကာ ပတ်လည်တွင် အစီအရင်ထားပြီး လူများ ချဉ်းကပ်လာခြင်းမှ ကာကွယ်ထားခဲ့သည်။

ယခင်ရက်ပိုင်းအတွင်း တိမျိုးနွယ်စုက သူတို့၏ အနာဂတ်ခေါင်းဆောင်ကို စည်းဖြေပေးဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သူတို့၏ ဧကရာဇ်အသုံးအဆောင် ပစ္စည်း ၅ခုကို အသုံးပြုခဲ့သေးသည်။

အဆုံးသတ်တွင် သူတို့က တာအိုဘိုးဘေးတချို့ကို တိတ်တဆိတ်နိုးထစေပြီး စည်းတံဆိပ်ကို ဖယ်ရှားဖို့ ကြိုးစားခဲ့ကြသည်။ သူတို့ ရရှိလာသည့်အဖြေက အခြေအနေ ကိုက်ညီလာသည့်အခါ သူ့အလိုလို စည်းပြေသွားလိမ့်မည်ဟုသာ ဖြစ်၏။

တိထျန်းက တောင်အောက်တွင် စည်းပိတ်ခံထားရသော်လည်း သူ့အံ့ဖွယ်အသိစိတ်အား အသုံးပြုနိုင်ဆဲဖြစ်ကာ ကျင့်ကြံနိုင်သေး၏။ အရင်းအမြစ်များကိုလည်း သူ့ဆီ ပြဿနာမရှိ ပို့ပေးနိုင်လေသည်။

ဝူဟုန်၏ အဓိကရည်ရွယ်ချက်က သူ့ ကြီးထွားနှုန်းကို ဟန့်တားဖို့ မဟုတ်ဘဲ ဝမ်ဝေ့၏ ကြီးထွားမှုအပေါ် သူ နှောင့်ယှက်ခြင်းမှ ကာကွယ်ဖို့ရာ ဖြစ်၏။ တခြားနည်းဖြင့် ပြောရလျှင် အဆင့်ညှိလိုက်ခြင်း ဖြစ်သည်။

ပြောရလျှင် တိထျန်း၏ ဉာဏ်ရည်က ဝမ်ဝေ့နှင့် လက်ရည်တူဖြစ်ကာ သူ၏ လွှမ်းမိုးနိုင်စွမ်းကောင်းသည့် အင်အား၊ ပြိုင်ဘက်ကင်း အတွေ့အကြုံနှင့် အိပ်စက်သူများမှတဆင့် သတင်းစုစည်းနိုင်စွမ်းတို့ဖြင့် သူနှင့် ယှဉ်ပြိုင်ဖို့ရာ ငရဲတမျှ ခက်ခဲလှသည်။

တောင်ပတ်ဝန်းကျင်ကို သိမ်းပိုက်ပြီးသည့်နောက်တွင် တိမျိုးနွယ်က တိထျန်း၏ စည်းတံဆိပ်အကြောင်း သတင်းပေါက်မသွားအောင် တားဆီးခဲ့ကြသည်။ ထိုစဉ် တိထျန်းက သူ့အရိပ် တိကျားအား ကမ္ဘာတစ်ဝှမ်းမှ အပြောင်းအလဲများကို စောင့်ကြည့်ခိုင်းကာ သူ့ဆီ သတင်းပို့ဖို့ မှာခဲ့သည်။

တိကျားက သူ့အား ဆွေးဆွေးမြေ့မြေ့ ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားသည်။ သူမ ထွက်သွားပြီးနောက် သိပ်မကြာခင် တစ်စုံတစ်ယောက်က တိထျန်းအား လာရောက်တွေ့ဆုံလေသည်။ ထူးထူးဆန်းဆန်းဖြင့် ထိုလူက အစီအရင်အား ဖြတ်သန်းလာကာ တောင်အောက်ရှိ နေရာကျဉ်းလေးသို့ ဝင်ရောက်လာ၏။

တိထျန်းက ရုတ်ချည်း မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူ့မျက်နှာအထက် အံ့အားသင့်သည့် အမူအရာ ဖြတ်ပြေးသွားသည်။ သူ့မျက်ဆံက ကျယ်လာကာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။ ဤသည်က နှစ်သန်းချီကြာသည့်တိုင် စိတ်ခံစားချက် အမျိုးမျိုးကို ထုတ်ပြသည့် ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။

“ န…နဉ်အာ။ တကယ်ပဲ မင်းလား”

