← Chapters

ကံကြမ္မာသားတော်နှင့် ကံစီမံရာ လူဆိုး

Vol. 30 Ch. 412

ကံကြမ္မာသားတော်နှင့် ကံစီမံရာ လူဆိုး

Vol. 30 Ch. 412

အခန်း (၄၁၂) : ကံကြမ္မာသားတော်နှင့် ကံစီမံရာ လူဆိုး

ဝမ်ဝေ့က ဝူဟုန်အား ထိုမေးခွန်းကို မမေးသည့် အဓိကအချက်မှာ သူက တုယီနယ်ပယ်၏ ဆန်းကြယ်မှုအား သူကိုယ်တိုင် ရှာဖွေလို၍ ဖြစ်သည်။ ပြောရလျှင် သူမအပေါ် အမြဲတမ်း မှီခိုခြင်းက ကောင်းသည့်အရာ မဟုတ်ပေ။

သို့သော်လည်း တိထျန်းနှင့် တိုက်ပွဲအပြီးတွင် သူက နောက်ထပ် ထိပ်တိုက်တွေ့ဆုံမှုတွင် ထိုအရာကို အကောင်းဆုံး အသုံးချနိုင်ဖို့အတွက် ပိုမိုသိချင်မိလာသည်။

သူ ရရှိထားသည့် သတင်းအချက်အလက်များကို တွေးတောရင်း အနာဂတ်အတွက် စီစဉ်ရင်းဖြင့် နောက်ထပ် အရေးကြီးသည့် မေးခွန်းတစ်ခုကို တွေးမိသွားသည်။

“ အဲဒါဆို စံပြတွေကရော။ သူတို့တွေက မဟာဧကရာဇ်တွေကို သတ်နိုင်မှာပေါ့”

“ ဟုတ်တယ် သူတို့တွေက မဟာဧကရာဇ်တွေရဲ့ တာအို အမှတ်အသားကို ဖယ်ရှားနိုင်တယ်။ ဒါပေမဲ့ ထာဝရဧကရာဇ်အတွက်တော့ မလွယ်ဘူး။ ဒါပေမဲ့ သူတို့ကိုသတ်ဖို့ ပိုမိုလွယ်ကူတဲ့ နည်းလမ်းရှိတယ်”

“ ဘယ်လိုနည်းလမ်းမျိုးလဲ” ဝမ်ဝေ့က မေးမြန်းလိုက်သည်။

“ စံပြတွေက သူတို့ရဲ့ အလိုအတိုင်း ကာလံဒေသံကို ပြောင်းလဲနိုင်တယ်။ အဲဒါကြောင့် သူတို့က အတိတ်ကို ပြန်သွားပြီးတော့ မဟာဧကရာဇ်က ကောင်းကင်အလိုဆန္ဒကို မစုပ်ယူခင်၊ မဟာတာအိုအရင်းအမြစ်ကို မရရှိခင် သတ်ပစ်နိုင်တယ်”

ဝမ်ဝေ့က စံပြ၏ နည်းလမ်းအချို့ကို နားလည်သွားပြီးနောက် နှုတ်ခမ်းက တွန့်ချိုးသွားလေသည်။ သူတို့အား ဟွင်သွမ်း၏ အချစ်တော်ဟု ခေါ်ဆိုသည်မှာ မထူးဆန်းတော့ပေ။

“ အဲဒါဆို ထာဝရဧကရာဇ်တွေကရော သူတို့ကို အဲဒီနည်းလမ်းနဲ့ သတ်နိုင်လား”

“ ထာဝရဧကရာဇ်တွေနဲ့ ပတ်သက်လာတဲ့အခါကျရင်တော့ ကိစ္စတွေက နည်းနည်းရှုပ်ထွေးတယ်”

