အသက်စွမ်းအင်
Vol. 6 Ch. 82
အခန်း(၈၂) - အသက်စွမ်းအင်
လီကျန့်ရမ်နှင့် အခြားသူများ ထွက်သွားကြပြီဖြစ်သည်။
ယဲ့ရှောင်ချန်းလည်း သူ့စိုက်ပျိုးရေးခြံသို့ ပြန်လာခဲ့၏။ သို့သော် စိုးရိမ်စိတ်များ ပြည့်ဝနေပြီး ပူးပေါင်းဖို့အတွက်ကို တွန့်ဆုတ်နေမိသည်။
စီးပွားရေး လုပ်ငန်းဖော် ဆက်ဆံရေးက အချိန်အတော်ကြာ တည်တံ့ဖို့ ခက်ခဲသည်ကို သူသိနေပါသည်။
နောက်ဆုံးတော့ လမ်းကွဲသွားနိုင်ကြပြီး ရန်သူများပင် ဖြစ်လာနိုင်သည်။
တကယ် ဆုံးဖြတ်ရခက်ပါသည်။
ယဲ့ရှောင်ချန်းသည် ဝတ်မှုန်ကူး ပျားလောင်းကို ကြည့်လိုက်သည်။ ၎င်းက ပျားရည်ထဲတွင် ငြိမ်သက်နေ၏။ မွေးဖွားလာတုန်းကထက် အဆပေါင်းများစွာ ပိုကြီးနေပြီ ဖြစ်သည်။ ဖြူဖွေးပြီး ဝတုတ်လွန်းလှသည်။
ကောင်းပြီ။ ယဲ့ရှောင်ချန်းက ဖန်ပန်းကန်လုံးကို သိုလှောင်နေရာကွက်ထဲ ပြန်ထည့်ထားလိုက်သည်။
နောက်တစ်ခေါက် စိုက်ပျိုးရေးခြံကို တစ်ပတ် လှည့်ပတ်ကြည့်ရှုလိုက်သည်။ အင်မော်တယ်မြေများတွင် စွမ်းရည်လမ်းညွှန်မှု နည်းလမ်းဖြင့် အင်မော်တယ် အပင်များနှင့် ဆက်သွယ်ခဲ့သည်။
သူ့စိတ်ဝိညာဥ် ပင်ပန်းသွားသောအခါ ရပ်တန့်လိုက်သည်။
ယဲ့ရှောင်ချန်းသည် အင်မော်တယ်မြေသုံးကွက်ကို ကြည့်လိုက်သည်။ အင်မော်တယ် အပင်များ ကြီးထွားနေသည်ကို မြင်ရသောကြောင့် သူ့မျက်နှာပေါ်တွင် ကျေနပ်မှုအရိပ်အယောင်များ အထင်းသား ပေါ်နေပါသည်။
ဒါက သူ အားကိုးနေရသည့် မြို့တော်လေးဖြစ်သည်။
လတ်ဆတ်သောလေကို ရှုသွင်းလိုက်ရင်း ဖန်လုံအိမ် အလွတ်တစ်လုံးကို သူကြည့်လိုက်၏။ မေးပွတ်ရင်း ပြန်လည် အသုံးချနိုင်မလား စဥ်းစားနေသည်။
အင်မော်တယ် ဖန်လုံအိမ်အတွင်းက ဓာတ်ငွေ့က သေချာပေါက် အပြင်ဘက်ထက် ပိုမို သိပ်သည်းသည်။
ထိုဖန်လုံအိမ်ထဲတွင် သာမန်ပန်းပင်များနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ပါက အင်မော်တယ် စမ်းရေ ဟင်းသီးဟင်းရွက်များလောက် မကောင်းရင်တောင် အခြားစိုက်ပျိုရေးခြံထွက်များထက် အများကြီး ပိုကောင်းနိုင်ပါသည်။
တကယ် နှမြောစရာ ဖြစ်နေသည်။
ယဲ့ရှောင်ချန်း စဥ်းစားလိုက်၏။ ထိုဖန်လုံအိမ်ကြီးထဲတွင် စင်တစ်ခု ဆောက်ပြီး အထပ်များစွာ ပြုလုပ်လိုက်ပါက ပန်းများကို ပန်းအိုးများဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်သည်။
