← Chapters

ဆီသုတ်ခြင်း

Vol. 6 Ch. 87

ဆီသုတ်ခြင်း

Vol. 6 Ch. 87

အခန်း(၈၇) - ဆီသုတ်ခြင်း

"ကျွန်တော့်ကို မယုံကြည်တာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။ ခင်ဗျားတို့ မယုံဘူးဆိုရင် ဖူဆန်သစ်ပင်ရဲ့ မျက်နှာပြင်ကို ခင်ဗျားတို့ လက်ချောင်းတွေနဲ့ ပွတ်ကြည့်လို့ရပါတယ်။ ဒါပေမယ့် လက်အိတ် မဝတ်ပါနဲ့။ လက်ဗလာအတိုင်းပဲ ပွတ်ကြည့်လိုက်ပါ။"

ယဲ့ရှောင်ချန်းက ထိုနေရာတွင် ရှိနေသော ကျွမ်းကျင်သူများ၏ မျက်နှာထားကို မြင်ကာ ပြုံးပြီး ပြောလိုက်သည်။

သူပြောသည့်ကိစ္စကို မယုံကြည်ကြတာ အံ့သြစရာတော့ မဟုတ်ပေ။ ဒါက အပင်သိပ္ပံပညာ၏ နိယာမကို လုံးဝ ဆန့်ကျင်နေသည်။

လုံးဝ အလုံပိတ်ထားသော လေဟာနယ်တစ်ခုတွင် ပြင်ပ နှောင့်ယှက်မှုများ မသက်ရောက်နိုင်သဖြင့် ဒြပ်ထုများက မပျက်စီးနိုင်ဘူးဆိုသည့် သီအိုရီတစ်ခုပင် ရှိသည်။

ဖန်လုံအိမ်၏ အလုံပိတ် လုပ်ငန်းစဥ်ကို သေချာ ဆောင်ရွက်ပါက သာမန်သစ်ပင် ဆိုလျှင်တောင် ထိုပုံစံအတိုင်း အနှစ် ၁၀၀ - ၂၀၀ လောက် ရှိဖို့ မခက်ခဲပါ။

ကံမကောင်းစွာဖြင့် သာမန်သစ်ပင်အတွက်သာ ဖြစ်သည်။

ဒီဖူဆန်သစ်ပင်က သာမန်သစ်ပင် ဟုတ်လို့လား။

လုံးဝ မဟုတ်ပါဘူး။

ဒီထူးဆန်းသည့်သစ်ပင်ကို သာမန်ထက် ပိုစေသည်က လက်ရှိသိပ္ပံအမြင်ကို ပြောင်းလဲပေးနိုင်သည့် ထူးထူးဆန်းဆန်း ဖြစ်စဥ်များ ရှိနေသောကြောင့် ဖြစ်ပါသည်။

ဒီထူးဆန်းသည့်သစ်ပင်မှာ အလုံပိတ် သင်္ချိုင်းဂူထဲ နှစ်ထောင်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့သည်မှာ ဆန်းကြယ်လှပြီး သာမန်အပင်တစ်ပင်သာဆိုလျှင် ဆွေးမြေ့သွားတာ ကြာမြင့်လှပြီ ဖြစ်သည်။

"ဒါဆိုလည်း ငါစမ်းကြည့်မယ်။"

ပညာရှင်ကြီးယန်က ယဲ့ရှောင်ချန်းကို မယုံကြည်ပါ။ သူက ရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ခိုင်မာသော သိပ္ပံအမြင်လည်း ရှိသည်။ သူ့ခံယူချက်အရ မည်သည့်အရာမဆို သိပ္ပံပညာဖြင့် ရှင်းပြနိုင်ပါသည်။

ချက်ချင်းဆိုသလို ဖူဆန်သစ်ပင်အနားသို့ သူလျှောက်သွားလိုက်ပြီး လက်အိတ်ချွတ်ကာ သူ့လက်ဖြင့် ပင်စည်ကို ထိတွေ့လိုက်သည်။

ဖူဆန်သစ်ပင်၏ မျက်နှာပြင်က နူးညံ့ပြီး တန်ဖိုးကြီး ကျောက်စိမ်းတစ်ခုလို နွေးထွေးနေသည်။

