ဘာသင်ပေးရမလဲ
Vol. 49 Ch. 681
"ဝါး...."
တီနာ နွမ်းလျစွာ သမ်းဝေလိုက်သည်။
"ဘီလူးအန်လင်း.....ငါအစွမ်းတွေ သုံးရလို့ ပင်ပန်းနေပြီ။ ခဏလောက် ပြန်နားကြမလား။"
အန်လင်း ခေါင်းညိတ်ပြီးနောက်မှ အတွေးတစ်ခု ဝင်ရောက်လာသည်။
"တီနာ....မင်းရဲ့ခန္ဓာကိုယ်က ဒီကိုရောက်နေတာလေ။ ဒီမှာနားလိုက်လို့ မရဘူးလား။"
တီနာ ပြုံးကာပြောလိုက်သည်။
"ငါကဒီကမ္ဘာနဲ့ ပေါင်းစပ်နေပြီး ဖန်ဆင်းရှင် နတ်ဘုရားမ ဖြစ်နေတယ်ဆိုပေမယ့် ငါ့ခန္ဓာကိုယ် အနားယူရဖို့အတွက် အခြေအနေတချို့ ရှိသေးတယ်လေ။"
"ပြောရရင် ငါ့ရဲ့အခြေခံ စွမ်းအင်ရင်းမြစ်က ထိုက်ချူကုန်းမြေမှာ ရှိနေတာ။ ဒီမှာသုံးထားတဲ့ အစွမ်းတွေအတွက် ထိုက်ချူကုန်းမြေမှာပဲ ပြန်ဖြည့်ရမှာပေါ့ဟ။"
ထိုစကားကြောင့် အန်လင်းမှာ အခြားအတွေးတစ်ခု တွေးမိသွားပြန်သည်။
တီနာသည် ဖန်ဆင်းရှင် နတ်ဘုရားမ ဖြစ်နေပါသော်လည်း ထိုက်ချူကုန်းမြေတွင် စွမ်းအင်ဖြည့်တင်းရသောကြောင့် ထိုက်ချူကုန်းမြေသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာထက် ပိုမိုအဆင့်မြင့်သော ကမ္ဘာတစ်ခု ဖြစ်နိုင်သည်။
ကမ္ဘာများ၏ အဆင့်အတန်းဟူသည် အနိမ့်အမြင့်၊ အတက်အကျ ရှိသောကြောင့် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသည် တစ်နေ့နေ့တွင် ထိုက်ချူကုန်းမြေ၏ပြိုင်ဘက် သို့မဟုတ် ပိုမိုသာလွန်သော အခြေအနေသို့လည်း ရောက်ရှိသွားနိုင်သည်။ ထိုသို့ဖြစ်လာပါက တီနာသည် အဆင့်မြင့်ကမ္ဘာ၏ ဖန်ဆင်းရှင် နတ်ဘုရားမ ဖြစ်နေသောကြောင့် ထိုက်ချူကုန်းမြေတွင်လည်း သြဇာအာဏာ ရှိလာလိမ့်မည်လော။
အန်လင်းမှာ ထိုအတွေးကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်မိပြီးနောက် ခေါင်းခါရမ်းကာ အတွေးစများ ဖယ်ထုတ်ပစ်လိုက်သည်။
ထို့နောက် အဖြူရောင် အလင်းတန်းနှင့်အတူ အန်လင်းနှင့် တီနာမှာ ဟွမ်းချန်မြို့တော်သို့ ပြန်လည်ရောက်ရှိလာကြသည်။
ကောင်းကင်တွင် သူရိန်နေမင်းကြီးမှာ အစွမ်းကုန် အလင်းပေးနေလျက် ရှိသည်။
တပိုင်အား မေးမြန်းလိုက်သောအခါ ၎င်းတို့ထွက်သွားသည်မှာ သုံးရက်ခန့် ရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။
အကြမ်းဖျဉ်း တွက်ကြည့်လိုက်ပြီးနောက် နှစ်ကုန်စာမေးပွဲ ကုန်ဆုံးရန် အချိန်ငါးရက်ခန့်သာ လိုတော့ကြောင်း သတိပြုမိသွားသည်။