သူ စဥ်းစားနေတုန်း ဖုန်းသံမြည်လာ၏။
ဖုန်းကိုထုတ်ပြီး ကြည့်လိုက်တော့ ပရော်ဖက်ဆာကျန်း ဖြစ်နေသည်။
သူတို့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မရှိတာ အတော်ကြာပြီဖြစ်သည်။
စာသင်နှစ်အသစ် စပြီဖြစ်ပြီး ပရော်ဖက်ဆာကျန်းကလည်း နန်းကျင်တက္ကသိုလ်တွင် သင်ကြားရေးဆရာ ဖြစ်သဖြင့် သူ အလုပ်များနေပါသည်။
"ပရော်ဖက်ဆာကျန်း ကျွန်တော် အရင်တစ်ခေါက်က ပို့လိုက်တဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေက စားကောင်းရဲ့လား။"
ယဲ့ရှောင်ချန်းက ဖုန်းဖြေသည့် ခလုတ်ကို နှိပ်လိုက်ပြီး ရယ်မောကာ မေးလိုက်သည်။
"အေးကွာ၊ ဒီရက်ပိုင်းထဲ ငါအလုပ်များနေလို့၊ မင်းရဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေတောင် စားဖို့ အချိန်မရှိပါဘူးကွာ။"
ကျန်းခယ့်ချင်းက ပြန်မဖြေခင် အနည်းငယ် ဇဝေဇဝါဖြစ်နေသည့်ပုံပင်။
အရင်တစ်ခေါက်က ယဲ့ရှောင်ချန်းသည် သူ့ထံသို့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို ရုတ်တရက် ပို့ခဲ့ပြီး အလွန်အရသာရှိသည်ဟုဆိုသည်။ သူသည် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို လက်ခံ ရရှိခဲ့သော်လည်း သူ မေ့သွားခဲ့ပါသည်။
ယဲ့ရှောင်ချန်းသာ ဒီနေ့ ထိုအကြောင်းကို မပြောလျှင် ယဲ့ရှောင်ချန်းတစ်ယောက် သူ့ကို ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ပို့ခဲ့သည့် အကြောင်း လုံးဝမေ့သွားနိုင်သည်။
အမှန်ပင်။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို အရမ်းကြီး အရသာရှိလိမ့်မည်ဟု သူထင်မထားသောကြောင့်ဖြစ်ပါသည်။ ဘယ်လောက်ပဲ အရသာရှိရှိ ဆားရည်စိမ် ဟင်းသီးဟင်းရွက်က ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်သည်။
ရုက္ခဗေဒပညာရှင်တစ်ယောက်အနေဖြင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကဲ့သို့ အရာများကို လျှော့စားတာ ကောင်းလိမ့်မည်ဟု ထင်မိသည်။
ယဲ့ရှောင်ချန်းက ပရော်ဖက်ဆာကျန်း၏ အဖြေကို ကြားသောအခါ မနေနိုင်ဘဲ လှောင်ပြုံးပြုံးလိုက်မိသည်။
