အစီအစဥ်
Vol. 6 Ch. 81
အခန်း(၈၁) - အစီအစဥ်
ရှရှီဒေသ၊ ယွဲ့လူတောင်။
ဆန်းသစ်သော ခြံဝန်းတစ်ခုထဲတွင်...
အဘိုးယဲ့နှင့် ဆရာကြီးဖန်အပြင် သူ့ဆံပင်က ရှုပ်ပွနေပြီး ခေါင်းမလျှော်တာ အတော်ကြာနေပြီ ဖြစ်သည့်ပုံဖြင့် ဝတုတ်တုတ် ခန္ဓာကိုယ်နှင့် လူတစ်ယောက်ပါ ရှိနေသေးသည်။
အဘိုးကြီးဘေးတွင် မျက်မှန်ကိုင်းနက်ဖြင့် အရပ်ရှည်ရှည်၊ ဉာဏ်ထက်မြက်သည့်ပုံစံဖြင့် မိန်းကလေးတစ်ဦးလည်းရှိနေသည်။
"အဘိုးလီ ခင်ဗျားရဲ့ မြေးမလေး ထျင်ထျင်က အခုဆို ၂၅ နှစ်လောက် ရှိလောက်ပြီ၊ သူ့အတွက် ကြင်ယာ ရှာပြီးသွားပြီလား။"
အဘိုးယဲ့က ပြုံးလိုက်ပြီး ဝတုတ်လူကြီးဘေးက မိန်းကလေးကို ကြည့်လိုက်သည်။
"ကျွန်တော့်မြေးမလေးကို ဂရုစိုက်စရာ မလိုပါဘူး။ ခင်ဗျားတို့ မိသားစုရဲ့ ကလေးက ကျွန်တော့်ထျင်ထျင်အတွက် မသင့်တော်ဘူး။"
ဝတုတ်အဘိုးကြီးက ပြုံးကာ ပြောလိုက်သည်။
သူက ရှေးရိုးဆန်သော လူတစ်ဦး ဖြစ်ပြီး ထိုအပေါ်ယံ ပြောဆိုသော စကားများကို သဘောမကျတတ်ပါ။
"အင်း..."
အဘိုးယဲ့က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "ဟူး... မမျှော်လင့်ထားစရာပဲ။ ငါ့ ယဲ့မျိုးရိုးရဲ့ မျိုးဆက်ငါးခုမြောက်က ဒီလိုကလေကချေမျိုးကို မွေးခဲ့မိတယ်။"
"ဟားဟား... တကယ်တော့ ယဲ့ကျင်လေးကလည်း တော်ပါတယ်။ အခု သူ ဘယ်လောက် နာမည်ကြီးနေလဲ မတွေ့ဘူးလား။"
ဆရာကြီးဖန်က ရုတ်တရက် ရယ်မောကာ ပြောလိုက်သည်။
"မဆိုးပါဘူး။ ဒါပေမယ့် ကြယ်ပွင့်တစ်ယောက်တာက ဘာကောင်းလို့လဲ။ အသေးစား စီးပွားရေးလုပ်ငန်းရှင် ဖြစ်ရင်တောင် ကြယ်ပွင့်တစ်ယောက် ဖြစ်ရတာထက် ပိုကောင်းပါဦးလိမ့်မယ်။"
အဘိုးယဲ့က ဒေါသတကြီး ပြောလိုက်သည်။
ထိုကောင်လေး၏ စရိုက်နှင့် ခေါင်းမာပြီး ဆုံးဖြတ်ချက်ခိုင်မာသော လက္ခဏာတော့ကြောင့် ကျွဲဆယ်ကောင်ဖြင့် ဆွဲလာလျှင်တောင် ပြန်ပါလာမည် မဟုတ်ပါ။
"အဘိုးယဲ့ ၊အခုအချိန်တွေက ပြောင်းလဲနေပါပြီ။ ကြယ်ပွင့်တစ်ယောက်ဖြစ်လို့ ဘာမှမမှားပါဘူး။ သမီးသူငယ်ချင်းတွေထဲမှာလည်း အစ်ကိုကျင်ရဲ့ ပရိတ်သတ်တွေ အများကြီး ရှိတယ်။"
မျက်မှန်ကိုင်းနက်ဖြင့် ကောင်မလေး လီထျင်ထျင်က ရုတ်တရက် ပြောလိုက်သည်။
"ဒါဆို သမီးကကော အဘိုးရဲ့မြေး ကျင်လေးရဲ့ ပရိတ်သတ်ပဲလား။ သူ့ကို ဘယ်လိုသဘောရလဲ။"
အဘိုးယဲ့က တောက်ပနေသော မျက်လုံးများဖြင့် အလျင်စလို မေးမြန်းလိုက်သည်။
သူမကို မြေးချွေးမ ဖြစ်စေချင်သော ဆန္ဒကို လက်မလွှတ်နိုင်သေးပါ။
