← Chapters

အမွှေးထူကဏန်းများ

Vol. 6 Ch. 79

အမွှေးထူကဏန်းများ

Vol. 6 Ch. 79

အခန်း(၇၉) - အမွှေးထူကဏန်းများ

"အဖေနဲ့အမေ ကျွန်တော်ပြောစရာရှိတယ်။"

နောက်တစ်နေ့မနက် မနက်စာစားနေစဥ် ယဲ့ရှောင်ချန်းက ရုတ်တရက် ထမင်းစားတူကိုချပြီး ပြောလိုက်သည်။

"ဘာပြောမလို့လဲ။"

သူ့အမေက ယဲ့ရှောင်ချန်းကို ကြည့်လိုက်၏။

သူ့သားအကြောင်းသိသဖြင့် သူတွန့်ဆုတ်နေပါက တစ်ခုခု မကောင်းတာ ဖြစ်နေပြီဟူသည့် သဘောသက်ရောက်သည်။

"အဲ... ဒီနေ့ သူငယ်ချင်းတစ်ယောက် လာလည်လိမ့်မယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

"ယောက်ျားလေးလား မိန်းကလေးလား။"

သူ့အမေက အလျင်အမြန် မေးလိုက်၏။

"အင်း မိန်းကလေးပါ။"

ယဲ့ရှောင်ချန်းက သူ့အမေ၏ စိတ်အားထက်သန်မှုကို မြင်ကာ မဲ့ပြုံးပြုံးလိုက်သည်။

မကြာသေးခင်ကမှ သူ့အမေက သူ့ကို မျက်မမြင် ချိန်းတွေ့မှုများလုပ်ဖို့ ပြောထားသေးပြီး သူက အကြောင်းအမျိုးမျိုးပြပြီး ငြင်းပယ်ထားခြင်းဖြစ်သည်။

"တကယ်လား မိန်းကလေးပေါ့။ ဒါဆိုလည်း မြန်မြန်ခေါ်လာစမ်းပါ။ ငါနဲ့ နင့်အဖေ နွေးနွေးထွေးထွေး ကြိုဆိုမှာပါ။"

သူ့အမေက ရုတ်တရက် အားတက်သရော ပြောလိုက်သည်။

"အင်း... အမေထင်သလို မဟုတ်ဘူး။"

ယဲ့ရှောင်ချန်းက မချိပြုံးပြုံးကာ ပြောလိုက်သည်။

"အဲ့ဒီမျက်နှာက ဘာဖြစ်တာလဲ။ ကောင်မလေးအကြောင်းပြောတဲ့အချိန်ကျရင် ပေါ့ပေါ့တန်တန် မပြောရဘူး။ ဒီကိစ္စကို လေးလေးနက်နက် ပြောသင့်တယ်။"

သူ့အမေ့မျက်နှာက တည်တံ့သွား၏။

"အမေ ကျွန်တော့်သူငယ်ချင်းမှာ ပြဿနာနည်းနည်းတော့ ရှိတယ်။"

ယဲ့ရှောင်ချန်းက အမြန် ပြောပြလိုက်သည်။

"နားမကြားဘူးဟုတ်လား။"

သူ့အမေက အံ့အားသင့်သွား၏။

"အမေ၊ အခြားအတွေးတွေ မဝင်အောင် ကျွန်တော်က ကြိုပြောထားရုံပါ။"

ယဲ့ရှောင်ချန်းက ခေါင်းညိတ်လိုက်သည်။

"ငါတို့က ဘာတွေးရမှာလဲ။ ဒါပေမဲ့ နင့်သူငယ်ချင်းက အသက်ဘယ်လောက်လဲ။ နားပြဿနာက မွေးရာပါလား၊ ဒဏ်ရာကြောင့်လား။"

သူ့အမေက သူမ သိချင်သည့် ကိစ္စများကို အဆုံးထိ သိအောင် လုပ်တတ်သည်။

"အမေ အဲဒါတွေ မေးလို့မရဘူးနော်၊ ဟုတ်ပြီလား။"

ယဲ့ရှောင်ချန်းက အသံကျယ်ကျယ် ပြောလိုက်၏။

"အေးပါ ဟုတ်ပါပြီ။"

သူ့အမေကလည်း ထိုကဲ့သို့ မေးခွန်းများမေးခြင်းက မကောင်းဟုခံစားရသဖြင့် ရင်ထဲက သိချင်စိတ်များကို ချက်ချင်း တောင့်ခံလိုက်ရသည်။