"ယဲ့ရှောင်ချန်း၊ မင်းအားလား။"
ကျန်းခယ့်ချင်းက ဆားရည်စိမ် ဟင်းသီးဟင်းရွက်အကြောင်း ဘာမှ ထပ်မပြောတော့ဘဲ လိုရင်းကို တန်းမေးလိုက်သည်။
"ဒီရက်ပိုင်းထဲ နည်းနည်းတော့ အားပါတယ်။ ပရော်ဖက်ဆာကျန်း ဘာကိစ္စရှိလို့လဲဗျ။"
ယဲ့ရှောင်ချန်းက ပရော်ဖက်ဆာကျန်းတစ်ယောက် ဖုန်းခေါ်သဖြင့် အကြောင်းကိစ္စ တစ်ခုခုတော့ ရှိမည် ဖြစ်ကြောင်း သိနေပါသည်။
"မာဝမ်သွေ့ရဲ့ မကြာသေးခင်ကမှ တူးဖော်ထားတဲ့ သင်္ချိုင်းဂူမှာ နှစ်ထောင်ချီသက်တမ်း ရှိပြီး အခုထိ အသက်ရှင်နေသေးတဲ့ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိနေတယ် ဆိုတာ မင်းကြားဖူးလား။"
ပရော်ဖက်ဆာကျန်းက ပြောလိုက်သည်။
"နေ့တိုင်း သတင်းတွေမှာ ကြားနေရတာပဲ၊ ဘာဖြစ်လို့လဲဗျ။"
ယဲ့ရှောင်ချန်း မေးလိုက်သည်။
"အဲ့ဒီရှေးဟောင်းသစ်ပင်က အသက်ရှိနေတုန်းပဲ။ ရိုးရိုးသားသားပြောရရင် နည်းနည်း ထူးဆန်းတယ်လို့ ခံစားရပေမယ့် သိပ္ပံနည်းကျ အကဲဖြတ်ပြီးတဲ့နောက် တကယ်ပဲ အသက်ရှင်နေတာလို့ သက်သေပြနိုင်ခဲ့ကြတယ်။ ဒါပေမယ့် သင်္ချိုင်းဂူကို ဖွင့်လိုက်တော့ သူ့ရဲ့ အသက်စွမ်းအင်က မြန်မြန်ဆန်ဆန် ကုန်ခမ်းလာတယ်။ အဲ့တာကြောင့် အစိုးရက အဲ့ဒီအပင်ရဲ့ သက်တမ်းကို အချိန်အတိုင်းအတာ တစ်ခုအထိ ဆွဲဆန့်ထားချင်နေတယ်၊ ဒါမှ သူတို့ သုတေသန ပိုပြီး လုပ်လို့ရမှာပေါ့။"
ကျန်းခယ့်ချင်းက ဆက်ပြောသည်။ "ယဲ့ရှောင်ချန်း အပင်သန်ဆေးကို အဲ့ဒီအပင်ပေါ်မှာ သုံးလို့ရမလား ငါမသိဘူး။ ငါ အပင်သန်ဆေးရဲ့ အာနိသင်နဲ့ နိယာမအကြောင်း သေချာ မဆန်းစစ်နိုင်သေးတော့ မင်းလာကြည့်ပေးလို့ ရမလား။"
"မင်း ဘယ်လို သဘောရလဲ။"
ယဲ့ရှောင်ချန်း ချက်ချင်း နားလည်သွားပါသည်။ သူ့ကို ကုသပေးဖို့ တောင်းဆိုနေခြင်းပင်။
အခကြေးငွေ ရရှိမလားဟု မေးချင်သော်လည်း မျက်နှာပျက်မည်ဆိုးသဖြင့် တိုက်ရိုက် မမေးခဲ့ပါ။
"ပရော်ဖက်ဆာကျန်း အဲ့ဒီ နှစ်ထောင်ကျော်သက်တမ်းရှိတဲ့ သစ်ပင်ကြီးက သေခါနီးပြီဆိုတော့ ကယ်တင်ဖို့ ခက်ခဲမှာ စိုးမိတယ်။ သူက သေခါနီးစဲစဲ ဖြစ်နေလောက်ပြီ။"
ယဲ့ရှောင်ချန်းက ခဏလောက် စဥ်းစားချင့်ချိန်လိုက်ပြီးနောက် ပြောလိုက်သည်။
သူ တကယ် မသေချာမရေရာပါ။
