ယောက်ျားအစစ်
Vol. 49 Ch. 677
အန်လင်းမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်နေသူနှစ်ဦးအားကြည့်ကာ တပိုင်၏ ခွေးစာများကို စားချင်လာမိသည်။
သူအေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဧဝအစား အပြစ်ဒဏ် ခံယူမယ်ပေါ့လေ။ သိပ်ကောင်းတယ်။ လာစမ်းပါ.....ငါတို့ သေသေကြေကြေ တိုက်ကြရအောင်။"
အာဒမ်နှင့်ဧဝမှာ ထိုစကားကြောင့် ထိတ်လန့်သွားရသည်။
အာဒမ်မှာ တမာန်တော် အန်လင်းအား အနိုင်တိုက်နိုင်မည် မဟုတ်ပေ။
ထိုတိုက်ပွဲသည် အာဒမ်၏ အသုဘသာ ဖြစ်သွားလိမ့်မည်။
"အာဒမ်....ငါခွင့်မပြုဘူးနော်။"
ဧဝ ကြောက်လန့်စွာဖြင့် အာဒမ်၏လက်အားကိုင်ကာ ငိုကြွေးတော့သည်။
"ငါ့ကိုလွှတ်ပေးပါ။"
အာဒမ်၏ နူးညံ့ညင်သာသော မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက် ပြတ်သားသော အရိပ်အယောင်များ ရှိနေသည်။
"မရဘူး။"
ဧဝမှာ ပိုမိုတင်းကြပ်စွာ ဖက်တွယ်လာသည်။
"တောင်းပန်ပါတယ်....ငါ့ကိုလွှတ်ပေးပါ။"
အာဒမ် တောင်းဆိုလိုက်သည်။
"မဖြစ်ဘူး။ ငါခွင့်မပြုနိုင်ဘူး။ တမာန်တော်အန်လင်းက ငါ့ကိုပဲ သတ်ချင်သတ်ပါစေ။"
ဧဝမှာလည်း စိတ်ဆုံးဖြတ်ထားပုံရသည်။
အန်လင်းမှာ မစောင့်နိုင်တော့သည့်အလား အံ့ဖွယ်မီးတောက်လေးခုကို ထုတ်ဖော်လိုက်သည်။
အန်လင်း၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကို ခံစားမိသောကြောင့် အာဒမ် အော်ဟစ်လိုက်သည်။
"ငါ့ကိုလွှတ်ပေးတော့။"
ဝုန်း.....
နက်ပြာရောင်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ဧဝမှာ အဝေးသို့ လွင့်ထွက်သွားသည်။
အလွန်မည်းမှောင်ကာ အေးစက်သော အရှိန်အဝါများနှင့်အတူ အပူချိန်များ ရုတ်တရက် ကျဆင်းလာကာ အပြာရောင်ချိန်းကြိုးများ ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ဧဝအား ချုပ်နှောင်ထားလိုက်သည်။
ထိုသည်မှာ အာဒမ် နယ်ပယ်ရရှိချိန်မှစ၍ ဧဝ၏အသက်အား ကယ်တင်ရန်အတွက် ပထမဆုံးအကြိမ် သူမအား တိုက်ခိုက်ဖူးခြင်းပင်။
ဧဝသည် အန်လင်းကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရထားသောကြောင့် အာဒမ်၏ ချိန်းကြိုးများထံမှ ရုန်းမထွက်နိုင်ပေ။ ထိုအချိန်မှသာ အာဒမ်၏ အစွမ်းသည် သူမထက် မနိမ့်ကြောင်း ကောင်းစွာသိရှိလိုက်ရသည်။
သူမသည် အာဒမ်၏ အမည်အား အရူးတစ်ယောက်လို အော်ဟစ်နေပါသော်လည်း အာဒမ်မှာ အန်လင်းထံသာ ဆက်လက်လျှောက်လှမ်းသွားသည်။ အာဒမ်၏ နက်ပြာရောင်ယင်းနယ်ပယ်သည် လေထုထဲရှိ အမှုန်အမွှားလေးများကိုပင် အေးခဲသွားစေသောကြောင့် သူသွားရာလမ်းတလျှောက် အပြာရောင်လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။
အာဒမ်မှာ အန်လင်းအား လေးစားစွာ အရိုအသေ ပေးလိုက်သည်။
"ကျွန်တော်တို့ တိုက်ကြရအောင် တမာန်တော်ကြီး..."
အန်လင်းမှာ အာဒမ်အား စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။
"အိုး....မင်းကငါ့ကို မနိုင်နိုင်ဘူးဆိုတာ သိရက်သားနဲ့ တိုက်နိုင်ချင်နေသေးတာလား။"
အာဒမ်သည် အန်လင်းအား လေးလေးနက်နက် ကြည့်ရှုလိုက်သည်။
"တမာန်တော်ကြီး ကျွန်တော်က တိုက်ခိုက်ရတာ မကြိုက်ပေမယ့် မတိုက်ခိုက်တတ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော် ဧဝကိုထားခဲ့ပြီး မသေချင်သေးဘူး။ ဒါပေမယ့် နောက်ဆုံးအချိန်ထိ အစွမ်းကုန် ကြိုးစားပြီး တိုက်ခိုက်ရတော့မှာပဲ။"
အာဒမ်မှာ နူးညံ့ညင်သာသောပုံစံ ဖြစ်မနေတော့ပေ။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကောင်းပြီလေ.....တိုက်ကြတာပေါ့။"
ဝုန်း....
