ကစားပွဲအဆုံးသတ်
Vol. 30 Ch. 417
အခန်း (၄၁၇) : ကစားပွဲအဆုံးသတ်
ဝမ်ဝေ့က သရဖူသုံးခုနည်းစနစ် ဖန်တီးရာ၌ အာရုံစိုက်ထားလိုက်သည်။ နက်နဲပန်းပွင့်ပုံဖော်ခြင်း နည်းစနစ်အပေါ် အခြေခံ၍ သူက ချီသရဖူ မည်သို့ဖန်တီးရမည်မှန်း သိထားပြီးသားဖြစ်၏။ ယခု သူက စိတ်ဝိညာဉ်နှင့် အဆီအနှစ်ဖြင့် သရဖူ ပြုလုပ်မည့် နည်းလမ်းကို ဖန်တီးနေခြင်း ဖြစ်သည်။
သူ နားလည်ထားသလောက် ထိုသရဖူများက အခြေခံအုတ်မြစ်အား ပိုမိုသိမ်မွေ့စေပြီး ပိုမိုပြီးပြည့်စုံစေကာ ကျင့်ကြံရေးနည်းစနစ် အားလုံးနီးပါးအတွက် သင့်တော်နေလိမ့်မည်။
ထိုအကြောင်းအရင်းအတွက် နည်းစနစ်အားလုံးကို အပိုင်းသုံးပိုင်း ခွဲခြားထားပြီး အဆီအနှစ်၊ စိတ်ဝိညာဉ် နှင့် ချီ သို့မဟုတ် ခန္ဓာကိုယ်၊ ဝိညာဉ် နှင့် စွမ်းအားဟူ၍ ဖြစ်ကြသည်။ ကျင့်ကြံရေးအားလုံးထဲတွင် ထိုအရာသုံးခု ပါဝင်လေ၏။
ကံကောင်းစွာဖြင့် မူလနည်းစနစ်တွင် ထိုအရာသုံးခုလုံး ပါဝင်ပေသည်။ ကျင့်ကြံသူများက ခန္ဓာသန့်စင်ခြင်းအဆင့်နှင့် အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်၏ နောက်ပိုင်းအဆင့်များတွင် သူတို့၏ ခန္ဓာကိုယ်ကို အားကောင်းအောင် အဆီအနှစ်ဖြင့် အစပြုရသည်။
ဒုတိယနှင့် တတိယအဆင့်များတွင်မူ မူလချီကို ဖန်တီးထားလေသည်။ ထို့ကြောင့် ထိုနည်းစနစ်တွင် ချီပါဝင်နေသည်။ လေးခုမြောက်နယ်ပယ်တွင်မူ မူလချီကို အဆင့်မြင့်ပုံစံ မူလအဆီအနှစ်ဖြင့် ပြောင်းလဲလိုက်သည်။
သို့သော်လည်း ထိုအဆင့်တွင် ကျင့်ကြံသူများက သူတို့၏ ဝိညာဉ်နှင့် အသိစိတ်ပင်လယ်ကို စတင်ဖွံ့ဖြိုးလာကြပြီး နည်းစနစ်တွင် စိတ်ဝိညာဉ်နယ်ပယ်လည်း ပါဝင်ကြောင်း ဆိုလိုနေသည်။
ထိုအရာမှ ကမ္ဘာဦးစိတ်ဝိညာဉ်သို့ ရောက်ရှိသွားသည်။ အံ့ဖွယ်ခန္ဓာကိုယ်အဆင့်တွင်မူ ကျင့်ကြံသူများက သူတို့၏ စိတ်နှင့် စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးရဆဲ ဖြစ်၏။
ဤကမ္ဘာ၏ နက်နဲနည်းစနစ်တွင် အဆင့်အားဖြင့် တူညီလေသည်။ ကျင့်ကြံရေးနည်းစနစ် အများစုအတွက် သူတို့က ချီနှင့် အဆင့်မြင့် စွမ်းအားပုံစံကို အာရုံစိုက်ထားကြသည်။ သို့သော်လည်း နက်နဲသူတော်စင်အဆင့်တွင် သူတို့က စိတ်ဝိညာဉ်နယ်ပယ်နောက် စတင်လျှောက်လှမ်းကြသည်။ ထိုနည်းစနစ်ကို ဖန်တီးနေရင်း ဝမ်ဝေ့က သရဖူသုံးခုသည် မူလနည်းစနစ်အတွက် ပြီးပြည့်စုံသည့် အပိုဆောင်း ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ထိုအရာတွင် နယ်ပယ်အဆင့် အသစ်တစ်ခု ရှိမနေပေ။ သဘာဝလွန်အဆင့်တွင် ချီသရဖူ၊ အံ့ဖွယ်ခန္ဓာကိုယ်အဆင့်တွင် အဆီအနှစ် သရဖူနှင့် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အတွင်း စိတ်ဝိညာဉ် သရဖူတို့ကို ဖန်တီးနိုင်သည်။ ဤနည်းဖြင့် စည်းမျဉ်းအတွက် ပြီးပြည့်စုံသည့် အုတ်မြစ်ကို ဖန်တီးနိုင်လိမ့်မည်။
