← Chapters

ရှေးဟောင်းသစ်ပင်

Vol. 6 Ch. 78

ရှေးဟောင်းသစ်ပင်

Vol. 6 Ch. 78

အခန်း(၇၈) ရှေးဟောင်းသစ်ပင်

"ကောင်းလိုက်တာ"

ယဲ့ရှောင်ချန်းတစ်ယောက် အလွန်အံ့အားသင့်သွားသည်။ ထို့နောက် ဘာမှတွန့်ဆုတ်မနေတော့ဘဲ အဖုံးကို အလျင်အမြန် ဖွင့်လိုက်သည်။ လက်ကို အထဲထည့်လိုက်ပြီး သွေးရောင် ပျားဥကို ထုတ်ယူလိုက်၏။

ယဲ့ရှောင်ချန်းက စိတ်ဝိညာဥ်ပါရမီကို အသုံးပြုပြီး ဝတ်မှုန်ကူးပျားဥ၏ အသိစိတ်နှင့် စတင်ဆက်သွယ်လေသည်။

ဝတ်မှုန်ကူး ပျားဥနှင့် ဆက်သွယ်နေစဥ်အတွင်း ဝတ်မှုန်ကူးပျားဥ ပိုးလောင်းက အခွံထဲမှ ဖောက်ထွက်နေသည်ကို ခံစားမိသည်။

ပျားဥတုန်ခါမှုက ပိုပိုပြီး များလာသည်။

တစ်နာရီခွဲခန့်ကြာသောအခါ နောက်ဆုံးတော့ ဥခွံကွဲထွက်သွားပြီး အလွန်သေးငယ်သော နို့ဖြူရောင် ပိုးလောင်းလေးက အထဲမှ တွားသွားထွက်လာ၏။

အလွန်သေးငယ်လှသည်။

ပိုးလောင်းလေးက ယဲ့ရှောင်ချန်း၏ လက်ဖဝါးပေါ်သို့ တက်လာ၏။

ယဲ့ရှောင်ချန်းသည် ပိုးလောင်းလေး၏ သူ့အပေါ်ထားသော သံယောဇဥ်ကို ခံစားမိသည်။ ဖြစ်ချင်တော့ ပျား၏ အသိစိတ်ကို ဖွင့်ပေးသည့် သူ့ကြိုးစားအားထုတ်မှုများကြောင့် သူနှင့် ပိုးလောင်းတို့အကြား ထူးဆန်းပြီး ရင်းနှီးသော ဆက်နွယ်မှုတစ်ခုကို ဖြစ်ပေါ်သွားစေသည်။

"ဗိုက်ဆာလို့လား။"

ယဲ့ရှောင်ချန်းက ပိုးလောင်းနှင့်ဆက်သွယ်နေစဉ် ပိုးလောင်းလေးက ပို့ဆောင်လိုက်သော 'ဗိုက်ဆာတယ်' ဟူသည့် မက်ဆေ့ချ်ကို အာရုံခံမိသည်။

ပိုးလောင်းလေးကို သန့်စင်သော ဖန်ပုလင်းတစ်ခုထဲ အမြန်ထည့်လိုက်ပြီး အရင်က ပြင်ဆင်ထားသော အင်မော်တယ်စမ်းရေ ပျားရည်မှုန့်ကို ထုတ်ယူလိုက်သည်။ ဇွန်းတစ်ချောင်းဖြင့် ခပ်ယူလိုက်ပြီး ဖန်ပန်းကန်လုံးတစ်လုံးထဲ ထည့်ပေးလိုက်သည်။ ထို့နောက် အင်မော်တယ်စမ်းရေမှ ရေတချို့ယူကာ ပျားရည်မှုန့်နှင့် ရောစပ်လိုက်၏။

