← Chapters

အပူချိန် ကျဆင်းခြင်း

Vol. 6 Ch. 84

အပူချိန် ကျဆင်းခြင်း

Vol. 6 Ch. 84

အခန်း(၈၄) - အပူချိန် ကျဆင်းခြင်း

ယဲ့ရှောင်ချန်းက လီယန်နှင့် သူ့မြေးမ လီထျင်ထျင်ကို အထူးအပင်သုတေသနအဖွဲ့အစည်း ဝင်ပေါက်တွင် ဆုံတွေ့လိုက်ရသည်။

ယဲ့ရှောင်ချန်းက လီထျင်ထျင်ကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်ရပြန်သည်။ ထိုမိန်းကလေးက အလွန်လှပပြီး ကိုင်းနက်မျက်မှန်က သူမကို ထက်မြက်သော မိန်းမအသွင် ပေါ်လွင်စေသည်။

ရုတ်တရက် သူ့မျက်နှာဟာ ပြောင်းလဲသွားပြီး ထိန်းချုပ်ဖို့ ခက်ခဲသည့် ပျော်ရွှင်မှုများ မျက်နှာပေါ်တွင် ပေါ်လာသည်။

အကြောင်းမှာ သူ့ဘောင်းဘီအိတ်ကပ်ထဲမှ အနီရောင်အင်မော်တယ်ချီများက ဆက်တိုက် ထွက်လာပြီး လီထျင်ထျင်ရှိရာဘက်သို့ ဦးတည်သွားနေကြသောကြောင့်ဖြစ်သည်။

ကံကောင်းစွာဖြင့် အနီရောင်ဓာတ်ငွေ့က အလွန်ဖျော့တော့ပြီး နေရာင်ခြည်ဖြင့် ပေါင်းစပ်လိုက်ပါက ဘယ်သူမှ မတွေ့နိုင်ပါ။

ရှန်းနုန်စနစ်ကို ပိုင်ဆိုင်ပြီး ရှန်းနုန် ပါရမီများကို ရရှိပြီးကတည်းက ယဲ့ရှောင်ချန်း၏ အာရုံငါးပါးမှာ အလွန်အမင်း နိုးကြားလာပြီး သူ့အမြင်အာရုံကြောင့် အနီရောင်ဖျော့ဖျော့ အင်မော်တယ်ချီကို မြင်နိုင်ခြင်းဖြစ်သည်။

ထိုအနီရောင်ဓာတ်ငွေ့များက လီထျင်ထျင်၏ ဖြူဖြူသွယ်သွယ် လည်ပင်းထံသို့ ပျံ့နှံ့သွားကြသည်။

သူမ၏ လည်ပင်းပေါ်တွင် အဝါရောင် သစ်သား လည်ဆွဲလေးတစ်ခုရှိနေ၏။ အလွန်ဟောင်းနွမ်းပြီး တောက်ပမှုလည်း မရှိပါ။ အဆောင်ပစ္စည်း တစ်မျိုးမျိုး ဖြစ်လောက်သည်။

ယဲ့ရှောင်ချန်း၏ မျက်လုံးက မနေနိုင်ဘဲ ထိုသစ်သား လည်ဆွဲကို စိုက်ကြည့်နေမိသည်။ ရင်ထဲတွင်လည်း ပီတိဖြစ်သွားမိ၏။ ထိုသစ်သား လည်ဆွဲထဲတွင် ဝိညာဥ်ပစ္စည်း တစ်ခုခုရှိနေတာ ဖြစ်ရမည်။ မဟုတ်ပါက အနီရောင် အင်မော်တယ်ချီ ဓာတ်ငွေ့ကို ဆွဲဆောင်ဖို့ မဖြစ်နိုင်ပါ။

လီထျင်ထျင်က ယဲ့ရှောင်ချန်း သူမကို စိုက်ကြည့်နေသဖြင့် နေရခက်လာသည်။ သူမသည် မျက်မှောင်ကြုတ်သွားပြီး ယဲ့ရှောင်ချန်းက အနည်းငယ် ယဥ်ကျေးမှုမရှိသည်ဟု ခံစားလိုက်ရသည်။

သို့သော် သူမက လူကောင်းဖြစ်သဖြင့် ဘာမှတော့ မပြောခဲ့ပါ။

ယဲ့ရှောင်ချန်းက မိန်းမလှတစ်ဦးကို ထိုကဲ့သို့ စိုက်ကြည့်နေခြင်းက အလွန်ရိုင်းသည်ကို သိသဖြင့် အမြန်ပဲ အကြည့်ကို ရုတ်သိမ်းလိုက်သည်။