ထိတွေ့ပြီးနောက် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သောအခါ သူ့လက်ချောင်းပေါ်တွင် မီးခိုးရောင်ပြာတချို့ကို မြင်လိုက်ရသည်။

သူ ဖူဆန်သစ်ပင်ကို လက်အိတ်မပါဘဲ ထိတွေ့တုန်းက သူ့လက်ချောင်းတွေက လုံးဝ သန့်ရှင်းနေပြီး ဘာမှမရှိကြောင်း သေချာမှတ်မိပါသည်။

လက်အိတ်ဝတ်ထားသော အခြားလက်ဖြင့် ထိပြီး ပြန်ကြည့်လိုက်တော့ အလွန်သန့်ရှင်းနေပါသည်။

"ဒါ ဘာဖြစ်တာလဲ။"

ပညာရှင်ကြီးယန်၏ မျက်နှာပေါ်တွင် ချောက်ချားသော ပုံရိပ်တစ်ခု ပေါ်လာသည်။

ဒါ အလွန်ထူးဆန်းပါသည်။ လက်အိတ် ဝတ်ထားသည့် လက်တွင် ဘာကြောင့် မီးခိုးရောင်များ မထင်ရသနည်း။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"

"ထူးဆန်းလိုက်တာ..."

"ဘာလို့ ကွာခြားချက်က ဒီလောက်ကြီးနေတာလဲ။"

"အဲ့ဒီမီးခိုးရောင်တွေက ဘာတွေလဲ။ ပြာတွေလိုပဲနော်..."

"တကယ့်ပြာတွေကွ။"

ထိုနေရာရှိ အခြားလူများ အားလုံးလည်း စမ်းကြည့်ပြီးသောအခါ အံ့အားသင့်သွားရပါသည်။

ရလဒ်များက ပညာရှင်ကြီးယန်အတိုင်းပင်။

"မစ္စတာယဲ့ရှောင်ချန်း ဒီအကြောင်းအရင်းကို မင်းသိလား။"

ပညာရှင်ကြီးယန်က အလွန်အံ့သြသွားပြီး ယဲ့ရှောင်ချန်းကို ကြည့်ကာ မေးလိုက်သည်။

အားလုံးလည်း ယဲ့ရှောင်ချန်းကို ကြည့်နေကြ၏။

လောလောဆယ် သူတို့အားလုံး ဇဝေဇဝါ ဖြစ်နေကြသည်။

လီထျင်ထျင်လည်း လုပ်ကြည့်လိုက်ပြီး မီးခိုးရောင်အရာကို လေ့လာကြည့်လိုက်သည်။ မီးလောင်ပြီး ကျန်ခဲ့သည့် ပြာမျိုးဖြစ်သည်ကို သူမ အတော်လေး သေချာပါသည်။

ပြာဟုတ်လား။

ဖူဆန်သစ်ပင်က မီးမလောင်ဘဲနဲ့ ဘာဖြစ်လို့ မျက်နှာပြင်က ပြာထွက်နေတာလဲ။

"ဟုတ်ပါတယ်၊ ခင်ဗျားတို့ လက်ချောင်းပေါ်မှာ မြင်လိုက်ရတဲ့ ပစ္စည်းက သစ်သားမီးလောင်လို့ ကျန်ခဲ့တဲ့ ပြာတွေပါပဲ။ ဘာဖြစ်လို့ ပြာတွေ ရှိနေတာလဲ ဆိုတာကတော့ တကယ် ရိုးရိုးလေးပါ။ အပူချိန် ကွာခြားမှုကြောင့်ပါ။ လူ့ခန္ဓာကိုယ်ရဲ့ အပူချိန်က ၃၆ ဒီဂရီ ဆဲစီးရပ်စ် ရှိပြီး ဖူဆန်သစ်ပင်ရဲ့ အပူချိန်ကတော့ ၃၀ ဒီဂရီဆဲစီးရပ်စ် အောက်သို့ ကျဆင်းသွားတယ်။ သူ့ရဲ့ မျက်နှာပြင်ကို လူ့ခန္ဓာကိုယ်အပူချိန်နဲ့ ထိတွေ့လိုက်တော့ အပူချိန်ကွာခြားမှု ဖြစ်သွားတာပါ။ ဖူဆန်သစ်ပင်ရဲ့ အပူချိန်က လူသားခန္ဓာကိုယ် အပူချိန်ထက် ပိုမြင့်ရင် ပြဿနာ မရှိပေမယ့် အခုလောလောဆယ် သူ့အပူချိန်က လူ့ခန္ဓာကိုယ်ထက် ပိုနိမ့်နေပါတယ်။ အဲ့ဒါနဲ့ ထိတွေ့လိုက်တော့ ဆွေးမြေ့နှုန်းကို ပိုမြန်သွားစေပြီး လက်ချောင်းပေါ်မှာ ပြာတွေ ဖြစ်သွားတာပေါ့။ သူ့ရဲ့ အပူချိန်အမှတ်တစ်ခုအထိ ကျဆင်းသွားတာနဲ့ သစ်ပင်တစ်ပင်လုံး ဆွေးမြေ့ပြီး ပြာဖြစ်သွားမှာပါ။"