ဝူဟုန်နှင့် ဝမ်ဝေ့တို့နှစ်ယောက်လုံးက ရုတ်ချည်းဆိုသလို ခေါင်းမော့ကြည့်လိုက်ကြသည်။ ဝမ်ဝေ့က နေရခက်စွာ ပြုံးလိုက်စဉ် ဝူဟုန်က ပြောလိုက်၏ “ ရှင့်ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ရှင် သိနိုင်တဲ့ သတင်းအချက်အလက်က ဒီလောက်ပဲ”

ယခုတွင် သူတို့နှစ်ယောက်လုံးက ကျောင်းတော်အတွင်း စံပြများအကြောင်းကို ပြောစဉ်အခါကလိုမျိုး သတိပေးချက်ကို ခံစားမိလိုက်ကြသည်။ ဝူဟုန်က ပြောပြနေသော်လည်း ဝမ်ဝေ့အတွက်မူ ထိုသတင်းအချက်အလက်များစွာကို သိဖို့ရာ မထိုက်တန်သေးပေ။

ကောင်းကင်တာအိုနှင့် တူညီသလိုလိုနှင့် ကွဲပြားနေသည့် မြင့်မြတ်ကာ အားကြီးသည့်အရာကို တွေးမိပြီးနောက် ဝမ်ဝေ့က ထိုအရာက ဘာလဲဟု သိချင်မိသွားသည်။ ထို့ကြောင့် သူက ဝူဟုန်အား ကြည့်လိုက်၏။

သူမက သူ့ဆိုလိုရင်းအား နားလည်ကာ အံ့ဖွယ်အသိစိတ်ဖြင့် ပြောပြလိုက်သည် “ ကျွန်မ ပြောပြနိုင်တာက ဒါက အစစ်အမှန် ကောင်းကင်တာအို ဆိုတာပဲ”

ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်သည်။ သို့သော်လည်း သူက ထပ်မမေးတော့ပေ။ သူက သူတို့၏ စကားဝိုင်းကို မည်သို့ရှာဖွေတွေ့ရှိသွားတာလဲဟု စဉ်းစားနေမိ၏။

ကြည့်ရတာ ကံအသုံးပြုမှု ပုံစံတစ်မျိုးပဲ ဖြစ်လောက်တယ်။ တချို့စာလုံးတွေ၊ နာမည်တွေနဲ့ လျှို့ဝှက်ချက်တွေက ကံအကျိုးနဲ့ဆက်နွယ်နေပြီးတော့ အဲဒီစွမ်းအားတစ်ခုက ပြောတဲ့သူတွေကို အာရုံခံလိုက်တာ ဖြစ်နိုင်တယ်

ဝမ်ဝေ့က တွေးလိုက်မိသည်။

ကံကြမ္မာ၊ အကျိုးနှင့် အကြောင်း… လူတွေက စကြဝဠာကြီးရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို သင်ယူတာက အကျိုး။ အကြောင်းဖြစ်လာတာက ကောင်းကင်တာအိုက ထိုလူတွေက ဒီလျှို့ဝှက်ချက်ကို သိဖို့ရာ ထိုက်တန်လား မထိုက်တန်ဘူးလားဆိုတာကို အကဲဖြတ်ဖို့။ ကြည့်ရတာ သူတို့ကို သတိပေးမဲ့ သူတို့မှတ်ဉာဏ်တွေကို ဖျက်ပစ်မယ်။ မဟုတ်ဘူးဆိုရင် သူတို့ကို သတ်တောင် သတ်ပစ်နိုင်တယ်။

ဒီလိုသဘောတရားနဲ့ဆိုရင် ငါက ငါ့နာမည်ကို နေရာတိုင်းမှာ ကံဆက်နွယ်မှု ထားထားရင်း တစ်ယောက်ယောက်က ပြောလိုက်တာနဲ့ ငါက အဲဒီဟာကို အာရုံခံမိလောက်တယ်။

ဝမ်ဝေ့က ထိုအရာကို နားလည်သွားသည်နှင့် သူ့ရှေ့တွင် သူ့နာမည်၏ စာလုံးပေါ်ထွက်လာသည်။ ထို့နောက် ထိုအရာနှင့် ဆက်နွယ်နေသည် အဝါရောင်ကြိုးမျှင် တချို့လည်း ထွက်ပေါ်လာသည်။ ထိုအခါ သူက အသံနှစ်သံကို ကြားလိုက်ရသည်။