သို့သော်လည်း ယဲ့ရှောင်ချန်းသည် ထိုသစ်သားလည်ဆွဲအကြောင်းကိုသာ ဆက်တွေးနေမိသည်။ ထိုလည်ဆွဲကို ဘယ်လို ရအောင် ယူရမလဲ မသိပါ။

ဝယ်ကြည့်လိုက်ရမလား။

သူ တွေးကြည့်သလောက်တော့ ဒါက ခက်ခဲနိုင်လောက်သည်။ ထိုသစ်သားလည်ဆွဲက တန်ဖိုးကြီးသည့်ပုံလည်းမပေါ် လှလည်းမလှပါ။ သို့သော် ထိုကောင်မလေးက ဝတ်ဆင်ထားသဖြင့် အဓိပ္ပာယ် တစ်ခုခုတော့ ရှိလောက်မည်။

ခဏလောက်အထိ ယဲ့ရှောင်ချန်းသည် အရှုံးအမြတ်များအကြောင်း စဥ်းစားရင်း ခန္ဓာကိုယ်က ဂနာမငြိမ် ဖြစ်နေခဲ့သည်။

လီယန်ကလည်း ယဲ့ရှောင်ချန်းကို လေ့လာဆန်းစစ်နေ၏။

ယဲ့ရှောင်ချန်းသည် ငယ်ရွယ်မှန်း သူသိထားသော်လည်း အပြင်တွင် တွေ့ရသောအခါ အံ့သြမိနေပါသေးသည်။

သူက ငယ်ရုံမကဘဲ ငယ်လွန်းမက ငယ်နေပါသည်။

ဧကန္တ လွန်ခဲ့သောလများက စိုက်ပျိုးရေးခြံထဲရှိ အင်မော်တယ်ချီများကို ရှူရှိုက်ပြီး ခြံထွက် အသီးအနှံများကို စားသုံးခဲ့ခြင်းကြောင့် ယဲ့ရှောင်ချန်းရဲ့ ခန္ဓာကိုယ်၏ ဝိညာဥ်အခြေအနေမှာ အများကြီး ပိုကောင်းလာခြင်း ဖြစ်နိုင်ပါသည်။

သူသည် ပုံမှန်အတိုင်း ဝတ်ဆင်ထားရင်တောင် လူတွေကို တောက်ပနေသော ခံစားချက်တစ်ခု ပေးစွမ်းနိုင်သည်။

လီယန်က ယဲ့ရှောင်ချန်းတစ်ယောက် သူ့မြေးမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ ရယ်မောမိသည်။ သူက တကယ် လူငယ်ပဲ ဖြစ်ပါသည်။

"မစ္စတာယဲ့၊ ဒီကိုလာရတာ အတော်လေး ဒုက္ခများခဲ့မှာပဲ။"

လီယန်က ယဲ့ရှောင်ချန်းနှင့် ယဥ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

ယဲ့ရှောင်ချန်းက ငယ်ရွယ်သေးသော်လည်း ဘယ်လို ရိုင်းစိုင်းမှုမှ မရှိပါ။

သူ့မြေးမနှင့်လည်း မိတ်ဆက်ပေးလိုက်သည်။

ခုနတုန်းက အပြုအမူကြောင့် လီထျင်ထျင်က သူစိမ်းဆန်ဆန်သာ တုန့်ပြန်လိုက်သည်။

ယဲ့ရှောင်ချန်းက ငယ်ရွယ်ပြီး သူမကို ရိုင်းရိုင်းစိုင်းစိုင်း စိုက်ကြည့်ရဲတယ်တဲ့လား။ ယဲ့ရှောင်ချန်းက ကလေကချေများ ဖြစ်နေမလားဟု သူမ တွေးနေမိသည်။

ထိပ်တန်း ကျွမ်းကျင်ပညာရှင်များနှင့် ပရော်ဖက်ဆာများကပင် ထိုရှေးဟောင်းဖူဆန်သစ်ပင်ကြီးကို မကုသနိုင်တာကို ထိုယဲ့ရှောင်ချန်းဆိုသူက ဘယ်လိုလုပ်ပြီး ကယ်တင်နိုင်ပါ့မလဲ။

ထို့အပြင် ဝိညာဥ်ပစ္စည်းကို တွေ့သွားသဖြင့် ယဲ့ရှောင်ချန်း၏ အံ့အားသင့်သော မျက်လုံးများကိုလည်း နှာဘူးထသော အကြည့်များဟု ထင်သွားသည်။