အန်လင်းသည် တီနာအား တပိုင်ကျောပေါ် တင်ပေးလိုက်ပြီးနောက် ဟွမ်းချန်မြို့၏ မြို့နံရံတလျှောက် တစ်ဦးတည်း လှည့်ပတ်ကြည့်ရှုနေလိုက်သည်။
ကျောင်းသားများအားလုံးမှာ သူ့အားနွေးနွေးထွေးထွေး နှုတ်ဆက်ကြလေသည်။
အန်လင်းသည် လေးလေးစားစား ဆက်ဆံရန် ထိုက်တန်ကြောင်း လူတိုင်းနားလည်ထားကြသည်။
အန်လင်းမှာ ရင်ထဲတွင် ဝမ်းသာပီတိ ဂွမ်းဆီထိနေမိသည်။ သူသည် အောက်ဆုံးအခြေအနေမှ စတင်ခဲ့ရသူ ဖြစ်ပါသော်လည်း သုံးနှစ်သုံးမိုး ကြိုးစားပြီးနောက် ချောမောခန့်ညားသော အစ်ကိုကြီးချန်နှင့် အလှနတ်သမီးလေး စုချန်းရန်တို့ကိုကျော်ကာ အတန်း၏ အကျော်ကြားဆုံးသူ ဖြစ်လာခဲ့ပြီပင်။
စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော် တစ်ခုလုံး၏ အကျော်ကြားဆုံးသူဟု ဆိုလျှင်ပင် လွန်မည်မထင်ပေ။
"ဟူး....ငါ့ရဲ့မဆုတ်မနစ် ကြိုးစားမှုတွေကြောင့်သာ ဒီနေရာကို ရောက်လာခဲ့တာပဲ။ အောင်မြင်မှုဆိုတာ ဦးမြင့်မောင်မှ မဟုတ်တာ။ အဲ့လောက်တော့ ဘယ်လွယ်ပါ့မလဲလေ။"
အန်လင်းမှာ ကိုယ့်ကိုယ်ကို ချီးကျူးကာ မျက်ရည်များပင် ဝိုင်းလာမိသည်။
ထို့နောက် တစ်ကီလိုမီတာမျှ အကွာအဝေးတွင် ရှိနေသော အဖြူရောင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသည်မှာ နယ်ပယ်အား ပြုပြင်နေဆဲဖြစ်သော အစ်ကိုကြီးချန်ဖြစ်ပြီး ၎င်း၏ပတ်ပတ်လည်တွင် တွင်းနက်များစွာ ရှိနေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုနေရာရှိမြေသည် တန်ကြေးမရှိသော အဲလေ အနက်ရောင်စိမ့်တော၏ ပိုင်နက်ဖြစ်နေလေသည်။ ထိုသို့မဟုတ်ပါက အစ်ကိုကြီးချန်မှာ လျော်ကြေးများစွာ ပေးနေရလိမ့်မည်။
ခေတ္တမျှ လမ်းဆက်လျှောက်ပြီးနောက် စုရှောင်လန်နှင့် စုချန်းရန်အား တွေ့လိုက်ရသည်။
စုရှောင်လန်မှာ နဂါးစာကလေးဓားကို ကိုင်ထားပြီး စုချန်းရန်နှင့် တီတိုးစကားဆိုနေသည်။
"မင်းတို့ဘာတွေပြောနေတာလဲ။"
အန်လင်းမှာ သိချင်စိတ်ဖြင့် သွားမေးကြည့်လိုက်သည်။
စုချန်းရန်မှာ ရှက်သွေးဖြာကာ ခေါင်းငုံ့သွားလေသည်။
"ဝေးဝေးသွားစမ်းပါ။"
စုရှောင်လန် အန်လင်းအား မျက်စောင်းထိုးလိုက်သည်။
အန်လင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး သုန်မှုန်နေသော အမူအရာနှင့် ထွက်လာခဲ့လိုက်သည်။
ငါ့ကိုပေးမသိနိုင်တဲ့ လျှို့ဝှက်ချက် ရှိနေတာလား....