ထိုကောင်မလေးက ယဥ်ကျေးရုံတင်မကသေးဘဲ သူမ၏ ယဥ်ကျေးမှုဆိုင်ရာ အောင်မြင်မှုများကလည်း ကောင်းမွန်သည်။ ထိုကဲ့သို့ နူးညံ့ပြီး ထက်မြက်သည့် စိတ်မျိုးနှင့်ဆို ယဲ့မိသားစု၏ ချွေးမဖြစ်ဖို့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါသည်။
"အစ်ကိုကျင်ကို သမီးက အစ်ကိုကြီးတစ်ယောက်လိုပဲ သဘောထားတာပါ။"
လီထျင်ထျင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ပြောလိုက်သည်။
အဘိုးယဲ့က တံတွေးသီးသွားပြီး ဘာမှဆက်မပြောနိုင်တော့ချေ။
"ဟုတ်ပါပြီ၊ အဘိုးယဲ့ ကျွန်တော့်ထျင်ထျင်လေးကို စိတ်မရှိပါနဲ့။ ခင်ဗျားရဲ့ ဖယောင်းဖြူ ဘွန်ဆိုင်းပင်လေး ကောင်းသွားပြီလို့ ကြားတယ်နော်။"
ဝတုတ်လူကြီးက ရုတ်တရက် မေးလိုက်သည်။
"ဘာလို့ အဲ့တာကို မေးတာလဲ။"
အဘိုးယဲ့က နိုးနိုးကြားကြား ဖြစ်လာသည်။
အချိန်အတော်ကြာအထိ သူ့ဖယောင်းဖြူဘွန်ဆိုင်းပင်ကို အဘိုးလီက အာရုံစိုက်နေခဲ့သည်။
"ခင်ဗျားရဲ့ ဖယောင်းဖြူ ဘွန်ဆိုင်းပင်ကို ခိုးမှာ စိုးရိမ်နေတာလားဗျ။ ဟင်း... ကျွန်တော့်ကို အဲ့တာနဲ့ ပစ်ပေါက်ရင်တောင် ကျွန်တော် ဂရုမစိုက်ဘူး။ ခင်ဗျားရဲ့ ဖယောင်းဖြူဘွန်ဆိုင်းပင်က နှစ်ထောင်ချီသက်တမ်းရှိတဲ့ ရှေးဟောင်း ဖူဆန်သစ်ပင်နဲ့ ယှဥ်နိုင်မှာတဲ့လား။"
လီယန်က လှောင်လိုက်သည်။
"ဖူဆန်သစ်ပင် ဟုတ်လား။ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်တွေကလည်း လမ်းပျောက်နေတယ်လို့ ငါကြားတယ်။ အဲ့ဒီအပင်က မကြာခင် သေတော့မှာလို့ ခန့်မှန်းထားတယ်ဆို။"
အဘိုးယဲ့က ရယ်မောလိုက်သည်။
ရှေးဟောင်းဖူဆန်သစ်ပင်၏ အကြောင်းကို သူသိထားပါသည်။
"အစက ခင်ဗျားရဲ့ ဖယောင်းဖြူ ဘွန်ဆိုင်းပင်ကို ဘယ်သူမှ ကုသမပေးနိုင်ခဲ့ဘူးဆို၊ ဒါဆို ဘယ်သူက ကုသပေးခဲ့တာလဲ။"
လီယန်က အမြန်မေးလိုက်သည်။
"ဘာလို့လဲ၊ အဲ့ဒီလူက ခင်ဗျားရဲ့ နှစ်ထောင်ချီ ဖူဆန်သစ်ပင်ကြီးကို ပြန်ကောင်းအောင် လုပ်ပေးနိုင်မယ်လို့ ခင်ဗျားထင်လို့လား။ အများကြီး တွေးမနေပါနဲ့တော့။"
အဘိုးယဲ့က ရယ်မောကာ ပြောလိုက်သည်။
ယဲ့ရှောင်ချန်း၏ အဆင့်က ကောင်းမွန်သော်လည်း ဒီကိစ္စကတော့ လုံးလုံးလျားလျား ခြားနားသော ပြဿနာ ဖြစ်သည်။ ဖယောင်းဖြူ ဘွန်ဆိုင်းပင်နှင့် ရှေးဟောင်း ဖူဆန်ပင်တို့၏ ကွာခြားချက်က ကြီးမားလွန်းသည်။ ဖူဆန်းသစ်ပင် အသက်ရှင်နေသေးတာကပင် ဆန်းကြယ်မှုတစ်ခု ဖြစ်နေပြီး ၎င်းကို ပြန်လည်ကုသပေးဖို့က သေသူကို အသက်ပြန်သွင်းတာနဲ့ တူမနေဘူးလား။
"အမြဲတမ်း အကောင်းဆုံးတော့ ကြိုးစားကြည့်ရမှာပဲလေ။"