သင်္ချိုင်းဂူထဲတွင် နှစ်ထောင်ချီပြီး ရှိနေခဲ့ခြင်း ဖြစ်သဖြင့် ကယ်တင်ဖို့ ခက်ခဲလွန်းလှပါသည်။
ထို့အပြင် အပင်သန်ဆေးက သက်တမ်းရင့်ခြင်းကို နှောင့်နှေးစေသော်လည်း ထိုအာနိသင်မှာ အကန့်အသတ်ရှိသည်။
နှစ်ထောင်ကျော်သက်တမ်းရှိ သစ်ပင်ကြီးက အသက်ကြီးနေပြီဖြစ်သဖြင့် သက်တမ်းရင့်ခြင်းက စွမ်းအားကြီးလွန်းသည်။ အပင်သန်ဆေးထက် ပိုပြီး အာနိသင်ကောင်းသည့် အရာကို လိုအပ်လောက်သည်။
ထို့အပြင် နှစ်ထောင်ကျော်သက်တမ်းရှိ သစ်ပင်ကြီးက ပြင်ပလေနှင့် ထိတွေ့ပြီးနောက် ပိုမိုလျင်မြန်စွာ ဆွေးမြေ့လာခဲ့သည်။ ရှေးဟောင်းသစ်ပင်ကြီး၏ သေဆုံးခြင်းက စတင်နေပြီဖြစ်ပြီး အသက်စွမ်းအင် မဆိုသလောက်လေးက အထူးအခြေအနေများကြောင့်သာ ကျန်ရှိနေခြင်း ဖြစ်သည်။
ယခုတော့ ထိုအခြေအနေတွေ ပျက်စီးသွားပြီ ဖြစ်သဖြင့် အသက်ကို ကယ်တင်နိုင်ဖို့ ခက်ခဲသွားပါပြီ။
နှစ်ထောင်ကျော်သက်တမ်းရှိ သစ်ပင်ကြီးကို ကယ်တင်ဖို့ ပထမဆုံး ကျန်ရှိနေသည့် အသက်စွမ်းအင်ကို ထိန်းသိမ်းရမည်။
ရှန်းနုန်စနစ်လမ်းညွှန်ထဲတွင် ထိုအသက်စွမ်းအင်ကို ရင်းမြစ်အသက်စွမ်းအင်ဟု ခေါ်သည်။
သေလုမြောပါး ဒဏ်ရာ အပြင်းအထန် ရထားသော လူတစ်ယောက်လိုပင်။ ပြန်လည်အသက်ဝင်လာပါက တက်ကြွပြီး အားမာန် ပြည့်ဝနေမည်ဖြစ်သည်။
အကြောင်းမှာ သူ့အမြစ်တွေက ရှင်သန်နေဆဲ ဖြစ်သောကြောင့်ဖြစ်သည်။
နောက်ဆုံးအဆင့် ဖျားနာခြင်းမျိုး ဖြစ်ပါက ဟွားထို့ (ဟန်မင်းဆက်အဆုံးပိုင်းတွင် နာမည်ကြီးသမားတော်) အသက်ရှင်နေသေးလျှင်ပင် ရင်းမြစ်အသက်စွမ်းအင်ကို ဆုံးရှုံးရမည်ဖြစ်ပြီး ထိုလူကို ကယ်တင်နိုင်မည်မဟုတ်ပါ။
အပင်သန်ဆေးက သာမန်အသက်စွမ်းအင်ကိုသာ ပြန်လည်ဖြည့်စွက်ပေးနိုင်သည်။ ရင်းမြစ် အသက်စွမ်းအင်တော့ မရပါ။
"ဟယ်လို မစ္စတာယဲ့ ကျုပ်က တောင်ပိုင်း ယဥ်ကျေးမှု ရှေးဟောင်းအမွေအနှစ် အဖွဲ့အစည်းက ဒါရိုက်တာ လီယန်ပါ။ မစ္စတာယဲ့ ဒီကို လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ခင်ဗျား ကုသပေးနိုင်သည်ဖြစ်စေ မကုသပေးနိုင်သည်ဖြစ်စေ ကြိုးစားကြည့်ပေးပါဦး။ ဒီရှေးဟောင်းဖူဆန်သစ်ပင်ကြီးက ကမ္ဘာပေါ်မှာ နောက်ဆုံး ကျန်တဲ့ အပင် မဟုတ်လား..."