ယဲ့ရှောင်ချန်းက လူကြီးနှစ်ယောက်ကို ဂရုတစိုက် ဆက်ဆံရန် ပြောထားလိုက်သည်။

"ငါ့သား စိတ်ချစမ်းပါ။ ငါတို့ နင့်သူငယ်ချင်းကို ပျော်အောင်ထားပါ့မယ်။"

သူ့အမေက ကတိပေးလိုက်၏။

အဆင်ပြေသွားပြီဖြစ်သည်။

သစ်သီးများနှင့် ဟင်းသီးဟင်းရွက်တွေအားလုံး ပို့ဆောင်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် ဝမ်ရွှေရှန့်၏ ဗီလာသို့ တန်းသွားခဲ့သည်။

ဝမ်ရွှေရှန့်ကလည်း ယနေ့အိမ်တွင်ရှိနေသည်။

"ရှင်းယီ အပန်းသွားဖြေလိုက်ဦးလေ။"

"ရှောင်ချန်း သူ့ကို ဘေးကင်းအောင် ဂရုစိုက်ပေးနော်။"

"စောစော ပြန်လာခဲ့ကြ၊ နောက်မကျစေနဲ့။"

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံသို့ အပျော်သွားလည်ချင်သည်ဟု ပထမဆုံးအကြိမ် ကြားလိုက်ရသောအခါ ဝမ်ရွှေရှန့်တစ်ယောက် အံ့အားသင့်သွားမိသည်။ ထို့နောက် သူလိုက်လိုက်လျောလျော သဘောတူခဲ့ပြီး ယဲ့ရှောင်ချန်းကို ဂရုစိုက်ရမည့်အရာများ မှာကြားလိုက်၏။

ယဲ့ရှောင်ချန်းလည်း ခေါင်းညိတ်ခဲ့သည်။

ရှီပေါင်းလေးသည်လည်း သွားချင်သည်ဟု အော်ကာ ပူဆာသည်။ သို့သော် ကျူးချင်းချင်းက ခွင့်မပြုပေ။ ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ဂရုစိုက်ရမှာမလား။

ရှီပေါင်းလေးပါ ထည့်ပေးလိုက်လျှင် မတော်တဆဖြစ်မည်ကို စိုးရိမ်နေမိတာ ဖြစ်သည်။

ကားထဲရှိ ဦးလေးယဲ့နှင့် ဒေါ်လေးရှင်းယီတို့ကို ကြည့်ရင်း ရှီပေါင်းလေးမှာ မျက်ရည်များကျကာ ငိုတော့သည်။

မကြာခင် ကားက ဗီလာ၏ ပါကင်နေရာမှ ထွက်ခွာသွားလေသည်။

ထွက်ခွာသွားသော ကားကိုကြည့်ရင်း ဝမ်ရွှေရှန့်မျက်လုံးထဲတွင် အတွေးတချို့ ထင်ဟပ်လာ၏။

ကျူးချင်းချင်းက ရှီပေါင်းလေးကို ချော့နေသည်။

ဧည့်ခန်းမထဲတွင်...

ရှီပေါင်းလေးက အရုပ်များဖြင့်ကစားရင်း ပျော်ရွှင်နေသည်။

ကျူးချင်းချင်းနှင့် ဝမ်ရွှေရှန့်တို့က စကားပြောနေကြ၏။

"ယောက်ျား၊ ဝမ်ရှင်းယီနဲ့ ယဲ့ရှောင်ချန်းတို့ ဆက်ဆံရေးက နည်းနည်း ပုံမှန်မဟုတ်ဘူးလို့ ရှင် မထင်မိဘူးလား။"

ကျူးချင်းချင်းက ရုတ်တရက် ပြောလိုက်သည်။

"ငါသိပါတယ်။"

ဝမ်ရွှေရှန့်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ဒါဆို ကျွန်မတို့ ဒီတိုင်း ကြည့်နေကြမှာလား။"

ကျူးချင်းချင်းက တစ်စုံတစ်ခုကို မီးမောင်းထိုးပြချင်နေသည်။

"မိန်းမ ယဲ့ရှောင်ချန်းကို ဘယ်လိုသဘောရလဲ။"

ဝမ်ရွှေရှန့်က မေးခွန်းကို တိုက်ရိုက်မဖြေဘဲ သူမကို ပြန်မေးလိုက်သည်။

"တော်တော်လေး တော်ပါတယ်။ ရိုးသားတယ်၊ ဖြောင့်မတ်တယ် ပြီးတော့ သာမန် လူငယ်တွေလိုမျိုး မကြွားဝါတတ်ဘူး။"

