← Chapters

၃ ရက်

Vol. 6 Ch. 83

၃ ရက်

Vol. 6 Ch. 83

အခန်း(၈၃) - ၃ ရက်

"အများဆုံး တစ်ပတ် ဒါမှမဟုတ် အဲ့ထက်လည်း နည်းနိုင်တယ်။"

လီယန်က အလျင်အမြန် ပြောလိုက်သည်။

တဖက်က မေးနေသဖြင့် ဒါက တစ်ခုခုတော့ သက်ဆိုင်မှုရှိနေလို့ဖြစ်ရမည်။

"အင်း၊ ကျွန်တော် ပြင်ဆင်စရာရှိသေးလို့ နောက်သုံးရက်အတွင်း လာခဲ့ပါ့မယ်။"

ယဲ့ရှောင်ချန်းက စဥ်းစားချင့်ချိန်ပြီး ပြန်ပြောလိုက်သည်။

"မစ္စတာယဲ့၊ ကျုပ်တောင်းဆိုပါတယ်။"

လီယန်၏ လေသံက အလွန်တိုးညှင်းနေသည်။

"ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ဖုန်းချပြီးနောက် မျက်ခုံးပွတ်လိုက်သည်။ ယဲ့ရှောင်ချန်းသည် စွမ်းရည်လမ်းညွှန်မှုကို သုံးထားသဖြင့် စိတ်ဝိညာဥ် ကုန်ဆုံးမှုက အလွန်များပြားနေပြီး ဖုန်းပြောပြီးသွားသောအခါ ခေါင်းများ လေးလံလာသလို ခံစားလိုက်ရသည်။

သူသည် ဝါးကုတင်ထံသို့ သွားပြီး ထိုင်ချလိုက်သည်။

ရှန်းနုန်မိတ်ဆက်လမ်းညွှန်ကို ထုတ်လိုက်ပြီး စဖတ်လိုက်သည်။

နောက်ဆုံးတော့ ရှေးဟောင်းဖူဆန်သစ်ပင်အကြောင်း ရေးသားထားသည့် စာမျက်နှာကို ရှာတွေ့ခဲ့ပြီ။

ဖူဆန်ရှန်းမူ၊ ကမ္ဘာမြေ မီးအဆင့် ၉ အင်မော်တယ်အပင်။ ခြေသုံးချောင်း ရွှေကျီးကန်း၏ စားကျက်။ ကိုယ်ထည်တစ်ခုလုံးကို ရတနာဟုသတ်မှတ်နိုင်...။

အမှန်ပင်။ ဖူဆန်သစ်ပင်၏ ပုံစံကလည်း လမ်းညွှန်ထဲတွင် ပါဝင်နေသည်။

သင်္ချိုင်းဂူထဲက နှစ်ထောင်ချီ သစ်ပင်ကို အွန်လိုင်းပေါ်တွင် သူရှာခဲ့ဖူးသည်။ သစ်ရွက်များ မရှိဘဲ ဗလာကျင်းကြီး ဖြစ်နေသော်လည်း ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်တွင် ပြထားသည့် ပုံနှင့် ဆင်တူပါသည်။ အထူးသဖြင့် ကွေးညွှတ် ပုံသဏ္ဌာန်တွေက အရမ်းထူးခြားသည်။

"အဲ့ဒီနှစ်ထောင်ချီ ဖူဆန်သစ်ပင်က ဖူဆန်သစ်ပင်အစစ် မဟုတ်ရင်တောင် ဆက်နွယ်မှု တစ်ခုခုတော့ ရှိလိမ့်မယ်။"

ယဲ့ရှောင်ချန်းက တိုးညှင်းစွာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ဒီကမ္ဘာမြေက ချီစွမ်းအင် မရှိသည့် နယ်မြေဖြစ်သဖြင့် သေချာပေါက် ကောင်းကင်ဘုံ အင်မော်တယ်အပင်တော့ သေချာပေါက် ရှိနိုင်မည် မဟုတ်ပါ။