သူက သူ့ရှေ့မှ အမျိုးသမီးကို ကြည့်ကာ အမှန်ဖြစ်သည်ဟု မယုံကြည်နိုင်ပေ။ ဝမ်ဝေ့၏ ပုံရိပ်ယောင်က သူ့အပေါ် သက်ရောက်နေဆဲ ရှိသည်ဟုသာ ထင်မိနေ၏။ သူ့စိတ်ထဲတွင် ကိစ္စမရှိပေ။ သူက အနည်းငယ် ကြာကြာ တွေ့ဆုံလိုရုံမျှ ဖြစ်သည်။

“ ကျွန်မပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာဆိုသလို ကျွန်မ မဟုတ်ဘူး” ချောင်နဉ်က ပြောလိုက်သည်။

“ ဘာကိုပြောချင်တာလဲ” တိထျန်းက သူမအား ပွေ့ဖက်ထားရင်း မေးလိုက်သည်။ ထိုအထိအတွေ့က အရမ်းကို ရင်းနှီးလွန်းလှသည်။ သူ နောက်ဆုံး ခံစားခဲ့ရသည်မှာ မည်မျှကြာမြင့်သွားမည်နည်း။ ခေတ်ကာလများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း သူက မနေ့တစ်နေ့က ကဲ့သို့၊ ပထမဆုံးအကြိမ်ကဲ့သို့ မှတ်မိနေဆဲ ဖြစ်၏။

“ ကျွန်မ သေဆုံးပြီတဲ့နောက်မှာ ရှင် တစ္ဆေ စိတ်ဝိညာဉ် တည်ရှိမှုလိုမျိုး ဖန်တီးနိုင်လောက်အောင် အားကောင်းလာတာကို မြင်ချင်တာက ကျွန်မ ဆန္ဒပါ”

“ အဲဒါဆိုတော့ မင်းက ပျောက်ကွယ်သွားဦးမှာလား” တိထျန်းက ခေါင်းမော့ကြည့်လိုက်သည့်အချိန် သူ့မျက်ဝန်းထောင့်မှ မျက်ရည်များ တွေ့နေရသည်။ အတွေးတစ်ချက်ဖြင့် စီးကျမသွားခင် ပျောက်ကွယ်သွားသည်။

သူက သူမအား ကြည့်ကာ ဆံပင်သပ်ပေးလိုက်သည်။ သူမက အစစ်အမှန် ဖြစ်လွန်း၏။

“ ကိုယ့်ကို ဘာလို့လာမတွေ့ရတာလဲ”

“ ကျွန်မ လာတွေ့ပါတယ်” ချောင်နဉ်က ပြန်ပြောလိုက်သည် “ ရှင် ပြန်လည်ဝင်စားလာတဲ့ ဘဝတွေအားလုံးမှာ ရှင့်အိပ်မက်တွေထဲ ဝင်ပြီး ကျွန်မကို လက်လျှော့ပြီး မေ့ပစ်လိုက်ဖို့၊ ရှေ့ဆက် လျှောက်လှမ်းဖို့ ဖျောင်းဖျခဲ့တယ်။ ဒါပေမဲ့ ရှင် ဘယ်တော့မှ နားမထောင်ခဲ့ဘူး”

“ ဘာလို့ ကိုယ်က နားထောင်ရမှာလဲ။ မင်းက ကိုယ့်အတွက် အရာအားလုံးပဲ။ ကိုယ် အသက်ရှူတဲ့ အကြောင်းအရင်းက မင်းအတွက်ပဲ။”

ချောင်နဉ်က ခေတ္တမျှ ရပ်တန့်သွားသည် “ ကျွန်မ ရှင် နာကျင်နေတာကို မမြင်ချင်ဘူး။ ရှင်ဆက်တိုက် နာကျင်နေတာကို မြင်ရတာ ကျွန်မအတွက် အရမ်းကို နာကျင်လွန်းတယ်။ ကျွန်မ အဲလိုအရာကို မလိုချင်ဘူး”

“ မင်း အသက်ပြန်ရှင်လာတာနဲ့ အရာအားလုံးက တန်ပါတယ်” တိထျန်းက ဖျောင်းဖျရင်း ပြောလိုက်သည်။

“ ဟူး…တချို့ကိစ္စတွေက ရှောင်လွှဲလို့ မရဘူးဆိုတာကို ရှင် နားလည်သင့်တယ်”

