← Chapters

ပြန်လည်ဆုံစည်းခြင်း

Vol. 30 Ch. 419

ပြန်လည်ဆုံစည်းခြင်း

Vol. 30 Ch. 419

အခန်း (၄၁၉) : ပြန်လည်ဆုံစည်းခြင်း

ချူးမိုက သူ့ကိုယ်သူ နေရာကျယ်တစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ သစ်ပင်များစွာ ပြန့်ကျဲနေသည့် တောအုပ်တစ်ခုကို မြင်လိုက်ရသည်။ သူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်အထိ ထိလုမတတ် ဖြစ်နေသည့် တောင်တန်းများကို မြင်လိုက်ရသည်။

သူက အံ့ဖွယ်အသိစိတ်ဖြင့် တောအုပ်အတွင်း အားကောင်းသည့် တိရစ္ဆာန်များ ရှိနေလားဟု စစ်ဆေးကြည့်လိုက်သည့်အခါ သူ တစ်ယောက်တည်း ဖြစ်နေသည့်အတွက် စိတ်သက်သာရာရမိသွားသည်။

“ စနစ် ဒါက ဘယ်နေရာလဲ။ ဘာတွေဖြစ်နေတာလဲ”

“ ဒါက စနစ်က ပိုင်ရှင် အန္တရာယ်ကျရောက်ပြီး ထွက်ပြေးဖို့ လိုအပ်လာတဲ့အခါ ဖန်တီးထားတဲ့ ဘေးကင်းနယ်မြေပါ။ စနစ်ရဲ့ ပျက်စီးထားမှုကြောင့် ဒီနေရာက အမြဲတမ်းတော့ အသုံးမပြုနိုင်ပါဘူး”

“ အိုး” ချူးမိုက အသက်ပြင်းပြင်းရှူလိုက်သည်။ သူက သူ့စနစ်သည် ဤကမ္ဘာသို့ ခေါ်ဆောင်လာသည့်အတွက် ပျက်စီးသွားကြောင်း သိထားလေသည်။ ထိုအရာက စွမ်းရည်တချို့ကို ပြင်ဆင်ပြီးသားဖြစ်သော်လည်း ပြန်လည်ကောင်းမွန်ဖို့ရာ များစွာ လိုအပ်နေသေး၏။

“ အဲဒါဆိုတော့ အခြေအနေက ဘယ်လိုလဲ။ ဘာလို့ ငါက ထွက်ပြေးရတာလဲ”

“ ကံကြမ္မာသားတော် အသတ်ခံရတယ်လို့ စစ်ဆေးတွေ့ရှိပါတယ်”

“ ဘာ ကျိုးရှုက သေသွားပြီလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့ကို ဘယ်သူက သတ်လိုက်တာလဲ”

“ စနစ်ရဲ့ တွက်ချက်မှုတွေအရ အထက်အလွှာက လူတချို့က ကမ္ဘာကို ရောက်လာပြီးတော့ သူ့ကို သတ်လိုက်တာပါ”

“ ခဏနေပါဦး စနစ် … ကျိုးရှုရဲ့ ကံကောင်းမှုကို လျှော့ချပြီးမှသာ သတ်နိုင်တယ်လို့ ပြောတာ မဟုတ်ဘူးလား။ အဲဒီလူတွေက ဘယ်လိုလုပ် လုပ်နိုင်တာလဲ”

“ စနစ်လည်း အဖြေအတိအကျတော့ မရှိပါဘူး။ ဒါပေမဲ့ အသုံးပြုတဲ့ နည်းလမ်းကိုတော့ ခန့်မှန်းနိုင်ပါတယ်။ ကြည့်ရတာ သူတို့က ကံကြမ္မာသားတော်ရဲ့ ကံကောင်းမှုကို လျှော့ချနိုင်မဲ့ နည်းလမ်း ဒါမှမဟုတ် လက်နက်ကို ပိုင်ဆိုင်ထားပုံပါပဲ”

