ကျန်းမာခြင်း
Vol. 30 Ch. 416
အခန်း (၄၁၆) : ကျန်းမာခြင်း
ဝမ်ဝေ့က ဤကမ္ဘာရှိ လူများ၏ ကံကြမ္မာကို ဂရုမစိုက်ပေ။ ထိုအရာက ရက်စက်ဟန်ပေါ်သော်လည်း လတ်တလော အဖြစ်အပျက်များက သူ့အား လောကသည် မမျှတကြောင်း လူတချို့ သို့မဟုတ် အရာတချို့ကသာ သူတို့ကံကြမ္မာသူတို့ ထိန်းချုပ်နိုင်ကြောင်း သင်ယူခဲ့ရသည်။
လက်ရှိအခြေအနေတွင် သူ လုပ်နိုင်သည့်အရာ အနည်းငယ်သာ ရှိ၏။ သူ့အင်အားက ဧကရာဇ်မျိုးနွယ် တစ်ခုလုံးကို တိုက်ခိုက်ဖို့ရာအတွက် မလုံလောက်ပေ။
သူ့ဂိုဏ်းကို လက်ရှိကစားပွဲထဲ ဆွဲသွင်းလိုက်ရမှာလား…
သူက သူတို့အား အန္တရာယ်များသည့် အနေအထားသို့ မကျရောက်စေချင်ပေ။ တာအိုအခွင့်အလမ်းဂိုဏ်းက ဝေးကွာလွန်းပြီး အိမ်ကွင်းအရေးသာချက် ရှိသည့် စကားမဲ့ဂိုဏ်းနှင့် တိုက်ခိုက်ရလျှင် အရမ်းကို ခက်ခဲလိမ့်မည်။ အကျိုးအမြတ်ကလည်း မထိုက်တန်ပေ။
စတင်ခြင်းနက်နဲကုန်းမြေသည် သန့်စင်စွမ်းအား ကျင့်ကြံရေးနည်းစနစ် ဖြစ်သောကြောင့် မဟာဧကရာဇ်နှင့် တာအိုဘိုးဘေးများက အားနည်းနေမည် ဖြစ်သော်လည်း ထာဝရဧကရာဇ် ဖြစ်လာနိုင်သည့် ကောင်းကင်ဘုံ သွေဖယ်နေသော ပါရမီရှင်အချို့ ပေါ်ထွက်လာနိုင်ခြေရှိသေးသည်။
အကယ်၍ သူတို့က မဟာကမ္ဘာများတွင် ခေတ်များစွာကြာသည့်တိုင် ကပ်ဘေး ဖန်တီးနေသည်သာ ဖြစ်နေခဲ့လျှင် သူတို့ဂိုဏ်းတွင်ရှိသည့် တာအိုဘိုးဘေးများက တာအိုအခွင့်အလမ်းဂိုဏ်းထက်ပင် ပိုမိုများပြား နေနိုင်သည်။
ထို့အပြင် ဝမ်ဝေ့က စကားမဲ့ဂိုဏ်းရှိ မဟာဧကရာဇ် အရေအတွက်ကိုလည်း အတိအကျ မသိရသည့်အတွက် အခြေအနေကို အပြောင်းအလဲများစွာ ဖြစ်သွားစေနိုင်သည်။ ထို့ကြောင့် သူ့ဂိုဏ်းကို ဆွဲသွင်းခြင်းက ဖြေရှင်းနည်း မဟုတ်ပေ။
အချုပ်အားဖြင့် ရွှေရောင်ရထားလုံးက သူ့အနာဂတ်ကျင့်ကြံရေးအတွက် အကျိုးအမြတ်များစွာ ယူဆောင်ပေးလာသည်။ ထို့ကြောင့် သူက အကြင်နာကင်းမဲ့စွာ ယူဆောင်လိုက်၏။ ဤကမ္ဘာ၏ မျှော်လင့်ချက်ဖြစ်သည့် ထိုရထားလုံးကို ယူဆောင်လိုက်သည့် ကံကြွေးအတွက်မူ သူက ဂရုမစိုက်ပေ။
သူက ဤကမ္ဘာ၏ ကံစည်းမျဉ်းသည် အသင်္ချေအင်ပါယာကမ္ဘာလောက် မတင်းကြပ်မှန်း သိထားပြီးသား ဖြစ်လေသည်။ ထို့ကြောင့် အထက်အလွှာက အလွယ်တကူ ထိုကိစ္စမျိုး လုပ်နိုင်ခြင်း ဖြစ်၏။