လီယန်က ခနဲ့သော အပြုံးမျိုးဖြင့် ပြောလိုက်သည်။
"ဟုတ်ပါပြီ၊ ကျွန်တော် ခင်ဗျားကို သူ့ဖုန်းနံပါတ် ပြောလိုက်မယ်။ သူ့ကို ဖုန်းဆက်ကြည့်ပေါ့။"
အဘိုးယဲ့က ခေါင်းငြိမ့်၏။
သိပ်မကြာခင် ကျန်းခယ့်ချင်း၏ ဖုန်းနံပါတ်ကို ပေးလိုက်သည်။
သူ့တွင် ယဲ့ရှောင်ချန်း၏ ဖုန်းနံပါတ် မရှိသောကြောင့် ကျန်းခယ့်ချင်း၏ ဖုန်းနံပါတ်ကိုသာ ပေးလိုက်နိုင်သည်။
"ကောင်းပြီ၊ ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်။"
လီယန်က ပြောလိုက်၏။
"အင်း... ခင်ဗျား ကျွန်တော်နဲ့ စစ်တုရင် ကစားချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"
အဘိုးယဲ့က အလျင်အမြန် မေးလိုက်သည်။
"ပြောလိုက်လို့လား၊ နောက်တစ်ခေါက်မှပေါ့ဗျာ။"
လီယန်က အဘိုးယဲ့နှင့် စစ်တုရင် မကစားချင်ပါ။ ထိုအဘိုးကြီး ကစားသည်က အလွန်ဆိုးရွားလွန်းလှသည်။
လီယန်နှင့် သူ့မြေးမတို့ ထွက်သွားသည်ကို အဘိုးယဲ့ မြင်သောအခါ မျက်နှာစိမ်းသွားပြီး အဘိုးကြီးဖန်ကို ပြောလိုက်သည်။
"အဘိုးကြီးဖန် ကျုပ်နဲ့ ကစားစမ်းပါဗျာ။"
"ခင်ဗျား ဆေးသောက်ဖို့ အချိန်ရောက်ပြီနော်။"
ဆရာကြီးဖန်က ဂရုမစိုက်ဘဲ ပြောလိုက်သည်။
အဘိုးယဲ့ ပေါက်ကွဲသွား၏။
....
စားသောက်ပြီးတာကြာပြီဖြစ်သော်လည်း သူတို့ ထွက်မသွားကြသေးပါ။
ယဲ့ရှောင်ချန်း၏ မိဘများကတော့ စားပွဲဝိုင်းမှ ထွက်သွားကြပြီဖြစ်သည်။
ယဲ့ရှောင်ချန်းနှင့် အခြားသူများက စားပွဲဝိုင်းတွင် ထိုင်ကာ ဝိုင်သောက်ရင်း စကားပြောနေကြသေးသည်။
ဟင်းပွဲကြီးများကတော့ ကုန်သွားပြီ ဖြစ်သည်။
"ညီအစ်ကိုယဲ့၊ မင်းကိုပြောစရာရှိတယ်။"
လီကျန့်ရမ်က ရုတ်တရက် ပါးစပ်ဟပြီး ပြောလိုက်သည်။
အခြားသူများကလည်း ရုပ်တည်ကြီးများ ဖြစ်သွားကြသည်။
"ဘာဖြစ်လို့လဲ"
ယဲ့ရှောင်ချန်းက တစ်ခုခုကို သတိထားမိပြီးသားဖြစ်သည်။ လီကျန့်ရမ်ကော၊ ဆရာကြီးလင်ကော အခြားသူများကော စားသောက်ဖို့အတွက် သက်သက် လာခဲ့ကြသည် မဟုတ်လောက်ပါ။
အခြားရည်ရွယ်ချက်များ ရှိနိုင်ပါသည်။
"ညီအစ်ကိုယဲ့၊ မင်းရဲ့ ဟင်းသီးဟင်းရွက်တွေကို စျေးနည်းနည်းနဲ့ ရောင်းနေတာ နှမြောစရာကောင်းလွန်းတယ်လို့ ငါထင်မိတယ်ကွာ။ အဲ့တာကြောင့် ငါတို့တွေ ဆွေးနွေးပြီး အစီအစဥ်တစ်ခု စဥ်းစားထားတယ်၊ အဆင်ပြေမယ်လို့ မင်းထင်လား။"
လီကျန့်ရမ်က ပြုံးကာ ပြောလိုက်သည်။
"ဘာအစီအစဥ်များလဲ။"
ယဲ့ရှောင်ချန်း အံ့အားသင့်သွားသည်။
