ကွာဟချက်
Vol. 6 Ch. 80
အခန်း(၈၀) - ကွာဟချက်
ဒီနေ့က တနင်္ဂနွေနေ့။
နွေရာသီ ကုန်ဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် နေသာလျှင်တောင် လူတွေက ပူလောင်မှုကို ခံစားရမှာ မဟုတ်ဘူး။
ကျယ်ဝန်းသော လယ်ကွင်းပြင်တွင် လေပြည်များဖြင့် ရွှေရောင်စပါးများက လှိုင်းများပမာ တွန့်ခါလှုပ်ရှားနေကြသည်။
စပါးရိတ်သိမ်းချိန် ရောက်လာပြီ ဖြစ်သည်။
ကောက်ရိတ်စက်ကြီးနှစ်စီးက လယ်ကွင်းထဲတွင် စပါးရိတ်သိမ်းနေသည်။
စိုက်ပျိုးရေးက ယခုခေတ်တွင် ယခင်တုန်းကထက် ပိုမိုလွယ်ကူလာလေပြီ။ ကောက်ရိတ်သိမ်းခြင်း အခက်အခဲများကလည်း ပိုမိုလွယ်ကူလာပြီဖြစ်သည်။ အခကြေးငွေ ပမာဏတစ်ခုအထိ ပေးနိုင်ပါက ကောက်ရိတ်စက်များကို အသုံးပြုပြီး ကောက်ရိတ်နိုင်သည်။ ထိုသို့ဆောင်ရွက်ခြင်းက ပိုမိုအဆင်ပြေပြီး မြန်ဆန်သည်။
ယခင်နှစ်များက ကောက်ရိတ်ရန် လူ့လုပ်အားကို အသုံးပြုရပြီး အချိန်လည်း ကုန်သည်။
ယခုတော့ ကောက်ရိတ်စက်များဖြင့် စပါးခင်း ဧကများစွာကို တစ်ရက်နှစ်ရက်အတွင်း အပြီးရိတ်သိမ်းနိုင်ပါသည်။
ယဲ့ရှောင်ချန်းက စပါး ၅ ဧက စိုက်ပျိုးထားသည်။
လောလောဆယ် ယဲ့ရှောင်ချန်း၏ လယ်ထဲတွင် ကောက်ရိတ်သိမ်းနေသည်။
ကောက်ရိတ်စက်ကြီးထံမှ မိုးခြိမ်းသံလို အသံကြီးထွက်လာသောအခါ ယဲ့ရှောင်ချန်းက ပလတ်စတစ်အိတ်များကို ချက်ချင်းယူကာ ကောက်ရိတ်စက်၏ စပါးထွက်ပေါက်နှင့် ဆက်လိုက်သည်။ ထို့နောက် ထိရိုက်သော အသံများဖြင့် မကြာခင် ပလတ်စတစ်အိတ်ထဲတွင် စပါးများဖြင့် ပြည့်နှက်သွားတော့သည်။
ယဲ့ရှောင်ချန်းက ပလတ်စတစ်အိတ်ကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး သူ့အဖေက နောက်ထပ် ပလတ်စတစ်အိတ်တစ်လုံး သယ်လာခဲ့သည်။
စပါးခင်းကို ရိတ်သိမ်းပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် စပါးအိတ်များကို သယ်ယူပြီး ကားမောင်းသွားခဲ့သည်။ ထို့နောက် အိတ်တွေကို ဖယ်ရှားလိုက်ပြီး မြေပြင်ပေါ်သို့ စပါးစေ့များကို လောင်းချကာ ဖြန့်ခင်းလိုက်သည်။ ထို့နောက် နေပူထဲတွင် လှမ်းထားလိုက်သည်။
ဒီလိုနှင့် အလုပ်ပြီးဖို့အတွက် မနက်တစ်ဝက်စာအချိန်လောက် ကုန်သည်။
သို့သော်လည်း နေ့လယ်ခင်းတွင် ယဲ့ရှောင်ချန်းက သူ့မရီးဟွေ့ကို နှံစားပြောင်းများ သယ်ပို့ဖို့ ကူညီရသေးသည်။