ကျူးချင်းချင်းက စဥ်းစားပြီးနောက် ပြောလိုက်သည်။

"အပြစ်အနာအဆာကော ရှိလား။"

ဝမ်ရွှေရှန့်က မေးလိုက်သည်။

"မရှိပါဘူး၊ ဒါပေမဲ့ မိသားစုအခြေအနေက သိပ်မကောင်းတာပဲ ပြောစရာရှိတယ်။"

ကျူးချင်းချင်းက ခေါင်းခါရင်း ပြောလိုက်သည်။

သူမက ထက်မြက်သော မိန်းမတစ်ဦးဖြစ်သော်လည်း သာမန်မိန်းမများကဲ့သို့ ပြဿနာတော့ ရှိနေသေးသည်။ လက်တွဲဖော်ကို ရှာသည့်နေရာတွင် ယောက်ျားဖြစ်သူ၏ မိသားစု ပိုင်ဆိုင်မှုအခြေအနေကို အာရုံစိုက်တတ်ခြင်း ဖြစ်သည်။

"ဟားဟား မင်း ကိုယ့်ကို လက်ထပ်တုန်းက ကိုယ်လည်း ဆင်းဆင်းရဲရဲကောင်လေး တစ်ယောက်ပဲလေ။"

ဝမ်ရွှေရှန့်က ရုတ်တရက် ရယ်မောလိုက်သည်။

"သာမန်လူတစ်ယောက်က ရှင်နဲ့ယှဥ်လို့ရမလား။ ရှင်အလုပ်ကြိုးစားတာကိုသာ ကျွန်မ သဘောမကျခဲ့ရင် ရှင့်ကို ဘယ်သူက လက်ထပ်မှာလဲ။"

ကျူးချင်းချင်းက ဝမ်ရွှေရှန့်ကို ကြည့်လိုက်သည်။

သူမမှာ ဝမ်ရွှေရှန့် ဆင်းရဲသည့်အချိန်ကတည်းက လက်ရှိချမ်းသာသော အခြေအနေထိရောက်အောင် ကြိုးစားလာသည့်တလျှောက်လုံး ဘေးတွင်ရှိနေပေးခဲ့သည်။ ထို့ကြောင့် သူမယောက်ျား၏ စွမ်းဆောင်နိုင်ရည်ကို လေးလေးနက်နက် နားလည်ထားသည်။

"ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ်တော့ ယဲ့ရှောင်ချန်းကို အားရပါတယ်။ အရင်ဆုံး စောင့်ကြည့်ကြတာပေါ့။ ဒီနှစ်တွေထဲ ရှင်းယီ အခြားသူတွေနဲ့ နီးနီးကပ်ကပ်နေတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။"

ဝမ်ရွှေရှန့်က သက်ပြင်းချလိုက်သည်။

ကျူးချင်းချင်းက ဘာမှမပြောတော့ပေ။ သူ့ယောက်ျား၏ အတွေးများကို သိပြီးသားဖြစ်သည်။

ကားမှာ ကျေးရွာကတ္တရာလမ်းပေါ်တွင် ပြေးလွှားနေခဲ့သည်။

လမ်းအချိုး ၉ခုရှိပြီး တောင်များနှင့် မြစ်များအကြားတွင် တည်ရှိနေသည်။ လမ်းတစ်လျှောက် မြင်ကွင်းများက မြို့တော်မြင်ကွင်းများဖြင့် နှိုင်းယှဥ်၍မရနိုင်ပါ။

ဝမ်ရှင်းယီက အပြင်လောကကို လျှောက်လည်တတ်သည်က ရှားသည်။

ကျေးရွာမြေပြင် အနေအထားများက ပန်းချီကားချပ်တစ်ခုကဲ့သို့ ဖြစ်နေသည်ဟုပင် သူမ ခံစားခဲ့ရသည်။ သူမမျက်နှာပေါ်တွင်လည်း တောက်ပသော အပြုံးတစ်ခုက ပေါ်လွင်နေ၏။

အင်္ဂတေတံတားကြီးကို ဖြတ်သန်းပြီး မိနစ်အနည်းငယ်ခန့် မောင်းပြီးသွားသောအခါ ယဲ့ရှောင်ချန်း၏ အိမ်သို့ ရောက်လာပြီဖြစ်သည်။ ကားက အိမ်အနားတွင် ရပ်သွားသည်။