“ ကံကြမ္မာကို လက်ခံတဲ့သူတွေကပဲ အဲလိုစကားကို ပြောကြတာ။ ကိုယ်က ကံကြမ္မာကို စက်ဆုပ်တယ်”

ချောင်နဉ်က သူ့ခင်ပွန်းဖြစ်သူအား နက်နက်နဲနဲ ကြည့်လိုက်သည်။ သူမက သူ့ မျက်နှာကို အသာသပ်လိုက်သည်။ သူက မတူညီသည့် သွင်ပြင်တချို့ရှိခဲ့သော်လည်း မပြောင်းလဲသည့်အချက်က သူ့မျက်ဝန်း ဖြစ်၏။

ကမ္ဘာကြီးအပေါ် အမုန်းတရားနှင့် ပြည့်နှက်နေပြီး ဝမ်းနည်းမှု၊ အထီးကျန်မှုနှင့် ပြည့်နှက်နေသော်လည်း ရှေ့ဆက်လျှောက်ဖို့ ဆုံးဖြတ်ချက် ချထားဟန်ပေါ်သည်။

“ ရှင်က အမြဲတမ်း ခေါင်းမာနေတုန်းကို”

သူမက သက်ပြင်းတစ်ချက် ချပြီးသည့်နောက်တွင် အခန်းအတွင်းမှ ပျောက်ကွယ်သွားကာ တိထျန်းအား ချန်ထားခဲ့၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းထက်မှ ဆုံးဖြတ်ချက်ပြန်ပေါ်လာပြီး ကျင့်ကြံရေး ပြန်လည်ဝင်ရောက်သွားသည်။

အဝေးတစ်နေရာတွင် ချောင်နဉ်က တောင်အား လှမ်းကြည့်လာရင်း ရေရွတ်လိုက်သည် “ ရှင် ကျွန်မကို မြင်ချင်တာ ကျွန်မတို့ရဲ့ အချစ်ကြောင့်လား ဒါမှမဟုတ် ကျွန်မက ရှင့်အတွက် စွဲလမ်းမှု ဖြစ်လာလို့လား”

သူမတွင် အဖြေလည်း မရှိသလို အမှန်တရားကိုလည်း ရှာမတွေ့ချင်ပေ။ ထို့ကြောင့် သူမ လာရောက်စဉ်သကဲ့သို့ တိတ်တဆိတ်သာ ထွက်ခွာသွားသည်။

……………………………………………………………….

ကောင်းကင်နက်နဲကုန်းမြေ၊ နေမင်းပေါ်တွင်

ဝမ်ဝေ့က ဝူဟုန်နှင့် ထပ်မံ တွေ့ဆုံရသည့်အတွက် ပျော်ရွှင်နေသည်။ သူက အနည်းငယ် မျက်နှာပူမိ၏။

“ ကိုယ့်ကို ဒီလိုအခြေအနေမျိုးနဲ့ မမြင်တွေ့စေချင်ခဲ့ဘူး”

“ ကျွန်မ စိတ်ထဲမထားတာ ရှင် သိမှာပါ” သူမက သူ့မျက်နှာပေါ်မှ အရေးကြောင်းများကို ပွတ်သပ်ရင်း ပြောလိုက်သည်။ သူ၏ တောက်ပနေခဲ့သည့် ခဲဖြူရောင်ဆံပင်များက ယခုအခါ အသက်ဓာတ် ဆုံးရှုံးသွားပြီး သူကလည်း ဝါးပင်တစ်ချောင်းလို ပိန်လှီနေလေသည်။

“ ကိုယ် သိပါတယ်။ ဒါပေမဲ့ ကိုယ် ဒီလိုလုပ်ရဦးမယ်” ထိုသို့ပြောပြီးသည့်နောက်တွင် သူက သူ့ကိုယ်သူ ယခင် ခပ်ချောချော ပုံရိပ်မျိုးဖြစ်အောင် ပုံရိပ်ယောင် ဖန်ဆင်းလိုက်သည်။

“ ရှင်တို့ ယောက်ျားတွေက အားနည်းချက် ဖုံးကွယ်ရတာကို အသားကျနေမှန်း သိတယ်။ ဒါပေမဲ့ ကျွန်မရှေ့မှာ ရှင် ဒီလိုလုပ်နေစရာ မလိုပါဘူး။”

