← Chapters

ကျိုးပဲ့သော အကိုင်းအခက်များ

Vol. 6 Ch. 90

ကျိုးပဲ့သော အကိုင်းအခက်များ

Vol. 6 Ch. 90

အခန်း(၉၀) - ကျိုးပဲ့သော အကိုင်းအခက်များ

ယဲ့ရှောင်ချန်းက ပါးနပ်စွာဖြင့် ပင်စည်နှင့် အနီးဆုံး ပေဝက်ခန့်ရှိသော သစ်ကိုင်းကို ရွေးလိုက်သည်။

ပင်စည်အနားတွင်ပေါက်နေသည့် သစ်ကိုင်းများ၏ အသက်စွမ်းအင်က အဝေးတွင် ရှိသည့် သစ်ကိုင်းများထက် အများကြီး ပိုသန်မာပါသည်။

သူသည် အဓိကပင်စည်အနားမှ သစ်ကိုင်းကို ဖြတ်လိုက်လျှင် ရှင်သန်နိုင်ချေက ပိုများပါသည်။

ယဲ့ရှောင်ချန်း ဖူဆန်သစ်ကိုင်းကို လိုချင်ရသည့် အကြောင်းအရင်းက ကိုင်းဖြတ်မျိုးပွား စိုက်ပျိုးချင်သောကြောင့် ဖြစ်ပါသည်။

ဖူဆန်သစ်ပင် တစ်ပင်လုံးကို မရနိုင်သဖြင့် သစ်ကိုင်းကိုသာ ယူနိုင်သည်။

သေချာစွာ ဖြတ်တောက်နိုင်ပါက ဖူဆန်သစ်ပင်ကို မူလဖူဆန်သစ်ပင်အဖြစ် စိုက်ပျိုးနိုင်ဖို့ သူ့အတွက် လုံးဝ ဖြစ်နိုင်ပါသည်။ ဖူဆန်သစ်ပင်၏ အဓိကကိုယ်ထည်ထက် သာလွန်သော တကယ့်ဖူဆန်နတ်သစ်ပင်အဖြစ် စိုက်ပျိုးမွေးမြူနိုင်လိမ့်မည်ဖြစ်သည်။

သူ့တွင် ရှန်းနုန်စနစ် ရှိသည်။ အင်မော်တယ်မြေ၊ အင်မော်တယ်စမ်းရေ ရှိသည်။ ဒီအထူးအပင်သုတေသနအဖွဲ့အစည်းထက် ပိုကောင်းသည့် စိုက်ပျိုးရေး နယ်မြေရှိသည်။

အမှန်ပင်။ သူက ဒီသစ်ကိုင်းကို အသက်ရှင်အောင် ဖြတ်တောက်နိုင်ဦးမှလည်း ဖြစ်မည်။ မဟုတ်ပါက ပြောစရာစကားမရှိတော့ပါ။

ယဲ့ရှောင်ချန်းက စုတ်တံဖြင့် ကူးပမ်းဖေးယွမ်ကို ရွေးထားသော ကိုင်းတွင် သုတ်လိုက်သည်။ ဒီဆေးရည်ကို အသုံးပြုပါက ကိုင်း၏ အသက်စွမ်းအင်က ပိတ်လှောင်သွားပြီး အလျှင်အမြန်ဆုံးရှုံးသွားမည်မဟုတ်ပါ။

ကိုင်းကိုဖြတ်တောက်နေစဥ်အတွင်း သူ့စိတ်ဝိညာဥ် ပါရမီကို အသုံးချကာ ဖူဆန်သစ်ပင်ကြီး၏ အသိစိတ်နှင့် ဆက်သွယ်ကြည့်လိုက်သည်။ ထိုမှသာ ကိုင်းဆုံးရှုံးခြင်းကြောင့် အသိစိတ် ထိခိုက်မှု မများနိုင်မည်ဖြစ်သည်။

အရေးကြီးဆုံးက ကိုင်းဖြတ်သည့်အခါ သစ်ကိုင်းထဲတွင် သစ်ပင်၏ အသိစိတ် တစ်ပိုင်းတစ်စ သိမ်းထားနိုင်ဖို့ဖြစ်သည်။

