မေးခွန်းထုတ်ခြင်း
Vol. 6 Ch. 85
အခန်း(၈၅) - မေးခွန်းထုတ်ခြင်း
"လာဟန်ဆောင်နေတယ်။ သူက ဒါကို ဖတ်တတ်လိမ့်မယ်လို့ ငါမထင်ဘူး။”
လီထျင်ထျင်က ယဲ့ရှောင်ချန်း၏ အပြုအမူများကို မြင်ကာ ရင်ထဲတွင် တွေးလိုက်သည်။
"ဒါရိုက်တာလီ၊ ကျွန်တော် ကုသပေးနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျား စီစဥ်ပေးရမယ့် အရာတွေတော့ ရှိတယ်။"
ယဲ့ရှောင်ချန်းက ရုတ်တရက် လက်ပ်တော့ကို ကျန်းခယ့်ချင်းဆီ ပြန်ပေးလိုက်ပြီး လီယန်ကို ကြည့်ကာ ပြောလိုက်သည်။
သူက အများကြီး စဥ်းစားပြီးပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် လီယန်သာ သူ့တောင်းဆိုချက်ကို လိုက်လျောနိုင်သည်။
ဒီဖူဆန်သစ်ပင်က သာမန်မဟုတ်ဘဲ ဒီလို အစိုးရသုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သော အထူးအပင်သုတေသနအဖွဲ့အစည်းတွင် သူ မလုပ်နိုင်သော အရာများရှိသည်။
"ဘာဖြစ်လို့လဲ။ မင်းပြောကြည့်လိုက်လေ။ ငါကြိုးစားပေးပါ့မယ်။"
လီယန်က အမြန်ပြောလိုက်သည်။
လောလောဆယ် ယဲ့ရှောင်ချန်း၏ ခန္ဓာကိုယ်မှ အလွန်ထူးခြားသော ခံစားချက်တစ်ခုကို သူ ရနေပြီး ထင်မထားနိုင်စရာ ထိုခံစားချက်က သူ့ကို ယုံကြည်တစ်မျိုး ရှိသွားစေသည်။
ဧကန္တ ယဲ့ရှောင်ချန်းတွင် နည်းလမ်း တကယ်ပဲ ရှိလောက်သည်။
"ဆီတချို့ ပြင်ထားပေးပါ။ မီးလောင်နိုင်တဲ့ဆီ ဆိုပေမယ့် အငွေ့ပြန်လွယ်တာမျိုး မဖြစ်ရဘူး။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ဆီနဲ့ ဘာလုပ်မလို့လဲ။"
လီယန်က အံ့အားသင့်သွား၏။
“သုံးစရာ ရှိလို့ပါ။"
ယဲ့ရှောင်ချန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"အေးပါ၊ ငါ အခု ယူလာပေးမယ်။"
လီယန်၏ ရင်ထဲတွင် သံသယများစွာ ရှိနေသည်။ သို့သော်လည်း ခေါင်းသာငြိမ့်လိုက်ပြီး ခပ်မြန်မြန် အပြင်သို့ ထွက်သွား၏။
"ရှင် ဆီနဲ့ ဘာလုပ်မလို့လဲ။"
လီထျင်ထျင်က ယဲ့ရှောင်ချန်းသည် အချက်အလက်များကို ကြည့်ကာ လေ့လာချင်ယောင်ဆောင်ပြီး နောက်မှ သူ မကုသနိုင်ဘူးဟူသော စကားမျိုးပြောကာ ဆင်ခြေပေးပြီး ထွက်သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက ဆီကို တောင်းနေသည်တဲ့လား။
သူက ဖူဆန်သစ်ပင်ကို ဆီနဲ့ ကုသမလို့လား။
ဒါ နောက်နေတာပဲ ဖြစ်ရမယ်။
ယဲ့ရှောင်ချန်းတစ်ယောက် ဆီနဲ့ ဘာလုပ်မည်ကို လီထျင်ထျင် သိချင်နေသည်။