ထိုအခြေအနေကြောင့် အသိုက်အဝန်းတစ်ခုစီ၏ မိုးမြေစည်းမျဉ်းသည် အနည်းငယ် ကွဲပြားကြောင်း ခန့်မှန်းမိလိုက်သည်။
ထို့အပြင် ကံစည်းမျဉ်းက သူ့အပြုအမူအတွက် ပေးဆပ်ခိုင်းစေလိုလျှင်ပင် သူ့လက်ရှိအနေအထားဖြင့် အပြစ်ကြွေးအား ကျိုးရှုဆီ လွှဲချဖို့ ဖြစ်နိုင်လေသည်။ သူက ရထားလုံး ပျောက်ခဲ့ပြီး သက်ရှိအားလုံးကို မကယ်တင်နိုင်ခဲ့ခြင်း ဖြစ်အောင် လုပ်လို့ရသည်။
ဝမ်ဝေ့က ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် ရေအိုင်အတွင်း ကုသနေဆဲဖြစ်သည့် ကျိုးရှုအပေါ် အာရုံစိုက်ထားလိုက်သည်။ သူက လက်ချောင်းဖြင့် သင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။ ထိုဖြစ်စဉ်က မြန်ဆန်လွန်းပြီး အသက်တစ်ရှိုက်စာအတွင်း ရေးဆွဲပြီးသွားလေသည်။
ထိုအရာလုပ်ဆောင်ပြီးသွားသည်နှင့် သင်္ကေတက ကောင်းကောင်းမွန်မွန် ရေးထွင်းထားသည့် ကျောက်စိမ်းနှင့်တူသည့် လေးထောင့်စက်စက် အဆောင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ သို့သော်လည်း ထိုအရာ ပြီးဆုံးသွားသည်နှင့် သူ့မျက်နှာက ပိုမို ဖြူဖျော့သွားလေသည်။ ထို့ကြောင့် သူက အသက်ဓာတ် အနည်းငယ်ကို စုပ်ယူလိုက်ရ၏။
ငါ့အင်အား နှစ်ဆယ်ရာခိုင်နှုန်း ရှိထားတဲ့ ဒီအဆောင်နဲ့ဆိုရင် ကျိုးရှုက ချူးမိုကို တိုက်နိုင်လိမ့်မယ်…
သူ့အစီအစဉ်ဖြစ်ဖို့အတွက် နှစ်ဦးသားက လက်ရည်တူရှိဖို့ လိုအပ်သည်။ ကံဆိုးစွာဖြင့် ကျိုးရှုက အနည်းငယ် စိတ်ပျက်ဖွယ်ကောင်းသောကြောင့် ဝမ်ဝေ့က ကူညီပေးလိုက်ရခြင်း ဖြစ်၏။
သူ့လက်တစ်ချက်အဝှေ့တွင် အဆောင်က ပျောက်ကွယ်သွားပြီး လျှို့ဝှက်နယ်မြေ၏ သတိထားမိလောက်သည့် ထောင့်တစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာသည်။ ထို့နောက် ဝမ်ဝေ့က သူနေ့စဉ် လုပ်ဆောင်သည့် လုပ်ငန်းဆောင်တာများကို ဆက်လက်ဆောင်ရွက်လိုက်သည်။