ကိုင်းကျိုးသွားပါက ကိုင်းကို အသက်ရှင်အောင်ထားဖို့ ခက်ခဲရသည့် အဓိက အကြောင်းအရင်းမှာ ကိုင်းထဲတွင် ရှိနေသည့် အသိစိတ်က ပုံသဏ္ဌာန်ဆောင်ဖို့ မလုံလောက်ခြင်းကြောင့် ဖြစ်ပါသည်။

ဝိညာဥ်မရှိသော ခန္ဓာကိုယ်တစ်ခုနှင့်တူသည်။ ခန္ဓာကိုယ်က သန်မာပါသည် ဆိုရင်တောင် သေသွားနိုင်ပါသည်။

ရုက္ခဗေဒလောကအတွင်းရှိ အချို့အပင်များက အသိစိတ် ထူးခြားမှုကြောင့် ကိုင်းဖြတ်ခြင်းကို တောင့်ခံနိုင်ကြသည်။ ဖြတ်လိုက်သောကိုင်းတွင် အသိစိတ် အမျှင်လေးတစ်ခု ပါသွားနိုင်ကြသည်။

ဖူဆန်သစ်ပင်၏ အသိစိတ်ကတော့ ပုံမှန်မဟုတ်ပါ။ အတင်းချိုးဖဲ့လိုက်ပါက ခွဲခြားလို့မရနိုင်ပါ။ ကိုင်းဖြတ်ဖို့ ခက်ခဲပါသည်။

ယဲ့ရှောင်ချန်းက စိတ်ဝိညာဥ်ပါရမီကို သုံးနိုင်သဖြင့် ကိုင်းဖြတ်ဖို့ ဖြစ်နိုင်ပါသည်။

မကြာမီ ဖူဆန်သစ်ပင် အဓိကပင်စည်မှ ကိုင်းတစ်ကိုင်းကို ယဲ့ရှောင်ချန်း အမြန် ချိုးယူလိုက်သည်။

ချက်ချင်း သစ်ကိုင်း၏ ကျိုးနေသည့် နေရာတွင် အသက်စွမ်းအင်ကို ပိတ်လှောင်ဖို့အတွက် ကူးပမ်းဖေးယွမ်ကို သုတ်လိုက်သည်။

သစ်ကိုင်းထဲတွင် အသိစိတ်အကြွင်းအကျန် အစအနတစ်ခုကို အာရုံခံမိပါသည်။ ထို့အပြင် သူ့စိတ်ဝိညာဥ်လမ်းညွှန်မှုအောက်တွင် တဖြည်းဖြည်း ပုံသဏ္ဌာန် ပေါ်လာပြီး စုပ်ယူခြင်းနှင့် ကိုင်းပြုပြင်ခြင်းတွင် ဦးဆောင်သည့် ကဏ္ဍကို တာဝန်ယူသွားသည်။ ဆေးရည်ကို ဖြည်းဖြည်းချင်း စုပ်ယူပြီး ကိုယ့်ကိုယ်ကို ပြုပြင်နေခြင်းဖြစ်သည်။

ကူးပမ်းဖေးယွမ် ရှိနေသ၍ ဒီသစ်ကိုင်း သေသွားလိမ့်မည် မဟုတ်ပါ။

ယဲ့ရှောင်ချန်းက သစ်ကိုင်းကို ဖြတ်ပြီးနောက် ဂရုတစိုက် သေချာစွာ ထုပ်ပိုးလိုက်သည်။

တချို့လူများက ယဲ့ရှောင်ချန်း၏ ကိုင်းဖြတ်သည့်နည်းကို တိတ်တဆိတ် မှတ်သားနေကြ၏။

ဖန်လုံအိမ်မှ ထွက်လာပြီးနောက် ယဲ့ရှောင်ချန်းက ပညာရှင်ကြီးယန်၊ လီယန်နှင့် အခြားသူများနှင့် စကားအနည်းငယ် ပြောခဲ့သည်။

ဖူဆန်သစ်ပင်အား ကုသသည့် ကိစ္စတွင် သူသည် နှိမ့်ချ၍သာနေလိုသည်။ ပညာရှင်ကြီးယန်က ဖူဆန်သစ်ပင်ကို ကုသခဲ့သည်ဟု ပြောလိုက်တာ ပိုကောင်းပါသည်။