အပြင်ဘက်တွင် ကျန်းဖျင်က လီယန် ဆီလိုအပ်နေပြီး ဖန်လုံအိမ်ထဲ ယူသွားတော့မည်ကို သိသဖြင့် မနေနိုင်ဘဲ ဝင်ပါမိသည်။
"ဒါ မကောင်းဘူးနော် ဒါရိုက်တာလီ။ အရမ်း အန္တရာယ်များလွန်းတယ်။ ဖူဆန်သစ်ပင်သာ တစ်ခုခု ဖြစ်သွားခဲ့ရင် ကျုပ် အဲ့လောက်ကြီး တာဝန်မယူနိုင်ဘူး။"
ကျန်းဖျင်က အမြန်ပြောလိုက်သည်။
"ဥက္ကဌကျန်း မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင် အားလုံးကို ကျွန်တော် တာဝန်ယူပေးပါ့မယ်။"
လီယန်က အတည်ပေါက် ပြောလိုက်သည်။
"အင်း ဟုတ်ပါပြီ။"
ကျန်းဖျင်က လီယန်၏ အတည်ပေါက် ပုံစံကို မြင်ကာ မတတ်နိုင်ဘဲ သဘောတူလိုက်တော့သည်။ သူ့ကို မျက်နှာသာ မပေးလျှင် တစ်ကိုယ်ကောင်းဆန်ရာ ကျလွန်းသွားမည်။
မကြာမီ မဖွင့်ရသေးသော ဟင်းချက်ဆီ တစ်ပုံးကို လီယန်က ဖန်လုံအိမ်ထဲသို့ သယ်သွား၏။
"ဘာတွေဖြစ်နေတာလဲ။"
"ဒါရိုက်တာလီ ဘာဖြစ်လို့ ဟင်းချက်ဆီတွေ အထဲယူသွားတာလဲ။"
တရုတ်ရိုးရာဝတ်စုံ ဝတ်ထားပြီး လက်တစ်ဖက်တွင် လမ်းလျှောက်တုတ်တစ်ချောင်း ကိုင်ထားကာ ထော့နဲ့ထော့နဲ့ ဖြစ်နေသော အဘိုးကြီးတစ်ယောက်က မေးလိုက်သည်။
ထိုအဘိုးကြီးက အရပ်ရှည်ပြီး ကတုံးဆံပင်ကေရှိကာ မီးခိုးရောင် ဆံပင်လေး နည်းနည်းသာ ရှိသည်။ ခြေထောက်ကလည်း မသန်ပေ။
"ဟားဟား... ပညာရှင်ကြီးယန်၊ ဒါ ကျွန်တော် ဖိတ်ထားတဲ့ အပင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် မစ္စတာ ယဲ့ရှောင်ချန်းလေ။ သူက ဖူဆန်သစ်ပင်ကို ကုသဖို့အတွက် ဆီသုံးဖို့ လိုတယ်လို့ ပြောလို့ပါ။"
ထိုပညာရှင်ကြီးယန်ဆိုသူ၏ သရုပ်သကန်မှာ မရိုးရှင်းပါ။ သူက တရုတ်သိပ္ပံကျောင်းတော်၏ အဖွဲ့ဝင်ဖြစ်ပြီး တရုတ်စိုက်ပျိုးရေးသိပ္ပံကျောင်းတော်၏ ဒုဥက္ကဌကြီးလည်းဖြစ်သည်။ သူ့ရဲ့ အဓိကနယ်ပယ်က ရုက္ခဗေဒပညာဖြစ်ပြီး ပြည်တွင်းတွင် လေးစားအခံရဆုံး ရုက္ခဗေဒနယ်ပယ် ပညာရှင်ဟု ဆိုနိုင်သည်။
ဒီလူနှင့် ပတ်သတ်သည့် ရာဇဝင်တချို့လည်းရှိသည်။ သူ့သက်လတ်ပိုင်းအရွယ်တုန်းက မျိုးသုဥ်းပျောက်ကွယ်လုနီးဖြစ်နေသော အပင်များကို ရှာဖွေဖို့အတွက် အန္တရာယ်များသော တောရိုင်းများထဲသို့ တစ်ဦးတည်း မကြာခဏ သွားတတ်သည်ဟု ဆိုသည်။
သူ့ခြေထောက်ကလည်း ဆိုက်ဘေးရီးယန်း ကျားတစ်ကောင် အကိုက်ခံခဲ့ရခြင်းဖြစ်ပြီး ကံကောင်းခဲ့ပါသည်။ ထိုအချိန်တုန်းက မုဆိုးတစ်ယောက်က ဝင်ကယ်ခဲ့ခြင်းဖြစ်ပြီး မဟုတ်ပါက ပညာရှင်ယန်ဆိုသည်မှာ ရှိလာမည်မဟုတ်ပါ။
