ငါမင်းကိုသင်ပေးနိုင်တာတစ်ခုရှိတယ်
Vol. 49 Ch. 682
ဆရာဖြစ်သူအား ခုခံကာကွယ်ရေး တာအိုနှင့်ပက်သတ်ပြီး သင်ကြားပေးရန် တောင်းဆိုခဲ့ပါသော်လည်း အချက်အပြုတ်နှင့် ကြွားဝါခြင်းတို့အား သင်ကြားပေးနိုင်ကြောင်း ပြန်လည်ကမ်းလှမ်းလာသောအခါ မည်သို့ခံစားရမည်နည်း။
ရှောင်ဇယ်မှာ ကိုယ့်ကိုယ်ကိုပင် သတ်သေချင်လာသည်။
သူသည် ကူကယ်ရာမဲ့စွာဖြင့် ဆရာဖြစ်သူအား ကြည့်ရှုလိုက်သောအခါ အန်လင်းသည်လည်း ကူကယ်ရာမဲ့စွာ တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။
"အာ....ထားလိုက်ပါတော့ ဆရာရယ်။ ကျွန်တော့် ခုခံကာကွယ်ရေးကို ကိုယ့်ဘာသာပဲ ပြင်လိုက်ပါတော့မယ်။"
ရှောင်ဇယ်မှာ ရင်ထုမနာ ဖြစ်နေပါသော်လည်း အားယူကာ ပြုံးပြလိုက်ရသည်။
အန်လင်းမှာ မျက်စိရှေ့တွင် ရှိနေသော လူငယ်လေးအားကြည့်ကာ ခေါင်းကုတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးတောမိသွားသည်။
"နေဦး....ငါမင်းကို သင်ပေးနိုင်တဲ့ဟာရှိတယ်။"
ရှောင်ဇယ် အန်လင်းအား လှမ်းကြည့်လိုက်သည်။
"ဘာလဲ။ ယာဉ်ပျံတွေဘာတွေ ပြင်တဲ့နည်းလား။ ဒါမှမဟုတ် ဘာသာစကား အသစ်တစ်ခုလား။"
အန်လင်း မျက်နှာပျက်သွားသည်။
"ငါကအဲ့လိုလူမျိုးမို့လို့လား။"
ရှောင်ဇယ်သည် မည်သည့်စကားမှ ပြန်မပြောပါသော်လည်း စိတ်ထဲတွင် အဖြေရှိပြီးသား ဖြစ်သည်။
"တကယ့်ကျင့်ကြံရေးနည်းလမ်းပါကွ။"
အန်လင်း၏ မျက်ခုံးနှစ်ခုကြားတွင် ရွှေရောင်ကြာပန်း အမှတ်အသားတစ်ခု ပေါ်ထွက်လာကာ အကန့်အသတ်မဲ့သော မြေကမ္ဘာစွမ်းအင်များ ဖြာထွက်လာသည်။
ရှောင်ဇယ်မှာ စိတ်လှုပ်ရှားလွန်းသောကြောင့် ခန္ဓာကိုယ် တစ်ခုလုံးပင် တုန်ရီလာရသည်။
"ဒါက ဆရာရဲ့ စစ်နတ်ဘုရား ခန္ဓာအစွမ်းလား။"
"ဟုတ်တယ်...ဒါက စစ်နတ်ဘုရားကျင့်စဉ်ရဲ့တစ်စိတ်တစ်ပိုင်းပဲ။ ဒီကျင့်စဉ်ကို အထွဋ်အထိပ် မြေကြာပန်းအတတ်လို့ခေါ်တယ်။ ပြိုင်ဘက်ကင်း မြေကမ္ဘာ အမျိုးအစား ကျင့်စဉ်ပေါ့။ ဒါကိုသာ တတ်မြောက်သွားရင် ကမ္ဘာမြေရဲ့ အစွမ်းတွေကို ဆွဲယူပြီး ခိုင်မာတောင့်တင်းတဲ့ ခန္ဓာကိုယ်တစ်ခု တည်ဆောက်နိုင်လိမ့်မယ်။"