မကြာမီ အရည် ၁၀ မီလီမီတာခန့် ရရှိသွားသည်။

ပိုးလောင်းကို တန်းထုတ်လိုက်ပြီး ပျားရည်ထဲတွင် ထည့်ပေးလိုက်သည်။

ပိုးလောင်းလေး ရေနစ်သွားမည်ကို သူ မစိုးရိမ်ပေ။

ရှန်းနုန်မိတ်ဆက်လမ်းညွှန်ထဲတွင် ဝတ်မှုန်ကူး ပျားပျိုးထောင်မှုကို သည်အတိုင်း ဖော်ပြထားခြင်းဖြစ်သောကြောင့်ပင်။

သေချာသည်။ ပိုးလောင်းက ပျားရည်ထဲ ဆင်းသွားပြီးနောက် ပျော်ရွှင်သွားသည့်ပုံပေါက်လာပြီး ထိုအကောင်လေးက ပျားရည်ထဲတွင် အေးအေးဆေးဆေး ကူးခတ်နေခဲ့သည်။

တကယ်ပဲ မှော်ဆန်သော ဝတ်မှုန်ကူး ပျားတစ်ကောင်ဖြစ်သည်။

ရေပင်ကူးတတ်သည်။

သာမန် ပိုးလောင်းဆိုလျှင် ရေနစ်သွားနိုင်၏။

ပိုးလောင်းက ခဏလောက် ကူးခတ်နေပြီး ပျော်ရွှင်နေပုံရသည်။ ထို့နောက် အစာကို စတင် စားသောက်ခဲ့၏။ သာမန်မျက်လုံးနှင့် မြင်နိုင်သော အရှိန်ဖြင့် မူလက ပိန်လှီနေသော ပိုးလောင်း ခန္ဓာကိုယ်မှာ ပူဖောင်းတစ်လုံးပမာ ဖောင်းကားလာသည်ကို ယဲ့ရှောင်ချန်းတစ်ယောက် မြင်လိုက်ရသည်။

နောက်ဆုံးတော့ ပိုးလောင်းက မူလအရွယ်အစားထက် နှစ်ဆခန့် ပိုကြီးလာသည်။

ပိုးလောင်းက စားသောက်နေသည်ကို ရပ်လိုက်ပြီး ပျားရည်ထဲသို့ ခန္ဓာကိုယ်ကို နှစ်လိုက်၏။ မလှုပ်တော့ဘဲ အိပ်ပျော်နေသည့်ပုံပင်။

ယဲ့ရှောင်ချန်းက မစိုးရိမ်ဘဲ ဖန်ပန်းကန်လုံးကို အုပ်ထားလိုက်သည်။ ထို့နောက် ထိုဖန်ပန်းကန်လုံးကို သိုလှောင်နေရာကွက်ထဲသို့ ထည့်ထားလိုက်၏။

နောက်ထပ် ရက်အနည်းငယ်အထိ မွေးကင်းစ ကလေးတစ်ယောက်ပမာ  ဝတ်မှုန်ကူးပျားပိုးလောင်းလေးက စားလိုက်အိပ်လိုက် လုပ်နေခဲ့သည်။

ပိုးလောင်း၏ ခန္ဓာကိုယ်ကလည်း နေ့တိုင်း ကြီးထွားလာနေသည်။ ထိုနို့ဖြူရောင် ခန္ဓာကိုယ်က ၀ဖီးနေပြီး အလွန်ချစ်စရာကောင်းသည်။

ယဲ့ရှောင်ချန်းက နေ့တိုင်း ပိုးလောင်းနှင့် ဆက်သွယ်ကာ ခံစားချက်များ ပျိုးထောင်လေ့ရှိသည်။