ယဲ့ရှောင်ချန်းက ရှင်းပြလိုက်သည်။

ထိုနေရာရှိ လူအားလုံး ကြက်သေသေသွားကြသည်။

ထိုကဲ့သို့ မှော်ဆန်သည့် သစ်ပင်မျိုး ကမ္ဘာပေါ်တွင် တကယ်ပဲ ရှိနေတာလား။

"ငါတို့ဖန်လုံအိမ်ထဲက အပူချိန်ကို လျှော့ချလိုက်ရင် ဆွေးမြေ့တာ ရပ်သွားလိမ့်မယ်လို့ ဆိုလိုချင်တာလား။"

တစ်ယောက်ယောက်က မေးလိုက်သည်။

မသိစိတ်မှ ထိုလူများမှာ ယဲ့ရှောင်ချန်း၏ စကားလုံးများထဲ နစ်မြောသွားပြီး ယဲ့ရှောင်ချန်း တွေးသလို လိုက်တွေးလာကြသည်။

"သီအိုရီအရတော့ အလုပ်ဖြစ်မှာပါ။ ပြဿနာက ပြင်ပအပူချိန်ကို လျှော့ချလိုက်ရင်တောင် ဖူဆန်သစ်ပင်ရဲ့ အပူချိန်လျော့ကျမှုကို မကယ်တင်နိုင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖူဆန်သစ်ပင်မှာ အပူချိန်ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည် မရှိဘူး။ ပြီးတော့ အပူချိန်က ပူရာက အေးရာကို စီးဆင်းတတ်တဲ့သဘောရှိတယ်။ ပြီးတော့ ဖူဆန်သစ်ပင်ရဲ့ အပူချိန်က အရေးပေါ် အမှတ်တစ်ခုကို ကျသွားတာနဲ့ ဆွေးမြေ့တဲ့ဖြစ်စဥ်ကို မတားဆီးနိုင်တော့ဘူး။"

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။

"အခန်းအပူချိန်ကို သစ်ပင်အပူချိန်နဲ့ တန်းတူ ထားလိုက်ရင်ကော"

ကျန်းခယ့်ချင်းက အမြန်မေးလိုက်သည်။

"မဖြစ်ဘူး။ ဖူဆန်သစ်ပင်ရဲ့ အပူချိန် ပြုန်းတီးခြင်းက ပြန်ပြင်လို့မရဘူး။ ကျဆင်းသွားတာနဲ့ ဘယ်တော့မှ ပြန်တက်လာမှာမဟုတ်ဘူး။ အဲ့တာကြောင့် လုံးဝ အပူချိန်ကို ဟန်ချက်ညီအောင် ပုံဖော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်ပြန်သည်။

ဖူဆန်သစ်ပင်၏ အပူချိန်က အနွေးဓာတ်ပေးရသလောက် မရိုးရှင်းပါ။ အနွေးဓာတ်လည်းပေး၊ တစ်ချိန်တည်းမှာပင် အရင်းအမြစ် အသက်စွမ်းအင်ကိုလည်း တည်ငြိမ်အောင် လုပ်နိုင်ရမည်။ မဟုတ်ပါက ဖူဆန်သစ်ပင်၏ အပူချိန်က ဆက်လက် ကျဆင်းသွားလိမ့်မည်။ အပူချိန် လျော့ကျသော ဖြစ်စဥ်တွင် ပြင်ပကမ္ဘာ၏ အပူချိန် ခြားနားမှုနှင့် တွေ့ကာ ဆွေးမြေ့ခြင်း ဖြစ်ပွားလိမ့်မည်။