ရုတ်တရက် ဖုန်းထဲက အသံက အခြားတစ်ယောက် ပြောင်းသွားသည်။ ထိုအသံတွင် အပင်အိုကြီးအတွက် စိတ်မကောင်းဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။
လီယန်က ထိုအချိန်တွင် အနည်းငယ် သိလိုစိတ်ဖြစ်နေ၏။ တဖက်မှ ဖုန်းထဲက ယဲ့ရှောင်ချန်း၏ အသံမှာ အလွန်ငယ်ရွယ်သည့်ပုံပင်။
ယဲဲ့ရှောင်ချန်းအကြောင်း ကျန်းခယ့်ချင်း ပြောထားသလောက်တော့ သူ့ကို အသက်ကြီးမည်ဟု ထင်ထားခဲ့သည်။ မဟုတ်လျှင် အပင်များ သက်တမ်းရင့်ခြင်းကို နှေးကွေးစေသည့် ဆေးဝါးမျိုး ဘယ်လိုလုပ်ပြီး ဖော်စပ်အောင်မြင်နိုင်မည်နည်း။
ယဲ့ရှောင်ချန်းက ထိုရှေးဟောင်းဖူဆန်သစ်ပင်ကြီးကို ကုသနိုင်မလား မကုသနိုင်ဘူးလား မသိသော်လည်း ကျန်းခယ့်ချင်းက ထိုသူကို လေးစားသဖြင့် ကြိုးစားကြည့်ရမည်။
ကျန်းခယ့်ချင်းကိုယ်တိုင်ကလည်း နာမည်ကျော် ရုက္ခဗေဒပညာရှင်ဖြစ်သည်။
ဒီတစ်ခေါက်က ကမ္ဘာပေါ်မှ နာမည်ကျော် ရုက္ခဗေဒ ပညာရှင်များကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ရုက္ခဗေဒနယ်ပင်တွင် ထိပ်ဆုံး၌ ရပ်တည်နေသော လူများပင် ပါဝင်နိုင်ပါသည်။
လီယန်က သတိကြီးသော လူမျိုးဖြစ်သည်။ မျှော်လင့်ချက် ရောင်ခြည်လေး တစ်မျှင်မျှ ရှိနေရင်တောင် သူက အလွတ်ပေးမည်မဟုတ်ပါ။
"သြော် ဒါရိုက်တာကြီးလီလား။ အဲ့ဒီရှေးဟောင်း သစ်ပင်ကြီး ဘယ်လောက် အသက်ရှင်နိုင်ဦးမလဲ မေးလို့ ရမလားခင်ဗျ။"
ယဲ့ရှောင်ချန်းက ခဏလောက် တိတ်ဆိတ်သွားသည်။ သူ မသွားချင်ပါ။ သို့သော် လီယန်၏ စကားများကြောင့် သူ စိတ်ပြောင်းသွားသည်။
သင်္ချိုင်းဂူထဲတွင် နှစ်ထောင်ကျော် ပိတ်မိနေခဲ့သည့် ထိုရှေးဟောင်းသစ်ပင်မှာ တကယ်ပဲ တန်ဖိုးကြီးမားပါသည်။
လီယန်က ဖူဆန်သစ်ပင်အကြောင်းပြောသည့်အခါ ပိုသေချာသွားသည်။
ရှန်းနုန်မိတ်ဆက်လမ်းညွှန်ထဲတွင် ဖူဆန်သစ်ပင်မှတ်တမ်း ရှိနေသည်ကို အမှတ်မထားမိခဲ့ပါ။
လီယန်သည် ဖူဆန်ဟုခေါ်သည့် ထိုသစ်ပင်က ရှန်းနုန်မိတ်ဆက်လမ်းညွှန်ထဲတွင် ဖော်ပြထားသည့်အတိုင်း တူညီပါက သစ်ပင်၏ တန်ဖိုးက အလွန်အရေးကြီးပါသည်။
သိပ်မကြာခင် သူဆုံးဖြတ်ချက်ချလိုက်သည်။