ချူးမိုက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဆိုးအရှင်အဖြစ် အုပ်စိုးနေစဉ်အတွင်း သူက အထက်အလွှာမှ သတင်းအချက်အလက်များစွာ စုဆောင်းနိုင်ခဲ့သည်။ ထိုလူများသည် ဤကမ္ဘာထက် ပိုမိုဖွံ့ဖြိုးကြောင်း သိလေသည်။ သူ့အနေနှင့် စနစ်သည် သူ့အား ကမ္ဘာကို အုပ်စိုးလိုသည့် အကြောင်းအရင်းမှာ ထိုနေရာကို မသွားခင် လုံလောက်သည့် ကံကောင်းမှု စုဆောင်းဖို့ ဖြစ်ကြောင်း နားလည်ပေသည်။ သို့သော် သူက ထိုလူများသည် အရင်ကြိုတင်ရောက်လာလိမ့်မည်ဟု ထင်မထားမိပေ။

စနစ်က သူ့အား ထွက်ပြေးဖို့ ပြောသည့်အတွက် ထိုလူများသည် အလွန်အားကောင်းပြီး သူ့ကိုပင် အကြောင်းအရင်းတချို့ကြောင့် သတ်ဖြတ်လိုစိတ် ရှိသူများ ဖြစ်လိမ့်မည်။

“ စနစ် အဲဒါဆို နောက်အစီအစဉ်က ဘယ်လိုလဲ”

ချူးမိုက ပြီးမြောက်သွားသည့် တာဝန်မရှိသည့်အတွက် ရည်ရွယ်ချက် မရှိဘဲ ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူက ထိုခံစားချက်ကို သဘောမကျပေ။

“ စနစ်က နောက်ဆုံးစွမ်းအားကို အသုံးပြုပြီး ပိုင်ရှင်အတွက် လေဟာနယ်သင်္ဘောကို ဖန်တီးပေးပြီးတော့ အထက်လွှာရဲ့ တည်နေရာကို ပြောပြပေးမယ်။ အဲဒီနေရာကို ရောက်ပြီးတဲ့နောက်မှာ ပိုင်ရှင်က အမှတ်အသားပြားကို ရယူပြီး အားကောင်းလာပြီးတော့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ တိုက်ခိုက်ရမယ်”

“ အဲဒါဆို စနစ်က ဘာဖြစ်သွားမှာလဲ” ချူးမိုက အလျင်အမြန် မေးလိုက်သည်။

“ စနစ်က ယာယီအနားယူတဲ့ အခြေအနေကို ဝင်ရောက်သွားမှာပါ။ အခြေခံအကျဆုံး လုပ်ဆောင်ချက်တွေကိုတော့ အသုံးပြုနိုင်ဦးမှာပါ”

ချူးမိုက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ စနစ်သာ လုံးဝ မပျောက်ကွယ်သွားသရွေ့ အရာအားလုံးအဆင်ပြေလေသည်။ ဤကြောက်မက်ဖွယ် ကမ္ဘာထဲ သူက ယခုလို အားကောင်းလာဖို့အတွက် စနစ်အပေါ် မှီခိုထားခဲ့ရသည်။

ထိုထောက်ပံ့မှု ရုတ်တရက် ပျောက်ဆုံးသွားသည့်အခါ သူ့အား မသက်မသာဖြစ်စေသည်။ ကျေးဇူးတင်စရာကောင်းသည်က ထိုအရာက ယာယီမျှသာ ဖြစ်၏။

နေမင်းအပေါ်တွင် ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်းမှ နယ်မြေအတွင်းရှိနေသည့် ချူးမိုအား ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ သူက အထွတ်အထိပ်အဆင့် လေဟာနယ်သင်္ဘောကို ထုတ်ကာ သူ့ဆီ ပို့ဆောင်ပေးလိုက်၏။

ထို့နောက် သူက စတင်ခြင်းနက်နဲကုန်းမြေ၏ တည်နေရာအား ကံကြိုးမျှင်မှတဆင့် ရှာဖွေရင်း လေဟာနယ်ရွှေရောင် ရထားလုံးအမည်ရှိ ပင်ကိုရတနာကို သန့်စင်နေသည်။

တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် သူက တည်နေရာ ရရှိလာပြီးနောက် ချူးမိုအား ပို့ဆောင်လိုက်သည်။ သူက ထိုကမ္ဘာတွင် နယ်ရုပ်တစ်ခု ထားရှိနိုင်တော့မည်ဖြစ်သည့်အတွက် ပျော်ရွှင်နေလေ၏။ သူ့အဓိကရည်ရွယ်ချက်မှာ သူ့အတွက် အသုံးဝင်နိုင်မည့် သတင်းအချက်အလက်များနှင့် ရှားပါးအရင်းအမြစ်များကို ရယူဖို့ ဖြစ်သည်။

ချူးမို မဟာဧကရာဇ် ဖြစ်လာဖို့အတွက်မူ ဝမ်ဝေ့က ယုံကြည်ချက် မရှိပေ။ ထို့အပြင် အကယ်၍ သူသာ မဟာဧကရာဇ်ဖြ စ်လာခဲ့မည်ဆိုလျှင်ပင် အတုအယောင် မှတ်ဉာဏ်များနှင့် သူ့စိတ်ဝိညာဉ်က ဝမ်ဝေ့ ပေါ်ထွက်မလာမချင်း ရှာဖွေတွေ့ရှိခံရမည် မဟုတ်ပေ။

ဤနည်းဖြင့် သူက မဟာဧကရာဇ်ကို ရုပ်သေးရုပ်အဖြစ် ရရှိလိုက်မည် ဖြစ်၏။ သို့သော်လည်း ထိုအရာအားလုံးက အနာဂတ်အတွက်သာ ဖြစ်သည်။

ရက်သတ္တပတ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ရွှေရောင်ရထားလုံးကို သန့်စင်ပြီးသွားပြီဖြစ်ကာ ပိုင်ရှင် ဖြစ်လာခဲ့သည်။ သူက ရထားလုံးအတွင်း ဧရာမ ကမ္ဘာကြီးတစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုအရာက မဟာကမ္ဘာအများစုထက်ပင် ပိုမိုကြီးမားနေ၏။ ထိုအရာက ကျိုးရှုထွက်ပြေးသည့်အခါ ကောင်းကင်နက်နဲကုန်းမြေမှ လူများအား သယ်ဆောင်သွားဖို့ နေရာ ဖြစ်လိမ့်မည်။

ထို့နောက် သူက ထွက်သွားဖို့ ပြင်လိုက်သည်။ နေမင်းပေါ်တွင် ရပ်နေရင်း သူက နောက်ဆုံးတစ်ချက် ပြန်ကြည့်လိုက်သည်။ သူက တစ်ကမ္ဘာလုံးကို လွှမ်းခြုံနေသည့် အနီရောင် အငွေ့အသက်ကို မြင်လိုက်ရသည်။

သူက ထိုအရာသည် ကပ်ဘေးချီ ဖြစ်ကာ ကပ်ဘေးအကြီးကြီးတစ်ခုသည် ကမ္ဘာသို့ ကျရောက်လာတော့မည့် လက္ခဏာဖြစ်ကြောင်း အမှတ်ရလိုက်သည်။ သူက သက်ပြင်းချလိုက်ပြီးနောက် ရထားလုံးအတွင်း ဝင်ကာ ထွက်သွားလိုက်သည်။ သူ့အပြုအမူများတွင် တုံ့ဆိုင်းနေခြင်းမျိုး မရှိပေ။

ဝမ်ဝေ့က ကျိုးရှု မသေဆုံးခင် ရထားလုံး ပျောက်ဆုံးသွားသည့် ကံအပြစ်ကြွေးအား သူ့အပေါ် ထားရစ်ခဲ့သောကြောင့် စိတ်ပူနေစရာ မလိုအပ်ပေ။