ယခင်လပိုင်းအတွင်း သူက ကိစ္စသုံးခု ပြုလုပ်ခဲ့သည်။ အစစ်အမှန်ယန် မီးတောက်ကို ပြုစုပျိုးထောင်ခြင်းနှင့် ကံအပေါ် နားလည်နိုင်စွမ်း တိုးမြင့်အောင် ပန်းပုဆက်လက် ရေးထွင်းခြင်းတို့ ဖြစ်သည်။ သူ ပြီးဆုံးသွားသည်နှင့် သူ့ခန္ဓာကိုယ်မှ အပြစ်ကြွေးများကို ဖယ်ရှားပစ်ကာ ကံနှင့် သက်ဆိုင်သည့် နည်းစနစ်များစွာကို ဖန်တီးနိုင်လိမ့်မည်။
နောက်ဆုံးအရာကမူ တိထျန်းနှင့် တိုက်ပွဲကို ပြန်လည်သုံးသပ်ခြင်း ဖြစ်၏။ သူပြန်လည်သုံးသပ်သည့် အကြိမ်တိုင်း သူကိုယ်တိုင်နှင့် ပတ်သက်၍ ဖြစ်စေ၊ သို့မဟုတ် သူ့ပြိုင်ဘက်နှင့် ပတ်သက်၍ ဖြစ်စေ အသစ်အဆန်း တစ်ခုခုကို သင်ယူခဲ့ရသည်။
ယခင်သုံးသပ်ချက်အတွင်း ဝမ်ဝေ့က တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ရှာဖွေတွေ့ရှိသွားသည်။ သူ့ တိုက်ကွက်တစ်ခုအတွင်း သူက ရုပ်ပိုင်းဆိုင်ရာ၏ ခွန်အားအကုန်ကို အသုံးပြုခဲ့ပြီး ကွန့်တီလီယွင် ကျင်းနှင့် တူညီသည့် လက်သီးချက်ဖြင့် ထိုးနှက်ခဲ့စဉ်က တစ်စုံတစ်ခုကို မြင်တွေ့ခဲ့ရသည်။
(ကွန့်တီလီယွင် - 10 power 18)
သူက တိုက်ပွဲအပေါ် အာရုံစိုက်ထားလွန်းသည့်အတွက် သတိမထားမိခဲ့ပေ။ သို့သော် သူ့မှတ်ဉာဏ်ကို ပြန်လည်သုံးသပ်သည့်အခါ ပုံရိပ်ယောင် ဂိတ်ပေါက်တစ်ခုကို မြင်လိုက်ရကြောင်း သဘောပေါက်သွားသည်။ ထိုအရာက မှေးမှိန်ကာ ပျောက်ကွယ်လုနီးပါးဖြစ်နေသော်လည်း တည်ရှိနေသည်။
ဝမ်ဝေ့က တင်ပျဉ်ခွေကာ သူ့မှတ်ဉာဏ်များအား ထပ်မံ ပြန်လည်သုံးသပ်လိုက်သည်။ ထိုလက်သီးချက်အား အာရုံစိုက်ထားပြီးသည့်နောက်တွင် သူက ထိုဂိတ်ပေါက်ကို ထပ်မံမြင်တွေ့ရမည်လား။
ထိုအရာက သာမန်ဆန်ကာ အိုဟောင်းနေသည့် ခရမ်းရောင် တံခါးချပ်တစ်ခုနှင့် တူသော်လည်း ထိုအရာမှ ထုတ်လွှတ်နေသည့် ရှေးဟောင်းအငွေ့အသက်များမှ ကာလံဒေသံကို ကျော်ဖြတ်လာဟန်ပေါ်သည်။ သူက ထိုတံခါးချပ်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ စိတ်အတွင်း သတင်းစကားတစ်ခု ရုတ်ချည်းပေါ်ထွက်လာသည်။
ခွန်အားဂိတ်ပေါက်
ဒါက ဒီဂိတ်ပေါက်ရဲ့ နာမည်လား။ ခွန်အား… ဒါဆိုတော့ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းနဲ့ ပတ်သက်နေတဲ့ တစ်ခုခုလား။ ဒါမှမဟုတ်ဘူးဆိုရင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံဖို့ ပတ်သက်နေတာများလား။
