← Chapters

ဆယ့်တစ်ခုမြောက်ဉာဏ်ရည်မြင့်မျိုးနွယ်စု

Vol. 49 Ch. 680

ဆယ့်တစ်ခုမြောက်ဉာဏ်ရည်မြင့်မျိုးနွယ်စု

Vol. 49 Ch. 680

အန်လင်း အသက်ပြင်းပြင်းရှူကာ မေးမြန်းလိုက်သည်။

"အဲ့ဒါဆို ဘာမှမရှိနေလည်း သက်ရှိသတ္တဝါတွေ ဖန်ဆင်းနိုင်ပြီပေါ့။"

တီနာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ သတ်မှတ်ချက်တွေ ဆုံးဖြတ်ပြီးတာနဲ့ သက်ရှိသတ္တဝါကို ဖန်ဆင်းနိုင်ပြီ။ အောင်မြင်ဖို့ကတော့ အာမခံလို့ မရဘူး။ ပြီးတော့ အဲ့သက်ရှိသတ္တဝါတွေကလည်း ကမ္ဘာကြီးရဲ့ စမ်းသပ်မှုကိုတော့ ခံရလိမ့်မယ်။ ပြီးတော့ စွမ်းအင်တော်တော်များများ လိုအပ်မှာဆိုတော့ မဆင်မခြင်တော့ လုပ်လို့မရဘူး။"

အန်လင်းမှာ ရုတ်ချည်းဆိုသလို တစ်ခုခုအား တွေးမိသွားသည်။

"ဒါနဲ့ ဝိဉာဉ်ဝါးမြိုသားရဲတွေရော အခြေအနေ ဘယ်လိုရှိလဲ။"

ဝိဉာဉ်ဝါးမြိုသားရဲများ၏ ဉာဏ်ရည်သည် အကန့်အသတ် ရှိလွန်းသောကြောင့် တီနာမှာ ၎င်းတို့အား ခွန်အား၊ သတ်ဖြတ်နိုင်စွမ်းနှင့် ပုန်းကွယ်နိုင်စွမ်းတို့အား တိုးမြှင့်ပေးကာ ဉာဏ်ရည်မြင့် သတ္တဝါများနှင့် ယှဉ်ပြိုင်နိုင်အောင် လုပ်ပေးခဲ့ရသည်။

တီနာမှာ နှုတ်ခမ်းလေး စူသွားရသည်။

"မျိုးနွယ်စုကိုးခုမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီး ပေါ်လာပြီးတည်းက ဝိဉာဉ်ဝါးမြိုသားရဲတွေကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုတွေ ခဏခဏ ဖြစ်လာတယ်။ အခု အရမ်းခေါင်တဲ့ သီးသန့်နေရာတွေမှာပဲ ဝိဉာဉ်ဝါးမြိုသားရဲတွေ ရှိကြတော့တာ။ သူတို့တွေက နေရောင်ခံပြီး အစာချက်နိုင်လို့သာပေါ့။ မဟုတ်ရင် အစာငတ်ပြီး သေတာကြာနေပြီ။"

အန်လင်း: "....."

အော်.....ဖန်ဆင်းရှင် နတ်ဘုရားမက ကောင်းချီးပေးခဲ့တာတောင် သုံးစားမရပါလား....

"သူတို့ရဲ့ ဉာဏ်ရည်ကို မြှင့်ပေးလိုက်ရင်ရော...."

အန်လင်း ခေတ္တမျှတွေးကာ အကြံပေးလိုက်သည်။

တီနာ၏ မျက်ဝန်းများမှာ ဖျတ်ခနဲ လက်သွားပြီး ရွှေရောင်တောင်ပံများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ပိုမိုတောက်ပလာသည်။

"အကြံကောင်းပဲ။ ရှိနေပြီးသား ဝိဉာဉ်ဝါးမြိုသားရဲကိုပဲ ပြုပြင်ပေးရမှာဆိုတော့ စွမ်းအင်လည်း အရမ်းကုန်မှာ မဟုတ်ဘူး။"

