အဖျက်သမား
Vol. 6 Ch. 86
အခန်း(၈၆) - အဖျက်သမား
"ယဲ့ရှောင်ချန်း အဲ့ဒီအရည်က ဘာလဲ။"
ကျန်းခယ့်ချင်းက သူ့အနားတွင်ရှိနေသည်။ အနက်ရောင်အရည်ကို ကြည့်ရင်း အနံ့ပြင်းပြင်းကြီးကို ဖိနှိပ်ဖို့ ကြိုးစားနေရသည်။
"ဒါက ကျွန်တော် ဖော်စပ်ထားတဲ့ ဆေးရည်တစ်မျိုးပါ။ ဒါကို ကူးပမ်းဖေးယွမ်လို့ခေါ်တယ်။ ဖူဆန်သစ်ပင်ရဲ့ အရင်းအမြစ် အသက်စွမ်းအင်ကို တည်ငြိမ်စေဖို့ အဓိက အသုံးပြုတယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ကျန်းခယ့်ချင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ အပင်သန်ဆေးတုန်းကလည်း မှော်ဆန်သည့် အာနိသင်များကို သူမြင်ခဲ့ပြီးဖြစ်ပါသည်။
ထို့ကြောင့် အနက်ရောင်အရည်အကြောင်း သိချင်စိတ် ပိုများလာခဲ့သည်။
"ဟန်လုပ်နေတာ..."
လီထျင်ထျင်က လှောင်လိုက်သည်။ ထိုအနက်ရောင်အရည်က ညစ်တီးညစ်ပတ် အရာ တစ်မျိုးမျိုးသာ ဖြစ်ရမည်။
နာမည်ကတော့ ကောင်းပါသည်။
သို့သော် ထိုကူးပမ်းဖေးယွမ်က အာနိသင်ရှိပါ့မလား မသိပါ။
ပညာရှင်ယန်နှင့် ပြည်တွင်းပြည်ပ နာမည်ကြီး ရုက္ခဗေဒပညာရှင်များကလည်း သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြသည်။
အဲ့ဒီ အနံ့ပြင်းပြင်း အနက်ရောင်အရည်က တကယ်ပဲ မှော်ဆန်တာလား။
ဇလုံထဲက ရွှေရောင်ဟင်းချက်ဆီက ကူးပမ်းဖေးယွမ်ကို ထည့်ပြီးသောအခါ ချက်ချင်းဆိုသလို ရွှေအနက်ရောင်ပြောင်းသွားသည်။
ယဲ့ရှောင်ချန်းက စုပ်တံတစ်ချောင်း ယူလိုက်သည်။ ဆီထဲသို့ နှစ်ကာ စုပ်တံဖြင့် ဖူဆန်သစ်ပင်၏ ပင်စည်အား သုတ်ရန် ပြင်လိုက်သည်။
"မင်း ဘာလုပ်မလို့လဲ။"
ပညာရှင်ကြီးယန်က ယဲ့ရှောင်ချန်း လုပ်နေသည့်အရာကို မြင်ကာ အမြန်ရှေ့တိုးလာပြီး တားမြစ်လိုက်သည်။
ဆီကို သစ်ပင်မှာ သုတ်မလို့လား။
"ကျွန်တော် သစ်ပင်ကို ဆီသုတ်မလို့ပါ၊ မဟုတ်ရင် ကျွန်တော်က သစ်ပင်ကို ဘယ်လို နွေးထွေးအောင် လုပ်လို့ရမှာလဲ။"
ယဲ့ရှောင်ချန်းက ဒီကျွမ်းကျင်သူကြီးကို လေးစားသဖြင့် ချက်ချင်း ရှင်းပြလိုက်သည်။
"မဟုတ်ဘူး၊ ဒါကို ဘယ်လိုလုပ်ရမှာလဲ။ ဒီဖူဆန်သစ်ပင်ကြီးက နဂိုကတည်းက သူ့ဟာသူ ခွန်အားကုန်နေပြီ၊ သူ့ကို တွန်းအားပေးလို့ မတတ်နိုင်လောက်တော့ဘူး။”
ပညာရှင်ကြီးယန်က ယဲ့ရှောင်ချန်း၏ နည်းလမ်းကို နားမလည်ပါ။
ပညာရှင်ကြီးယန်က ဦးဆောင်ကာ အခြားကျွမ်းကျင်သူများကလည်း ယဲ့ရှောင်ချန်း၏ နည်းလမ်းကို သဘောမတူကြောင်း ပြောလာကြသည်။