"ဒီတော့ ဖူဆန်သစ်ပင်ကို မင်းက ဘယ်လို အနွေးဓာတ်ပေးမှာလဲ။ ဒီအနက်ရောင်အရည်နဲ့ ဟင်းချက်ဆီ ရောထားတဲ့ အရည်ကို သုံးပြီးတော့ လုပ်မှာလား။”

ပညာရှင်ကြီးယန်က ဒီအရည်အရောအနှောကို စဥ်းစားချင့်ချိန်စွာဖြင့် ကြည့်ပြီး မေးလိုက်သည်။

ဟင်းချက်ဆီနှင့် အနက်ရောင်အရည်တို့ကို ရောထားသည့် အရည်ကို သုတ်လိုက်သောအခါ အထူးးအာနိသင်များ ရှိနိုင်ပြီး ဖူဆန်သစ်ပင်၏ အပူချိန်ကို တိုးမြှင့်ပေးနိုင်လောက်သည်။

သူတင်မကဘဲ အခြားသူများလည်း ထိုနည်းတူစွာ တွေးနေကြသည်။

"ဟုတ်ပါတယ်၊ ဒီတစ်နည်းပဲရှိတယ်။ ပညာရှင်ကြီးယန် ကန့်ကွက်ချင်သေးလား။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ကာ မေးလိုက်သည်။

"ကောင်းပြီ၊ မင်းပြောတာ မှန် မမှန် ငါတို့မသိပေမယ့် တချို့အရာတွေကိုတော့ ငါတို့ အတည်ပြုပြီးသွားပြီ၊ အဲ့တာတွေ မှန်လည်းမှန်နေတယ်။ ဖူဆန်သစ်ပင် ဒီအတိုင်း သေပြီး ဆွေးမြေ့သွားစေမယ့်အစား ကြိုးစားကြည့်တာက ပိုကောင်းပါတယ်။"

ပညာရှင်ကြီးယန်က သက်ပြင်းချပြီး နောက်ဆုံးတော့ ခွင့်ပြုလိုက်သည်။

ပညာရှင်ကြီးယန်က ထိုကဲ့သို့ ပြောပြီးနောက် ဘယ်သူမှ ပါးစပ်မဟကြတော့ပါ။

ကျန်းဖျင်က ပညာရှင်ကြီးယန် သဘောတူကြောင်း ကြားသောအခါ စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ ပြဿနာတက်ပါက သူ တစ်ယောက်တည်း တာဝန်ယူရမည် မဟုတ်တော့ပါ။

လီထျင်ထျင်၏ မျက်လုံးများကတော့ ခြားနားသည်။

ယဲ့ရှောင်ချန်း၏ ထူးဆန်းသည့် သီအိုရီကို ယုံမိတော့မလို ဖြစ်သွားသည်။

သူကို့ သဘောမကျသည့်ကိစ္စကို မေ့လုနီးပါးပင် ဖြစ်သွားသည်။

သူမတွင် ယခု အတွေးတစ်ခုသာ ရှိတော့သည်။ ယဲ့ရှောင်ချန်းတစ်ယောက် ဖူဆန်သစ်ပင်ကို ဘယ်လိုမျိုး ကုသမလဲဆိုတာကိုပဲ တွေးမိနေသည်။

သူမ မျှော်လင့်နေမိပါသည်။

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ပညာရှင်ကြီးယန်။"

ယဲ့ရှောင်ချန်းက စိတ်အေးစွာဖြင့် သက်ပြင်းနက်နက် ချကာ ခေါင်းငြိမ့်လိုက်သည်။ သူက တွန့်ဆုတ်မနေတော့ဘဲ စုတ်တံကို ကောက်ယူကာ သစ်ပင်ကို ဆီဖြင့် စတင်သုတ်တော့သည်။