ဒီတစ်ခေါက် ဖူဆန်သစ်ပင်၏ ပြဿနာနှင့် ပတ်သတ်၍လည်း သူ့ကိုဖိတ်ကြားခဲ့ကြပါသည်။
"သူလား။"
ပညာရှင်ကြီးယန်က ယဲ့ရှောင်ချန်းကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ့ကို ဘယ်လိုမှ သဘောမရပါ။ ပြည်တွင်းထဲ ဘယ်တုန်းက ဒီလို ငယ်ငယ်ရွယ်ရွယ် အပင်ပညာရှင် ပေါ်လာသလဲ သူ မသိပါ။
သို့သော်လည်း သူ့အပြုအမူများက ပုံမှန်အတိုင်း ဖြစ်ပါသည်။ စီနီယာကျမှုကို အခွင့်ကောင်းမယူဘဲ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "မစ္စတာယဲ့၊ ငါ မင်းနဲ့ ဆွေးနွေးချင်လို့ပါ၊ ဒီဆီတွေကို ဘာအတွက် အသုံးပြုမှာလဲ။"
"ပညာရှင်ကြီးယန်နဲ့ ကျွန်တော် မဆွေးနွေးဝံ့ပါဘူးဗျာ။ တကယ်တော့ ဒီဆီက ဖူဆန်သစ်ပင်ကို နွေးထွေးအောင်လုပ်ဖို့ အဓိက အသုံးပြုမှာပါ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
အခုလေးတင် ကျန်းခယ့်ချင်းက ဒီနေရာတွင် ရှိနေသော ကျွမ်းကျင်ပညာရှင် အယောက် ၂၀ကျော်၏ နာမည်ကို တီးတိုးပြောပြခဲ့ပြီး အားလုံးက ရုက္ခဗေဒပညာတွင် အလွန် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သူကတော့ ဘယ်သူမှ မဟုတ်ဘဲ ဘယ်လို ဘဝင်မြင့်မှုမျိုးကိုမှ မပြသခဲ့ပါ။
"နွေးထွေးအောင်လုပ်ဖို့ ဟုတ်လား။"
ပညာရှင်ကြီးယန်က ကြောင်သွားသည်။
နားထောင်နေသော အခြားသူများလည်း ကြောင်စီစီ ဖြစ်သွားကြပါသည်။
ချက်ချင်းဆိုသလို တစ်စုံတစ်ယောက်က ထရယ်လိုက်၏။ ဖူဆန်သစ်ပင်ကို ဆီနဲ့ နွေးထွေးအောင် လုပ်မယ်တဲ့လား။
သစ်ပင်ရဲ့ အပူချိန် ကျဆင်းလာတာကြောင့်လား။ အပင်တစ်ပင်ပဲကို လူမှမဟုတ်တာ။
ထို့အပြင် လောလောဆယ် ဆောင်းရာသီဖြစ်ပြီး ဖန်လုံအိမ်ထဲက အပူချိန်မှာ အလွန် အလိုက်သင့် ထိန်းညှိထားပါသည်။
ပြီးတော့ အနွေးဓာတ်ပေးချင်ရင်တောင် ဆီသုံးစရာမလိုပါ။ ဖန်လုံအိမ်ထဲက အပူထိန်းစနစ်ကို ချိန်ညှိခြင်းဖြင့် လုပ်ဆောင်နိုင်ပါသည်။
ချက်ချင်း သူတို့အားလုံး ယဲ့ရှောင်ချန်းကို ဘာမှနားမလည်သော လူလိမ်ဟု သတ်မှတ်လိုက်ကြသည်။
နိုင်ငံခြားသား ကျွမ်းကျင်သူတချို့က မန်ဒရင်းဘာသာစကားကို နားမလည်သော်လည်း သူတို့အတွက် ဘာသာပြန်များ ရှိသောကြောင့် သစ်ပင်ကို ဆီဖြင့် နွေးထွေးအောင် လုပ်မည့်အကြောင်း ကြားသောအခါ ကြောင်သွားကြသည်။
"ဟင်း..."