သူ့ထံတွင် စစ်နတ်ဘုရား ခန္ဓာအတွက် ကျင်ကြံရေးနည်းလမ်း မရှိပါသော်လည်း အထွဋ်အထိပ် မြေကြာပန်းအတတ်အား ရရှိစဉ်က မန္တာန်များ၊ ကျင့်ကြံရေးနည်းများ၊ အစစ်အမှန် စိတ်ဆန္ဒများ၊ တာအိုစိတ်ဆန္ဒများနှင့် အခြားသော အရာအားလုံးကို လက်ခံရရှိခဲ့သည်။
ထို့ကြောင့်ပင် အထွဋ်အထိပ် မြေကြာပန်းအတတ်သည် ကမ္ဘာမြေ၏ စွမ်းအင်အား အသုံးပြုခြင်းအပြင် ခုခံကာကွယ်ရေးကိုလည်း တိုးမြှင့်နိုင်ကြောင်း သိရှိနားလည်နေသည်။ စစ်နတ်ဘုရားခန္ဓာ၏ အပြင်ဘက်ပိုင်းသည်လည်း အထွဋ်အထိပ် မြေကြာပန်းအတတ်ဖြင့် တည်ဆောက်ထားသောကြောင့် အန်လင်းမှာ အရေထူနေရခြင်း ဖြစ်သည်။ ထိုအထွဋ်အထိပ် မြေကြာပန်းအတတ်အား သူ့အနေဖြင့် သင်ကြားပေးနိုင်လောက်သည်။
"မင်းသင်ချင်လား။"
အန်လင်း ပြုံးကာမေးလိုက်သည်။
"ဟုတ်ကဲ့..."
ရှောင်ဇယ်မှာ ချစ်စဖွယ် တပည့်လေးအလား ခေါင်းညိတ်ပြလိုက်လေသည်။
အန်လင်းသည် မည်သည့်အရာကိုမှ ဆရာစား မချန်ပဲ အထွဋ်အထိပ် မြေကြာပန်းအတတ်၏ မန္တာန်များ၊ အစစ်အမှန် စိတ်ဆန္ဒများအားလုံးကို ရှောင်ဇယ်အား သင်ပြပေးလိုက်သည်။ တာအိုစိတ်ဆန္ဒမှာမူ စကားလုံးမျှဖြင့် လွှဲပြောင်းပေးရန် မဖြစ်နိုင်သောကြောင့် အန်လင်းမှာ ရှောင်ဇယ်အား အထွဋ်အထိပ် မြေကြာပန်းအတတ်နှင့်ပက်သတ်၍ မခြွင်းမချန် ရှင်းပြပေးရန်သာ တတ်နိုင်သည်။ တာအိုစိတ်ဆန္ဒ၏ ဉာဏ်အလင်းအား ရရှိရန်မှာ ရှောင်ဇယ်၏ ကြိုးစားအားထုတ်မှုနှင့်သာ သက်ဆိုင်ပေလိမ့်မည်။
သင်ကြားပြသမှုများ ပြီးဆုံးသွားပြီးနောက် ရှောင်ဇယ်သည် နားမလည်သော အပိုင်းများအား မေးခွန်းအချို့ မေးမြန်းခဲ့သည်။ ထို့နောက် လေ့လာကျင့်ကြံရန်အတွက် ပျော်ရွှင်စွာဖြင့် တိတ်ဆိတ်သော နေရာတစ်ခုထံ ထွက်ခွာသွားတော့သည်။
အထွဋ်အထိပ် မြေကြာပန်းအတတ်သည် အလွန်ကောင်းမွန်သော ခုခံကာကွယ်ရေး ကျင့်စဉ်ဖြစ်ပြီး ရှောင်ဇယ်အနေဖြင့် တစ်ဖက်ကမ်းခတ် မကျွမ်းကျင်ခဲ့လျှင်ပင် အန်လင်း သင်ကြားပေးခဲ့သော ဗဟုသုတများကို အသုံးပြုကာ ခုခံကာကွယ်ရေး တာအိုနှင့်ပက်သတ်၍ ဉာဏ်အလင်းများ ပိုမိုရရှိလာနိုင်သည်။
အန်လင်းမှာလည်း စိတ်လှုပ်ရှားနေသော တပည့်အားကြည့်ကာ စိတ်ချမ်းသာနေမိသည်။
ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းနိုင်ခဲ့ပြီပဲ....