ခဏအကြာစဉ်းစားပြီးသည့်နောက်တွင် သူ့ဘိုးဘေးက တခြားကမ္ဘာအသိုက်အဝန်းဆီ သွားလာနေစဉ်အတွင်း ထိုသရဖူများနှင့် ပတ်သက်သည့် ကျင့်ကြံရေးနည်းစနစ်များကို မတွေ့ရှိခဲ့ဘဲ ဤနည်းစနစ်ကိုသာ ဖန်တီးခဲ့သည်ဟု ခန့်မှန်းမိလိုက်သည်။
သို့သော်လည်း သူက ထာဝရဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် ထိုအကြောင်းကို သိလာမည် ဖြစ်သော်လည်း ဘာမှမလုပ်ခဲ့ပေ။ ဝမ်ဝေ့အနေနှင့် ထိုမေးခွန်း၏ အဖြေကို မရနိုင်သည့်အတွက် ခေါင်းအသာခါလိုက်သည်။
ထို့ကြောင့် သူက လက်ရှိအလုပ်အပေါ်သာ အာရုံစိုက်ထားလိုက်သည်။ ထိုပန်းပွင့်ကို ဖန်တီးဖို့အတွက် ကျင့်ကြံသူအနေနှင့် အဆီအနှစ်၊ အမြုတေ သို့မဟုတ် သရဖူသုံးခု၏ သဘာဝကို နားလည်ဖို့လိုသည်။
ချီက ဘာလဲ။ မူလအရင်းအမြစ်က ဘာလဲ။ စိတ်ဝိညာဉ် ဒါမှမဟုတ် အဆီအနှစ်က ဘာလဲ
ထိုအရာက တစ်ဦးချင်းစီနှင့် ကမ္ဘာအပေါ် ဘယ်လိုသက်ရောက်နေတာလဲ
နားလည်နိုင်စွမ်းက သေချာသည့်အဆင့်သို့ ရောက်သည်နှင့် ကျင့်ကြံသူက မိုးမြေနှင့် သဟဇာတဖြစ်သွားလိမ့်မည်။
ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ ဝမ်ဝေ့ မှတ်မိသလောက် သရဖူသုံးခု၏ သဘောတရားသည် ထိုသို့ဖြစ်၏။ ပန်းသုံးပွင့်က သရဖူအပေါ် စုစည်းကာ ချီငါးမျိုးက မူလဆီ စီးဆင်းသွားသည်။
စကြဝဠာရှိ အရာအားလုံးက ဓာတ်ငါးပါး၊ ယင်နှင့်ယန် လှည့်ပတ်ခြင်းမှ ဖန်တီးထားခြင်းဖြစ်၏။ မိုးမြေဆီမှ စစ်မှန်သော ဓာတ်ငါးပါးစွမ်းရည်ကို စုပ်ယူခြင်းဖြင့် လူတစ်ယောက်၏ မူလအရင်းအမြစ် သို့မဟုတ် သူတို့၏ သဘာဝပါရမီနှင့် ကျင့်ကြံရေးအုတ်မြစ်အား တိုးမြှင့်ဖို့ ဖြစ်နိုင်လေသည်။
ဤသို့ဖြင့် ချီငါးမျိုးက မူလဆီ စီးဆင်းခြင်း သဘောတရား ဖြစ်ပေါ်လာသည်။
ဝမ်ဝေ့က သူ့အတွင်းအင်္ဂါများကို သန့်စင်ခြင်း၊ သူ့ခန္ဓာကိုယ်အတွင်း ဓာတ်ငါးပါးစွမ်းအားကို စုပ်ယူခဲ့ပြီးသား ဖြစ်၏။ သို့သော်လည်း သူက မူလ၏ သဘောတရားကို နားမလည်သေးပေ။ သို့သော်လည်း ဂိုဏ်းအတွင်း အနည်းငယ် လေ့လာပြီးသည့်နောက်တွင် သူက တစ်စုံတစ်ခု ရှာဖွေတွေ့ရှိသွားပြီး ချီငါးမျိုး မူလဆီ စီးဆင်းခြင်းကို အောင်မြင်ခဲ့သည်။