လတ်တလော အဖြစ်အပျက်များက ကမ္ဘာသည် ရက်စက်ကာ လူတချို့ကသာ ကံကြမ္မာကို ထိန်းချုပ်နိုင်ကြောင်း သင်ယူခဲ့ရသည်။ ထိုစဉ် ကပ်ဘေးသည် ရောက်ရှိလာပြီဖြစ်ကာ လူအများစုက အင်အားမဲ့နေကြသည်။

ထိုအချက်က သူ့လိုမျိုး အားကောင်းကာ ချမ်းသာသည့် လူအပေါ်ပင် သက်ရောက်မှုရှိလေရာ အားနည်းသည့် သေမျိုးများကိုမူ ထည့်ပြောစရာ မလိုတော့ပေ။

ထိုကမ္ဘာမှ ထွက်လာပြီး အဆုံးမဲ့လေဟာနယ်အတွင်း ဝင်ရောက်လိုက်သည်နှင့် ရထားလုံးကို ထိန်းချုပ်ကာ သွေးဆက်နွယ်မှုမှ ခံစားမိသည့် သူ့မိသားစုရှိရာဆီ ဦးတည်လိုက်သည်။

ဝမ်ဝေ့က သူ မည်မျှကြာမြင့်သွားသည်ကို မသိသည့်အချိန် ကြယ်တာရာများ ပါဝင်နေဟန်ပေါ်သည့် ဧရာမမြေပုံကြီးတစ်ခုကို မြင်လိုက်ရသည်။

သူက ထိုရှေ့တွင် ရပ်တန့်လိုက်သည့်အချိန် ထိုအရာနှင့် ဆက်နွယ်မှုရှိနေသလို ခံစားလိုက်ရ၏။ သူက သတိကြီးကြီးထားကာ သူ့ဇစ်မြစ်ကို ပြသဖို့အတွက် ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုမြေပုံကသာ သူ့မိသားစုအပိုင် ဖြစ်နေလျှင် တစ်ယောက်ယောက်ကလည်း ထိုသို့ အတူတူလုပ်လိမ့်မည်ဟု တွေးမိလေသည်။

သို့သော် ထိုမြေပုံမှ အမျိုးသမီးတစ်ဦး ထွက်လာပြီး သူ့ရထားလုံးဆီ ပြိုင်ဘက်ကင်းအလျင်ဖြင့် ရောက်ရှိလာသည်။ ထိုအခါမှ ထိုသူသည် သူ့အမေဖြစ်နေကြောင်း မှတ်မိသွားသည်။

ယုယန်က သူ့အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလေသည်။ ကံကောင်းသည်က သူ့ဒဏ်ရာများက အနည်းငယ် ပြန်လည်ပျောက်ကင်းနေပြီ ဖြစ်၏။ မဟုတ်လျှင် သူမက သူ့အား သေသည်အထိ ညှစ်မိသွားလိမ့်မည်။

“ ငါ့ရဲ့သားလေး ကြည့်ကြပါဦး။ ဘယ်လောက်တောင် အခြေအနေဆိုးနေလိုက်လဲ”

သူမက ရှုံ့တွကာ အိုမင်းရှုံ့တွနေသည့် မျက်နှာနှင့် ဆံပင်ဖြူများအား ထိတွေ့ရင်း သူမ မျက်ဝန်းမှ မျက်ရည်များ စီးကျလာလေသည်။

“ အမေ ဒီရောက်လာပြီဆိုတော့ အကုန်လုံးအဆင်ပြေသွားလိမ့်မယ်” ယုယန်က ငိုရင်း ပြောလိုက်သည်။

“ အမေ မငိုပါနဲ့။ ကျွန်တော် အဆင်ပြေပါတယ်” ဝမ်ဝေ့က သူ့အမေအား ဖက်ရင်းပြောလိုက်သည်။

“ ဟုတ်တယ် မင်း အဆင်ပြေတယ်။ အိမ်ပြန်ရောက်တာနဲ့ မင်းအဖေက ပိုကောင်းအောင် လုပ်ပေးလိမ့်မယ်” သူမက ပြန်ပြောလိုက်သော်လည်း သူမ၏ မျက်ရည်များက မရပ်တန့်ပေ။ ထိုစဉ် ဝမ်ထျန်းကလည်း သူ့သားအား ပြေးဖက်လိုက်သည်။