“ မင်းပြောတာ မှန်ပါတယ်” သူက ပုံရိပ်ယောင်ကို ဖယ်ရှားလိုက်ပြီး နှစ်ဦးသား ထိုင်လိုက်ကြ၏။ အတိအကျဆိုရလျှင် ဝမ်ဝေ့က ဝူဟုန်၏ ပေါင်ပေါ် ခေါင်းအုံးထားရင်း သူမက သူ့ဆံပင်များကို ခါတိုင်းလိုမျိုး ပွတ်သပ်နေသည်။

နေမင်း၏ အပူချိန်က သူတို့အပေါ် သက်ရောက်မှုရှိဟန် မပေါ်ပေ။

“ အဲဒါဆိုတော့ ဘာဖြစ်သွားတာလဲ” သူက မေးလိုက်သည်။ ထို့နောက် ဝမ်ဝေ့က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းရာတွင် ဖြစ်စဉ်တစ်လျှောက်လုံးကို ပြောပြလိုက်ပြီး တိထျန်းနှင့် တိုက်ပွဲအပါအဝင်  သူ မည်သို့ဖြစ်သွားသည်အထိ အကုန်ပါဝင်သည်။

“ ရှင် ဒီနှစ်တွေမှာ တော်‌တော် အဖြစ်အပျက်စုံခဲ့တာပဲ”

“ ဟုတ်တယ်။ မင်းစုံစမ်းမှုရော ဘယ်လိုနေသေးလဲ”

နဂါးဂူဗိမာန် လျှို့ဝှက်နယ်မြေတွင် နောက်ဆုံးတွေ့စဉ်အခါက သူမက တစ်စုံတစ်ခု စုံစမ်းနေကြောင်း ပြောပြခဲ့သည်။

“ ရလဒ် မရှိသေးဘူး။ ကျွန်မ လက်လျှော့တော့မလို့။ ဒါပေမဲ့ တကယ်လို့ အဲဒီကိစ္စသာ ပြဿနာဖြစ်လာခဲ့မယ်ဆိုရင် ရှင် ရင်ဆိုင်လို့ရတယ်လေ”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး ဆွံ့အသွားသည်။ ဝူဟုန်က ထိုနေရာတွင် စောင့်ကြည့်ဖို့ ကိုယ်ပွား ချန်ခဲ့သောကြောင့် စနောက်နေခြင်းသာ ဖြစ်၏။

“ အဲဒါပြီးတော့ ကျွန်မ တိထျန်းကို စည်းပိတ်ဖို့ ပုံရိပ်တစ်ခု ပို့လိုက်သေးတယ်”

ဝူဟုန်က သူမ လုပ်ခဲ့သည့်အရာနှင့် အကြောင်းအရင်းအား ရှင်းပြလိုက်သည်။ ထိုအရာကို ကြားပြီးသည့်နောက်တွင် ဝမ်ဝေ့က တိထျန်းနှင့် ဆက်လက် တိုက်ဖို့ အခွင့်အရေးရနေသရွေ့ စိတ်ထဲမထားပေ။

သူက တချို့လူများသည် သာလွန်မှုများဖြင့် မွေးဖွားလာသည်ကို နားလည်လေသည်။ ဝူဟုန်က သူ့ဘဝတွင် အရေးသာမှုထဲမှ တစ်ခု ဖြစ်၏။ သူက ထိုသို့အရေးသာမှု ရှိသည့်အတွက် ပျော်ရွှင်မိလေသည်။

ဤသည်က လူများက တာအိုလက်တွဲဖော် ရွေးချယ်ရသည့် အဓိက အကြောင်းအရင်းတစ်ချက် ဖြစ်ပြီး သူသည်လည်း အားကောင်းသည့် တာအိုလက်တွဲဖော် လိုချင်သည့် အကြောင်းအရင်း ဖြစ်ပေသည်။ တစ်ယောက်နှင့် တစ်ယောက် ရှည်ကြာလှသည့် ကျင့်ကြံရေးခရီးစဉ်တွင် တစ်ယောက်နှင့်တစ်ယောက် အမှီသဟဲပြုဖို့ ဖြစ်၏။

လူများစွာက ထိုအရာသည် မမျှတကြောင်း ‌ပြောဆိုနိုင်သော်လည်း ကံကြမ္မာတာအိုကို ကျင့်ကြံသူတစ်ဦးအနေနှင့် ဝမ်ဝေ့က ကမ္ဘာကြီးသည် မမျှတသလို ကံကြမ္မာသည်လည်း မမျှတကြောင်း သိထားလေသည်။