ရှရှီ၊ အရှေ့ဘက်မြို့စွန်၊ မာဝမ်သွေ့ ရှေးဟောင်းသုတေသန လုပ်ငန်းနေရာ။

ဟိန်းသံကြီးတစ်ခု ထွက်လာပြီး အချိန်အတော်ကြာ ပိတ်နေခဲ့သည့် တံခါးတစ်ချပ် ပွင့်လာခဲ့၏။ ထို့နောက် မြေကြီးထဲတွင် နှစ်ထောင်ပေါင်းများစွာ နစ်မြုပ်နေခဲ့သော အုတ်ဂူတစ်လုံး ပေါ်လာခဲ့သည်။

ထိုရှေးဟောင်း သင်္ချိုင်းဂူထဲသို့ ဦးဆောင်သွားနေသည်က လီယန်ဖြစ်သည်။ သူက တောင်ပိုင်း ရှေးဟောင်းရိုးရာနှင့် သုတေသနအမွေအနှစ် အဖွဲ့အစည်း ဒါရိုက်တာကြီးဖြစ်သည်။

မာဝမ်သွေ့၏ ဂူသုံးခု စူးစမ်းလေ့လာမှုတွင် သူပါဝင်ခဲ့သည်။

သို့သော်လည်း နှစ်ပေါင်းများစွာ ဂရုတစိုက် လေ့လာပြီးနောက် သူတို့ တူးဖော်ခဲ့သည့် လီကန်ဂူက အစစ်ကို ဖုံးကွယ်ထားသည့် အတုကြီးဖြစ်နေသည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။

ထို့ကြောင့် နှစ်ပေါင်းများစွာကြာအောင် ဂူအစစ်၏ တည်နေရာကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

သူ့ကြိုးစားမှုက ရလဒ်ကောင်းမွန်ခဲ့သည်။ နောက်ဆုံးတော့ လီကန်ဂူကို ရှာတွေ့ပြီး အောင်မြင်စွာ ဖွင့်နိုင်ခဲ့သည်။

ရှေးဟောင်းသုတေသနအသင်းမှ လူများက ထိုရှေးဟောင်းဂူထဲ ဝင်သွားကြသည့်အခါ အတွင်းဘက် ရှုခင်းကြောင့် ထိတ်လန့် အံ့အားသင့်သွားရ၏။

သင်္ချိုင်းဂူ၏ အလယ်တွင် ဧရာမ ခေါင်းတလားကြီးတစ်လုံးရှိသည်။

သင်္ချိုင်းဂူ၏ ထိပ်တွင် တောက်ပသည့် ဧရာမ ပုလဲလုံးကြီး ၁၀လုံး ရှိနေပြီး အလင်းရောင်ဖျော့ဖျော့ ထုတ်လွှတ်နေကာ သင်္ချိုင်းဂူတစ်ခုလုံးကို လွှမ်းမိုးနေခဲ့သည်။

အံ့အားသင့်စရာ အကောင်းဆုံးအရာက ခေါင်းတလား၏ နံဘေးတွင် ရှိနေသော အကွေး ၉ ခု၊ အကိုင်း ၁၈ခု ရှိသည့် သစ်ပင်တစ်ပင်ဖြစ်သည်။

ထိုထူးဆန်းသည့် သစ်ပင်က လေးငါးမီတာခန့်ရှိကာ ပင်စည်နှင့် သစ်ကိုင်းများသာရှိပြီး သစ်ရွက် လုံးဝမရှိပေ။

"ဘုရားရေ ဒါရှေးဟောင်း ဖူဆန်သစ်ပင်ပဲ။"

လီယန်က ထိုသစ်ပင်ထံသို့ အပြေးသွားပြီး ဘေးနားက ခေါင်းတလားကြီးကို ကြည့်လိုက်သည်။ ရှေးဟောင်းသစ်ပင်ကို မြင်လိုက်ရသောကြောင့် သူအပျော်လွန်နေခဲ့၏။

"အဘိုး၊ ဒီကမ္ဘာကြီးမှာ တကယ်ပဲ ရှေးဟောင်း ဖူဆန်သစ်ပင်ရှိလို့လား။"