အနက်ရောင်အရည်ဖြင့် ရောစပ်လိုက်သောအခါ ဆီက သိပ်သည်းလာပြီး သစ်ပင်ပေါ်တွင် သုတ်လိုက်သောအခါ ထူပျစ်ပျစ်အရည် ဖြစ်သွားသည်။

ပင်ခြေမှ ပင်မြင့်ထိ သစ်ပင်ကို အမြန်ဆုံး သူ သုတ်လိမ်းပေးလိုက်သည်။

ယဲ့ရှောင်ချန်းက လှေကားတစ်ခု ယူခိုင်းပြီး ဖူဆန်သစ်ပင်၏ ကိုင်းများကိုလည်း ဆီဖြင့် စေ့စေ့စပ်စပ် စတင်သုတ်တော့သည်။

တစ်နာရီကျော်ကြာသွားပြီးနောက် သစ်ပင်တစ်ပင်လုံး ဆီဖြင့် ဖုံးအုပ်သွားသည်။ ဇလုံထဲတွင်လည်း ဆီပမာဏအနည်းငယ်သာ ကျန်ခဲ့တော့သည်။

ယဲ့ရှောင်ချန်းက ကျန်ဆီများကို ဖူဆန်သစ်ပင်အောက်သို့ လောင်းချလိုက်ပြီး နူးညံ့နေသော မြေလည်း စိုရွှဲသွားသည်။

လေထဲတွင် ထူးဆန်းသော အနံ့တစ်ခု ရှိနေ၏။

ထိုနေရာတွင် ရှိနေသော လူများက ပိုပိုပြီး သိချင်လာကြသည်။

ဇလုံထဲက နောက်ဆုံး ဆီတစ်စက်ကို လောင်းချလိုက်ပြီးနောက် ယဲ့ရှောင်ချန်း ဇလုံကို ဖယ်ကာ အသက်ဝဝရှူလိုက်သည်။

အဆင်ပြေပြေ အောင်မြင်သွားခဲ့ပါသည်။

ဖူဆန်သစ်ပင်တစ်ပင်လုံး ဆီဖြင့် ဖုံးလွှမ်းသွားသည်ကို မြင်သောအခါ သူ မနေနိုင်ဘဲ ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်မိသည်။ ထို့နောက် လီယန်ကိုပြောလိုက်၏။ "ဒါရိုက်တာလီ... မီးခြစ်ရှိလား။"

"ဟင်... ဘာဖြစ်တယ်။"

လီယန်က သူနားကြားမှားသွားသည်ဟု ခံစားရကာ အမြန်ပြန်မေးလိုက်သည်။

"မီးခြစ်၊ ဆေးလိပ်သောက်တဲ့မီးခြစ်လေ။"

ယဲ့ရှောင်ချန်းက လီယန်၏ မျက်နှာထားကိုမြင်ကာ ပခုံးတွန့်ပြီး ထပ်ပြောလိုက်သည်။

"မီးခြစ်လား။"

လီယန် ကြောင်သွား၏။ ပညာရှင်ကြီးယန်လည်း ကြက်သေသေသွားသည်။ လီထျင်ထျင်၏ မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။ အခန်းထဲက လူအားလုံးလည်း ထိတ်လန့်သွားကြ၏။

ဆီလောင်းပြီး မီးခြစ်တောင်းနေတယ်။

ပေါင်းကြည့်လိုက်ရင်... သူလုပ်ဖို့ ကြံနေတာက...

ရူးချင်စရာပါလား။

ဖူဆန်သစ်ပင်ကို သူ မီးရှို့မလို့လား။

သတ္တုမဟုတ်ဘဲ သစ်သားကြီးလေ။

မီးရှို့လိုက်ရင် ပြာကျမသွားနိုင်ဘူးလား။

ရူးလိုက်တာ။

ယဲ့ရှောင်ချန်းကို ခုနက ထူးဆန်းပြီး အလွန်ပါရမီရှိသောလူဟု ထင်ခဲ့မိသူတိုင်း အခုတော့ တူညီသော အတွေးတစ်ခုသာ ရှိကြတော့သည်။

အရူးကြီး။

သစ်သားကို မီးဖြင့် ရှို့ဖို့က အရူးတစ်ယောက်သာ စဥ်းစားမိနိုင်သည်။

All Chapters