ထိုသို့ဖြင့် ဆက်လျှောက်လာရင်း တရားထိုင်နေသော ရှောင်ဇယ်နှင့် တွေ့ကြသည်။
"ဆရာ....နောက်ဆုံးတော့ ပြန်လာပြီပေါ့။"
ရှောင်ဇယ် စိတ်လှုပ်ရှားသွားသည်။
"အင်း....ငါပြန်လာပြီ။ မင်းရော အခုတလော ဘယ်လိုအခြေအနေရှိလဲ။"
တပည့်ဖြစ်သူ၏ စိတ်လှုပ်ရှားမှုကို တွေ့လိုက်ရသောကြောင့် အန်လင်း ဝမ်းသာသွားမိသည်။
"ဆရာ....လေဒင်နဲ့ တိုက်ပြီးတော့ ကျွန်တော်ရဲ့ ခုခံကာကွယ်ရေး အပိုင်းမှာ တော်တော်လေး ပြစ်ချက်တွေ ရှိနေတာကို သိလိုက်ရတယ်။ ကျွန်တော့်ကို ကူညီပေးလို့ ရမလား။"
ရှောင်ဇယ်၏ မျက်ဝန်းများတွင် မျှော်လင့်ချက် အရိပ်အယောင်များ မြင်နေရသည်။
အန်လင်းမှာ မျက်စိမျက်နှာ ပျက်သွားရလေသည်။
ငါက ဟင်းလင်းပြင်သို့အပြန်အဆင့်တစ်ယောက်ကို ခုခံကာကွယ်ရေးပိုင်းနဲ့ ပက်သတ်ပြီး အမှားပြင်ပေးရမှာလား.....ဟာသပဲ.....
"အဟမ်း....ခုခံကာကွယ်ရေး တာအိုနဲ့ပက်သတ်ပြီး ငါသိပ်မကျွမ်းကျင်ဘူး။"
"မဟုတ်သေးဘူး။ ဆရာက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ပဲရှိပေမယ့် ဆရာရဲ့ ခန္ဓာကိုယ်ကို ဟင်းလင်းပြင်သို့အပြန် အဆင့်တွေတောင် ဘာမှမလုပ်နိုင်ဘူး။ အဲ့ဒါ ခုခံကာကွယ်ရေး တာအိုနဲ့ပက်သတ်ပြီး ဆရာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေလို့ပေါ့။"
ရှောင်ဇယ် စိတ်မကောင်းဖြစ်နေဟန်ဖြင့် စကားဆိုလိုက်သည်။
"ဘာဖြစ်လို့လဲ။ ဆရာက ကျွန်တော့်ကို တပည့်တစ်ယောက်အဖြစ် အသိအမှတ် မပြုသေးတာလား။ ရပါတယ်....ဆရာ စိတ်ပြောင်းလာအောင် ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။"
"ငါမင်းကို အရင်တည်းက အသိအမှတ် ပြုပါတယ်ကွာ။ တကယ်ကို သင်ပေးစရာ မရှိလို့ပါ။ ငါ့ခန္ဓာကိုယ်က အခုလို ဖြစ်နေတယ်ဆိုတာ စစ်နတ်ဘုရားခန္ဓာ ဖြစ်နေလို့လေ။"
အန်လင်း သက်ပြင်းချကာ ရှင်းပြလိုက်သည်။
ရှောင်ဇယ် တိုးညင်းစွာ ရေရွတ်လိုက်သည်။
"စစ်နတ်ဘုရားခန္ဓာ....ဒါကိုရဖို့အတွက် အသိပညာ၊ ဗဟုသုတတွေ အများကြီး လိုအပ်ခဲ့မှာပဲလေ။ မဟုတ်ရင် ဒီလိုပြိုင်ဘက်ကင်း ခန္ဓာမျိုးကို ဘယ်လိုရနိုင်မှာလဲ။"
ရှောင်ဇယ်၏ စကားမှာ မှန်ကန်နေသောကြောင့် အန်လင်း ပြောစရာ စကားများပင် ပျောက်ရှသွားရသည်။
"ဒီခန္ဓာက ရွှေရောင်နယ်မြေအဆီအနှစ်တွေကို စုပ်ယူပြီး ရလာတာလေ။"