"ဒါရိုက်တာလီ ကျုပ်တို့ ဒါကို ခွင့်ပြုလို့မရဘူးနော်။ လူသားတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ဒီဖူဆန်သစ်ပင်ကြီး လုံးဝ သေသွားရင် ကျုပ်တို့ ဒီတာဝန်ကြီးကို ယူနိုင်မှာ မဟုတ်ဘူး။"
အထူးအပင်သုတေသနအဖွဲ့အစည်း၏ ဥက္ကဌကျန်းဖျင်ကလည်း အမြန်ဝင်လာပြီး လီယန်ကို ဖြောင်းဖြဖို့ ကြိုးစားလိုက်သည်။
သူပြောသည့် လူသားတွေရဲ့ လုပ်ဆောင်ချက် ဆိုသည်မှာ ဖူဆန်သစ်ပင်ကို ဆီသုတ်ခြင်းဖြစ်သည်။
ဖူဆန်သစ်ပင်ကြီးက ဒီအတိုင်း သေသွားကောင်း သေသွားနိုင်သော်လည်း လူသားတွေရဲ့ လုပ်ဆောင်ချက်ကြောင့် သေသွားပါက ပြဿနာ အများကြီး တက်နိုင်သည်။
သူကလည်း အဖွဲ့အစည်း၏ ဥက္ကဌဖြစ်နေသဖြင့် ထိုတာဝန်များမှ လွတ်နိုင်မည်မဟုတ်ပါ။
"ပညာရှင်ကြီးယန်... ကျွန်တော်တို့ ဒီလိုမလုပ်ရင်ကော ဖူဆန်သစ်ပင်က အသက်ရှင်မှာလား။"
လီယန်က ယဲ့ရှောင်ချန်းကို အပြည့်အဝ ယုံကြည်ရမလား မသိသေးသော်လည်း အခု သူ့ကိုတားလိုက်လျှင် ဖူဆန်သစ်ပင်တွင် မျှော်လင့်ချက် လုံးဝ ရှိတော့မည် မဟုတ်ပါ။
ပညာရှင်ကြီးယန်က ကြောင်သွားသည်။
နည်းလမ်းမရှိပါ။
"ဖူဆန်သစ်ပင်ကြီး ဒီအတိုင်း သေသွားရင်တောင် ကိုယ်ထည်က ဘေးကင်းနေဦးမှာပဲ။ အခု ဆီသာ သုတ်လိုက်မယ်ဆိုရင် ရေနဲ့ပဲ ဆေးလို့ရမှာ မဟုတ်ဘူး။ သစ်သားကို ပျက်စီးစေတဲ့ အခြားပစ္စည်းတွေ သုံးရလိမ့်မယ်။"
လူလတ်ပိုင်း ယောက်ျားတစ်ဦးက ပြောလိုက်သည်။
"ဟုတ်တယ်၊ အပင်သေသွားရင်တောင် ကိုယ်ထည်က အဖိုးမဖြတ်နိုင်ဘူး။ လုံးဝ ပျက်စီးသွားရင်တော့ အရှုံးပဲ။”
"ဖူဆန်သစ်ပင်က ကမ္ဘာကြီးရဲ့ ရတနာဖြစ်လို့ ဘာထိခိုက်မှုမှ ဖြစ်လို့မရဘူး။"
"ဒီဖူဆန်သစ်ပင်ကို ဆီသုတ်လို့မဖြစ်ဘူး။"
အခြား ရုက္ခဗေဒပညာရှင်များလည်း အသံထွက်လာကြသည်။
သူတို့က ယဲ့ရှောင်ချန်းကို မယုံကြည်ကြပါ။ သစ်ပင်ကို ပျက်စီးသွားခြင်းထက် ဒီအတိုင်း သေခွင့်ပေးလိုက်တာက ပိုကောင်းလိမ့်မည်။
အနီးအနားရှိ ကျန်းခယ့်ချင်းက စိတ်ဖိစီးလာသည်။
သူက ယဲ့ရှောင်ချန်းကို အကြွင်းမဲ့ ယုံကြည်ပါသည်။
သို့သော်လည်း ဒီကိစ္စတွင် အားလုံးက သူ့ထက် အာဏာပိုရှိနေပြီး သူက တောင်ပိုင်းတက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်သာ ဖြစ်သဖြင့် သူ့စကားလုံးများက ဒီနေရာတွင် တန်ဖိုးနည်းနည်းသာရှိသည်။
လီယန်လည်း စတင်တွန့်ဆုတ်လာသည်။