ဝူဟုန်၏ ရှင်းပြချက်ကို ကြားပြီးသည့်နောက်တွင် ဝမ်ဝေ့က ခေတ္တမျှ တွေဝေသွားသည်။

“ ရှင် ဘာတွေစဉ်းစားနေတာလဲ” ဝူဟုန်က မေးလိုက်သည်။

“ ကိုယ် စဉ်းစားနေတာလား။ တိထျန်းနဲ့ ကိုယ်က တချို့နေရာတွေမှာ အတော်လေးကို တူလွန်းတယ်။”

“ အို  … ဘယ်လိုမျိုးလဲ”

“ တကယ်လို့ မင်းဆီမှာသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် မင်းကို အသက်ပြန်ရှင်ဖို့ ဘယ်လိုပဲလုပ်ရလုပ်ရ ကိုယ် တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”

အကယ်၍ ဝူဟုန်ဆီသာ တစ်စုံတစ်ခုဖြစ်သွားခဲ့လျှင် ဝမ်ဝေ့က သူ ရူးသွပ်သွားမည်ဖြစ်ကြောင်း သိလေသည်။ သူ့အကြောင်းကို သိထားသည့်အတွက် သံသရာစက်ဝန်းအား ချိုးဖောက်ကာ သူမအား အသက်ပြန်သွင်းခြင်း သို့မဟုတ် အချိန်မြစ်ကြောင်း သို့မဟုတ် ကံကြမ္မာမြစ်ကြောင်းကို ပြောင်းပြန်လှန်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ အမှန်အတိုင်းဆိုရလျှင် သူမသာ မဟုတ်ပေ။ သူ့မိတ်ဆွေများနှင့် မိသားစုသည်လည်း အပါအဝင် ဖြစ်၏။ ဤသည်က လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းဖို့ သူ ကျင့်ကြံရသည့် အဓိက အကြောင်းအရင်း ဖြစ်ပေသည်။

သူ့ဘဝတွင် အဖြစ်အပျက်ဆိုး တစ်ခုခု ကြုံတွေ့ခဲ့ရပါက ထိုအရာကို ကာကွယ်နိုင်စွမ်း သို့မဟုတ် ပြန်ပြောင်းလဲနိုင်စွမ်း ရှိဖို့ရာ ဖြစ်၏။

“ ရှင် အဲလိုလုပ်မယ်ဆိုတာ သေချာပါတယ်” ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်သည် “ ဒါပေမဲ့ ကျွန်မက ကျွန်မဘာသာ ဂရုစိုက်နိုင်တယ်။ ရှင့်ဘာသာ ရှင်ပဲ စိတ်ပူဦး”

“ အဟုတ်ပဲ” ဝမ်ဝေ့က ရယ်မောရင်း ပြောလိုက်သည်။ သူက သူမအနားတွင် အမြဲတမ်းလိုလို လွတ်လပ်ပြီး စိတ်ပေါ့ပါးသည်ကို ခံစားမိ၏။

“ ကိုယ်တို့အခြေအနေမှာ အများဆုံး ဖြစ်နိုင်တာက ကိုယ့်ဆီမှာ တစ်ခုခုဖြစ်သွားပြီးတော့ မင်းက အသက်ပြန်သွင်းရဖို့ပဲ ဖြစ်နိုင်တယ်”

“ စိုးရိမ်မနေပါနဲ့။ ကျွန်မရဲ့ သူငယ်လေးအနေနဲ့ ရှင့်ကို တစ်စုံတစ်ခု ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး”

“ သူငယ်လေးတဲ့လား ဟား…ဟား…ဟား…။ ကိုယ့်ဘဝမှာ ဒီလို အခေါ်ခံရမယ် မတွေးမိဘူး”

ဝမ်ဝေ့က လတ်တလောအခြေအနေတွင် အမြဲတမ်းလိုလို တင်းကြပ်နေရသည့်အတွက် အခု အမှန်တကယ် ပျော်ရွှင်မိနေသည်။ ထို့ကြောင့် သူက စိတ်ပေါ့ပါးစွာဖြင့် ဝူဟုန်ဖြင့် စကားပြောနေလေသည်။ နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက မေးချင်သည့် မေးခွန်းတစ်ခုကို ရုတ်ချည်း အမှတ်ရသွား၏။

“ ကိုယ့်ကို တုယီနယ်ပယ်အကြောင်း ပြောပြလို့ ရမလား။ အဲဒါက ဘာအတွက်ဆိုတာကို အမြဲတမ်း သိချင်နေခဲ့တာ”

All Chapters