သူ့အဖေနှင့် သူ့အမေတို့က ကြိုတင်စောင့်နေကြပြီဖြစ်သည်။

ကားထဲမှထွက်လာသော ကောင်မလေးကို မြင်သွားသောအခါ သူတို့ကြက်သေသေသွားရသည်။

သူတို့သား၏ သူငယ်ချင်းမလေးက နတ်သမီးလေးလို လှပသည်။

ပန်းချီကားထဲက နတ်သမီးပမာ၊ တီဗွီပေါ်က ကြယ်ပွင့်များထက် ပိုလှပသည်။

သူမက တကယ်ပဲ ချောမောလှပသည်။ အထူးသဖြင့် သူမ၏ တိတ်ဆိတ်ပြီး သူစိမ်းဆန်သော အပြုအမူက လူများကို ကြည်သာသော ခံစားချက်တစ်ခု ပေးစွမ်းနိုင်သည်။

သူတို့ရင်ထဲတွင် သက်ပြင်းချလိုက်မိ၏။ ဒီလောက်လှပသည့် မိန်းကလေးတွင် နားပြဿနာရှိနေသည်။ တကယ်ပဲ သဘာဝတရားကြီးက လူတွေကို ကစားတတ်လွန်း၏။

ဝမ်ရှင်းယီက လူကြီးနှစ်ယောက်ကို မြင်သွားသောအခါ ယဲ့ရှောင်ချန်း၏ မိဘများမှန်း ချက်ချင်း သိသွားသည်။

သူမက စကားမပြောနိုင်သဖြင့် လက်ဖြင့်သာ ဟန်ပြလိုက်သည်။

"အဖေနဲ့အမေ၊ ဝမ်ရှင်းယီက နှုတ်ဆက်နေတာပါ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

နှစ်ယောက်သား အသိပြန်ဝင်လာကြပြီး သူမကို အလျင်အမြန် ပြန်နှုတ်ဆက်လိုက်သည်။

ယဲ့ရှောင်ချန်းက စကားပြန်ဖြစ်သွားပြီး သူတို့သုံးဦးကို အချင်းချင်း ဆက်သွယ်လို့ရအောင် ကူညီပေးရသည်။

တကယ်တော့ ယဲ့ရှောင်ချန်းက သူ့အဖေနှင့် အမေကို ကြိုတင်သတိပေးထားစရာတောင် မလိုခဲ့ပေ။ ဤကဲ့သို့ လှပသော မိန်းကလေးတစ်ယောက် နားမကြား၊ စကားမပြောနိုင်သည်ကို တွေ့လိုက်ရသောအခါ သူတို့သည် သူမအတွက် စိတ်မကောင်းဖြစ်သွားကြသည်။

အိမ်တွင် သူတို့ အကြာကြီးမထိုင်ခဲ့ပေ။။ ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို စိုက်ပျိုးရေးခြံသို့ ခေါ်သွားလိုက်သည်။

စိုက်ပျိုးရေးခြံတွင် ဝမ်ရှင်းယီက အခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်။ သူမ သက်ဝင်လှုပ်ရှားလာသည်။ လျှောက်သွားနေပြီး ဟိုကြည့်ဒီကြည့်ဖြင့် အပင်များကို ထိတွေ့ကိုင်တွယ်ရင်း ခံစားနေခဲ့သည်။

ယဲ့ရှောင်ချန်းက သူမနောက်ကို လိုက်ခဲ့ပြီး သူမဖုန်းနှင့် ဓာတ်ပုံရိုက်ပေးသည်။

မွန်းတည့်ချိန် ရောက်လာပြီး နေ့လယ်စာစားချိန် ရောက်ပြီဖြစ်သည်။

"ရှင်းယီ ထပ်စားပါဦး။"

အမေက သူမကို ဟင်းရွက်ကြော်များ မကြာခဏ ထည့်ပေးတတ်သည်။

ဝမ်ရှင်းယီက နားမကြားသော်လည်း ယဲ့ရှောင်ချန်းအမေ၏ ဂရုစိုက်မှုကို ခံစားမိသည်။ သူမ ငယ်စဥ်တုန်းကလည်း သူမအမေက သူမကို အသီးအရွက်ဟင်းများ ထည့်ပေးလေ့ရှိသည်။

ယနေ့ နေ့လယ်စာကို သူမ သက်သောင့်သက်သာ စားနိုင်ခဲ့ပါသည်။

ယဲ့ရှောင်ချန်းက သူမကို ပြန်လိုက်ပို့သောအခါ သူမ၏ တစ်ကိုယ်လုံး လန်းဆန်းနေသည့်ပုံပေါက်သည်။