ကျန်းဖျင်ကတော့ အစကတည်းက လူအများစုဘက်မှာ ရှိနေပါသည်။
"ဖူဆန်သစ်ပင် သေသွားရင် ခင်ဗျားတို့ ထိန်းသိမ်းထားနိုင်မယ် ထင်လို့လား။"
အခုအခြေအနေက တဖက်သတ်ဆန်လာပြီး အရင်က ဆုံးဖြတ်ချက်ပြတ်သားနေသည့် လီယန်ပင် တွန့်ဆုတ်လာပြီဖြစ်သည်။
ယဲ့ရှောင်ချန်းသည် ရင်ထဲတွင် သက်ပြင်းချလိုက်မိ၏။ ဖူဆန်သစ်ပင်သာ အလွန်တန်ဖိုးရှိပြီး ကမ္ဘာပေါ်တွင် တစ်ပင်တည်းသာ ကျန်ရှိသော အပင်မျိုး မဟုတ်ပါက လူအများကြီး၏ စော်ကားတာကို ခံမည့်အစား ဘာမှမလုပ်ဘဲ နေပြစ်လိုက်ချင်သည်။
အပင်သေသွားသည်နှင့် လုံးဝ အရှုံး ဖြစ်သွားလိမ့်မည်။
သူက ဘယ်သူမှ မဟုတ်သဖြင့် ဒီလို ကျွမ်းကျင်သူ အများကြီးအား ခုခံနိုင်ဖို့ အဆင်ပြေမည် မဟုတ်ပါ။
"မစ္စတာယဲ့ရှောင်ချန်းက ငါတို့ ဒီဖူဆန်သစ်ပင်ကို ထိန်းသိမ်းဖို့ အစွမ်းအစမရှိဘူးလို့များ ထင်နေတာလား။"
ပညာရှင်ကြီးယန်က ယဲ့ရှောင်ချန်း၏ လေသံကို အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
သူတို့က ဖူဆန်သစ်ပင်ကြီးကို မကယ်တင်နိုင်သော်လည်း ဖူဆန်သစ်ပင်၏ ကိုယ်ထည်ကို သူတို့ မထိန်းသိမ်းနိုင်လောက်ပါဘူးဟု မယုံကြည်ပေ။
"ဖူဆန်သစ်ပင်။ ကောလဟာလတွေအရဆိုရင် ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ထူးဆန်းတဲ့ အပင်တစ်ပင်ပဲ။ ဒဏ္ဍာရီတွေထဲမှာ မြင့်မြတ်တဲ့ ရွှေကျီး နားခိုရာနေရာလို့ ပြောကြတယ်။ ဒီသစ်ပင်က အပူချိန်မြင့်တာကို ခံနိုင်ရည်ရှိတယ်။ သူ့ရဲ့ မူလဇစ်မြစ်ကိုက မီးလယ်မြေမှာ စိုက်ပျိုးရတာ။ ဒီသစ်ပင်မှာ ထူးဆန်းတဲ့ဝိသေသလက္ခဏာတွေလည်းရှိတယ်။ အပူချိန် ကျဆင်းသွားတာနဲ့ သေသွားတဲ့အချိန်မှာ အမြန်ဆွေးမြေ့သွားပြီး ဘာမှမရှိတော့တဲ့အထိ ဖြစ်သွားလိမ့်မယ်။ ဘယ်လိုထိန်းသိမ်းခြင်းမျိုးမှ အသုံးဝင်မှာ မဟုတ်ဘူး။"
ယဲ့ရှောင်ချန်းသည် ပညာရှင်ကြီးယန်၏ မကျေနပ်ချက်ကို ဂရုမစိုက်ဘဲ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လီယန်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ သူသည် ဖူဆန်သစ်ပင်၏ မှတ်တမ်းကို ကြည့်ပြီးပြီဖြစ်သည်။ ရှေးဟောင်းသင်္ချိုင်းဂူကြီး၏ မှတ်တမ်းထဲတွင်လည်း ယဲ့ရှောင်ချန်း ပြောသွားသည့် အရာများနှင့် ဆင်တူသည့် အရာများစွာ ပါဝင်နေသည်။
သစ်ပင်ကို ထိန်းသိမ်းဖို့ နည်းလမ်း မရှိပါ။
ဒဏ္ဍာရီတစ်ခုဖြစ်ပါသည်။