"ဆရာ....ကျွန်တော့်ကို အရူးမလုပ်ပါနဲ့။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေက အဲ့ခန္ဓာအတွက် စွမ်းအင်ရင်းမြစ် သက်သက်ပဲ မဟုတ်ဘူးလား။ ဉာဏ်အလင်းပွင့်တာနဲ့ လေ့လာစူးစမ်းတာ နှစ်ခုက လုံးဝမတူဘူး။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်က စွမ်းအင်ရင်းမြစ်ဆိုပေမယ့် စစ်နတ်ဘုရားခန္ဓာကို ရလာတာ တာအိုကြောင့်လေ။"
"အာ....ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေ စုပ်ယူလိုက်ရုံနဲ့ စစ်နတ်ဘုရား ခန္ဓာကို ရလာတာလို့ပြောရင် မင်းယုံမှာလား။"
"ဆရာရယ်...မသင်ပေးချင်လည်း ဒဲ့သာပြောလိုက်ပါ။ ကျွန်တော့်ကို ငတုံးလိုတော့ မဆက်ဆံပါနဲ့တော့။"
ရှောင်ဇယ်မှာ မျက်ရည်အဝဲသား ဖြစ်လာသည်။ သူသည် အန်လင်း၏ တစ်ဦးတည်းသောတပည့် ဖြစ်ပါသော်လည်း မည်သည့်သင်ကြားမှုမှ မရရှိခဲ့သည့်အပြင် အရူးတစ်ယောက်လိုပါ ဆက်ဆံခံရသေးသည်။ ထိုသည်မှာ သူ၏ခံစားချက်အား ထိခိုက်စေသောကြောင့် ကူကယ်ရာမဲ့စွာ ငိုကြွေးမိတော့သည်။
အန်လင်းမှာလည်း စိတ်ဓာတ်များ ကျဆင်းလာရသည်။
သူသည် ရှောင်ဇယ်အား အမှန်တကယ် မကူညီပေးနိုင်ပေ။
သူ၏ကျင့်ကြံရေးကိုပင် သူ့ကိုယ်သူ နားမလည်နေသောကြောင့် တခြားသူအား မည်သို့သင်ကြားရမည်နည်း။
ငါဘာလုပ်ရမလဲ.....
အန်လင်း ဦးနှောက်အား အလုပ်ပေးလိုက်သည်။
"ဒီလိုဆိုရင်ရော...."
အန်လင်း ရေကုန်ရေခမ်း တွေးတောကာ စကားစလိုက်သည်။
ရှောင်ဇယ်၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားလေသည်။
"ငါ့ဆီက အချက်အပြုတ် သင်ချင်လား။"
အန်လင်း ပြုံးကာမေးလိုက်သည်။
ရှောင်ဇယ်မှာ သွေးအန်တော့မလို ဖြစ်သွားရသည်။
အန်လင်းမှာ များစွာတွေးတောခဲ့ပါသော်လည်း အချက်အပြုတ်တစ်ခုသာ ထွက်လာခဲ့သည်။
အကြော်ဒယ်အိုးကို ရရှိပြီးချိန်မှစ၍ ချက်ပြုတ်ရေးပညာမှာ အတော်ပင် တိုးတက်လာခဲ့ပြီး ယခုဆိုလျှင် ကိုယ့်ကိုယ်ကို ဂုဏ်ယူနိုင်သော စားဖိုမှူးတစ်ယောက် အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်သည်။
"ဆရာ...အချက်အပြုတ်ကို ကျွန်တော် ဝါသနာ မပါဘူး။"
ရှောင်ဇယ် ရင်ဘတ်အားဖိကာ ပြောလိုက်သည်။
"အဲ့ဒါဆို ဘာသင်ပေးရမလဲ ငါလည်းမသိတော့ဘူး။"
ရှောင်ဇယ်မှာ မျက်ရည်များ ကျဆင်းလာပြန်သည်။
အန်လင်းသည် တပည့်ဖြစ်သူ ခံစားနေရသည်ကို မကြည့်ရက်နိုင်သောကြောင့် အခြားတစ်ခုအား အကြံပေးလိုက်သည်။
"ဘယ်လိုကြွားလုံးထုတ်ရလဲရော သင်ချင်လား။"
ရှောင်ဇယ်: "....."