လီဝမ်က စိတ်လှုပ်ရှားကာ သစ်ပင်ကို ပတ်လည်လျှောက်နေပြီး တစ်ခုခုကိုလည်း ရေရွတ်နေ၏။

သူ့ဘေးတွင်တော့ မျက်မှန်ကိုင်းနက်နက်ဖြင့် မိန်းကလေးတစ်ဦးရှိသည်။ သူမက အမြော်အမြင်ရှိပြီး ဉာဏ်ရည်ကောင်းမွန်သူတစ်ဦးအသွင်ရှိသည်။

"ဒီလို 'တီ' ပုံသဏ္ဍာန်နဖူးစည်းစာတန်းတွေနဲ့ ပိုးပန်းချီတွေကနေ ပင်မသင်္ချိုင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်ဖို့ အချိန် ၁၀ နှစ်ကျော်အချိန်ပေးခဲ့ရတယ်။ ဒီကမ္ဘာကြီးထဲမှာ ရှေးဟောင်းဖူဆန် သစ်ပင် ရှိမယ်လို့ တစ်ခါမှမယုံကြည်ခဲ့ဘူး။ ဒါပေမဲ့ တကယ် ရှိနေခဲ့ပြီး စာပေတွေမှာ ဖော်ပြထားတဲ့အတိုင်းပဲ။"

လီယန်က လက်ကို ဆန့်ထုတ်လိုက်ပြီး ထူးဆန်းသည့် သစ်ပင်၏ နူးညံ့သော သစ်ကိုင်းကို ထိတွေ့လိုက်သည်။

မိန်းကလေးကတော့ သိချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။

ပိုအံ့သြဖို့ကောင်းသည်က သုတေသနေသမားများ လေ့လာဆန်းစစ်ပြီးသွားသောအခါ ထူးဆန်းသည့် ဖူဆန် သစ်ပင်ကြီးက အသက်ရှိနေသေးသည်ဆိုတာကို သိလိုက်ကြရသည်။

အမှန်ပင်။

အသက်ရှိနေပါသေးသည်။

သင်္ချိုင်းဂူကဲ့သို့ လေမရှိသည့် နေရာမျိုးတွင် နှစ်ထောင်ပေါင်းများစွာကြာပြီးနောက်တွင်ပင် ရှင်သန်နေဆဲဖြစ်သည်။

တကယ်ပဲ ဆန်းကြယ်မှုတစ်ခုဖြစ်သည်။

သင်္ချိုင်းဂူမှ နှစ်ထောင်ကျော်သက်တမ်းရှိ ရှေးဟောင်းသစ်ပင်ကြီး၏ သတင်းများ ထွက်ပေါ်လာသောအခါ ကမ္ဘာတစ်ဝှမ်းလုံးက စိတ်ဝင်စားလာခဲ့ကြသည်။

......