ဒါကို ယဲ့ရှောင်ချန်းသာ သိလျှင် သွေးအန်သွားလောက်သည်။

"ပြဿနာမရှိပါဘူး။ ဒါရိုက်တာလီ၊ ကျွန်တော့်ကို ဖူဆန်သစ်ပင်ဆီကို ခေါ်သွားပေးလို့ ရမလား။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"ကောင်းပါပြီ။"

လီယန်က ခေါင်းငြိမ့်ကာ ချက်ချင်း ယဲ့ရှောင်ချန်းကို အထူးအပင်သုတေသနအဖွဲ့အစည်း အဆောက်အဦး အတွင်းသို့ ခေါ်သွားလိုက်သည်။

"အင်း... ရှင် ဘာတွေ လုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့။”

လီထျင်ထျင်က ယဲ့ရှောင်ချန်း၏ နောက်ကျောကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။

လူတစ်ယောက်ကို မကောင်းဘူး ထင်လိုက်မိပါက အမြဲတမ်း သဘောမကျနိုင်တော့ပါ။

အထူးအပင်သုတေသနအဖွဲ့အစည်းက အပြင်ဘက်မှ ကြည့်လျှင် မထင်ရှားသော်လည်း အထဲတွင်တော့ ခြားနားပါသည်။ တစ်နေရာလုံးက စိမ်းလန်း စိုပြည်သော အပင်များဖြင့် ပြည့်နှက်နေပါသည်။

နောက်ဆုံးတော့ သူတို့သုံးယောက် ခြံဝန်းကျယ်ကြီးတစ်ခုသို့ ရောက်ရှိသွားကြပြီး သူတို့ရှေ့တွင် ကြီးမားသော ဖန်လုံအိမ်ကြီးတစ်လုံးရှိနေသည်။

ထိုဖန်လုံအိမ်ကြီး တစ်ခုလုံးက ခြားနားသည်။

လုံးဝ အလုံပိတ်ထားပြီး ပိုက်လိုင်းမျိုးစုံဖြင့် ဆက်သွယ်ထားကာ ကြည့်လိုက်ပါက အထဲတွင် အပင်တစ်ချို့ကိုသာ စိုက်ပျိုးနိုင်သည့် လူလုပ်ပတ်ဝန်းကျင်အနေအထား တစ်ခု ရှိနေသည်ကို သိနိုင်သည်။

ဖန်သားပြင်ကို ဖြတ်သန်းပြီး ကြည့်လိုက်သောအခါ အထဲတွင် ပင်စည်က မြွေတစ်ကောင်လို လိမ်ကောက်နေသော ထူးဆန်းသည့် အပင်တစ်ပင်ကို ယဲ့ရှောင်ချန်း မြင်နိုင်သည်။ အလယ်ဗဟိုတွင် ထိုအပင်ရှိနေပြီး ဘေးပတ်လည်တွင် လူများစွာက မတ်တပ်ရပ်နေကြကာ တစ်စုံတစ်ရာကို ဆွေးနွေးနေပုံရသည်။

ယဲ့ရှောင်ချန်းက ထိုထူးဆန်းသည့် သစ်ပင်ကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားပြီး ပုံစံကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်းဖူဆန်သစ်ပင်ကြီးမှာ လုံးဝ သေဆုံးနေသည့်ပုံပေါက်နေသည်။

"ဥက္ကဌကြီးကျန်း၊ ဒါက မစ္စတာ ယဲ့ရှောင်ချန်းပါ။ ကျွန်တော် သူ့ကို အပင်ကိုကြည့်ဖို့ ခေါ်သွားမလို့ပါ။"

လီယန်နှင့် ယဲ့ရှောင်ချန်းက ဖန်လုံအိမ် အနီးအနားရှိ နှစ်ထပ်အဆောက်အဦးထံသို့ လမ်းလျှောက်သွားကြပြီး လူလတ်ပိုင်း  ယောက်ျားတစ်ဦးနှင့် ဆုံမိကြသည်။

ကျန်းဖျင်သည် အထူးအပင်သုတေသနအဖွဲ့အစည်း၏ ဥက္ကဌဖြစ်ပါသည်။

ဒါရိုက်တာကျန်း၏ ပုံစံမှာ ကျောင်းသားတစ်ယောက်လို ဖော်ရွေပြီး သပ်ရပ်နေသည်။

"ပရော်ဖက်ဆာလီ၊ အရင်ဆုံး သီးသန့်အခန်းထဲသွားပြီး အကာအကွယ်ဝတ်စုံ ဝတ်လိုက်ပါဦး။"