“ ငါ့သားလေး အဆင်ပြေနေပါစေ။ အမေက လာခေါ်နေပြီနော်”

“ အမေလား”

“ ဝေ့အာ ဘယ်လိုပဲဖြစ်ဖြစ် တောင့်ခံထားဦး။ အဖေ လာနေပြီ”

“ အဖေ”

“ ဒီကောင်စုတ်လေးက သူ့အဖေထက်တောင် ပိုပြီး ဒုက္ခများတာပဲ။ ဒီလိုမှန်းသိရင် သူ့ကို ငယ်ငယ်လေးကတည်းက ကောင်းကောင်းရိုက်ခဲ့ပါတယ်”

“ ဝမ်ချန် ရှင် ကျွန်မမြေးကို ထိရင် ကျွန်မ ရှင့်ကို ရိုက်ပစ်မယ်”

“ ဘာလို့ အဲလိုပြောရတာလဲ။ သူက ငါ့မြေး မဟုတ်ဘူးလား”

ဝမ်ဝေ့က ထိုအရာကို ကြားပြီးနောက် သူ့အဘိုးဝမ်ချန်နှင့် သူ့အဘွား ယွင်ကျောက်ကျွင်းဖြစ်ကြောင်း သိလိုက်သည်။

ထိုစကားအချို့ကို ကြားပြီးသည့်နောက်တွင် သူက တခြားစကားများကို ကြားလိုက်သည့်အတွက် လီကျွင်းနှင့် တခြားလူများဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ကြည့်ရတာ ငါနဲ့ ဆက်နွယ်နေတဲ့သူတွေကိုတော့ ကြားနိုင်လာတဲ့ပုံပဲ။

သူ့နည်းစနစ်အသစ်က ဖြည်းဖြည်းချင်း အဆုံးသတ်သွားသည်ကို သဘောပေါက်လိုက်ပြီးနောက် ဝမ်ဝေ့က နာမည်နှင့် ဆက်နွယ်မှုအား အသုံးချကာ သူ့တည်နေရာအား မိသားစုထံ ဝေမျှဖို့ အသုံးပြုလိုက်သည်။

ထိုစဉ် အဆုံးမဲ့လေဟာနယ်အတွင်း ကြယ်တာရာလမ်းခရီး မြေပုံအတွင်းရှိသည့် လူအုပ်စုက တခြားကမ္ဘာ့အသိုင်းအဝိုင်းသို့ သွားနေသည်။ ရုတ်ချည်းဆိုသလို ပင်မဝမ်မိသားစုများက တစ်စုံတစ်ခုကို ခံစားမိလိုက်ကြ၏။

“ အဲဒါက ဘာလဲ”

“ ဝေ့အာက နောက်ယောင်ခံတာကို အားမြှင့်ပေးမဲ့ နည်းလမ်း တွေ့သွားပုံပဲ” ယုယန်က အပြုံးဖြင့် ပြောလိုက်သည်။

“ မြန်မြန်လုပ်ကြစို့” ဝမ်ထျန်းက အမိန့်ပေးလိုက်သည်။ ထိုဆက်နွယ်မှုအသစ်ဖြင့် သွေးနောက်ယောင်ခံ မန္တန်က ဖြည်းဖြည်းချင်း သူ့နေရာကို ရှာတွေ့သွားလိမ့်မည်။

………….