နေ့လယ်ခင်း လေးနာရီကျော်မှ ယဲ့ရှောင်ချန်းတစ်ယောက် ခြေကုန်လက်ပမ်းကျစွာဖြင့် စိုက်ပျိုးရေးခြံသို့ ပြန်ရောက်လာခဲ့သည်။
အင်မော်တယ်လယ်မြေတွင် ရှိသော ဝါးခုတင်ပေါ်သို့ တန်းသွားလိုက်သည်။
ယဲ့ရှောင်ချန်းသည် သူဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲမသိ။ ဖုန်းမြည်သံကြောင့် ပြန်နိုးလာခဲ့သည်။ သူ့ရဲ့ ပင်ပန်နွမ်းနယ်မှုအားလုံး လွင့်ပျယ်သွားကာ လန်းဆန်းနေသလို ခံစားလိုက်ရသည်။
လီကျန့်ရမ်၏ ဖုန်းဖြစ်သည်။
"ညီအစ်ကိုယဲ့၊ မင်းကို အနှောင့်အယှက်ပေးမိသလို ဖြစ်သွားလား။"
ဖုန်းထဲမှ လီကျန့်ရမ်၏ အသံထွက်လာသည်။
"ကျွန်တော် ခုနက အိပ်ပျော်နေတာ။ မင်းဖုန်းခေါ်မှ နိုးလာတာ၊ ညီအစ်ကိုလီ ဘာဖြစ်လို့ ဖုန်းဆက်တာလဲ။"
ယဲ့ရှောင်ချန်းက ရယ်မောကာ ပြောလိုက်သည်။
"ဟားဟား ဒီအချိန်ကြီးကို အိပ်နေတာလား။ ညဘက်တွေ ကောင်းကောင်း မအိပ်ရဘူးထင်တယ်။ ညီအစ်ကိုတစ်ယောက်အနေနဲ့ သက်သောင့်သက်သာ အိပ်လို့ရအောင် ခုတင်ကောင်းကောင်းတစ်လုံး ပို့ပေးလိုက်မယ်။"
လီကျန့်ရမ်က ရယ်မောလိုက်၏။
သူက ပရိဘောဂကုမ္ပဏီပိုင်ရှင်ဖြစ်သဖြင့် ခုတင်ကောင်းကောင်းတစ်လုံးပို့ဖို့က ဖြစ်နိုင်ပါသည်။
"ဒီနေ့စပါးရိတ်သိမ်းချိန်လေ။ အဲဒါကြောင့် အရမ်းပင်ပန်းနေတာ။ ညီအစ်ကိုလီ မနက်ဖြန်လာမှာလား။"
ယဲ့ရှောင်ချန်းက မေးလိုက်၏။
"ဒါပေါ့၊ ငါတို့ပြောပြီးသားပဲကို။"
လီကျန့်ရမ်က ဆက်ပြောလိုက်သည်။
"သြော်... စကားမစပ် ဆရာကြီးလင်ကလည်း အတူတူ လိုက်ခဲ့မယ်လို့ပြောတယ်။ အဲ့အချိန်ကျရင် ဆရာကြီးလင်ကို ဟင်းချက်ခိုင်းကြမလား။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
ယခင်တစ်ခေါက် သူ ဆရာကြီးလင်ထံသို့ ဟင်းသီးဟင်းရွက်သွားပို့တုန်းက ဆားရည်စိမ် ဟင်းသီးဟင်းရွက် နှစ်ထုပ် ပေးခဲ့သည်။
ဆရာကြီးလင်က စားလိုက်သောအခါ အလွန်အံ့အားသင့်သွားရ၏။
သူ့ကို အံ့အားသင့်သွားစေသည်က ဆားရည်စိမ်ဟင်းသီးဟင်းရွက်၏ အရသာ မဟုတ်ပါ။ ထိုဆားရည်စိမ်ကို ပြုလုပ်ထားသော ပါဝင်ပစ္စည်းများကြောင့်ဖြစ်သည်။
ထိပ်တန်း စားဖိုမှူးတစ်ယောက်အနေနှင့် အသီးအရွက်များ၏ အရည်အသွေးကို သူဆန်းစစ်နိုင်သည်။ ထိုဟင်းသီးဟင်းရွက်များမှာ ပရီမီယမ် အရည်အသွေးဟင်းသီးဟင်းရွက်များထက်ပင် ပိုမို ကောင်းမွန်နေပါသည်။