သူ ပြဿနာတက်မှာကို ကြောက်နေသည်။

ကိုယ့်ကိုယ်ကို ဖုံးကွယ်ပြီးသာ နေလိုပါသည်။

ပညာရှင်ကြီးယန်နှင့် အခြားသူများက နားထောင်ပြီးသည့်နောက်တွင် ခဏလောက် တိတ်ဆိတ်သွားကြပြီး ခေါင်းခါကာ ငြင်းဆန်ကြသည်။

သူတို့က ဘယ်လိုလူမျိုးမို့လို့လဲ။ ရုက္ခဗေဒနယ်ပယ်၏ ထိပ်ဆုံးတွင် ရပ်တည်နေကြသဖြင့် မာနရှိကြကာ အခြားသူများ၏ ဂုဏ်သတင်းကို ဘယ်တော့မှ လုယူကြမည် မဟုတ်ပါ။

ဒါက သဘောတရားပဲဖြစ်သည်။

သူတို့သည် ဖူဆန်သစ်ပင်ကို မကုသနိုင်ခဲ့ကြပေ။ သူတို့အစွမ်းအစက အကန့်အသတ်ရှိသဖြင့် မကုသနိုင်ခြင်းက ပြဿနာ မဟုတ်ပါ။

အခြားသူ၏ ဂုဏ်သတင်းကိုတော့ ကိုယ်စားဝင်ယူဖို့က လုံးဝမဖြစ်နိုင်ပါ။

ယဲ့ရှောင်ချန်းက သူတို့ကို တောင်းဆိုနေလျှင်တောင် ဘယ်တော့မှ လက်ခံမည်မဟုတ်ပါ။

သူတို့ ရင်ထဲတွင် သက်ပြင်းချနေမိသည်။ ဒီလောက် ကြီးမားသည့် ဂုဏ်သတင်းကို ယဲ့ရှောင်ချန်းက မလိုချင်ဘူးပြောနေသည်။ အခြားသူများသာဆိုလျှင် ၎င်းတို့၏ ဂုဏ်သတင်း တိုးပွားဖို့အတွက် ကြီးကြီးကျယ်ကျယ် ကြေညာနေလောက်မည်ဖြစ်သည်။

သူတို့က ယဲ့ရှောင်ချန်းကို ပိုပိုပြီး သဘောကျလာကြပါသည်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်းလည်း မတတ်နိုင်တော့ပေ။ သူ့စကားသူ ပြန်ရုတ်သိမ်းပြီး သစ်ပင်ကို ဘယ်သူကုသပေးသွားလဲ မပြောဘဲ ထူးထူးဆန်းဆန်း ပညာရှင်တစ်ယောက် ရောက်လာပြီး ဖူဆန်သစ်ပင်ကို ကုသပေးသွားသည်ဟုသာ ပြောဖို့ တောင်းဆိုလိုက်သည်။

ပညာရှင်ကြီးယန်က သဘောတူလိုက်သည်။

ထို့နောက် ယဲ့ရှောင်ချန်းက သစ်ကိုင်းကိစ္စ လုပ်ဖို့ ပြန်တော့မည်ဟု ပြောလိုက်သည်။

သူအထူးအပင်သုတနေသန အဖွဲ့အစည်းမှ ထွက်လာခဲ့လိုက်သည်။

ပညာရှင်ကြီးယန်နှင့် အခြားသူများက သူ့ကိုအလွန်ခေါ်ထားခြင်ပြီး စကားပြောကာ ရုက္ခဗေဒပညာအကြောင်း ဆွေးနွေးချင်သော်လည်း ဖူဆန်သစ်ကိုင်းက ပိုကြာလေလေ အသက်ရှင်နိုင်ချေ ပိုနည်းသွားလေလေ ဖြစ်သဖြင့် ယဲ့ရှောင်ချန်းသည် စကားအများကြီး မပြောတော့ဘူး။