ကောင်းကင်နက်နဲကုန်းမြေ

ဝမ်ဝေ့က သူ့ဉာဏ်အလင်းပွင့်မှုမှ နိုးထလာပြီး ကံအပေါ် နားလည်နိုင်စွမ်းက ပိုမို နက်ရှိုင်းသွားလေသည်။ သူက ယခုအခါ ကံအပြစ်ကြွေးကို ဖယ်ရှားဖို့ နီးကပ်လာပြီ ဖြစ်၏။

သို့သော်လည်း သူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

“ ပြဿနာတစ်ခုခု ရှိလို့လား” ဝူဟုန်က မေးလိုက်သည်။

“ ကိုယ်ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို ဝင်ရောက်ကတည်းက လပိုင်းလေးအတွင်းနဲ့ ဉာဏ်အလင်းပွင့်မှုတွေ သုံးခုကျော် ကြုံတွေ့ပြီးသွားပြီ”

ဉာဏ်အလင်းပွင့်မှုများက ကျင့်ကြံသူများ အလွယ်တကူ ရရှိနိုင်သည့် အရာ မဟုတ်ပေ။ ထိုအရာက ပါရမီ၊ ကံကောင်းမှုနှင့် အချိန်ကိုက် ဖြစ်ဖို့လည်း လိုအပ်သည်။ သို့သော် ဝမ်ဝေ့က သူသည် အာရုံအနည်းငယ် စိုက်လိုက်သည်နှင့် ထိုအခြေအနေသို့ ဝင်ရောက်နိုင်ကြောင်း ခံစားမိလိုက်သည်။ ဤသည်က ထူးဆန်းလှသည်။

“ ရှင့်ရဲ့ စံပြအရည်အသွေး ဝိညာဉ်က ဘာမှမဟုတ်ဘူးလို့များ ထင်နေလား”

“ မင်း ပြောချင်တာက…”

“ အဲဒါက ရှင့်ကို ကြောက်မက်ဖွယ် နားလည်နိုင်စွမ်းကို ချီးမြှင့်ပေးထားတာပဲ။ ကျင့်ကြံရေးအစောပိုင်းတွေမှာ သိပ်မသိသာပေမဲ့ ရှင် စည်းမျဉ်းကို နားလည်ပြီး တာအိုအရင်းအမြစ်ကို သိတာနဲ့ အဲဒီအရာက အသုံးဝင်လာလိမ့်မယ်”

ဝူဟုန် သိထားသလောက် နားလည်နိုင်စွမ်းနှင့် ပတ်သက်လာသည့်အခါ ပင်ကို မဟာတာအိုရုပ်ခန္ဓာနှင့် တချို့သောအရာများကသာ စံပြအရည်အသွေး ဝိညာဉ်နှင့် လက်ရည်ညီလေသည်။ ထို့အပြင် ဝမ်ဝေ့က အားကောင်းလာကာ သူ့ဝိညာဉ်၏ ပမာဏကို တိုးမြှင့်လာနိုင်သည်နှင့် သူ့နားလည်နိုင်စွမ်းကလည်း တိုးမြင့်လာလိမ့်မည်။

ဝမ်ဝေ့က သူ့ဝိညာဉ်မှ ထိုစွမ်းရည်သည် အဘယ်ကြောင့် ပေါ်လာရကြောင်း နားလည်သွားသည်။ ပြောရလျှင် ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲလိုက်သည့်အတွက် အနှစ်သာရကို ပြောင်းလဲလိုက်သလို ဖြစ်သွားသည်။

“ ကျွန်မ သွားရတော့မယ်။ ကျွန်မရဲ့ ပုံရိပ်က ကြာကြာခံမှာ မဟုတ်တော့ဘူး” ဝူဟုန်က ပြောလိုက်သည်။

“ ကိုယ်တို့ရဲ့ မင်္ဂလာပွဲအတွက် အချိန်မီ ပြန်လာမယ်မလား”

“ မစိုးရိမ်ပါနဲ့။ ကျွန်မ ချက်ချင်း ပြန်လာခဲ့မယ်” ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ ထို့နောက် သူမက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို အမှတ်ရသွားကာ “ ကျွန်မ ရှင့်ရဲ့ တာအိုသက်သေပြပစ္စည်းကို ပြင်ဖို့ ကံကြမ္မာကျောက်တုံးကို ရှာပေးမယ်”