အလွန်အံ့အားသင့်ဖို့ ကောင်းလှသည်။
ဆရာကြီးလင်က ဟင်းသီးဟင်းရွက်များကို ဝယ်ယူချင်သော်လည်း ယဲ့ရှောင်ချန်းက ယဥ်ကျေးစွာ ငြင်းပယ်ခဲ့သည်။ ထိုဟင်းသီးဟင်းရွက်များက အလွန်ရှားပါးလွန်း၍ဖြစ်သည်။
လောလောဆယ်တော့ အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များက ရောင်းရန်မဟုတ်ပေ။ အများစုကို ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ လုပ်ဖို့သာ အသုံးပြုသည်။
နောက်တစ်နေ့တွင် ယဲ့ရှောင်ချန်းက ဟင်းသီးဟင်းရွက်များ ပို့ဆောင်ပြီးသွားပြီး အိမ်သို့ပြန်လာသောအခါ လီကျန့်ရမ်နှင့် အခြားသူများလည်း ရောက်လာပြီဖြစ်သည်။
ဆရာကြီးလင်လည်း သူတို့နှင့်အတူ ပါလာသည်။
ယဲ့ရှောင်ချန်းက သူတို့ကို သူ့စိုက်ပျိုးရေးခြံအား လိုက်ပြပေးသည်။
"ယဲ့ရှောင်ချန်း မင်းရဲ့စိုက်ပျိုးရေးခြံက အရင်တစ်ခေါက်ကနဲ့ သိပ်မတူတော့ပါလား။"
ဆရာကြီးလင်က စိုက်ပျိုးရေးခြံမှ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်သည်။ ထို့နောက်သူ့၏ ပန်းရောင်သန်းနေသော မျက်နှာတွင် သဘောကျသွားသည့် အရိပ်အယောင်ပေါ်လာသည်။
ဤမျှ လတ်ဆတ်သည့်လေမျိုး တစ်ခါမှ မရှူရှိုက်ဖူးပေ။
တကယ့်နေရာကောင်းလေး ဖြစ်သည်။
ဧကန္တ ဒီလိုနေရာမျိုးတွင်သာ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ခြင်း ဖြစ်နိုင်သည်။
မြေနှင့်ရေ မတူညီမှုများက သာမန် မဟုတ်သော ဟင်းသီးဟင်းရွက်များကို ထုတ်လုပ်ပေးနိုင်သည်။
"ယဲ့ရှောင်ချန်း အရင်တစ်ခေါက် မင်းပြောတဲ့ အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်တွေက ဘယ်မှာစိုက်ထားတာလဲ။"
ဆရာကြီးလင်က စိတ်ဝင်စားစွာ မေးလိုက်သည်။
"ဟားဟား ဆရာကြီးလင် မရှာနိုင်ဘူးလား။"
ယဲ့ရှောင်ချန်းက အနည်းငယ် ပြုံးလိုက်သည်။
"ကြိုးစားကြည့်ပါ့မယ်။"
ဆရာကြီးလင်က ပြောလိုက်သည်။
အင်မော်တယ် စမ်းရေ ဟင်းနုနွယ်ပင်ကို ရှာတွေ့ဖို့ ဆရာကြီးလင်အတွက် သိပ်မကြာလိုက်ပါ။
"ဒီဟင်းနုနွယ်ပင်က ပုံစံဖြစ်ဖြစ်၊ အသားဖြစ်ဖြစ်၊ အရသာဖြစ်ဖြစ် အခြားဟင်းနုနွယ်တွေထက် ပိုကောင်းတာ သိသာတယ်၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
ဆရာကြီးလင်က အံ့အားသင့်စွာပြောလိုက်သည်။
လယ်တစ်ကွက်တည်းတွင် ဟင်းသီးဟင်းရွက် နှစ်မျိုးကို စိုက်ပျိုးဖို့က ခက်ခဲလှပါသည်။