သူသည် မြို့နံရံတလျှောက် ဆက်လျှောက်လာနေရင်း ဓားအင်မော်တယ်လင်းရှောင်အား တွေ့လိုက်ရသည်။
"မင်္ဂလာပါ....အတန်းပိုင်ဆရာ။"
အန်လင်း နှုတ်ဆက်လိုက်သည်။
"အန်လင်း....မင်းပြန်ရောက်လာပြီပဲ။"
ဓားအင်မော်တယ်လင်းရှောင်မှာ အန်လင်းထံ ခပ်သွက်သွက် လျှောက်လှမ်းလာလေသည်။
ဓားအင်မော်တယ်လင်းရှောင်၏ အမူအရာကြောင့် အန်လင်းမှာ ကြောင်တောင်တောင် ဖြစ်သွားရသည်။
"တစ်ခုခုဖြစ်လို့လား။"
"မင်းကိုပြောစရာ နှစ်ခုရှိတယ်။"
ဓားအင်မော်တယ်လင်းရှောင် စကားဆိုလိုက်သည်။
"ပထမတစ်ခုက ကတ်စီဒီ၊ မာလင်နဲ့ တိုဘိယတို့က ကောင်းကင်ဘုံခုံရုံးရဲ့ သူလျှိုတွေကနေတဆင့် သတင်းပို့လိုက်တယ်။ ဧကရာဇ်ရိတန်းက သွေးမျိုးနွယ်စုရဲ့ သစ္စာဖောက်ကို အသည်းအသန် ရှာနေတယ်တဲ့။ အဲ့ဒါကြောင့် မြင့်မြတ်သွေးစက်ကိုသုံးပြီး အစေခံအသစ်တွေလုပ်ဖို့ကို ခဏနားထားရတယ် ပြောတယ်။ အစစအရာရာ အေးအေးဆေးဆေး ဖြစ်သွားတဲ့အထိ သွေးမျိုးနွယ်စုထဲမှာပဲ နေနေရဦးမှာမို့ အခုတော့ ပြန်လာနိုင်ဦးမှာ မဟုတ်ဘူးလို့ပြောတယ်။"
ကြိုတင်မှန်းဆထားသော ကိစ္စများဖြစ်သောကြောင့် အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"နောက်တစ်ခုကရော...."