"ငါ အဲ့သစ်ပင်ကို ဘယ်လို ကယ်တင်ရမလဲ။"

ယဲ့ရှောင်ချန်းတစ်ယောက် စတင်စိုးရိမ်လာသည်။

ခေါင်းငြိမ့်ပြီးလျှင် သူ အကောင်းဆုံး ကြိုးစားရတော့မည် ဖြစ်သည်။

ထို့အပြင် ထိုသစ်ပင်က ဖူဆန်သစ်ပင်အစစ်နှင့် တကယ်ပဲ ဆက်နွယ်မှု ရှိနေပါက တန်ဖိုးမှာ နှိုင်းယှဥ်စရာ မရှိလောက်အောင် ကြီးမားနိုင်သည်။

ဘာပဲဖြစ်ဖြစ် သူအကောင်းဆုံး ကြိုးစားဖို့တော့ လိုအပ်ပါသည်။

"ပထမဆုံး တည်ငြိမ်အောင် လုပ်ရမှာက သစ်ပင်ရဲ့ ရင်းမြစ်အသက်စွမ်းအင်ကိုပဲ။ အဲ့ဒါ တည်ငြိမ်နေသေးသ၍ အခြားနည်းလမ်းတွေ သုံးကြည့်လို့ရတယ်။"

ယဲ့ရှောင်ချန်းက အတော်ကြာ ချင့်ချိန်စဥ်းစားလိုက်ပြီး နောက်ဆုံးတော့ နည်းလမ်းတစ်ခု ရသွားခဲ့သည်။

သို့သော်လည်း သူအလွန်ပင်ပန်းနေသဖြင့် သူ့မျက်ခုံးကြားရှိ နေရာကို ချက်ချင်းပွတ်သပ်လိုက်ပြီး ဘာမှဆက်မစဥ်းစားတော့ဘဲ အိပ်ယာဝင်သွားတော့သည်။

သူနိုးလာသောအခါ နေ့လည်ခင်း လေးနာရီလောက်ရှိနေပြီဖြစ်သည်။

သူ့တွင် သုံးရက်သာ အချိန်ရှိကြောင်း ပြန်သတိရသောအခါ အမြန်လုပ်ရတော့သည်။

တတိယ ညတွင်။

ယဲ့ရှောင်ချန်းက စိတ်လှုပ်ရှားစွာဖြင့် ဘွိုင်လာအိုးထဲက အခြေအနေကို  စောင့်ကြည့်နေသည်။

ဆေးဖက်ပစ္စည်းများ အလုံအလောက် စုဆောင်းနိုင်ဖို့အတွက် လွန်ခဲ့သည့် သုံးရက်အတွင်း အားအင် အများအပြား စိုက်ထုတ်ခဲ့ရပြီး သူ့အဆက်အသွယ်များကိုတောင် အသုံးချခဲ့ရသည်။

အမှန်ပင်။ ငွေလည်း သုံးခဲ့ရပါသည်။

အရင်တစ်ခေါက်က လုပ်ခဲ့သည့် အပင်သန်ဆေးထက်ပင် ပိုစျေးကြီးနေသေးသည်။

ဒီတစ်ခေါက်သာ ကုသစရိတ် မတောင်းဘူးဆိုလျှင် သူအရှုံးကြီးရှုံးလိမ့်မည်ဟု ခံစားမိခဲ့သည်။

အချိန်သည် မိနစ်များနှင့် စက္ကန့်များကို တိုက်စားသွားခဲ့သည်။

ညကလည်း တိတ်ဆိတ်လျက်ရှိသည်။

ယဲ့ရှောင်ချန်းသည် ခဏပင် အနားမယူရဲပါ။

သူ မအောင်မြင်ပါက သုံးရက်တာ ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။