သူက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးနောက် သူ လုပ်ဆောင်နေဆဲ လုပ်ငန်းဆောင်တာများအား ဆက်လက်ဆောင်ရွက်ကာ ကံကို လေ့လာလိုက်သည်။ ထိုစဉ် ကျိုးရှုနှင့် ချူးမိုတို့က ဆက်တိုက် တိုက်ခိုက်နေကြ၏။ အချိန်တိုင်းဆိုသလို ဝမ်ဝေ့ကလည်း ကမ္ဘာ့အရင်းအမြစ် အနည်းငယ်ကို ခိုးယူခြင်းဖြင့် အကျိုးအမြတ် ရရှိနေသည်။
သူက လောဘမကြီးဘဲ ရှာတွေ့မသွားအောင် ပမာဏအနည်းငယ်ကိုသာ ခိုးယူလေသည်။ သို့သော်လည်း တိုက်ပွဲက ထပ်ခါထပ်ခါ ဖြစ်နေသည့်အတွက် ပမာဏအနည်းငယ်က စတင်များပြားလာသည်။
…………..
စကားမဲ့ဂိုဏ်း၊ ဝမ်ဝေ့က အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် အာရုံခံနိုင်မည် မဟုတ်သည့် ဧကရာဇ်တစ်ပိုင်းအဆင့် အစီအရင်များစွာ ရှိနေသည့် လျှို့ဝှက်နယ်မြေအတွင်း
အထွတ်အထိပ် အကြီးအကဲနှင့် ထုံဟွားက စတုရန်း ပုံသဏ္ဌာန်ရှိသည့် အစီအရင်ရှေ့တွင် ထိုင်နေသည်။ အထွတ်အထိပ် အကြီးအကဲက ပုံမှန်ဆိုလျှင် ထုံဟွားရှေ့တွင် ရပ်နေမည်ဖြစ်သော်လည်း ယခုအကြိမ် ပြောင်းပြန်ဖြစ်နေလေသည်။ သူက သူမနောက်တွင် ရပ်ကာ ခေါင်းအနည်းငယ် ငုံ့ထားသည်။
သူမ၏ အရှိန်အဝါက လုံးဝ ပြောင်းလဲသွားပြီး အေးစက်စက် ဖြစ်လာသည်။ သူမ ဝန်းကျင်တွင် မြင့်မြတ်သည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။ သူမက သူမမှတ်ဉာဏ်များ ပြန်လည်ရရှိသွားသည်မှာ သိသာလှသည်။
သူတို့ရှေ့ရှိ အစီအရင်က လင်းလက်လာကာ လူနှစ်ယောက်က ရုတ်ချည်း ပေါ်ထွက်လာသည်။ လူအိုကြီးတစ်ဦးနှင့် လူငယ်လေးတစ်ယောက် ဖြစ်၏။ လူအိုကြီးတွင် ဆံပင်အဖြူရောင်ရှိပြီး မုတ်ဆိတ်မွေး မရှိပေ။ သူက ရိုးရှင်းသည့် အနက်ရောင် ဝတ်ရုံကိုသာ ဝတ်ဆင်ထား၏။
လူငယ်လေးတွင်မူ လွတ်လပ်ပေါ့ပါးကာ လူများအား နီးကပ်စေလိုသည့် နွေးထွေးသည့်အပြုံးမျိုး ရှိလေသည်။ သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
“ မဟာအကြီးအကဲယန်၊ သခင်လေး” ထုံဟွားက ဦးညွတ်လိုက်သည်။
“ ဒေါ်လေး ကျွန်တော်တို့ကြားမှာ ယဉ်ကျေးနေဖို့ မလိုပါဘူး” ထုံဟယ် အမည်ရှိ လူငယ်လေးက ပြောလိုက်သည်။
“ အဆင့်အတန်းဆိုတာ လေးစားဖို့ပါပဲ” ထုံဟွားက ပြန်ဖြေလိုက်သည်။
“ အဲဒါဆိုတော့ အကူအညီတောင်းတာ ဘာအကြောင်းအရင်းကြောင့်လဲ” မဟာအကြီးအကဲယန်က မေးလိုက်သည်။