ဝမ်ရွှေရှန့်က သူ့ညီမ၏ ပုံစံကို မြင်လိုက်ရသောအခါ ဝမ်းသာသွားမိသည်။

အစ်ကိုကြီးတစ်ယောက်အနေဖြင့် ဝမ်ရှင်းယီဘဝတွင် အကောင်းဆုံးဆိုသော ပစ္စည်းများဖြင့်သာ ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း စိတ်ပိုင်းဆိုင်ရာ ရှုထောင့် တချို့တွင်တော့ ဖြည့်စွက်ပေးဖို့ ခက်ခဲလှသည်။

"ယဲ့ရှောင်ချန်း ညစာစားပြီးမှ ပြန်ပါလား။ ဒီနေ့ အမွှေးထူကဏန်း အကောင်ကြီးကြီးတွေ ချက်ထားတယ်။"

ယဲ့ရှောင်ချန်းက အဲဒါကို စဥ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

တကယ်တော့ သူသည် အမွှေးထူကဏန်းများကို စိတ်ဝင်စားသည်။

အမွှေးထူကဏန်းများကို သူ ကြားသာကြားဖူးပြီး မစားဖူးသော ဟင်းမျိုးဖြစ်သည်။

ဒီရာသီက ကဏန်းရာသီဖြစ်၏။

အမွှေးထူကဏန်းများမှာ စျေးကြီးလွန်း၏။

ယန်ချန်းရေကန်မှ အမွှေးထူကဏန်းများက ရေပန်းအစားဆုံးဖြစ်သည်။

အကောင်ကြီးလေလေ စျေးကြီးလေလေ ဖြစ်သည်။

ထို့အပြင် ယန်ချန်းရေကန်မှ အမွှေးထူကဏန်းအစစ်ကို ဝယ်ယူနိုင်ဖို့က ခက်ခဲလှသည်။

ကျူးချင်းချင်းက ညစာပြင်ဆင်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းက နောက်ဆုံးတော့ ယန်ချန်း အမွှေးထူကဏန်းကို မြင်နိုင်ပြီဖြစ်သည်။

သူသည် ဒါကိုမြင်တော့ မအံ့သြဘဲ မနေနိုင်ခဲ့ပေ။ ကဏန်းတွေက တကယ်ပဲ ကြီးမားလှပါသည်။

တစ်ကောင်ကို အနည်းဆုံး ၅ လျန် (၅၀ ဂရမ်နှင့်ညီ) လောက်ရှိနိုင်သည်။

စျေးကွက်ထဲတွင် လည်ပတ်နေသည့် ယန်ချန်းရေကန်မှ အမွှေးထူကဏန်းများက ၄ လျန်လောက်ရှိနိုင်ပြီး အလွန်ကောင်းမွန်သည်ဟု သတ်မှတ်နိုင်သည်။ ကဏန်းကြီးများသည် စျေးကွက်သို့ မရောက်ခင် ကုန်ဆုံးသွားရသည့် အဓိကအကြောင်းအရင်းသည် အပြင်လူများ မသိစေဘဲ သူဌေးများနှင့် အာဏာရှိသူများက ကြိုတင်ဝယ်ယူသွားကြသောကြောင့်ဖြစ်သည်။

ဒီလောက် အကောင်ကြီး တစ်ကောင်ဆိုလျှင် ၄၀၀ - ၅၀၀ ယွမ်လောက်ရှိနိုင်သည်။

ယဲ့ရှောင်ချန်းသည် စိတ်ခံစားချက်ကြီးစွာ သက်ပြင်းချလိုက်သည်။ ဒီလို အမွှေးထူကဏန်းက သူ့ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို ယှဥ်နိုင်ပေသည်။

ယဲ့ရှောင်ချန်းက ကဏန်း ၅ ကောင် စားခဲ့သည်။

ထို့ကြောင့် သူ့ဗိုက်ထဲသို့ ယွမ် ၂၀၀၀ ကျော် ရောက်သွားခဲ့သည်။

ဒါတောင် သူတစ်ယောက်တည်းဖြစ်ပြီး အားလုံး၏ အမွှေးထူကဏန်းအရေအတွက်များကိုပါ ထည့်ပေါင်းပါက ယွမ် ၁၀,၀၀၀ ကျော်နိုင်သည်။

သူ မပြန်ခင် ကျူးချင်းချင်းက ယဲ့ရှောင်ချန်းကို သူ့မိဘတွေ စားဖို့အတွက် အမွှေးထူကဏန်း ၁၀ ကောင် ထည့်ပေးခဲ့သည်။

All Chapters