"ဒုတိယတစ်ခုက ကျောက်မျက်တိုင်းပြည်ရဲ့ ကန်းလန်မြို့တော်ကို သွေးမျိုးနွယ်စု စစ်တပ်က သိမ်းသွားတယ်။ လူပေါင်းသန်းသုံးဆယ်ကျော်လည်း ခန္ဓာကိုယ်တွေ ခြောက်ကပ်သွားတဲ့ထိ သွေးစုပ်ခံလိုက်ရတယ်။ စစ်တပ်ကို ဦးဆောင်ထားတာက ဧကရာဇ်ရိတန်းရဲ့ လူယုံတော် ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိတဲ့ သွေးမျိုးနွယ်စု ကျင့်ကြံသူပဲ။ နာမည်က မော်တွန်တဲ့။ မြို့တော်တစ်ခုလုံးကို ဖျက်စီးပြီးတော့ သူတို့တွေက အနက်ရောင်စိမ့်တောကို ပြန်ပြီးတပ်ဆုတ်သွားတယ်။ ကောင်းကင်ဘုံခုံရုံးရဲ့ စီမံခန့်ခွဲရေးဋ္ဌာနကလူတွေ ရောက်လာပေမယ့် မော်တွန်ကို မသတ်နိုင်ခဲ့ဘူး။"
ဓားအင်မော်တယ်လင်းရှောင် ရှင်းပြလိုက်သည်။
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုသည်မှာ ဧကရာဇ်ရိတန်း၏ လက်စားချေမှုဖြစ်ပြီး စမ်းသပ်ခြင်းဟုဆိုလျှင် ပိုမိုသင့်တော်ပေလိမ့်မည်။
"ဋ္ဌာနမှူး ကျင်းဟုပြောသလို ဆိုရင်တော့ မော်တွန်က ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရှိပြီး ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ အချင်းချင်းတောင် တိုက်ရမလွယ်ဘူးလို့ပြောတယ်။ ပြီးတော့ ဒါကအစပဲ ရှိသေးတယ်။ ကန်းလန်မြို့ ပတ်ပတ်လည်က မြို့နှစ်ဆယ်ကိုလည်း သူပစ်မှတ်ထားမှာပဲ။"
ဓားအင်မော်တယ်လင်းရှောင်၏ မျက်ဝန်းများမှာ အန်လင်းထံမှ မခွာပေ။
"ကျွန်တော့်ကို ကန်းလန်မြို့ဘက်သွားပြီး မော်တွန်ကို ရှင်းခိုင်းချင်နေတာလား။"
အန်လင်း မေးမြန်းလိုက်သည်။
ဓားအင်မော်တယ်လင်းရှောင်မှာ အားတုံ့အားနာ ခေါင်းညိတ်ပြလိုက်သည်။
"ဧကရာဇ်ထျန်းဟောင်ကြောင့် ဟွမ်းချန်မြို့တော်က လုံခြုံနေပြီလေ။ အဲ့ဒါကြောင့် စီမံခန့်ခွဲရေးဌာနက မင်းကိုအကူအညီတောင်းဖို့ ဆုံးဖြတ်ထားတာ။ မင်းဘယ်လောက်ထိစွမ်းလဲဆိုတာ သူတို့အားလုံးလည်း သိကြတယ်လေ။ ဒါပေမယ့် သွားမယ်၊ မသွားဘူးက မင်းသဘောပါပဲ။"
အန်လင်းမှာ ဧကရာဇ်ရိတန်းပါ ပါလာနိုင်သောကြောင့် ထိုကိစ္စအား အချိန်ယူ စဉ်းစားနေရသည်။
မည်သို့ပင်ဆိုစေကာမူ မြို့တော်များမှာ အန္တရာယ် ရှိနေသောကြောင့် တွေဝေနေရန် မဖြစ်နိုင်ပေ။
"ကောင်းပြီလေ...ကျွန်တော်သွားလိုက်မယ်။"
အလွယ်တကူ သဘောတူလာမည်ဟု မထင်ထားသောကြောင့် ဓားအင်မော်တယ်လင်းရှောင်မှာ ကျေးဇူးတင်မိသွားသည်။
"သေသေချာချာ ဂရုစိုက်ရမယ်နော်။ ကိုယ့်ကိုယ်ကို တွန်းအားပေးရတဲ့ထိ တိုက်ခိုက်ဖို့ မလိုဘူး။"
"စိတ်မပူပါနဲ့... ကျွန်တော် ဂရုစိုက်မှာပါ။"
အန်လင်းသည် ဓားအင်မော်တယ်လင်းရှောင်ထံမှ အချက်အလက်များ ရယူပြီးသည့်နောက် ကန်းလန်မြို့သို့သွားရန် သူငယ်ချင်းများအား ဆက်သွယ်လိုက်သည်။