သူ ပြန်ခါနီး ဥက္ကဌကြီးကျန်းဖျင်က စာအိတ်တစ်အိတ်ကို ထုတ်ကာ သူ့ကိုပေးလိုက်သည်။ ဖူဆန်သစ်ပင်ကို ကုသပေးဖို့အတွက် သူ့ကြိုးစားမှု၏ ရလဒ်ဟု ပြောသည်။

ယဲ့ရှောင်ချန်းက တွန့်ဆုတ်မနေဘဲ ယူခဲ့သည်။ ဒါကို လက်ခံယူဖို့ သူက ထိုက်တန်သည်ဆိုတာ သူ့ကိုယ်သူ သိနေပါသည်။

လီယန်နှင့် လီထျင်ထျင်တို့လည်း သူ့နောက်လိုက်လာကြသည်။

"မစ္စတာယဲ့ ကျေးဇူးအများကြီး တင်ပါတယ်။"

လီယန်က ကားထဲက ယဲ့ရှောင်ချန်းကို  ကြည့်ကာ ပြောလိုက်သည်။

"ဒါရိုက်တာလီ ကျွန်တော့်မှာလည်း နိုင်ငံတော်ပိုင် ရတနာကို ကယ်တင်ဖို့ တာဝန်ရှိပါတယ်။"

ယဲ့ရှောင်ချန်းက တည်ကြည်စွာ ပြောလိုက်သည်။

ထို့နောက် ရုတ်တရက် လီထျင်ထျင်ကို ကြည့်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ "လီထျင်ထျင် ကျွန်တော် ခင်ဗျားရဲ့ ဝီချက်ကို အပ်လို့ရမလား။"

လီထျင်ထျင်ကို လည်ဆွဲအကြောင်း တိုက်ရိုက်မေးလို့မရပါ။

ဒီကိစ္စက အရေးကြီးပြီး ဖြည်းဖြည်းချင်း ချဥ်းကပ်ရမည်ဖြစ်သည်။

လီထျင်ထျင်အား ဝီချက်တွင် သူငယ်ချင်းအဖြစ် အပ်ပြီး ဖြည်းဖြည်းချင်း စကားပြောကြကာ ရင်းနှီးသွားခါမှ လည်ဆွဲအကြောင်း မေးမည်ဖြစ်သည်။

သို့သော် လီယန်နှင့် လီထျင်ထျင်တို့ အမြင်တွင်တော့ အဓိပ္ပာယ်က အခြားတစ်မျိုး ဖြစ်နေပါသည်။

လီထျင်ထျင်က ရှက်သွေးဖြာသွား၏။

ယဲ့ရှောင်ချန်းက အထူးအပင်သုတေသနအဖွဲ့အစည်းတွင် ရုက္ခဗေဒပညာ အောင်မြင်မှုတစ်ခုကို အံ့အားသင့်လောက်စရာ ပြသခဲ့ပြီး ထိပ်တန်း ရုက္ခဗေဒပညာရှင်များစွာကို အံ့အားသင့်စေကာ လီထျင်ထျင်ကလည်း သူ့ကို လေးစားသွားမိသည်။

အခုတော့ ယဲ့ရှောင်ချန်းက သူမ၏ ဝီချက်ကို မေးနေပြီး ခုနတွေ့တုန်းကလည်း ယဲ့ရှောင်ချန်း သူမကို စိုက်ကြည့်နေခဲ့သည်။ သူမကို မြင်မြင်ချင်း ချစ်မိသွားတာများလား။

သူမ ခေါင်းငုံ့လိုက်ပြီး ဖြည်းဖြည်းချင်း  ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ရပါတယ်၊ ကျွန်မရဲ့ ဝီချက်က..."