ရုတ်တရက်ဆိုသလို ဘွိုင်လာအိုးထဲမှ ဖျော့တော့သည့် အနံ့တစ်ခုခု ထွက်လာသည်။

ယဲ့ရှောင်ချန်းက အနံ့ခံကောင်းသဖြင့် ထိုအနံ့ကို ရှူကြည့်ပြီးသောအခါ မျက်လုံးထဲတွင် ရီဝေသွားသည်။

ထိုထူးဆန်းသည့် အနံ့မှာ အချိန်ကြာလာသည်နှင့် ပိုမို ရှင်းလင်းသိသာလာ၏။

လောလောဆယ် ဘွိုင်လာအိုးထဲတွင် ခရမ်းရင့်ရောင် အရည်များက ဆူပွက်နေသည်။

"အဲ့ဒီဖူဆန်သစ်ပင်ကသာ မူလဖူဆန်သစ်ပင်နဲ့ ဆက်နွယ်နေမယ်ဆို ဒီဆေးက အလုပ်ဖြစ်လိမ့်မယ်။"

ယဲ့ရှောင်ချန်း တွေးလိုက်သည်။

ဖူဆန်ရှန်းမူက အလွန်အရေးကြီးသော ကမ္ဘာမြေအဆင့် အင်မော်တယ် အပင်ဖြစ်ပြီး အင်မော်တယ် မုန်လာဥနှင့် မုန်လာဥလုံးများကဲ့သို့ အဝါရောင်အဆင့် အင်မော်တယ် အပင်များဖြင့် နှိုင်းယှဥ်ကြည့်လို့ပင် မရနိုင်ပါ။

တကယ်တော့ ရှန်းနုန်မိတ်ဆက်လမ်းညွှန်ထဲတွင် အင်မော်တယ် အပင်များ နောက်ထပ် တစ်အုပ်စု ရှိနေပါသေးသည်။

ကမ္ဘာမြေပေါ်က အပင်တိုင်းက သာမန် မော်တယ်အပင်များဖြစ်သည်။

အဝါရောင်အဆင့်နှင့် အနက်ရောင်အဆင့်ကဲ့သို့ ဝိညာဥ်အပင်များသည် ဝိညာဥ်အပင်အဆင့်များ ခွဲထားသည်။

ကမ္ဘာမြေပေါ်တွင် ကောင်းကင်ဘုံအဆင့် အပင်များကိုသာ စစ်မှန်သော အင်မော်တယ် အပင်များအဖြစ် သတ်မှတ်နိုင်သည်။

အချိန်ကုန်လွန်လာသည်နှင့် ဘွိုင်လာအိုးထဲက အရည်မှာ လုံးဝ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ခရမ်းရောင် အစအနပင် မကျန်ခဲ့တော့ပါ။

ထို့အပြင် ထူးဆန်းသည့် ရနံ့ကလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရုတ်တရက် စူးစူးရှရှ အနံ့တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ယဲ့ရှောင်ချန်းသည် ချက်ချင်း ဂတ်စ်မီးဖိုကို ပိတ်လိုက်သည်။

ယဲ့ရှောင်ချန်းသည် သန်းဝေလိုက်ပြီး  ဖုန်းထုတ်ကာ အချိန်ကို ကြည့်လိုက်သည်။ မနက် လေးနာရီအချိန်ဖြစ်သည်။

ဒီရက်ပိုင်းတွင် သူ အလွန် ပင်ပန်းနွမ်းနယ်လွန်းလှသည်။

ပစ္စည်းများလည်း ပို့ဆောင်ရ၊ ခြံကိုလည်း ဂရုစိုက်ရ၊ ဆေးဖော်ဖို့လည်း ပစ္စည်းအမယ်များလည်း ရှာဖွေရသေးသည်။