ဆရာကြီးလင်၏ အမြင်တွင် ယဲ့ရှောင်ချန်းက သာမန်ထက် ထူးကဲသော လူတစ်ယောက် ဖြစ်လာခဲ့သည်။
နောက်ဆုံးတော့ ဆရာကြီးလင်က ဒီနေ့နေ့လယ်စာ ချက်ပြုတ်ဖို့အတွက် အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်တချို့ကို ခူးလိုက်သည်။
သူ ဒီကိုလာတုန်းက ဒီနေ့နေ့လယ်စာ သူတာဝန်ယူချက်ပြုတ်မည်ဟု ပြောထားသည်။
ဆရာကြီးလင်က လီကျန့်ရမ်နှင့် အခြားသူများကို အံ့အားသင့်သွားအောင် ချက်ပြုတ်ပြချင်သည်။
ဆရာကြီးလင်အတွက် ဒါက တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခုဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူသည် အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များကို တစ်ခါမှ မစိုက်ပျိုးဖူးသောကြောင့်ဖြစ်သည်။
ဒီတစ်ခေါက် အမယ်များက အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များသာ ဖြစ်ပြီး အသားလည်းမပါ ဘာမှမပါပါ။
သူ့ဟင်းချက်စွမ်းရည်ဖြင့် အရသာ၊ အရောင် မျိုးစုံရှိသော ဟင်းလျာများကို ဖန်တီးနိုင်ခဲ့ပြီး မွှေးပျံ့သော ရနံ့က အားလုံးကို သွားရည်ကျစေသည်။
"အရသာရှိလိုက်တာ"
"ဒီလောက်အရသာရှိတာမျိုး တစ်ခါမှမစားဖူးဘူး။"
"ဒီဘဝမှာ ဒီလောက်အရသာရှိတာမျိုး စားလိုက်ရလို့ သေပျော်ပါပြီ။"
"ဟားဟား ငါအစာစားတိုင်း အသားဟင်းစားနေကျ ဒါပေမဲ့ သက်သက်လွတ် စားတာလည်း ကောင်းသားလို့ ခံစားမိတယ်။"
"ကံမကောင်းစွာနဲ့ ငါတို့ ဒီဟင်းကိုနေ့တိုင်းတော့ စားလို့မရဘူးပေါ့။"
လီကျန့်ရမ်၊ လျို့ဖူရှန်း၊ ဟေးလဲ့နှင့် အခြားသူများက မရပ်မနား စားသောက်နေကြပြီး ဟင်းလျာများကို ချီးမွမ်းနေကြသည့် စကားများကိုသာကြားနိုင်သည်။
သူ့အမေနှင့် သူ့အဖေတို့ကလည်း မနားတမ်း စားသောက်နေကြသည်။
သူတို့က အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များကို စားဖူးသော်လည်း ဆရာကြီးလင်၏ ဟင်းချက်နည်းလမ်းများအောက်တွင် အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်အားလုံးနီးပါး အရသာများက အထွတ်အထိပ်သို့ ရောက်သွားသည့်ပုံပင်။
"ဆရာကြီးလင် ဘာဖြစ်လို့ မျက်မှောင်ကြုတ်နေတာလဲ။"
ရှုကျောင်းက ရုတ်တရက်မေးလိုက်သည်။
အားလုံးက မရပ်မနားစားသောက်နေကြပြီး လျှာကိုက်မိမလိုပင် ဖြစ်နေကြသည်။