သူမ၏ ဝီချက်အိုင်ဒီကို ယဲ့ရှောင်ချန်းအား ပြောပြလိုက်သည်။

ယဲ့ရှောင်ချန်းက လီထျင်ထျင်၏ ရှက်ရွံ့နေသည့် ပုံစံကို မြင်သွားသည်။ ရင်ထဲတွင် နေလို့ မကောင်းတော့ပါ။ သူ မူးဝေလာသလို ခံစားရသည်။ သူ့တွင် ထိုကဲ့သို့ စိတ်မျိုး မရှိပါ။

သို့သော်လည်း ဘာပြောရမှန်း မသိတော့ဘဲ လီထျင်ထျင်၏ ဝီချက်အိုင်ဒီကိုသာ အမြန်ပေါင်းထည့်လိုက်တော့သည်။

ကျန်တာကတော့ နောက်မှဆက်ပြောကြမည်ဖြစ်သည်။

လီယန်က ဘေးမှကြည့်ရင်း မနေနိုင်ဘဲ ပြုံးမိသည်။ ယောက်ျားမိန်းမ ချစ်ကြိုက်ခြင်းက လူသားသဘာဝဖြစ်ပြီး သူက အလွန် နားလည်ပေးတတ်သော လူတစ်ယောက် ဖြစ်သည်။

ထို့အပြင် ယဲ့ရှောင်ချန်းကိုလည်း တကယ် အသိအမှတ်ပြုပါသည်။

ဒီလောက် အသက်ငယ်ငယ်လေးနှင့် ရုက္ခဗေဒနယ်ပယ်တွင် အံ့အားသင့်စရာ အောင်မြင်မှု ရရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း သေချာပေါက် နိုင်ငံတကာ ရုက္ခဗေဒနယ်ပယ်တွင် နေရာတစ်ခု ရလာနိုင်ပါသည်။

ယဲ့ရှောင်ချန်းနှင့် သူ့မြေးမတို့အကြား တိုးတက်မှုရှိလာပါက ကောင်းသည်ဟု သတ်မှတ်နိုင်ပါသည်။

ဒီလိုနှင့် ယဲ့ရှောင်ချန်းသည် လီထျင်ထျင်၏ ဝီချက်အိုင်ဒီကို အပ်လိုက်ပြီး သူတို့နှစ်ယောက်ကို ထားခဲ့လိုက်ပြီး အိမ်သို့ ထရပ်ကားဖြင့် မောင်းပြန်လာခဲ့သည်။

လမ်းတစ်ဝက်အရောက်တွင် စာအိတ်ကို ဖွင့်ကြည့်လိုက်၏။ ငွေတွေအများကြီးပါသည်။

ယွမ် ၂၀၀,၀၀၀ တောင်...

ကျန်းဖျင်က အတော်လေး စိတ်ဝင်စားဖို့ကောင်းသော လူဟု ပြောရမည်။

စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်းက ဖူဆန်သစ်ကိုင်းကို ချက်ချင်းထုတ်လိုက်ပြီး အထူးဘွိုင်လာအိုးထဲတွင် တန်းထည့်ထားလိုက်သည်။ အင်မော်တယ်စမ်းရေအချို့ လောင်းထည့်လိုက်ပြီးနောက် ကူးပမ်းဖေးယွမ် တချို့ကို ထည့်လိုက်သည်။

သူ့လက်ထဲတွင် အရည်တချို့ ကျန်နေသေးသည်။

သူ့စိတ်ဝိညာဥ်ဖြင့် ဆက်သွယ်ကြည့်လိုက်ပြီး ကိုင်း၏ အသိစိတ်က တည်ငြိမ်နေကာ အသက်စွမ်းအင်လည်း ဖြည်းဖြည်းချင်း တိုးမြင့်လာသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူစိတ်အေးလက်အေး သက်ပြင်းချလိုက်မိတော့သည်။

ဖူဆန်သစ်ကိုင်း ရှင်သန်ဖို့က ပြဿနာ မရှိလောက်တော့ပါ။

သစ်ကိုင်းက စိတ်ဝိညာဥ်အစစ်အမှန်ကို မစုပ်ယူရတာ ကြာပြီဖြစ်ပြီး အရည်အတွက် အလွန်ဆာလောင်နေခြင်း ဖြစ်လောက်သည်။ သာမန်မျက်လုံးဖြင့် မြင်နိုင်သောနှုန်းဖြင့် ဖူဆန်သစ်ကိုင်း၏ အရောင်မှာ အနည်းငယ် ပြောင်းလဲသွားသည်။