တိထျန်း၏ စကားများအရ ထိုကျမ်းသည် လျှို့ဝှက်ချက်တချို့ရှိကြောင်း ခန့်မှန်းမိလေသည်။ အများစုအားဖြင့် ထိုဂိတ်ပေါက်နှင့် ပတ်သက်နေဟန်ပေါ်သည်။ သူက ထိုဂိတ်ပေါက်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များအား ရှာဖွေဖို့ ကြိုးစားလိုက်သော်လည်း ကျရှုံးသွားရသည်။
ထိုနာမည်အပြင် သူက ဘာမှမသိရပေ။ သူ လျှို့ဝှက်မှတ်တမ်းခန်းတွင် ဖတ်ရှုခဲ့သည့် အချက်အလက်များကို ပြန်လည်စဉ်းစားပြီးသည့်နောက်တွင်လည်း ဘာမှမတွေ့ရှိရပေ။ မည်သို့ပင်ဆိုစေကာမူ သူက စိတ်ပျက်မသွားပေ။ သူက လျှို့ဝှက်မှတ်တမ်းခန်းမှ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖတ်ရှုရသေး၏။
ထို့အပြင် လျှို့ဝှက်ချက်အားလုံး သို့မဟုတ် ဗဟုသုတအားလုံးက သိမ်းဆည်းထားခြင်း မဟုတ်ပေ။ တချို့သော အရာများက ချရေးထား၍ မဖြစ်သောကြောင့် မျိုးဆက်တစ်ခုမှ တစ်ခု ပါးစပ်စကားဖြင့် လက်ဆင့်ကမ်းပေးကြလေ့ ရှိသည်။
ထို့ကြောင့် သူ့အဖေ၊ အဘိုး သို့မဟုတ် ဂိုဏ်း၏ မကောင်းဆိုးဝါးအိုကြီး တချို့က ထိုအကြောင်းကို သိနိုင်လောက်၏။ ထို့အပြင် ဝမ်ဝေ့က သူ့သာ ထိုလက်သီးချက်ကို ဖန်တီးနိုင်လျှင် ထိုဂိတ်ပေါက်ကို ထပ်မံမြင်တွေ့ရလိမ့်မည်ဟု ခံစားမိနေသည်။
ကံဆိုးစွာဖြင့် သူ့လက်ရှိအခြေအနေတွင် မဖြစ်နိုင်ခဲ့ပေ။
အချိန်က အလျင်အမြန် ကုန်ဆုံးသွားသည်။ တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် ကျိုးရှုက သူ့ဒဏ်ရာများအား ကုသပြီး ရွှေရောင်ရထားလုံးအပေါ် သူ့အမှတ်အသားကို ထားကာ ပင်ကိုရတနာ၏ ပဏာမ သန့်စင်မှုကို လုပ်ဆောင်ထားလိုက်သည်။
သို့သော်လည်း သူက ထိုအရာကို ဂရုမစိုက်ပေ။ အာရုံစိုက်ထားသည်က သူရှာတွေ့သည့် အဆောင်အပေါ်တွင် ဖြစ်၏။ သူက သူ့သွေးကြောများမှတဆင့် စွမ်းအားတိုးလာသည်ကို ခံစားမိလိုက်သည့်အတွက် ကျိုးရှုက စိတ်လှုပ်ရှားလာကာ ချူးမိုအား ထပ်မံစိန်ခေါ်ဖို့ ထွက်သွားသည်။
လွန်ခဲ့သည့် လပိုင်းက သူ့အတွက် အိပ်မက်ဆိုးလို ဖြစ်ခဲ့၏။ ကံကြမ္မာသားတော်အနေနှင့် သူက လူတစ်ယောက်၏ လက်ထဲ ဆက်တိုက်ကျရှုံးခဲ့ရပြီး ကံကောင်းမှုအပေါ် မူတည်ကာ အသက်ရှင်ခဲ့သည်။ သူက ထိုမျက်နှာပျက်မှုကို ပြန်လည်လက်စားချေရမည်။