ဆရာကြီးလင်သာ ဖြည်းဖြည်းချင်းစားနေပြီး တစ်စုံတစ်ခုကို စဥ်းစားကာ မျက်မှောင်ကြုတ်နေခဲ့သည်။
"သြော် ငါ့ဟင်းချက်နည်းလမ်းတွေကို ဆက်ပြီးမြှင့်တင်ဖို့ လိုသေးတယ်ဆိုတာ သိလိုက်ရလို့ပါ။"
ဆရာကြီးလင်က သက်ပြင်းချကာ ပြောလိုက်သည်။
"မဟုတ်တာ ဒါဟင်းချက်စွမ်းရည်ရဲ့ အထွတ်အထိပ်ပဲ။ ဒီ့ထက်သာ ပိုတိုးတက်လာရင် မီးဖိုချောင်နတ်ဘုရားကြီး ဖြစ်မသွားနိုင်ဘူးလား။"
ရှုကျောင်းက ရယ်မောလိုက်သည်။
"ငါချက်ထားတဲ့ ဟင်းလျာတွေက ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်ထက် ပိုကောင်းတယ်လို့ ထင်လား။"
ဆရာကြီးလင်က ပန်းကန်အလွတ်တစ်ချက်ကို ညွှန်ပြပြီး ရှုကျောင်းကို ကြည့်ကာ အတည်ပေါက် မေးလိုက်သည်။
"ဘယ်လိုနေလဲ။"
ရှုကျောင်းက အနည်းငယ် ကြောင်သွားပြီး အရသာကို ပြန်စဥ်းစားကြည့်လိုက်သည်။ ရုတ်တရက် သူမ၏ စိတ်ထဲတွင် ဆားရည်စိမ်ဟင်းသီးဟင်းရွက်များ၏ အရသာသာ ရှိနေသည်ဟု ခံစားလိုက်ရသည်။ အဲဒီအရသာကို မမေ့နိုင်ပေ။
အခြားသူများလည်း စဥ်းစားမိသွားကြသည်။
"ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေနဲ့ယှဥ်ရင် ငါချက်ထားတဲ့ ဟင်းလျာတွေက ပြီးပြည့်စုံဖို့ အဝေးကြီး လိုပါသေးတယ်။ ပါဝင်ပစ္စည်းတွေက တူညီပြီး ကွာခြားမှုကတော့ အကြီးကြီးပဲ။"
ဆရာကြီးလင်က ယဲ့ရှောင်ချန်းကို ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်သည်။
ဘဝတစ်သက်တာလုံး ချက်ပြုတ်ခြင်းလမ်းကို လျှောက်ခဲ့သည့် သူ့လိုလူတစ်ယောက်အတွက် ဒါမျိုးက အားတက်စရာဖြစ်သော်လည်း စိတ်ရှုပ်စရာလည်း အနည်းငယ်ရှိနေသည်။
သူ့ကိုယ်သူ အတိုင်းအတာအထိ ရောက်သွားပြီဟု ထင်ထားသော်လည်း သူ့ထက် ကျော်လွန်နေသောလူများ ရှိသေးကြောင်း သိရကာ ထိုကွာခြားမှုက သူ့ကို စိတ်ဓာတ်ကျသွားစေသည်။
ရှုကျောင်းနှင့် အခြားသူများကလည်း သိချင်စိတ်ကြီးစွာဖြင့် ယဲ့ရှောင်ချန်းကို ကြည့်နေကြသည်။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက ယဲ့ရှောင်ချန်း၏ ဟင်းလျာဖြစ်နေသောကြောင့်ပင်။
ယဲ့ရှောင်ချန်းက နှာခေါင်းကို ကိုင်မိသွားသည်။
ငါဘာတတ်နိုင်မှာလဲ။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေကို ငါလုပ်ထားတာ မဟုတ်ဘူး။
ဒါက မှော်ဆားရည်စိမ်ပုလင်းနဲ့ လုပ်ထားတာလေ။