တစ်ရက်ကို သုံးနာရီထက် ပိုပြီး မအိပ်နိုင်ခဲ့ပါ။

ကံကောင်းစွာဖြင့် အင်မော်တယ်မြေပေါ်တွင် အိပ်စက်အနားယူခြင်းက သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားကို အမြန် ပြန်ပြည့်ဝစေခဲ့သည်။ မဟုတ်လျှင် တကယ် ခြေကုန်လက်ပန်းကျသွားမည် ဖြစ်သည်။

ဘွိုင်လာအိုးကို ထားခဲ့လိုက်ပြီး အင်မော်တယ်မြေသို့ အိပ်စက်အနားယူရန် အမြန်သွားခဲ့သည်။

နှိုးစက်သံ မြည်လာတော့ ယဲ့ရှောင်ချန်းတစ်ယောက် မျက်လုံးပြန်ဖွင့်လိုက်၏။

မနက် ၇နာရီထိုးနေပြီဖြစ်သည်။

သွပ်အိမ်ထဲသို့ အမြန်ပြန်ဝင်သွားပြီး ဘွိုင်လာအိုး အဖုံးကို ဖွင့်ကြည့်လိုက်သည်။

ဘွိုင်လာအိုးထဲက အရည်များ အေးသွားပြီ ဖြစ်၏။

အနက်ရောင်အရည်က ထူးဆန်းသော အနံ့တစ်ခုကို ထုတ်လွှတ်ပေးနေပြီး အရင်ကလို မဟုတ်ဘဲ စူးရှနေသည်။

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။ "ကြည့်ရတာ ငါ့ရဲ့ ဆေးဖော်စပ်တဲ့ စွမ်းရည်က မဆိုးဘူးပဲ။"

ဖန်ပုလင်းတစ်ခုကို ထုတ်လိုက်ပြီး ထိုအရည်ကို လောင်းထည့်လိုက်သည်။

"ဒီဆေးကမှ ဖူဆန်သစ်ပင်ကို မကုသနိုင်ရင် အခြားနည်းလမ်း မရှိတော့ဘူး။"

ယဲ့ရှောင်ချန်းက ရေရွတ်လိုက်သည်။

အမှန်ပင် ဒီအရည်က ဖူဆန်သစ်ပင်ကို လုံးလုံး ကုသနိုင်ရုံနှင့် မပြီးသေးပေ၊ ဖူဆန်သစ်ပင်ကလည်း ဒီဆေးရည်ကို စုပ်ယူနိုင်စွမ်း ရှိရဦးမည်။

စုပ်ယူနိုင်စွမ်းကို ဆုံးရှုံးသွားပါက အရည်ပိုလောင်းလျှင်တောင် ဘာမှထူးခြားလာမည်မဟုတ်ပါ။

လူတစ်ဦးသည် အလွန်ဗိုက်ဆာနေသောအခါ အစာအိမ်၏ စုပ်ယူမှုဆိုင်ရာ လုပ်ဆောင်ချက်ကို ဆုံးရှုံးသွားသကဲ့သို့ပင် သင်မည်မျှပင်စားစေကာမူ အစာကို ချေဖျက်၍ စုပ်ယူနိုင်မည်မဟုတ်ပေ။

ဖူဆန်သစ်ပင်၏ စုပ်ယူနိုင်စွမ်းကို ဖွင့်ပေးနိုင်မည့် လူတစ်ယောက် လိုအပ်သည်။

ထို့အပြင် ဖူဆန်၏ အသိစိတ်နှင့်လည်း ဆက်နွယ်နိုင်ရမည်။

ပြောရမည်ဆိုလျှင် ဖူဆန်သစ်ပင်၏ ရင်းမြစ် အသက်စွမ်းအင်က ဆုံးရှုံးသွားသဖြင့် သစ်ပင်၏ အသိစိတ်ကလည်း လွင့်ပြယ်လုနီးပါး ဖြစ်နေသည်ဟူသည့် သဘောပင်။