“ မင်း အဆင်ပြေနေတာ ကောင်းတယ်”

ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့အမြင်ဖြင့်ပင် သူအဖေ၏ ခေါင်းပေါ်မှ ဆံဖြူတချို့ကို မြင်တွေ့နေရသည်။ ထိုအရာက ယခင်တွင် မရှိဘဲ သက်တမ်းကုန်ဆုံးသည့်အရာကြောင့် ဖြစ်လာခြင်းလည်း မဟုတ်ပေ။

ထို့ကြောင့် ရှင်းပြချက်တစ်ခုမှာ စိတ်ဖိစီးလွန်းမှုကြောင့်သာ ဖြစ်၏။ သူ ပျောက်ကွယ်သွားမှုက သူ့အဖေအပေါ် သက်ရောက်မှုများစွာ ဖြစ်စေခဲ့သည်။ သုံးယောက်သားက ပြန်လည်စုံစည်းနေစဉ် လူနှစ်ယောက်က ထပ်မံရောက်ရှိလာသည်။

“ အဘွား” ဝမ်ဝေ့က ယွင်ကျောက်ကျွင်းအား ဖက်လိုက်သည်။

“ ကောင်လေး အဘွားနဲ့တောင် အတူတူဖြစ်နေပြီ” သူမက စိတ်သက်သာရာရစွာ ပြုံးရင်း ပြောလိုက်သည်။ မိဘများက ကလေးများသည် သူတို့ထက် အရင်ထွက်ခွာသွားသည်ကို မခံစားနိုင်ကြပေ။ ပြောရလျှင် ရွေးချယ်မှုသာရှိပါက သူတို့သာ နေရာအစားထိုးဝင်ချင်မိသည်။

“ ကောင်စုတ်လေး ငါ့ကို မေ့နေပြီလား။ လူအိုကြီးကို ဘယ်လိုလုပ် လျစ်လျူရှုထားတာလဲ” ဝမ်ချန်က လေဟာနယ်အတွင်း ပဲ့တင်ထွက်လောင်အောင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ဝမ်ဝေ့က ထိုအရာကို ကြားပြီး ရှုံ့မဲ့သွားလေသည် “ ကျွန်တော်အခြေအနေနဲ့ အမြင်အာရုံက သိပ်မကောင်းဘူးဆိုတော့ မမြင်မိဘူး”

“ ကောင်စုတ်လေး မင်းက ငါ့ထက် အားကောင်းတယ်ဆိုပြီး ငါ မင်းကို မရိုက်နိုင်ဘူး ထင်မနေနဲ့”

ဝမ်ဝေ့က ဘာမှဆက်မပြောဖို့သာ ဆုံးဖြတ်လိုက်ပြီး ထိုလူအိုကြီးသည် သူဝါစဉ်ကြီးမှုအား အသုံးချကာ သူ့အား ရိုက်နှက်ချင်နေကြောင်း သိလေသည်။ သူက သူ့ခန္ဓာကိုယ်ဖြင့် နာကျင်မှု မခံစားရသော်လည်း အနည်းငယ် မျက်နှာပူမိသေး၏။

“ ကောင်းပြီ။ မင်းက အရင်တစ်ခေါက်ထက်စာရင် အခြေအနေကောင်းနေတာပဲ။ ကြည့်ရတာ မင်း အခွင့်အရေးတချို့ရခဲ့ပုံပဲ” ဝမ်ချန်က ရထားလုံးပျံကို ကြည့်ရင်း ပြောလိုက်သည်။