စုရှောင်လန် တစ်ဦးတည်းကသာ သူ့အားအဖော်ပြုပေးနိုင်သည်။
အစ်ကိုကြီးချန်သည် သူ၏နယ်ပယ်အား ပြင်ဆင်နေပြီး စုချန်းရန်မှာလည်း အကူအညီ မပေးနိုင်သည့်အတွက် ဟွမ်းချန်မြို့တွင်နေကာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့တက်ရန် ဆုံးဖြတ်ထားသည်။
မုန့်ထျန်းတို့သည် လိုလိုလားလား လိုက်ပါလိုပါသော်လည်း အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် အန်လင်း မခေါ်သွားရဲပေ။
သွေးမျိုးနွယ်စုထံမှ ရှောင်ရှားရန် ဘရိုင့်စ်သည်လည်း နေရစ်ခဲ့ရမည် ဖြစ်သည်။
ထိုသို့ဖြင့် အန်လင်းနှင့် စုရှောင်လန်တို့မှာ တပိုင်အားစီးကာ ထွက်လာခဲ့ကြသည်။ ရှောင်ချိုးနှင့် ရှောင်ဇယ်တို့သည်လည်း ၎င်းတို့နှင့်အတူ လိုက်ပါလာကြသည်။
ကန်းလန်မြို့တော်သည် ဟွမ်းချန်မြို့တော့၏ ကီလိုမီတာ ရစ်ရှာအကွာတွင်ရှိပြီး အနက်ရောင်စိမ့်တောနှင့် ခြားထားသော မြစ်ကြီးတစ်ခုရှိသည့် ကြီးကျယ်ခမ်းနားသော မြို့တော်တစ်ခု ဖြစ်သည်။
တပိုင်သည် ကောင်းကင်ထက်မှ ဆင်းသက်လာရင်း စုတ်ပြတ်သတ်နေသော မြို့ကြီးအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"တော်တော်အခြေအနေ ဆိုးနေတာပဲ....ဝုတ်။"
အန်လင်း၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်ကာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖြာထွက်နေသည်။
"မော်တွန်....မင်းကိုမသတ်ရမချင်း ကောင်းကင်ဘုံခုံရုံးကို မပြန်ဘူး။"
မြို့နံရံမှာ ပြိုကျပျက်စီးနေပြီး ကြောက်လန့်နေသော အမူအရာဖြင့် ခြောက်သွေ့သေဆုံးနေကြသော အလောင်းကောင်များ နေရာအနှံ့ ပြန့်ကြဲနေကာ ၎င်းတို့ထဲတွင် ကောင်းကင်ဘုံခုံရုံးမှ ကျောင်းသားအချို့ပင် ပါဝင်နေသေးသည်။
မြို့တော်တစ်ခုလုံး သုဿန်တစပြင် ဖြစ်နေလေပြီ။
အသုဘ အခမ်းအနားများ လုပ်ဆောင်ပေးရန်အတွက် အလောင်းများ လိုက်ကောက်နေကြသော စီမံခန့်ခွဲရေးဋ္ဌာနမှ တာဝန်ရှိသူများကိုလည်း တွေ့နိုင်သည်။
အချို့သော ကောင်းကင်ဘုံခုံရုံး ကျောင်းသားများမှာမူ မြေပြင်ပေါ်တွင် ဒူးထောက်ငိုကြွေးနေကြသည်။
အစိမ်းရောင် တာအိုဝတ်စုံနှင့် အမျိုးသားတစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား ရှိနေပြီး မြေကြီးထဲ စိုက်ဝင်နေသောဓားမှာ သူ၏ခန္ဓာကိုယ်အား ထိန်းပေးထားသည်။ ၎င်းသည် ခေါင်းငိုက်စိုက်ကျနေကာ အသက်စွမ်းအင်လည်း အနည်းငယ်မျှ မကျန်ရစ်တော့ပေ။
(မင်္ဂလာပါ။ အန်လင်းက စာရေးသူဆီမှာ စာစဥ်၅၄ထိ ရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)