လီကျန့်ရမ်က ပရိဘောဂစက်ရုံပိုင်သည်။ ရှုကျောင်းက လက်ဝတ်ရတနာဆိုင်ပိုင်သည်။ ဟေးလဲ့က ကျောက်မီးသွေးတွင်း လုပ်ငန်းပိုင်ပြီး လျို့ဖူရှန်းက စူပါမားကတ်တစ်ခု ပိုင်သည်။
ဆရာကြီးလင်ကတော့ စားဖိုမှူးတစ်ယောက်ဖြစ်၏။
"ငါတို့ သက်သက်လွတ် စားသောက်ဆိုင် ကွင်းဆက်တွေဖွင့်ပြီး မင်းရဲ့ စိုက်ပျိုးရေးခြံထွက် အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို အထူးရောင်းချဖို့ တွေးထားတယ်။"
ယဲ့ရှောင်ချန်း၏ သိလိုစိတ်ပြင်းသော မျက်လုံးများအောက်တွင် နောက်ဆုံးတောာ့ လီကျန့်ရမ် အဓိကရည်ရွယ်ချက်ကို ပြောလိုက်ပြီ ဖြစ်သည်။
"ဆရာကြီးလင်ကကော ဖြစ်နိုင်မယ် ထင်လား။"
ယဲ့ရှောင်ချန်းက ချက်ချင်း ပြန်မဖြေသေးဘဲ ဆရာကြီးလင်ကို ကြည့်လိုက်သည်။
သူက ယခင် ယဲ့ရှောင်ချန်း မဟုတ်တော့ဘဲ အများကြီး ရင့်ကျက်နေပြီဖြစ်သည်။ ဒီကမ္ဘာကြီးတွင် ချစ်ခြင်းမုန်းခြင်းများ ဘာမှမရှိဘဲ အကျိုးအမြတ် ဟူသည့်အရာသာရှိသည်။၊
အရင်တစ်ခေါက်က လျို့ဖူရှန်း သူ့ကို ညစာကျွေးဖို့ ခေါ်သွားပြီး လီကျန့်ရမ်နှင့် အခြားသူများနှင့် မိတ်ဆက်ပေးခဲ့စဥ်တုန်းကလို ဖြစ်သည်။
အဓိက အကြောင်းပြချက်ကတော့ ဝမ်ရွှေရှန့်နှင့် သူ၏ ဆက်ဆံရေးကြောင့် ဖြစ်နိုင်ပါသည်။
အရင်တစ်ခေါက်က လီကျန့်ရမ်က သူ့ကို အကူအညီပေးခဲ့သည်။ နောက်ကွယ်တွင် အကြံကြီးတစ်ခု ရှိနေလိမ့်မည်ဟု သူစိုးရိမ်မိခဲ့သည်။
ယခုတော့ ယဲ့ရှောင်ချန်း သိလိုက်ပါပြီ။
လီကျန့်ရမ်နှင့် အခြားလူများတင်မဟုတ်ဘဲ ဆရာကြီးလင်လည်း ပါနေသည့်ပုံပင်။
သို့သော် သူစဥ်းစားကြည့်လိုက်သောအခါ ဆရာကြီးလင်လို ထိပ်တန်း စားဖိုမှူးတစ်ယောက် မရှိပါက ကွင်းဆက် စားသောက်ဆိုင်များ ဖွင့်ဖို့ မလွယ်ကူပါ။
"အင်း... ဒီနည်းလမ်းနဲ့မှ မင်းရဲ့အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေ နာမည်ရလာပြီး ဘရန်းအစစ်အမှန်တစ်ခုဖြစ်လာဖို့ မျှော်လင့်ရတာပေါ့။"
ဆရာကြီးလင်က ခေါင်းငြိမ့်လိုက်သည်။
သူ လီကျန့်ရမ်နှင့် အတူတူ ပူးပေါင်းဖို့ သဘောတူခဲ့ရသည့် အဓိကအကြောင်းအရင်းက အကျိုးအမြတ်များကြောင့် မဟုတ်ဘဲ ယဲ့ရှောင်ချန်း၏ အင်မော်တယ် စမ်းရေ ဟင်းသီးဟင်းရွက်များကို အလွန်စိတ်ဝင်စားနေခြင်းကြောင့်ဖြစ်ပါသည်။
သူသာ ထိုကဲ့သို့ ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်နိုင်ပါက သေချာပေါက် သူ့ဟင်းချက်စွမ်းရည်ကို တိုးမြှင့်နိုင်မည်ဖြစ်ပါသည်။