ကျန်းဖျင်က ယဲ့ရှောင်ချန်းကို ပြုံးကာ ကြည့်လိုက်သည်။ သို့သော် သူ့မျက်လုံးထဲတွင်တော့ မယုံကြည်သည့် အရိပ်အယောင်ကို ခံစားမိသည်။

သူက ယဲ့ရှောင်ချန်းကို အတည်ပေါက် မမျှော်လင့်ထားတာ သိသာပါသည်။

ပြည်တွင်းပြည်ပ နာမည်ကြီး ကျွမ်းကျင်သူများကတောင် ဘာမှ မလုပ်နိုင်သဖြင့် ထိုကဲ့သို့ ငယ်ငယ်ရွယ်ရွယ် လူငယ်က လုပ်နိုင်လိမ့်မည်ဟု မယုံကြည်ထားပါ။

သူက အထူးအပင်သုတေသနအဖွဲ့အစည်း၏ ဒါရိုက်တာဖြစ်ပြီး ရုက္ခဗေဒ နောက်ခံတော့ မရှိပါ။ သူ့ရဲ့ အဓိကလုပ်ငန်းက အုပ်ချုပ်စီမံခန့်ခွဲရေးဆိုင်ရာ ဖြစ်သောကြောင့် ပါးနပ်ပြီး ခံစားချက်များကို ထုတ်မပြပါ။

သုံးယောက်သား အဖြူရောင် အကာအကွယ် ဝတ်စုံများကို ဝတ်ဆင်လိုက်ပြီး ထိုဝတ်စုံတွင် အောက်ဆီဂျင်အိုးများပါ ပါရှိသည်။

ထိုအကာအရွယ်ဝတ်စုံများက လူများ ပြင်ပဘက်တီးရီးယားများကဲ့သို့သော ပစ္စည်းများကို သယ်ဆောင်လာခြင်းအား ကာကွယ်ရန်ဖြစ်သည်။

အောက်ဆီဂျင်အိုးများက ဖန်လုံအိမ်ထဲ ဝင်သောသူများကို အောက်ဆီဂျင်ထောက်ပံ့ဖို့ဖြစ်သည်။ ဒီဖန်လုံအိမ်က သင်္ချိုင်းဂူကဲ့သို့ လေလုံအောင် ဆောက်ထားခြင်းကြောင့် ဖြစ်ပါသည်။

ထို့ကြောင့်သာ ဖူဆန်သစ်ပင်၏ ကျန်ရှိနေသော အသက်စွမ်းအင်ကို ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။ မဟုတ်လျှင် သာမန်လေကိုသာ အသုံးပြုပါက ဖူဆန်သစ်ပင်က လုံးဝသေဆုံးသွားလိမ့်မည်ဖြစ်သည်။

သူတို့သုံးဦးသား ဖန်လုံအိမ်ထဲသို့ ဝင်သွားကြ၏။

အထဲက လူများက ယဲ့ရှောင်ချန်းတို့ ဝင်လာသည်ကို မြင်သော်လည်း သိပ်အရေးမစိုက်ဘဲ တစ်စုံတစ်ရာကိုသာ ဆက်လက် ဆွေးနွေးနေကြသည်။

ကျန်းခယ့်ချင်းလည်း အထဲတွင် ရှိနေ၏။ ယဲ့ရှောင်ချန်း ဝင်လာသည်ကို မြင်သောအခါ သူက အလျင်အမြန် သွားနှုတ်ဆက်လိုက်သည်။

"ငါ့ညီယဲ့ ရောက်လာပြီလား။"

ကျန်းခယ့်ချင်းက ပြုံးကာ ပြောလိုက်သည်။

"ပရော်ဖက်ဆာကျန်း"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ကာ ပြန်လည် နှုတ်ဆက်လိုက်ပြီး ဖူဆန်သစ်ပင်ကြီးထံသို့ တန်းသွားလိုက်သည်။

ဖူဆန်သစ်ပင်ကြီးက သမိုင်းကြောင်းရာဇဝင်၏ သံသရာကို ဖော်ပြနေသလိုပင်။

ယဲ့ရှောင်ချန်းက ဖူဆန်သစ်ပင်၏ ပင်စည်ကို သိမ်မွေ့စွာ ထိတွေ့လိုက်ပြီး ထင်မထားလောက်စရာ နွေးထွေးမှုကို ခံစားလိုက်ရသည်။