အိမ်တွင်။

ထမင်းစားစားပွဲရှေ့တွင် ရှေးဟောင်း ချန်းဟုန်ရောင်စုံတီဗွီတစ်လုံး ဖွင့်ထား၏။

"ကျွန်မတို့ရဲ့ မိတ်ဆွေပရိသတ်များရှင်၊ ကျွန်မရဲ့နောက်မှာ ရှိနေတာကတော့ မြေအောက်မှာ ပျောက်ကွယ်နေခဲ့တဲ့ လီကန်သင်္ချိုင်းဂူကြီးဖြစ်ပါတယ်။ မနေ့ကမှ ကျွမ်းကျင်သူတွေ ကြိမ်ဖန်များစွာ အတည်ပြုပြီးတဲ့နောက် သင်္ချိုင်းဂူကြီးထဲမှာ တွေ့ရတဲ့ ထိုသစ်ပင်ကြီးက အသက်ရှင်သန်နေဆဲဆိုတာ မှန်ကန်ကြောင်း အတည်ပြုသိခဲ့ရပါတယ်ရှင်။ ဒါပေမဲ့လည်း သူ့ရဲ့သက်တမ်းက ကုန်ခါနီးနေပြီး သင်္ချိုင်းဂူ တူးဖော်မှုကြောင့် လေထုပြောင်းလဲသွားခြင်းက သက်တမ်းထောင်ကျော်ရှိတဲ့ သစ်ပင်ကြီးကို သက်တမ်း ပိုမိုလျင်မြန်စွာ ကုန်ခမ်းစေနေပါတယ်။ ရှေးဟောင်းရိုးရာ သုတေသန အမွေပစ္စည်း အဖွဲ့အစည်းက ဒီလိုရှားပါးလွန်းတဲ့ ရှေးဟောင်း သစ်ပင်ကြီးကို ကယ်တင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းလုံးက ရုက္ခဗေဒပညာရှင်အားလုံးကို ဖိတ်ခေါ်စာ ပို့ခဲ့ပါတယ်ရှင်..."

သတင်းတွင် သတင်းကြေညာသူ အမျိုးသမီးတစ်ဦးက သတင်းကြေညာနေသည်။

"အောင်မယ်လေး... မဖြစ်နိုင်တာတွေဟယ်။ အလုံပိတ်နေတဲ့ သင်္ချိုင်းဂူထဲမှာ သစ်ပင်တစ်ပင်က နှစ်ထောင်နဲ့ချီပြီး ရှင်သန်နိုင်တယ်ပေါ့၊ ဒါ မထူးဆန်းဘူးလား။"

သူ့အမေက ရေရွတ်လိုက်၏။

"ဒါက သတင်းပဲလေ။ မှားနိုင်ခြေလည်း ရှိတာပေါ့။"

သူ့အဖေက ဆားရည်စိမ် မုန်လာဥတစ်စိတ်ကို ဝါးစားရင်းပြောလိုက်သည်။

ယဲ့ရှောင်ချန်းကလည်း အနည်းငယ် အံ့အားသင့်သွားမိသည်။ သစ်ပင်တစ်ပင် နှစ်ထောင်ချီရှင်သန်နိုင်ခြင်းက မရှားပါးပေ။

သို့သော် အလုံပိတ်နေသည့် သင်္ချိုင်းဂူတစ်လုံးတွင် ရှင်သန်နေသည်က ဆန်းကြယ်လှပါသည်။

ယဲ့ရှောင်ချန်း မနေနိုင်ဘဲ သိချင်စိတ်ဖြစ်လာမိသည်။

အမှန်ပင်။ ဒီတိုင်း သိချင်ရုံသက်သက်သာ ဖြစ်ပြီး အခြားအတွေးများကိုတော့ စိတ်ပင်မကူးပါ။

ညစာစားပြီးနောက် ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံသို့ သွားခဲ့၏။ တစ်ပတ် ပတ်ကြည့်ပြီးသွားသောအခါ သွပ်အိမ်သို့ ပြန်လာလိုက်ပြီး ဝီချက်မှ ဝမ်ရှင်းယီနှင့် စကားပြောနေသည်။

"ယဲ့ရှောင်ချန်း ကျွန်မ ရှင့်ခြံဆီ လာလည်ချင်တယ်။"

ရုတ်တရက် ဝမ်ရှင်းယီက မက်ဆေ့ချ်ပို့လာ၏။ ယဲ့ရှောင်ချန်းက အနည်းငယ်အံ့အားသင့်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို ပီတိဖြစ်သွားမိ၏။

နေ့တိုင်း ဝမ်းရှင်းယီနှင့် စကားပြောသည့်အခါ သူ့ခြံအကြောင်း အမြဲတမ်း ပြောပြလေ့ရှိသည်။