ဝမ်ဝေ့က ထိုအရာကို ကြားပြီးနောက် အကြည့်များက တောက်ပသွားလေသည်။ သူက လျှို့ဝှက်မှတ်တမ်းခန်းမှ ကံကြမ္မာကျောက်တုံးအကြောင်း ဖတ်ရှုခဲ့ဖူး၏။ သို့သော်လည်း ထိုအရာသည် ရှာတွေ့ဖို့ရာ အလွန်ရှားပါးပြီး ပင်ကိုပစ္စည်း သို့မဟုတ် ဟွင်သွမ်းပစ္စည်းများထက်ပင် ရှာတွေ့ဖို့ ခက်ခဲကြောင်း သိထားလေသည်။

လက်ရှိ သူ့အသုံးအဆောင်ပစ္စည်းက ကံကြမ္မာမြစ်ကြောင်းအတွင်း ဖြည်းဖြည်းချင်း ပြန်လည်ပြုပြင်နေပြီ ဖြစ်၏။ သို့သော်လည်း တိထျန်း၏ လက်ချက်ဖြင့်  ဆိုးဆိုးရွားရွား ပျက်စီးသွားခြင်းကြောင့် သူ့အနေနှင့် နဂိုအခြေအနေ ပြန်ရောက်ဖို့အတွက် အချိန်ယူရလိမ့်မည်။

သို့သော်လည်း ကံကြမ္မာကျောက်တုံးဖြင့် သူက ပိုမိုအားကောင်းသည့်အရာဖြင့် ပြန်လည်ဖန်တီးနိုင်သည်။ ထိုအရာကို ပြင်ဆင်ပြီးသည်နှင့် သူ ရရှိထားသည့် တန်ပြန်သက်ရောက်မှု တချို့က ပြန်ကောင်းလာကာ သူ့တာအိုအုတ်မြစ်ရှိ ဒဏ်ရာများလည်း သက်သာလာလိမ့်မည်။ ထို့နောက်တွင် နှစ်ယောက်သားက နာရီအနည်းငယ်ကြာ စကားပြောပြီးသည့်နောက်တွင် ဝူဟုန်က ပျောက်ကွယ်သွားသည်။

………………………………

အဆုံးမဲ့လေဟာနယ်၏ အဆုံးသတ်၊ အစွန်အဖျား ပင်လယ်

ဝူဟုန်က မျက်လုံးပွင့်လာပြီးနောက် မီးခိုးရောင်မြူများကို ကြည့်လိုက်သည်။ သူမ ဒီနေရာတွင်နေစဉ် တစ်လျှောက်လုံး မြူများအပေါ် စမ်းသပ်ချက်အမျိုးမျိုး ပြုလုပ်ခဲ့၏။ သို့သော်လည်း သူမက အနည်းငယ်မျှသာ သင်ယူနိုင်ခဲ့သည်။ အဓိကအချက်က အထဲရှိ မည်သည့်အရာမဆို ဝင်ရောက်သွားသည်နှင့် ချက်ချင်းဆိုသလို ပျက်သုဉ်းသွားလိမ့်မည်။ ထိုအရာက တိုက်ကွက် ဖြစ်စေ၊ စွမ်းအား ဖြစ်စေ၊ ပစ္စည်းနှင့် စည်းမျဉ်းစွမ်းအားပင် အပါအဝင် ဖြစ်၏။

ထိုအရာကို စမ်းသပ်ဖို့အတွက် သူမက ကမ္ဘာတစ်ခုကို ဖျက်ဆီးကာ အထဲသို့ ပစ်လွှတ်လိုက်သော်လည်း ချက်ချင်းဆိုသလို ပျက်သုဉ်းသွားဆဲ ဖြစ်၏။ ဝူဟုန်က အဆင့် ၁၀ လေဟာနယ်သားရဲကို မျှားခေါ်ကာ အထဲသို့ ပို့ဆောင်လိုက်သည်။ ထိုအရာသည်လည်း တူညီသည့် ကံတရားနှင့် တွေ့ဆုံသွားရသည်။