အန်လင်းနှင့် တီနာတို့သည် ဝိဉာဉ်ဝါးမြိုသားရဲများအား အလားအလာကောင်းသော မကောင်းဆိုးဝါး မျိုးနွယ်စုအဖြစ် အဆင့်မြှင့်ပေးနိုင်တော့မည် ဖြစ်သောကြောင့် ဆွေးနွေးစရာပင် မလိုပဲ တစ်ကြိတ်တည်း၊ တစ်ဉာဏ်တည်း ဖြစ်သွားကြသည်။

တီနာ၏ ခန္ဓာကိုယ်မှ ပြိုးပြိုးပြက်ပြက် လင်းလက်တောက်ပနေသော အဖြူရောင်အလင်းများ ဖြာထွက်လာသည်။

သူမသည် လက်ညှိုးနှစ်ချောင်းဖြင့် ကောင်းကင်နှင့်မြေပြင်အား ညွှန်ပြကာ သြဇာအာဏာ အပြည့်နှင့် စကားဆိုလိုက်သည်။

"ဝိဉာဉ်ဝါးမြိုသားရဲတွေ အသိဉာဏ်ရည် ဖွံ့ဖြိုးစေ...."

မမြင်နိုင်သော စွမ်းအင်လှိုင်းများ ပြန့်ကားသွားသည်နှင့်အတူ လေပြင်းများနှင့် တိမ်စိုင်ကြီးများ စုဝေးလာသည်။

အကန့်အသတ်မဲ့သော စွမ်းအင်များသည် ကမ္ဘာတစ်ခုလုံးထံ စီးဝင်သွားပြီး ဝိဉာဉ်ဝါးမြိုသားရဲများ၏ ခန္ဓာကိုယ်ထဲတွင် ဆန်းကြယ်သော အစွမ်းတစ်ခု ပေါက်ဖွားလာတော့သည်။

တီနာ၏ စကားတစ်ခွန်းသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပေသည်။

ထိုသည်မှာ တုနှိုင်းမဲ့ သြဇာအာဏာ ဖြစ်သည်။

ဝိဉာဉ်ဝါးမြိုသားရဲများ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာသည်။

၎င်းတို့သည် ဆိုးရွားလှသော နာကျင်မှုကို ခံစားနေရသည့်အလား နာနာကျင်ကျင် ဟစ်ကြွေးနေကြသည်။

ဝုန်း....ဝုန်း....ဝုန်း....

ဝိဉာဉ်ဝါးမြိုသားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ကြသည်။

ဆင့်ကဲပြောင်းလဲခြင်းစွမ်းအင်သည် သက်ရှိသတ္တဝါတိုင်း လက်ခံနိုင်သော အရာတစ်ခု မဟုတ်ပေ။

ခံနိုင်ရည်စွမ်း မရှိသောသူသည် ပျက်စီးရမည်သာ ဖြစ်သည်။

သိန်းနှင့်ချီသော ဝိဉာဉ်ဝါးမြိုသားရဲများထဲတွင် ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိခဲ့သည်။

၎င်းတို့သည် ဉာဏ်ရည်မြင့်ကာ အသိစိတ် တိုးတက်လာသောကြောင့် ကမ္ဘာကြီးအား အမြင်သစ်များဖြင့် ကြည့်ရှုကာ လောကတခွင် လှည့်လည်ကြတော့သည်။

"နာလေးက တော်လိုက်တာ။ အေးအေးဆေးဆေး အောင်မြင်သွားပြီ။"

အန်လင်းသည် သလင်းကျောက် မျက်နှာပြင်အားကြည့်ကာ ပျော်ရွှင်စွာ လက်ခုပ်တီးပေးလိုက်သည်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေပြင်မှာ ကြမ်းတမ်းစွာ တုန်ခါလာပြီး စွမ်းအင်တစ်မျိုး ထပ်မံဖြစ်ပေါ်လာသည်။

တီနာ၏ အမူအရာမှာ ပြောင်းလဲသွားလေသည်။

"မကောင်းတော့ဘူး။ ဒီကမ္ဘာကြီးက ဝိဉာဉ်ဝါးမြိုသားရဲတွေကို တစ်ခုခု လုပ်တော့မယ်။"

အန်လင်း: "....."