“ ဒီမျိုးဆက်ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတယ်” ထုံဟွားက ပြောလိုက်သည် “ တခြားတစ်ယောက်က ကံကြမ္မာသားတော် ဖြစ်လာတယ်။ ကြည့်ရတာ နယ်ခြားနတ်ဆိုးကြောင့် ဖြစ်မယ်ထင်တယ်”
“ မင်းက ဘာလို့ အဲလိုပြောရတာလဲ”
ထုံဟွားက လက်ဝှေ့လိုက်သည့်အခါ ဝမ်ဝေ့ရောက်လာစဉ်အခါက တိုက်ခိုက်ခဲ့သည့် သူ့ တိုက်ကွက်ကို မှတ်သားထားသည့် မှတ်တမ်းက ထွက်ပေါ်လာသည်။
“ သူ ပြသခဲ့တဲ့ အရှိန်အဝါအပေါ် မူတည်ပြီး သူ့အငွေ့အသက်က နက်နဲနည်းစနစ်နဲ့ ကွဲပြားနေတယ်။ အဲဒါကြောင့် သူက တခြားကမ္ဘာအသိုင်းအဝိုင်းက ဖြစ်ဖို့များတယ်။ ဒါမှမဟုတ်ဘူးဆိုရင် တခြားကွဲပြားတဲ့ နည်းစနစ်က ဖြစ်နေနိုင်တယ်။ သူ ဒီကမ္ဘာကို ရောက်ရှိလာကတည်းက အရာအားလုံးက ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး။ ကြည့်ရတာ နတ်ဆိုးအရှင်အသစ်ကလည်း သူနဲ့ဆက်နွယ်နေပုံပဲ”
မဟာအကြီးအကဲယန်က ခေါင်းညိတ်လိုက်ပြီးနောက် ထုံဟွား ပြသသည့် အချက်အလက်များအား ပြန်လည်သုံးသပ်လိုက်သည်။
သူက နေပေါ် ခင်းကျင်းထားသည့် အစစ်အမှန်ယန် အစီအရင် တစိတ်တပိုင်းဆီ ရောက်သွားစဉ် မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်သည် “ စည်းမျဉ်းလား။ ဒီလူက နက်နဲစည်းမျဉ်းအဆင့်လား”
“ ကျွန်မလည်း သေချာမသိဘူး။ ဒါပေမဲ့ သူက စည်းမျဉ်းစွမ်းအားကို ငှားပြီးတော့ ဒီအစီအရင် လုပ်ထားတာ”
မဟာအကြီးအကဲယန်က ခေါင်းညိတ်လိုက်ပြီးနောက် ဖြတ်ပြောလိုက်သည် “ နတ်ဆိုးအရှင်နဲ့ ကျိုးရှုတို့ရဲ့ တိုက်ပွဲက ဘယ်တော့လဲ”
“ သူတို့ရဲ့ ယခင်ပုံစံအရဆိုရင်တော့ နောက်ထပ်နှစ်ရက် သုံးရက်အတွင်း ဖြစ်နိုင်တယ်”
“ ငါ တစ်ခုခုကို စစ်ဆေးဖို့ လိုတယ်။ အဲဒါမှ ငါတို့တွေ နောက်အစီအစဉ်ကို စဉ်းစားလို့ရမှာ”
ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ကျိုးရှုနှင့် ချူးမိုတို့က ထပ်မံ တိုက်ခိုက်ကြပြန်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့အား နောက်ကွယ်မှ လေ့လာနေသည့် မျက်ဝန်းများ ရှိနေ၏။
“ အကြီးအကဲ တစ်ခုခုများ တွေ့လို့လား”
“ သခင်လေး … တစ်ယောက်ယောက်က သူတို့ရဲ့ တိုက်ခိုက်မှုကို အသုံးချပြီး ကမ္ဘာ့အရင်းအမြစ်အချို့ကို တိတ်တဆိတ် ခိုးယူနေတယ်။ ဒီနည်းလမ်းက အတော်လေး ကျွမ်းကျင်တာပဲ”
သူက နည်းလမ်းအတိအကျကို မသိသော်လည်း ခန့်မှန်းမိလေသည်။ သူတို့၏ ဂိုဏ်းက ကမ္ဘာအမြောက်အများတွင် ကစားခဲ့ပြီးသားဖြစ်သည့်အတွက် အရင်းအမြစ်ကို နားလည်ထားပြီး ဝမ်ဝေ့၏ အပြုအမူများအား ဖမ်းဆုပ်နိုင်စွမ်း ရှိ၏။
“ အဲဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ” ထုံဟယ်က မေးလိုက်သည်။
“ နယ်ခြားဧည့်သည်ဆီ သွားတွေ့ကြတာပေါ့”
မဟာအကြီးအကဲယန်က အာကာပြင်ကို ချိုးဖောက်ကာ နေမင်းဆီ သွားလိုက်သည်။ သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီးနောက် သူ ရောက်ရှိလာမှုအား အချက်ပြလိုက်သည်။ ထိုစဉ် ဝမ်ဝေ့က မဖိတ်ကြားဘဲ ရောက်လာသည့် ဧည့်သည်အား ကြည့်ကာ သူ မြင်လိုက်ရသည့်အရာကြောင့် အနည်းငယ် အံ့အားသင့်မိသွားသည်။
သူက ထိုလူအိုကြီးဆီမှ နက်နဲသော စွမ်းအားနှင့်အတူ စည်းမျဉ်းစွမ်းအားကို ခံစားမိနေသည်။ သူက အဖြစ်အပျက်အား ခန့်မှန်းမိလိုက်၏။ ဤကမ္ဘာ၏ နက်နဲနတ်ဘုရားအဆင့်သည် သူတို့ကမ္ဘာ၏ အထွတ်အထိပ် နယ်ပယ်အဆင့်နှင့် တူညီသော်လည်း ဤလူအိုကြီး၏ အဆင့်သည် ဧကရာဇ်တစ်ပိုင်းအဆင့်လောက် ရှိနေသည်။ ဤအဆင့်က စည်းမျဉ်းကို နားလည်ပြီး ထိန်းချုပ်ဖို့ လိုအပ်ပေသည်။
မဟာကမ္ဘာသည် ဧကရာဇ်တစ်ပိုင်းအဆင့်ကို မမွေးထုတ်ပေးနိုင်သောကြောင့် ကောင်းကင်နက်နဲကုန်းမြေက ထိုအဆင့်သို့ ရောက်ဖို့ နည်းလမ်း မရှိသလို စွမ်းရည်လည်း မရှိပေ။
ကြည့်ရသည်မှာ နက်နဲနည်းစနစ်ကို ဖန်တီးထားသည့် လူက အသိုက်အဝန်းရှိ ကမ္ဘာအားလုံးအား အားနည်းသွားအောင် ရည်ရွယ်ချက်ရှိရှိနှင့် ပြုလုပ်ခဲ့ပြီး စတင်ခြင်းနက်နဲကမ္ဘာ၏ အားကြီးမှုကို သေချာအောင် လုပ်ထားခဲ့သည်။
နမူနာကောင်းမှာ ထိုလူအိုကြီးနောက်တွင် ပါလာသည့် လူငယ်လေး ဖြစ်၏။ ဝမ်ဝေ့က ထိုသူသည် နက်နဲဂရမ်းမာစတာအဆင့် ဖြစ်သော်လည်း သူ့ နက်နဲစွမ်းအင်သည် အင်မတန် သန့်စင်ပြီး အားနည်းသည့် နက်နဲနတ်ဘုရားအဆင့်နှင့် ယှဉ်နိုင်ကြောင်း ခံစားမိလိုက်သည်။
ဤသည်က ထိုလူငယ်လေးသည် ထူးချွန်လွန်းသည့် ကောင်းကင်ရွေးချယ်ခံ ဖြစ်နေ၍ မဟုတ်ပေ။ ပြောရလျှင် သူ အားကောင်းနေသည့် တစ်ခုတည်းသော အချက်မှာ တခြားလူများအသုံးပြုနေသည့်အရာထက် သူ့ကျင့်စဉ်က ပိုမိုကောင်းမွန်နေ၍ ဖြစ်သည်။
ဝမ်ဝေ့က ထိုလူအား ကြည့်လိုက်ပြီးနောက် ကုန်းမြေအား ပြန်လည်ငုံ့ကြည့်လိုက်သည်။ သူက ထိုလူများ ရောက်ရှိလာသည့်အကြောင်းအရင်းကို ခန့်မှန်းမိပြီးသား ဖြစ်၏။ သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သက်ပြင်းချကာ ဆုံးဖြတ်ချက်ချလိုက်သည်။
ကစားပွဲက အဆုံးသတ်တော့မှာဆိုတော့ ငါ ထွက်သွားရတော့မဲ့အချိန်ပဲ …
သူက လက်ဝှေ့ကာ အစီအရင်အား ဖယ်ရှားလိုက်ပြီး သူတို့အား အထဲသို့ ဖိတ်ခေါ်လိုက်သည်။