ထို့နောက် သူတို့နှစ်ဦးကြား ဒဏ္ဍာရီလာ တိုက်ပွဲတစ်ခု ဖြစ်ပွားသွားသည်။ အာကာပြင်ပင် ကျိုးပျက်သွားပြီး မြေကြီးပင် တုန်ခါသွားပြီး တောင်များလည်း ပြားဝပ်သွားသည်။ မြစ်များနှင့် ပင်လယ်များလည်း အငွေ့ပျံသွား၏။
ထိုလူနှစ်ဦးက သန့်စင်စွမ်းအင် နည်းစနစ်ကို ကျင့်ကြံသော်လည်း သူတို့၏ တိုက်ကွက်နှင့် အင်အားတို့က မိုးမြေ၏ စွမ်းအားအပေါ် သက်ရောက်မှုရှိနေဟန်ပေါ်သည်။ စွမ်းအားက ပြင်းထန်လှပြီး အရည်အသွေး မြင့်လာသည်နှင့် ကမ္ဘာတစ်ခု ပြုလုပ်ထားသည့် အခြေခံစည်းမျဉ်းများကို ကျော်လွှားဖို့ ဖြစ်နိုင်လေသည်။
ထိုစဉ်မြေပြင်ပေါ်တွင် ဝမ်ဝေ့က ထိုအရာကို တည်တည်ငြိမ်ငြိမ် ကြည့်ရှုနေ၏။ တိုက်ပွဲတစ်ခုလုံးအတွင်း သူက အပြည့်အဝ အာရုံစိုက်ထားပြီး မိုးမြေနှင့် လိုက်လျောညီထွေနေလိုက်သည်။ ထိုနှစ်ယောက်၏ တိုက်ပွဲအတွင်း တစ်ကမ္ဘာလုံးအား တည်ငြိမ်ဖို့ စွမ်းအားအရင်းအမြစ် သို့မဟုတ် ထူးခြားအံ့ဖွယ်စွမ်းအားကို အသုံးပြုနေသည့် အားကောင်းသည့် အသိစိတ်တစ်ခုကို ခံစားမိလိုက်သည်။
အကယ်၍ ထိုစွမ်းအားကြောင့်သာ မဟုတ်လျှင် ထိုလူနှစ်ဦး၏ ဖျက်ဆီးနိုင်စွမ်းက တစ်ကမ္ဘာလုံးဆီ ကပ်ဘေး ယူဆောင်လာနိုင်၏။
ဝမ်ဝေ့၏ ကောင်းကင်တာအိုသည် ထိုလူနှစ်ဦး၏ တိုက်ပွဲမှဖြစ်ပျက်လာသည့် အပျက်အစီးများကို ပြုပြင်နေသည်ကို ခံစားမိ၍ သူ ကမ္ဘာ့ဗဟိုချက်တွင် ချန်ထားခဲ့သည့် စိတ်ဝိညာဉ်အမှုန်လေးက ကမ္ဘာကို ပြန်ကောင်းအောင် အသုံးပြုသည့် စွမ်းအားကို ခိုးယူလိုက်သည်။ ထိုအရာက အနည်းငယ်သာ ဖြစ်၏။
ဝမ်ဝေ့က သူ့လက်ထဲတွင် အပြာရောင်စက်လုံးကို ကိုင်ဆောင်ထားလေသည်။ ပုံသဏ္ဌာန်အရ စက်လုံး ဖြစ်နေသော်လည်း ထုထည်အစား အရည် ဖြစ်ဟန်ပေါ်၏။
ဒါက ကမ္ဘာ့အရင်းအမြစ်လား
ဤသည်က သူ့အစီအစဉ် ဖြစ်ပေသည်။ ကျိုးရှုက ကံကြမ္မာသားတော် ဖြစ်လာသည့်အခါ သူ့စိတ်ဝိညာဉ်အမှုန်တစ်ခုကို ကမ္ဘာ့ဗဟိုချက်တွင် ထားရစ်ခဲ့လိုက်သည်။ ထို့နောက်တွင် ထိုလူနှစ်ဦး၏ စွမ်းအားက ဤကမ္ဘာရှိ နက်နဲနတ်ဘုရားများ၏ ကန့်သတ်ချက်ကို ကျော်လွန်သွားအောင် ပြုလုပ်ခဲ့သည်။