"ညီအစ်ကိုယဲ့၊ မင်းမှာ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေရှိတယ်၊ ငါတို့မှာ ငွေရှိတယ်၊ ဆရာကြီးလင်မှာ ဟင်းချက်စွမ်းရည်တွေ ရှိတယ်။ ဒါတွေ အကုန်စုပေါင်းလိုက်ရင်း ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုပဲလေ။"
လီကျန့်ရမ်က တောက်လောင်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
သူက ပရိဘောဂစက်ရုံတစ်ခု ဖွင့်ထားသော်လည်း အစားအသောက်နယ်ပယ်ထဲ မဝင်နိုင်ဘူးလို့ မည်သူက ပြောသနည်း။
ဒါက အခွင့်အရေးကောင်းဖြစ်သည်။
သူ့အိပ်မက်က အလွန်ကြီးမားလွန်းလှပါသည်။ ထို့ကြောင့် လက်ရှိအခြေအနေကိုလည်း သူနားလည်ထားသည်။
"ခင်ဗျားတို့သာ ကွင်းဆက်စားသောက်ဆိုင် ဖွင့်မယ်ဆိုရင် ဆရာကြီးလင် တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး ထင်တယ်နော်။"
"ဒါကိုတော့ စိုးရိမ်စရာ မလိုပါဘူး။ ငါ့ရဲ့မိတ်ဆွေဟောင်းတွေ အများကြီးကို ဆက်သွယ်ပြီးသွားပါပြီ။ သူတို့ရဲ့ ဟင်းချက်စွမ်းရည်ကလည်း ငါနဲ့ အဆင့် အတူတူပဲ။ သူတို့က မင်းရဲ့ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေကို လေးစားပြီး သေချာပေါက် ပူးပေါင်းမယ်ဆိုတာ ယုံကြည်ထားလိုက်စမ်းပါ။"
ဆရာကြီးလင်က ပြောလိုက်သည်။
ယဲ့ရှောင်ချန်းတစ်ယောက် ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ သူတို့က တကယ်ကြီး ပြင်ဆင်ပြီး လာခဲ့ကြတာပါလား။
သို့သော်လည်း လီကျန့်ရမ်၏ အစီအစဥ်က သူ့ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့ပါသည်။
သို့သော် အကျိုးအမြတ် ခံစားမှုကို ဘယ်လို ပိုင်းယူကြမည်နည်း။
"ညီအစ်ကိုယဲ့၊ ငါတို့ အစီအစဥ်ကို သေချာချထားပေမယ့်လည်း နောက်ဆုံးဆုံးဖြတ်ချက်က မင်းလက်ထဲမှာပါ။ မင်းသာ မပူးပေါင်းချင်ဘူးဆိုရင် ငါတို့မှာ အစီအစဥ်ကောင်းကောင်း ရှိနေလည်း ဘာအဓိပ္ပာယ်မရှိတော့ဘူး။ ဒီတစ်ခေါက်ကတော့ ငါတို့ မင်းကို ပြောပြချင်ရုံပါပဲ။ ဒီအစီအစဥ်က ကောင်းတယ်လို့ မင်းထင်ရင် ငါတို့ အသေးစိတ် ဆွေးနွေးကြမယ်၊ ဟုတ်ပြီလား။"
လီကျန့်ရမ်က ဗျူဟာရှိပြီး ယဲ့ရှောင်ချန်းကို ချက်ချင်း ဆုံးဖြတ်ချက် မချခိုင်းပါ။
ဒါက အသေးအဖွဲကိစ္စမှ မဟုတ်တာပဲလေ။
ဆုံးဖြတ်စရာကိစ္စတွေ အများကြီး ရှိနေသေးသည်။ အထူးသဖြင့် အမြတ်ငွေ ပိုင်းခြားမှု ဖြစ်ပြီး အရေးအကြီးဆုံးလည်း ဖြစ်သည်။
ကြိုတင် မဆုံးဖြတ်ထားပါက အနာဂတ်တွင် ပဋိပက္ခ ဖြစ်လာနိုင်သည်။
စီးပွားရေးလုပ်ငန်းအတွင်း လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးက အသုံးမဝင်ပါ ဟူသော ဆိုရိုးစကားအတိုင်းပင်။