ကျန်ရှိနေသော ဝိဉာဉ်ဝါးမြိုသားရဲများသည် ဉာဏ်ရည်လည်း မြင့်မားလာပြီ ဖြစ်သောကြောင့် အရာအားလုံး အဆင်ပြေ ချောမွေ့နေပြီဟု ထင်ပါသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်အသစ်တစ်ခု မွေးဖွားလာပြန်သည်။

ဝုန်း....ဝုန်း....ဝုန်း....

ဝိဉာဉ်ဝါးမြိုသားရဲများမှာ ထိုစွန်းအင်ကို ခံနိုင်ရည် မရှိပဲ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ကြသည်။

လျင်မြန်လှသော အချိန်အတွင်းမှာပင် ဝိဉာဉ်ဝါးမြိုသားရဲများစွာ သေဆုံးသွားကြလေပြီ။

ကျန်ရှိနေသူများမှာလည်း နာကျင်စွာ အော်ဟစ်နေကြသည်။

သို့သော် တီနာ၏ ကောင်းချီးကြောင့် ဉာဏ်ရည်မြင့်နေပြီဖြစ်သော ဝိဉာဉ်ဝါးမြိုသားရဲများသည် ပျက်စီးမည့် အချိန်အား ထိုင်စောင့်မနေပေ။

၎င်းတို့၏ စွမ်းအင်အသစ်အား ခုခံနိုင်ရန် ဖြည်းညင်းစွာ ကြိုးစားရင်း ခန္ဓာကိုယ်များ ပျောက်ကွယ်လာသည်။ ထိုသည်မှာ ရူပခန္ဓာမှ ဝိဉာဉ်ခန္ဓာသို့ ပြောင်းလဲခြင်းပင်။

တီနာ ပေးအပ်ထားသော စွမ်းအင်များကို အသုံးပြုကာ ဆင့်ကဲတိုးတက်မှုအချို့ ပြုလုပ်နိုင်လိုက်ခြင်း ဖြစ်သည်။

ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွင် ဝိဉာဉ်ဝါးမြိုသားရဲများစွာ သေဆုံးသွားပါသော်လည်း လက်တစ်ဆုပ်စာ ပမာဏမှာ လွတ်မြောက်နိုင်ခဲ့ပြီး ဝိဉာဉ်မျိုးနွယ်များအတိုင်း နေထိုင်နိုင်ကြတော့မည်။

ဝိဉာဉ်ခန္ဓာသည် ပေါ့ပါးသောကြောင့် ၎င်းတို့သည်လည်း ကောင်းကင်ထက်တွင် မျောလွင့်နိုင်လာသည်။

၎င်းတို့မှာ ကိုယ့်ကိုယ်ကိုကြည့်ရင်း ပြုံးရွှင်သွားကြသည်။

"ဟားဟား....ဒီခန္ဓာကိုယ်က အမိုက်စားပဲဟေ့။"

"ပေါ့ပါးနေတာပဲ။ ဒါကမှ တကယ့်လွတ်လပ်မှု...ဒါကမှ တကယ့်ဘဝပဲကွ။"

"တော်ဝင်သိုင်းကလန်က ဦးနှောက်တွေ သွားစားရအောင်ဟေ့။"

"ထွီ....ဦးနှောက်စားတာက ဘာကောင်းလို့လဲ။ ငါတို့ပေါ့ပါးတာမျိုးပဲ စားသင့်တယ်။"

"ဘယ်လိုမျိုးလဲ။"

"အင်း....ငါတို့ခန္ဓာကိုယ် အမျိုးအစားနဲ့လိုက်အောင် ဝိဉာဉ်တွေ စားသင့်တယ်။"

"စမ်းကြည့်ကြတာပေါ့။"

ထိုသို့ဖြင့် ဝိဉာဉ်ဝါးမြိုသားရဲများမှာ အဝေးသို့ ပျံဝဲသွားကြတော့သည်။

ကမ္ဘာကြီး၏ စွမ်းအင်ကို ခံစားကြရပြီးနောက် ရှင်သန်ကျန်ရစ်ခဲ့သော ဝိဉာဉ်ဝါးမြိုသားရဲများသည် ဆင့်ကဲပြောင်းလဲသွားကြသည်။