သစ်ပင်၏ အသိစိတ်ကို နှိုးဆွပေးဖို့က လွယ်ကူသော အလုပ် မဟုတ်ပါ။

အမှန်ပင်။ ထိုအခြေအနေကိုတော့ ယဲ့ရှောင်ချန်း ထိုသစ်ပင်ကို မြင်မှ ဆက်စဥ်းစားနိုင်ပါသည်။

နာရီကို ကြည့်လိုက်တော့ မနက်စောစော အချိန်သာ ရှိသေးသည်။

ဟင်းသီးဟင်းရွက်များ ပို့ဆောင်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် ရှရှီမြို့တော်သို့ မောင်းထွက်လာခဲ့သည်။

သူ မသွားခင် ကျန်းခယ့်ချင်းကို ဖုန်းကြိုဆက်ခဲ့၏။

........

ရှရှီမြို့တော်၊ အထူးအပင်သုတေသနအဖွဲ့အစည်း။

ထိုနေရာက မျိုးတုန်းနိုင်သည့် အန္တရာယ် ရှိနေသော အပင်များ၊ အများစုက ရှားပါးပြီး အပြင်လောကတွင် မတွေ့နိုင်သလောက် ရှိသော အပင်များကို ထားသို လေ့လာရာ နေရာဖြစ်သည်။

ဖူဆန်သစ်ပင်အား ရှာတွေ့ပြီးနောက်တွင် ဒီနယ်မြေအတွင်းသို့ အမြန်ပြောင်းရွှေ့ စိုက်ပျိုးခဲ့သည်။ အမြင့်ဆုံး စောင့်ရှောက်မှု စံနှုန်းများဖြင့် စောင့်ရှောက်ထားသည်။

လောလောဆယ် ပြည်တွင်းနှင့် ပြည်ပက နာမည်အကျော်ဆုံး ရုက္ခဗေဒ ပညာရှင်များပင် ဒီနေရာတွင် ရှိနေသည်။

ကျန်းခယ့်ချင်းလည်း ထိုနေရာတွင် ရှိနေခဲ့ပါသည်။

သူ့အဆင့်နှင့် ဂုဏ်သတင်းအရဆိုလျှင် အောက်ဆုံးမှာပင် ရှိလောက်သည်။

ယဲ့ရှောင်ချန်းထံမှ ဖုန်းအဆက်အသွယ်ရသောအခါ သူ ချက်ချင်း လီယန်ကို အသိပေးခဲ့၏။

သူက အထူးအပင်သုတေသနအဖွဲ့အစည်းထဲတွင် ပါဝင်သော်လည်း ဘယ်သူ့ကိုမှ ခေါ်လာချင်တိုင်း ခေါ်လာလို့ မရပါ။

လီယန်က အထူးအပင်သုတေသနအဖွဲ့အစည်းတွင် မရှိသော်လည်း သူ့နာမည်က သာမန်ထက်ပိုပါသည်။ သူက ဖူဆန်သစ်ပင်ကို ပထမဆုံး တွေ့ရှိခဲ့သောလူ ဖြစ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် လီယန်သာ ယဲ့ရှောင်ချန်းကို ခေါ်လာနိုင်ပါသည်။

"ဘာ... မစ္စတာယဲ့ ရောက်နေပြီ ဟုတ်လား။ ကျုပ်ကိုယ်တိုင် သွားခေါ်လိုက်မယ်။"

လီယန်က ယဲ့ရှောင်ချန်းကို အာရုံအတော်စိုက်ထားပြီး ချက်ချင်း သူ့ သုတေသန လုပ်ငန်းများကို  ရပ်တန့်လိုက်သည်။

သူက ရှေးဟောင်းသုတေသနပညာရှင် ဖြစ်သော်လည်း သင်္ချိုင်းဂူထဲမှ တူးဖော်ရရှိသော ပစ္စည်များအနက် ရှေးဟောင်းဖူဆန်သစ်ပင်ကိုသာ စိတ်အဝင်စားဆုံးဖြစ်သည်။

All Chapters