ထို့ကြောင့် ဝမ်ရှင်းယီက သူ့ခြံကို စိတ်ဝင်စားလာခဲ့သည်။

သို့သော်လည်း ဒီနေ့လိုတော့ တစ်ခါမှ ဦးဆောင်မပြောဖူးခဲ့ပေ။

တကယ့်တော့ ယဲ့ရှောင်ချန်းလည်း သူမကို အပျော်လာလည်ရန် ဖိတ်ခေါ်ချင်ခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။

"ဟုတ်ပြီလေ မနက်ဖြန်ဆိုအဆင်ပြေလား"

ယဲ့ရှောင်ချန်းက အလျင်အမြန် စာပြန်လိုက်သည်။

"ပြေပါတယ်"

ဝမ်းရှင်ယီကလည်း သိပ်မကြာဘဲ စာပြန်ပို့လိုက်သည်။

ယဲ့ရှောင်ချန်း ပြုံးသွား၏။

မနက်ဖြန် ဝမ်ရှင်းယီကို ဘယ်လိုဧည့်ခံရမလဲ။

သူ့အမေနှင့် သူ့အဖေသာ ဝမ်းရှင်းယီက နားမကြား၊ စကားမပြောနိုင်မှန်းသိသွားပါက သူတို့ဘယ်လို ထင်သွားမလဲ ဆိုတာကိုလည်း စိတ်ပူနေမိသည်။

တကယ်တော့ သူ့ဘက်က ဝမ်းရှင်ယီကို ခြံသို့အလည်လာရန် စမဖိတ်ခဲ့ရခြင်းက ထိုကိစ္စ စိုးရိမ်နေသောကြောင့်ဖြစ်သည်။

သူတို့နှစ်ဦးက သမီးရည်းစားအခြေအနေ မဟုတ်ကြသေးသော်လည်း လူကြီးများ၏ အမြင်တွင်တော့ ဝမ်ရှင်းယီက သူ့အိမ်သို့ပင် လာလည်နေပြီဖြစ်သဖြင့် အဓိပ္ပာယ်က တစ်မျိုးဖြစ်သွားနိုင်သည်။

ဝမ်ရှင်းယီ၏ မိသားစုက ကောင်းမွန်သည်။ ချမ်းသာသော အစ်ကိုတစ်ယောက်လည်း ရှိသည်။ သို့သော် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် သူ့မိဘများ တစ်မျိုးတွေးသွားနိုင်သည်။

သူ့အမေ၏ စရိုက်ကို ယဲ့ရှောင်ချန်းသိသည်။ သူ့အမေက တဲ့တိုးသမား။ ပြောစရာရှိလျှင် ဘယ်တော့မှ ဖုံးကွယ်မထားဘဲ မျက်နှာပေါ်တွင် ပေါ်အောင် ပြောတတ်သည်။

အမေ့မျက်နှာသာ တစ်မျိုးဖြစ်နေပါက ဝမ်ရှင်းယီ ဘယ်လိုထင်သွားမလဲ။

"မဟုတ်သေးပါဘူး ဝမ်ရှင်းယီကို မနက်ဖြန် အိမ်ခေါ်လာလို့ မဖြစ်ဘူး စိုက်ပျိုးရေးခြံထဲမှာပဲ ခေါ်ထားရမယ်"

"ဒါလည်း မဖြစ်သေးဘူး ဝမ်ရှင်းယီသာ ငါသူ့ကို အထင်သေးတယ်လို့ ထင်သွားရင် ပိုဆိုးသွားနိုင်တယ်"

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်ပြီး ချက်ချင်း ပထမအကြံကို ပယ်ဖျက်လိုက်သည်။

စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်း သူ့အမေနှင့်အဖေတို့ကို ကြိုပြောထားဖို့ ဆုံးဖြတ်လိုက်သည်။ မနက်ဖြန် ကိစ္စများ အလွန်အကျွံဖြစ်မသွားအောင် ကြိုတင် အကာအကွယ်ယူထားရမည်ဖြစ်သည်။

All Chapters