“ ခဏ သူက ဒီထက်တောင် အခြေအနေဆိုးခဲ့တာလား” ယုယန်က သူ့ခင်ပွန်းဖြစ်သူအား ကြည့်ကာ ပြုံးလိုက်သည်။ သူက သူ့သားသည် ဝါးပင်လို  ပိန်လှီနေပြီး မိစ္ဆာအိုကြီးကဲ့သို့ ဖြစ်နေသည့် အကြောင်း ထည့်မပြောခဲ့ပေ။ ဤနည်းဖြင့် သူ့ဇနီးက သူ့အား အပြစ်တင်မည် မဟုတ်တော့ပေ။

သို့သော် ယခုတွင်…

“ ယန်အာ အခု အပြစ်တင်နေဖို့ အချိန်မဟုတ်ဘူး” ယွင်ကျောက်ကျွင်းက ပြောလိုက်သည် “ အခု အရေးကြီးဆုံးက အိမ်ကို ပြန်ပြီးတော့ ဝေ့အာရဲ့ တာအိုအုတ်မြစ် မပျက်စီးသွားအောင် လုပ်ပေးရမယ်”

အခြားလူများက ခေါင်းညိတ်လိုက်ပြီးနောက် အိမ်ပြန်ခရီးစဉ်ကို စတင်လိုက်ကြသည်။ ထိုခရီးတစ်လျှောက်လုံး ယုယန်က ဝမ်ဝေ့အနားမှ ထွက်မသွားပဲ အမြဲတမ်းလိုလို ဖက်တွယ်ထားသည်။ သူက ကူကယ်ရာမဲ့နေသော်လည်း ဘာမှမပြောပေ။

တစ်လကြာမြင့်ပြီးသည့်နောက်တွင် အဖွဲ့က အသင်္ချေအင်ပါယာကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကြ၏။

ဝမ်ဝေ့က ကောင်းကင်အတွင်း မျောလွင့်နေစဉ် မိုးမြေကြားမှ ဝိညာဉ်ချီကို ရှူသွင်းလိုက်သည်နှင့် သက်တောင့်သက်သာ ရှိသွားသလို ခံစားလိုက်မိသည်။ သူက တခြားအဝေးတစ်နေရာသို့ မရောက်ခင်အထိ ဤကမ္ဘာအား မည်မျှချစ်မြတ်နိုးကြောင်း နားမလည်ခဲ့ပေ။ ထိုနေရာတွင် မိတ်ဆွေ၊ မိသားစု သို့မဟုတ် သူသိသည့်လူများ တစ်ယောက်မှ မရှိခဲ့ပေ။

အိမ်ရောက်သည့် ခံစားချက်က အမှန်တကယ် သက်တောင့်သက်သာရှိလွန်းသည်။ ဤကမ္ဘာက မည်မျှ ပြဿနာများနေစေကာမူ သူ့အိမ် ဖြစ်နေဆဲဖြစ်ကာ ချစ်မြတ်နိုးလေသည်။

ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီးနောက် အသက်ပြင်းပြင်း ရှူထုတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ အချိန်တွေအများကြီး ကုန်ဆုံးသွားတယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်”

............

အဆုံးမဲ့လေဟာနယ်၊ သတ်ဖြတ်ရေးစစ်ဆေးပွဲ၏ လျှို့ဝှက်နေရာအတွင်း

ချန်းထုံက မိုးမြေလျှို့ဝှက်ချက်များကို တွက်ချက်ရာမှ တန်ပြန်သက်ရောက်ခံရသည့်အတွက် ပြန်လည်အားဖြည့်နေဆဲဖြစ်သည်။ ထို့နောက် တစ်စုံတစ်ခု ခံစားမိကာ သူက ရုတ်ချည်း လှည့်ကြည့်လိုက်သည်။ သူက လက်ဝှေ့လိုက်သည့်အခါ သူ့ကျင့်ကြံရေးဂူမှ အစီအရင်အားလုံး ပျောက်ကွယ်သွားပြီး မှုန်ဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

“ မင်းက ဘာလိုချင်လို့လဲ” သူက မကျေမနပ် ပြောလိုက်သည်။

All Chapters