အာဒမ်၏ ယင်းနယ်ပယ်မှာ ပေတစ်ထောင်ကျော်အထိ ပြန့်ကားလာကာ အန်လင်း၏ ခန္ဓာကိုယ်ကိုကာ လွှမ်းခြုံသွားသည်။
အန်လင်းမှာ အရိုးထဲထိတိုင် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ ထိုသည်မှာ လျှိုချင်းဟွမ်၏ နယ်ပယ်နှင့် ဆင်တူပါသော်လည်း အာဒမ်၏ ယင်းနယ်ပယ်သည် ချိပ်ပိတ်ခြင်းစွမ်းအင်ထက် အဖျက်စွမ်းအင် သာလွန်သည်။
ပတ်ဝန်းကျင်ရှိ အပင်များမှာလည်း ဆဲလ်များပါမကျန် ခဲတောင့်ကာ အပြာရောင် အမှုန်အမွှားများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားလေသည်။ အလွန်အမင်း အေးခဲစေသော ယင်းစွမ်းအင်မှာ သဘာဝ၏ မျှခြေအား ကမောက်ကမ ဖြစ်စေနိုင်သောကြောင့် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
အာဒမ်သည် ယခုမျှထိ တိုးတက်နေလိမ့်မည်ဟု အန်လင်း မထင်ထားခဲ့မိပေ။
၎င်းသည် ဧဝထက်ပင် အန္တရာယ်များသော ရန်သူတစ်ဦး ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အာဒမ်၏ နယ်ပယ်သည် စစ်နတ်ဘုရား ခန္ဓာ၏ စဦးအဆင့်အား အောင်မြင်ထားသော အန်လင်းအတွက် ဘာမျှမဟုတ်သေးပေ။
သူသည် ယင်းနယ်ပယ်အား ဆုတ်ဖြဲကာ အနက်ရောင်ဓားပုံရိပ်တစ်ခုအား အာဒမ်ထံ ပို့လွှတ်လိုက်သည်။
တိုက်ခိုက်မှုမှာ လျင်မြန်လွန်းလှသောကြောင့် အာဒမ်မှာ ရှောင်ချိန်မရလိုက်ပေ။
ဓားပုံရိပ်နှင့်အတူ အာဒမ်၏ ခန္ဓာကိုယ်မှာ မှင်ရည်များသဖွယ် ပေါက်ကွဲသွားတော့သည်။
"ဟမ်...."
အန်လင်း၏ အမူအရာမှာ ပြောင်းလဲသွားလေသည်။
ထိုအချိန်တွင် မှင်ရည်များမှာ ထက်ရှလှသော ဓားမော့ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး အန်လင်းထံ ပျံဝဲလာသည်။ ဓားမော့တစ်ခုချင်းစီသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကဲ့သို့ပင် အစွမ်းထက်လှသည်။
အန်လင်း တည်ငြိမ်စွာ ပြုံးလိုက်ပြီးနောက် ဓားပုံရိပ်များစွာ ဖြစ်ပေါ်စေကာ ဓားမော့များအား ဖျက်စီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်တစ်နေရာသို့ ဓားပုံရိပ်တစ်ခုအား ပစ်လွှတ်လိုက်လေသည်။
အနက်ရောင်ဓားပုံရိပ်နှင့်အတူ နာနာကျင်ကျင် အော်ဟစ်သံ တစ်ခုအား ကြားလိုက်ရသည်။
ကောင်းကင်ထက်တွင် ချောမောခန့်ညားသော အမျိုးသားတစ်ဦး ရုပ်လုံးပေါ်လာကာ သွေးပွက်ပွက် အန်ပြီးနောက် မြေပြင်ပေါ် ပြုတ်ကျလာသည်။
"မင်းရဲ့ခန္ဓာကိုယ်ကို နယ်ပယ်နဲ့ ပေါင်းစည်းပုန်းကွယ်ပြီး ထွက်ပြေးတာ ကောင်းပါတယ်။ ဒါပေမယ့်...."
အန်လင်း၏ မျက်ဝန်းများတွင် အဖြူရောင်အလင်းအား တွေ့မြင်နေရသည်။
"ငါ့မျက်လုံးတွေက အမှန်တရားကို မြင်နိုင်တယ်လေ။"
အာဒမ်မှာ အေးစက်နေသော လခြမ်းသဏ္ဍာန် ဓားမော့အား ထုတ်ဖော်လိုက်သည်။
အန်လင်းမှာ ထိုဓားမော့အား အေးအေးဆေးဆေး ဖျက်စီးလိုက်ပြီးနောက် အာဒမ်ထံ ပျံဝဲလာသည်။
"အား...."