သူတို့၏ အားအကောင်းဆုံး လေဟာနယ်သားရဲက ပထမတန်းစား ဧကရာဇ်နှင့် လက်ရည်ညီလေသည်။ သူတို့မျိုးနွယ်မှ ရှားပါးမျိုးနွယ်ဝင်တချို့က ဟွင်သွမ်းအချိန်စွမ်းအားမှ မွေးဖွားလာကြပြီး ထာဝရဧကရာဇ်များနှင့် ယှဉ်ပြိုင်နိုင်၏။

ဝူဟုန်အား အံ့အားသင့်သွားစေသည့် အချက်မှာ ထိုအရာသို့ ဝင်ရောက်သွားသည့် အရာအားလုံး သူမကိုယ်တိုင်မှလွဲ၍ အရာအားလုံး ပျက်သုဉ်းသွားကြသည်။ ထိုအရာက သူမ၏ စွမ်းအားကြောင့် မဟုတ်မှန်း သိထားသည်။

သူမက ထိုမီးခိုးရောင်မြူနှင့် ထိတွေ့မိသည့်အခါ ဘာမှမခံစားရမိပေ။ ထိုအရာက သိမ်မွေ့သွားဟန်ပေါ်၏။

အဆုံးသတ်တွင် သူမက မည်သည့်နည်းလမ်း အသုံးပြုစေကာမူ ထိုအရာ၏ ဇစ်မြစ် သို့မဟုတ် ရည်ရွယ်ချက်ကို ရှာမတွေ့ခဲ့ပေ။

အချိန်မြစ်ကြောင်းကို ဆင့်ခေါပြီး ရှာဖွေခြင်းကပင် အသုံးမဝင်ခဲ့ပေ။

အဆုံးသတ်တွင်မူ သူမက လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမက ထိုနေရာအပေါ် ထားရှိဖို့ ကြိုးစားခဲ့သည့် စည်းတံဆိပ်ပင် ပျက်သုဉ်းသွားလေသည်။ ထို့ကြောင့် သူမက တုံ့ဆိုင်းခြင်းမရှိဘဲ လေဟာနယ်သင်္ဘောအပေါ် ခုန်တက်သွားကာ သူမ၏ ကောင်လေးနှင့် တွေ့ဆုံဖို့ အိမ်ပြန်ခရီးကို စတင်လိုက်သည်။

သူမအနေနှင့် ကံကြမ္မာကျောက်တုံးကို ရှာဖို့ အနည်းငယ် ရပ်တန့်ရဦးမည် ဖြစ်သည်မှာ နှမြောစရာကောင်းလှသည်။ မဟုတ်ပါက သူမက သူ့အား မြန်မြန်တွေ့နိုင်တော့မည် ဖြစ်၏။

ဝူဟုန် ထွက်သွားပြီးနောက် သိပ်မကြာခင် မီးခိုးရောင်မြူနှင့် ပြုလုပ်ထားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုလူက အမျိုးသား ဖြစ်ဟန်ပေါ်၏။ သူက သူမ ထွက်သွားသည့် ဦးတည်ရာအား ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် ဤနေရာတွင် မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားသည်။

…………………………

ကောင်းကင်နက်နဲကုန်းမြေ

ချူးမိုက ဂိုဏ်းတစ်ခုသို့ ပျံသန်းသွားနေစဉ် သူ့ခေါင်းထဲ အသံတစ်သံကြားလိုက်ရ၏။

[ တီ  … ကမ္ဘာရဲ့ မူမမှန်မှုကို အာရုံခံမိပါတယ်။ ပြန်လည်တုံ့ပြန်ဖို့ တာဝန်အသစ်ကို ထုတ်ပေးနေပါပြီ]

[ ပင်မတာဝန် (၂) ။       ။ ဒီကမ္ဘာရဲ့ ကံကြမ္မာသားတော်ကို သတ်ပါ။ ဆုလာဘ်အနေနဲ့ ကံကြမ္မာသားတော်ရဲ့ ချီကံကောင်းမှုကို ရရှိပါမယ်]

All Chapters