ဤနည်းဖြင့် သူတို့တိုက်ခိုက်သည့်အခါ ကောင်းကင်တာအိုက ကမ္ဘာ့အရင်းအမြစ်ကို ထုတ်သုံးပြီး တိုက်ပွဲ၏ အပျက်အစီးများကို ပြုပြင်ရမည် ဖြစ်၏။ ထိုအခါ သူက ထိုအခွင့်အရေးကို အသုံးချပြီး သူ့စိတ်ဝိညာဉ်အမှုန်ဖြင့် စွမ်းအားအရင်းအမြစ် အနည်းငယ်ကို ခိုးယူနိုင်လိမ့်မည်။
သူက တုံ့ဆိုင်းခြင်း မရှိဘဲ အပြာရောင်အရည်ကို စုပ်ယူလိုက်၏။ ဝါးပင်လောက် ပိန်လှီနေသည့် ဝမ်ဝေ့၏ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပုံမှန်ပြန်ဖြစ်သွားသည်။ သူ ကောင်းမွန်စွာ ကျစ်လျစ်နေသည့် ကြွက်သွားများလည်း ပြန်လည်ရောက်ရှိလာ၏။
သို့သော်လည်း သူက သေခါနီး လူအိုကြီးတစ်ယောက်နှင့် တူနေဆဲ ဖြစ်၏။ သို့သော် လူများ၏ သွေးကို သောက်နေသည့် နတ်ဆိုးအိုကြီးအစား သာမန်လူအိုကြီး တစ်ယောက်နှင့်သာ တူလေသည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က သူသည် အပြည့်အဝ ပြန်မကောင်းသေးကြောင်း သိလိုက်၏။ သူ့ခန္ဓာကိုယ်၏ ဆဲလ်တိုင်းတွင် အက်ကြောင်းများစွာကို မြင်တွေ့နေရသေးသည့်အတွက် သူ့ခန္ဓာကိုယ်အုတ်မြစ်က ဒဏ်ရာရနေဆဲ ဖြစ်သည်။
သူက ချက်ချင်း ပြန်လည်ပြုပြင်ဖို့ ပြင်လိုက်၏။ သို့သော်လည်း သူ လုပ်ဆောင်တော့မည့်ဆဲဆဲတွင် အလိုလိုသိစိတ်က ဒီအတိုင်းထားသည်က ပိုကောင်းကြောင်း ပြောပြနေလေသည်။
ငါ့ဒဏ်ရာကို ပြန်ကောင်းအောင် လုပ်တာ ဘယ်လိုလုပ် ငါ့ကို ထိခိုက်စေပါ့မလဲ…
သူက ထိုအရာသည် သူ့အတွက် အခွင့်အရေး ဖြစ်နိုင်ကြောင်း စဉ်းစားမိလိုက်၏။
သူက ရုတ်ချည်းဆိုသလို ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူနှင့် သူ့အဖေ၏ ဆက်နွယ်မှုက ပိုမိုနီးကပ်လာသည်ကို ခံစားမိလိုက်၏။ ပြောရလျှင် ဤကမ္ဘာ၏ အနီးဆုံး ကမ္ဘာ့အသိုက်အဝန်းဆီ ရောက်နေဟန်ပေါ်သည်။
ထို့ကြောင့် သူတို့ရောက်လာဖို့အတွက် အချိန်သိပ်မကြာတော့ပေ။ သူ အိမ်ပြန်ရဖို့အတွက်လည်း အချိန်ကြာမြင့်မည် မဟုတ်ပေ။ ထိုသူက ပြုံးလိုက်ပြီးနောက် သူ လုပ်လက်စများအား ဆက်လုပ်ကာ ကမ္ဘာ့အရင်းအမြစ်အား ပိုမိုခိုးယူလိုက်သည်။