အာဒမ်မှာ စွမ်းအင်ကွာခြားချက် ကြီးမားလွန်းပါသော်လည်း လက်မလျှော့ပဲ အန်လင်းထံ ပြေးဝင်သွားလိုက်သည်။
"အာဒမ်..."
ဧဝမှာ ရူးခါနေအောင် အော်ဟစ်ရင်း ချိန်းကြိုးများမှ လွတ်မြောက်ရန် ရုန်းကန်နေတော့သည်။
အန်လင်းမှာ သင်ခန်းစာ လုံလောက်ပြီဟု ဆုံးဖြတ်လိုက်သည်။ ဧဝသည် မောက်မာခြင်း မရှိတော့ပဲ ခင်ပွန်းသည်အား လေးစားချစ်ခင်နေပြီဖြစ်ကာ အာဒမ်မှာလည်း သူမရှေ့တွင် မားမားမတ်မတ် ရပ်တည်ပေးနေလေပြီ။
သူသည် ပြဿနာအား ထားလိုက်တော့မည့် အချိန်မှာပင် တစ်စုံတစ်ခုအား အာရုံစိုက်မိသွားသည်။
အာဒမ်၏အနောက်တွင် မည်သည့်အရှိန်အဝါမှ ရှိမနေပါသော်လည်း အလွန်အားကောင်းသော မိုးကြိုးလျှပ်စီးများကို တွေ့လိုက်ရသည်။
အန်လင်းမှာ သတိတစ်ချက် လွတ်သွားသောကြောင့် အဝေးသို့ လွင့်ထွက်သွားရလေသည်။
သူမျက်လုံးအပြူးသားဖြင့် အာဒမ်အား ကြည့်လိုက်မိသည်။
အာဒမ်က အဆင့်တက်တော့မှာလား.....
သို့သော် အာဒမ်ထံတွင် မည်သည့်ပြောင်းလဲမှုမှ ရှိမနေပေ။
အဲ့ဒါဆိုရင်.......
အန်လင်းမှာ အသက်ပြင်းပြင်းရှူရင်း ဧဝအား လှမ်းကြည့်လိုက်သည်။
ဧဝသည် အာဒမ်၏ ချိန်းကြိုးများကို ဖျက်စီးပစ်နေပြီး သူမ၏ နယ်ပယ်တဝိုက်တွင် ရွှေရောင်အလင်းများ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။
သူမ မတ်တပ်ရပ်လိုက်သည်နှင့် ဆယ်ကီလိုမီတာမျှရှိသော မိုးကြိုးတိမ်တိုက်တစ်ခု ဖြစ်ပေါ်လာလေသည်။
ဒါက မိုးကြိုးကပ်ဘေးလား....
"အာဒမ်.....နင်အဆင်ပြေရဲ့လား။"
ဧဝ စိုးရိမ်ပူပန်စွာဖြင့် အာဒမ်အား ကြည့်ရှုလိုက်သည်။ သို့သော် မိုးကြိုးကပ်ဘေးကြောင့် သူမ လှုပ်ရှားမရပေ။
အာဒမ် စိတ်သက်သာရာ ရသွားသည်။
"ကိုအဆင်ပြေပါတယ်....နောက်ဆုံးတော့ မင်းအဆင့်တက်သွားပြီပဲ။ ဂုဏ်ယူပါ.....အား...."
သူ၏စကားပင် မဆုံးလိုက်ပဲ အားကောင်းလှသော ဆွဲငင်အားကြောင့် ဧဝထံ ပျံဝဲသွားလိုက်ရသည်။
၎င်းတို့နှစ်ဦးမှာ ပူးကပ်နေသော အနေအထားသို့ ရောက်ရှိသွားလေသည်။
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
သူတို့နှစ်ယောက်က မိုးကြိုးကပ်ဘေး ခံယူတာတောင် FAကောင်တွေကို ခွေးစာကျွေးမလို့လား.....
မဟုတ်သေးဘူး....
အာဒမ်နှင့်ဧဝမှာလည်း ဘာဖြစ်သွားမှန်း မသိသောကြောင့် အူကြောင်ကြောင် ဖြစ်နေကြသည်။
ဝုန်း....
ထိုအချိန်မှာပင် အာဒမ်၏ နယ်ပယ်မှာလည်း ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာသည်။
ခရက်....
အက်ကွဲသံတစ်ခုနှင့်အတူ သူ၏အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်သွားသည်။
အာဒမ်၏ ယင်းနယ်ပယ်မှာ ဧဝ၏ ယန်နယ်ပယ်အား ဝင်တိုက်သွားသောကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါလာသည်။
ကောင်းကင်ထက်တွင် မိုးကြိုးတိမ်တိုက်များ ပိုမိုအားကောင်းလာသောကြောင့် သဘာဝ၏ အလင်းရောင်သည်ပင် မှေးမှိန်လာရသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"ဘာလားဟ....ထပ်ဆင့်မိုးကြိုးကပ်ဘေးကြီးလား။"