သောင်းဂဏန်းမျှသာ ကျန်ရစ်ပါသော်လည်း ကမ္ဘာကြီး၏ ဆယ့်တစ်ခုမြောက် ဉာဏ်ရည်မြင့် မျိုးနွယ်စု ဖြစ်လာခဲ့ပြီပင်။

အန်လင်းနှင့် တီနာမှာ သလင်းကျောက် မျက်နှာပြင်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

"အဲ့တော့....အောင်မြင်သွားတာလား။"

အန်လင်းမှာ ယခင်ကနှင့် ကွဲပြားနေသော ဝိဉာဉ်ဝါးမြိုသားရဲများကိုကြည့်ကာ မေးလိုက်သည်။

"အင်း....အောင်မြင်တယ်လို့ ပြောလို့ရလောက်တယ်။"

တီနာ စကားဆိုလိုက်သည်။

"သူတို့တွေက ထိုက်ချူကုန်းမြေက ဟာလာပြင်စိတ်ဝိဉာဉ်မျိုးနွယ်စုနဲ့ ဘာလို့တူနေရတာလဲ။"

"တူတော့တူသားနော်။"

တီနာလည်း သဘောတူလိုက်သည်။

"ဟာလာပြင်စိတ်ဝိဉာဉ်မျိုးနွယ်စုရော၊ ဝိဉာဉ်ဝါးမြိုသားရဲရော ဝိဉာဉ်ခန္ဓာတွေဆိုတော့ တူမှာပေါ့။"

ထိုသည်မှာ တိုက်ဆိုင်မှု တစ်ခုပေလော.....

သူမလည်း မတွေးတတ်တော့ပေ။

မျိုးနွယ်စုဆယ်ခုထဲတွင် ဟာလာပြင်စိတ်ဝိဉာဉ်မျိုးနွယ်စု လိုအပ်နေသောကြောင့် သူမ စိတ်အဆင်မပြေဖြစ်ရသည့်အကြောင်း အန်လင်းအား ပြောပြခဲ့ဖူးသည်။

ယခု ကမ္ဘာကြီးသည် ထိုလိုအပ်နေသော မျိုးနွယ်စုအား ဖြည့်ဆည်းပေးလိုက်သည်လော။

အန်လင်း မျက်ခုံးနှိပ်နေရသည်။

"မင်းက ဖန်ဆင်းရှင် နတ်ဘုရားမလေ။ အခုထက်ပိုပြီး တိတ်ကျကျလေး ပြောပေးပါလား။ ဖြစ်လောက်တယ်တို့ ထင်တာပဲတို့ လားမသိဘူးလေတို့တော့ မလုပ်နဲ့လေ။"

တီနာမှာ နှုတ်ခမ်းစူကာ အန်လင်း၏ လက်မောင်းကို ဖက်တွယ်ထားလိုက်သည်။

"နင်ကြတော့ရော....နင်က ဖန်ဆင်းရှင် နတ်ဘုရားမရဲ့ သခင်မဟုတ်ဘူးလား။ နင်ကြတော့ ဘာသိလို့လဲ။"

အန်လင်းမှာ ပြောစရာ စကားများပင် ပျောက်ရှသွားရသည်။

သူသည် တမာန်တော်ဘွဲ့နှင့် အသားကျနေသောကြောင့် တီနာ၏ သခင်ဖြစ်ကြောင်းကိုပင် မေ့လျော့နေလေပြီ။

တစ်နည်းဆိုသော် သူသည် တီနာ၏ လက်အောက်ငယ်သားဘဝအား ပျော်မွေ့နေခြင်း ဖြစ်သည်။

ယီးထဲမှ....ဒီလိုဆက်ဖြစ်နေလို့ မရဘူး...ငါက တီနာ့ရဲ့ သခင်ပဲ....

အန်လင်းမှာ ယခုမှသာ ကိုယ့်အခြေအနေ ကိုယ်တွေးကာ သက်ပြင်းချမိရသည်။

သူသည် ဘေးတွင်ရှိနေသော နတ်သမီးလေးအားကြည့်ကာ တိတ်တဆိတ် တွေးတောနေမိတော့သည်။

All Chapters