"ဒီဖူဆန်သစ်ပင်က အရမ်းထူးဆန်းပြီး အရမ်းနွေးထွေးတယ်။ ဒါပေမယ့် သင်္ချိုင်းဂူထဲမှာ ရှိတုန်းကထက် အပူချိန်က ၂ ဒီဂရီဆဲစီးရပ်စ်ကျော်လောက် ကျသွားပြီး ဆက်တိုက်ကို ဆက်ကျနေတယ်။"

ကျန်းခယ့်ချင်းက ယဲ့ရှောင်ချန်းတစ်ယောက် မျက်နှာပြောင်းလဲသွားသည်ကို မြင်တော့ ခပ်သွက်သွက် ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်၏။ သို့သော် ဘာမှမပြောပေ။ သူ့စိတ်ဝိညာဥ်ကို အပင်၏ အသိစိတ်နှင့် ဆက်သွယ်ဖို့ ကူးပြောင်းနေခြင်းဖြစ်သည်။

ဘေးက လီထျင်ထျင်ကလည်း ယဲ့ရှောင်ချန်း၏ အပြုအမူများကို မြင်နေရသည်။ ရင်ထဲတွင်တော့ ယဲ့ရှောင်ချန်’င ဘာအစွမ်းအစမှ မရှိဟု ခံစားနေရ၏။

ဖူဆန်သစ်ပင်၏ အချက်အလက်များကိုပင် မကြည့်ဘဲ ဒီတိုင်း ထိတွေ့ကြည့်နေသည်။ ထိကြည့်ရုံနဲ့ ဘာများ သိနိုင်မှာလဲ။

ခဏလောက်ကြာသောအခါ ယဲ့ရှောင်ချန်းက နောက်ပြန်ဆုတ်လိုက်ပြီး အသက်ဝဝ ရှူလိုက်၏။

ဖူဆန်သစ်ပင်၏ အသိစိတ်မှာ အလွန်အားနည်းကာ ရှုပ်ထွေးနေပြီး အချိန်မရွေး လုံးဝပျောက်ကွယ်သွားနိုင်သလို ဖြစ်နေသည်။

ဒီတိုင်းသာ ဆက်ဖြစ်နေပါက ဖူဆန်သစ်ပင်မှာ သုံးရက်တောင် မခံလောက်တော့ပါ။

"ပရော်ဖက်ဆာကျန်း၊ ဖူဆန်သစ်ပင်ရဲ့ စမ်းသပ်ချက် အချက်အလက်တွေကို ကြည့်လို့ရမလား။"

ယဲ့ရှောင်ချန်းက ပရော်ဖက်ဆာကျန်းကို မေးလိုက်သည်။

"ရတာပေါ့"

ပရော်ဖက်ဆာကျန်းက ချက်ချင်းဆိုသလို ယဲ့ရှောင်ချန်းအား လက်ပ်တော့တစ်လုံးကို ပေးလိုက်သည်။

လက်ပ်တော့ထဲတွင် ဒီအချိန်အတောအတွင်း ဖူဆန်သစ်ပင်၏ အသေးစိတ်အချက်အလက်များအားလုံးကို မှတ်တမ်းတင်ထားခဲ့သည်။

ယဲ့ရှောင်ချန်းသည် ဂရုတစိုက် ကြည့်ပြီးသွားသောအခါ အကြာကြီး ချင့်ချိန် စဥ်းစားလိုက်၏။ ကျန်းခယ့်ချင်းက စိတ်လှုပ်ရှားနေပုံရသည်။ ယဲ့ရှောင်ချန်းလည်း နည်းလမ်း မရှိတော့ဘူးလား။

သူ့အမြင်တွင်တော့ ယဲ့ရှောင်ချန်းမှာတောင် ဖြေရှင်းချက် မရှိတော့ပါက ဖူဆန်သစ်ပင်ကို ကယ်တင်နိုင်ဖို့ လမ်းမမြင်တော့ပါ။

အခုချိန်ထိ ပြည်တွင်း ပြည်ပ ကျွမ်းကျင်ပညာရှင်များက နည်းလမ်းများစွာကို ဆွေးနွေးသုံးသပ်ခဲ့ကြသော်လည်း ဘာမှ အသုံးမဝင်ခဲ့ပေ။

သူတို့တွေ စတင်ပြီး လက်လျှော့လာကြပြီဖြစ်သည်။

All Chapters