"ဟုတ်လို့လား။"
လီထျင်ထျင်က တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
သူမက ရှေးဟောင်းသုတေသန ပညာရှင် ဖြစ်ပါသည်။
သိပ္ပံပညာဖြင့် ရှင်းမပြနိုင်သော ထူးဆန်းသည့် အရာများစွာကို သူမ မြင်ဖူးပါသည်။
ဖူဆန်သစ်ပင်ကြီးက အလုံပိတ် သင်္ချိုင်းဂူထဲတွင် နှစ်ပေါင်းထောင်ချီပြီး ရှင်သန်ခဲ့ကာ အခုလည်း အသက်ရှင်နေဆဲဖြစ်သည်။
သစ်ပင်ကိုယ်တိုင်က ဆန်းကြယ်မှုတစ်ခု ဖြစ်နေပါသည်။
ဤဖူဆန်သစ်ပင်က ပုံမှန်သစ်ပင်ထက် ပိုမိုမြင့်မားသော အပူချိန်ကို ထုတ်လွှတ်သည်။
မယုံနိုင်လောက်စရာ အရာအားလုံးက ဖူဆန်သစ်ပင်၏ သာမန်ထက်ကျော်လွန်မှုကို ပြသနေသည်။
ထိုအချိန်တွင် ယဲ့ရှောင်ချန်းအပေါ် သူမ ထားရှိခဲ့သော သံသယများ အက်ကွဲလာပြီး သူမလည်း မရေမရာ ဖြစ်လာသည်။
သူမက မနေနိုင်ဘဲ ယဲ့ရှောင်ချန်း ရှင်းပြဦးမလားအထင်ဖြင့် ကြည့်လိုက်သည်။
"သေသွားတာနဲ့ ပြာမှုန့်ဖြစ်သွားမယ်လို့ ပြောချင်တာလား၊ မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။"
ပညာရှင်ကြီးယန်က ကြောင်သွားပြီး လေသံနက်နက်ဖြင့် ပြောလိုက်သည်။
ဒြပ်ထု ဆွေးမြေ့ပြိုကွဲခြင်းက ကာလကြာသော ဖြစ်စဥ်တစ်ခုဖြစ်ပြီး အချိန်တိုအတွင်း ဘယ်တော့မှ မဖြစ်နိုင်ပါ။
ဘက်တီးရီးယား ကင်းစင်သော အလုံပိတ်နေရာတစ်ခုထဲတွင် ဖူဆန်သစ်ပင်က ဆွေးမြေ့သွားနိုင်ပါ့မလား။
"ဟုတ်တယ်၊ မဖြစ်နိုင်တာတွေ..."
"သူ့မှာ နည်းလမ်း တကယ် ရှိတယ်လို့ ထင်ထားတာ၊ ဒါပေမယ့် သူက ဒြပ်ထုပြောင်းလဲခြင်း အခြေခံသဘောတရားကိုတောင် နားမလည်ဘူး။"
"ငါတို့ မီးရှို့ရင်တောင် ပြာကျဖို့ အချိန်အကြာကြီးယူရလိမ့်မယ်။"
ထိုနေရာတွင် ရှိနေသည့် လူအားလုံးက အသံထွက်လာပြီး ယဲ့ရှောင်ချန်းကို မယုံကြည်ကြပါ။
သူတို့အမြင်တွင်တော့ မည်သည့် ဒြပ်ထုပြောင်းလဲခြင်းမဆို သိပ္ပံပညာဖြင့် ရှင်းပြနိုင်သော နိယာမတစ်ခု ရှိပါသည်။
သစ်ပင်တစ်ပင်က ချက်ချင်း ဆွေးမြေ့သွားပြီး ပြာကျသွားမည်တဲ့လား။ ဒါက အဓိပ္ပာယ်ရှိလို့လား။
မဖြစ်နိုင်ပါဘူး။
လုံးဝ မဖြစ်နိုင်ပါဘူး။
ယဲ့ရှောင်ချန်း ပြောလိုက်သည့်အရာက သိပ္ပံပညာကို ဆန့်ကျင်နေသည်။
သိပ္ပံပညာကို ဆန့်ကျင်ခြင်းက သူတို့ အရင်က လေ့လာခဲ့သမျှနှင့် ကမ္ဘာကြီးအကြောင်း သိထားသော အသိပညာများကို ဆန့်ကျင်လိုက်ခြင်းဖြစ်သည်။
ဒါက ခေတ်သစ် သိပ္ပံပညာကို ဖျက်ဆီးနေခြင်းသာဖြစ်ပါသည်။