လီထျင်ထျင်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
ဒီယဲ့ရှောင်ချန်းက ဟာသဇာတ် ကပြဖို့အတွက်များ လာခဲ့သလားဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။
သစ်ပင်ကို နွေးထွေးအောင်လုပ်ဖို့ ဆီကို သုံးမယ်တဲ့လား။ ရုပ်ရှင်တွေထဲမှာပဲ ဖြစ်နိုင်မယ်။
ယဲ့ရှောင်ချန်းသည် ဘာမှမသိကြောင်း သူမ ရာနှုန်းပြည့် သေချာသွားပါသည်။
လူလိမ်။
လီယန်လည်း ကြောင်စီစီဖြစ်သွားသည်။
နွေးထွေးအောင် လုပ်မလို့လား။
မီးရှို့ဖို့ ဒီဆီကို သုံးမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။
သူက မနေနိုင်ဘဲ ကျန်းခယ့်ချင်းကို ကြည့်လိုက်သည်။ ယဲ့ရှောင်ချန်းမှာ တကယ်ပဲ အစွမ်းအစရှိလို့လားဟု မေးချင်သည်။
ခင်ဗျား လူလိမ်ကို ခေါ်လာတာတော့ မဟုတ်ပါဘူးနော်။
ဒီလိုသာဆို သူ မျက်နှာပျက်သွားနိုင်သည်။
ကျန်းခယ့်ချင်းကလည်း ကြက်သေသေသွားရသည်။ သို့သော်လည်း အလျင်အမြန် တုန့်ပြန်လိုက်ပြီး ယဲ့ရှောင်ချန်းအပေါ် ထားရှိသော သူ့ယုံကြည်ချက်ကို မရုတ်သိမ်းခဲ့ပါ။
အရင်တစ်ခေါက် ယဲ့ရှောင်ချန်းသည် ဖယောင်းဖြူ ဘွန်ဆိုင်းပင်ကို ကုသပေးပြီး သူ့အပင်သန်ဆေးနှင့် ရုက္ခဗေဒနယ်ပယ်တွင် ထူးခြားသော အသိပညာများကြောင့် ယဲ့ရှောင်ချန်းကို သူ စုံလုံးကန်း ယုံကြည်မိခြင်း ဖြစ်ပါသည်။
သူက လီယန်ကို ချက်ချင်း ပြတ်သားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
လီယန်က ယုံကြည်ချက် မရှိပါ။ သို့သော်လည်း ဘာပဲဖြစ်ဖြစ် သူထိန်းသိမ်းရမည်ကို သိပါသည်။
ဒီကောင်လေးက ဆန်းကြယ်မှုတွေ ဖန်တီးနိုင်ရင် ဖန်တီးနိုင်မှာပေါ့။
မျှော်လင့်ချက်ကို စွန့်ပြစ်ဖို့ သူ ငြင်းဆန်ခဲ့သည်။
"မစ္စတာယဲ့၊ ကျုပ် ဘာဆက်လုပ်ရမလဲ။"
လီယန်က ချောင်းဟန့်လိုက်ပြီး တက်ကြွသော လေသံဖြင့် မေးလိုက်သည်။
ယဲ့ရှောင်ချန်းက ပတ်လည်ရှိလူများ သူ့ကို ဝေဖန်နေကြသည်ကို မြင်ပါသည်။ သို့သော် ဂရုမစိုက်ပါ။ သို့သော်လည်း လီယန်၏ အပြုအမူကြောင့် သူအံ့အားသင့်သွားရ၏။
တစ်ဖက်လူက သေချာပေါက် သူ့ကို မေးခွန်းထုတ်လောက်မည် ဖြစ်သော်လည်း လောလောဆယ် သူ့ကို ယုံကြည်ပေးနေသည်။
"အဘိုး"
လီထျင်ထျင်က လီယန်၏ လက်မောင်းကို ဆွဲလိုက်သည်။
လီယန်က သူ့မြေးမ ဘာပြောဖို့ ကြိုးစားနေသည်ကို သိသည်။ သို့သော် ခေါင်းခါလိုက်ပြီး ဘာမှဝင်မပြောဖို့ သူမကို ပြောလိုက်သည်။
လီထျင်ထျင်လည်း ဘာမှမတတ်နိုင်ဘဲ နှုတ်ခမ်းစူသွားတော့သည်။ သူမ၏ အဘိုးက ဘာကြောင့် ဒီလူလိမ် ယဲ့ရှောင်ချန်းကို ယုံကြည်နေမှန်း မသိပါ။
"ကျွန်တော်ကို ဇလုံတစ်လုံးလောက်ပေးပါ။"
ယဲ့ရှောင်ချန်းက လီယန်နှင့် လီထျင်ထျင်တို့၏ အပြုအမူများကို မြင်ကာ ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဒီအလှအပလေးကလည်း သူ့ကို လူလိမ်ဟု သဘောထားပုံရသည်။
သို့သော်လည်း သူ သိပ်ပြီး စိတ်ထဲမထားပါ။ မဟုတ်လျှင် လေဖြုန်းတီးရာကျမည်။
ခပ်မြန်မြန်ပဲ ရေဇလုံတစ်လုံး ရောက်လာ၏။
ယဲ့ရှောင်ချန်းက မေးခွန်းထုတ်နေသော မျက်လုံးများစွာ၏ အောက်တွင် ဆီပုံးကို ဖွင့်လိုက်ပြီး ဆီနှစ်လီတာခန့်ကို ဇလုံထဲ လောင်းချလိုက်၏။
ဆီက ရွှေဝါရောင်ရှိပြီး ထူးခြားသော အနံ့တစ်ခုကို ပေးစွမ်းနေသည်။
ယဲ့ရှောင်ချန်းက သူလုပ်ထားသည့် အနက်ရောင်အရည်များဖြင့် ဖြည့်ထားသော ပုလင်းငယ်လေးတစ်လုံး ယူလာပြီး ဆီထဲသို့ ၁၀၀ မီလီလီတာခန့် လောင်းထည့်လိုက်သည်။
ထိုအရည်က အနံ့ပြင်းပြင်းတစ်ခုကို ထုတ်လွှတ်နေ၏။
ထိုနေရာတွင် ရှိနေသော လူများစွာက ထိုအနံ့ကို သည်းမခံနိုင်ကြပါ။ အောက်ဆီဂျင် မျက်နှာဖုံးများ ဝတ်ထားတာတောင် ဒီအနံ့က ရရှိနေခဲ့သည်။
သူတို့သည် အနက်ရောင်အရည်ကို အလွန်စပ်စုချင်နေကြသည်။
အဲ့တာ ဘာကြီးလဲ။