အရောင်ကျွတ်သွားပြီး ရွှေနက်ရောင် တချို့ပင် ပေါ်လာသည်။

အထူးဆန်းဆုံးအရာက သစ်ကိုင်း၏ အဆုံးနားတွင် ရွှေနီရောင် အမြစ်များ စတင်ပေါက်လာခြင်းဖြစ်သည်။

နှစ်ရက်အတွင်း အမြစ်များ ပေါက်လာရုံတင် မကသေးဘဲ စိမ်းရွှေရောင် အဖူးလေး တစ်ဖူးတောင် ထွက်လာသည်။

ထိုအချိန်တွင် ၎င်း၏ ဖွံ့ဖြိုးနှုန်းက စတင်နှေးကွေးလာပြီဖြစ်သည်။

ယဲ့ရှောင်ချန်းက ယခင်ဖူဆန်သစ်ကိုင်းမှာ အလွန်ဗလာကျင်းဖြစ်နေခဲ့သည်ကို သတိထားမိသည်။

အခုတော့ ဆေးရည်၏ ဆေးဝါးစွမ်းအင်နှင့် အင်မော်တယ်စမ်းရေ၏ စိတ်ဝိညာဥ်တို့ကို လုံလုံလောက်လောက် စုပ်ယူကာ သစ်ကိုင်း၏ လုပ်ဆောင်ချက်များကို ပြီးပြည့်စုံသွားစေသည်။

"နောက်ဆုံးတော့ ငါ ချစိုက်လို့ရပြီ။"

ယဲ့ရှောင်ချန်းသည် သူကိုယ်တိုင် ကိုင်းဖြတ်ခြင်း လုပ်ငန်းစဥ်ကို လုပ်ရဦးမည်ဟု ထင်ထားသော်လည်း ယခု သစ်ကိုင်းက အဖူးနှင့် အမြစ်များပင် ရှိနေပြီ ဖြစ်သဖြင့် စိုက်ပျိုးဖို့အတွက် အခြေအနေရပ် ပြည့်မီနေပြီဖြစ်ပါသည်။

ဒါပေမယ့် ဘယ်မှာ စိုက်ရမှာလဲ။

အင်မော်တယ်မြေမှာ စိုက်ရမှာလား။

ဖူဆန်သစ်ပင်ကို အင်မော်တယ် မြေတွင် စိုက်ပျိုးခြင်းက အသေးအဖွဲကိစ္စမဟုတ်ပါ။ သူလိုအပ်သည့် အာဟာရများနှင့် အင်မော်တယ် လေစုပ်ယူမှုတို့က သာမန် အင်မော်တယ် အပင်များနှင့် မယှဥ်နိုင်မည်ကို စိုးရိမ်နေမိပါသည်။

အနည်းဆုံး ဖူဆန်သစ်ပင်ကြီး ဖွံ့ဖြိုးမှု လိုအပ်ချက်များကို ပြည့်ဝစေဖိို့ အင်မော်တယ် မြေတစ်ဝက်လောက် လိုအပ်လိမ့်မည်။

"အင်း ကံကောင်းလို့ အရင်ကရထားတဲ့ သုံးကွက်မြောက် အင်မော်တယ်မြေမှာ အင်မော်တယ် ပဲစေ့ ၂၆စေ့ပဲ စိုက်ထားတော့ မြေတစ်ဝက်လောက် လွတ်နေတုန်းပဲ။"

ယဲ့ရှောင်ချန်းက အလျင်အမြန် စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။

အရင်ဆုံး ဖူဆန်သစ်ပင်ကို အင်မော်တယ်မြေတွင် စိုက်ပျိုးမည်။

နောက်ပိုင်း အင်မော်တယ်မြေများ ပိုရလာပါက အင်မော်တယ်မြေ တစ်ခုလုံးကို ဖူဆန်သစ်ပင် ဖွံ့ဖြိုးစေဖို့အတွက် သီးသန့်ထားနိုင်သည်။

ဖူဆန်သစ်ပင်ကြီး၏ အမြစ်များက အလွန်သန်မာပြီး ကျယ်ကျယ်ပြန့်ပြန့် ရောက်နိုင်၏။

အခြားအင်မော်တယ်အပင်များကိုသာ ထိုအနားတွင် စိုက်ထားလျှင် အထွက်နှုန်းကို ထိခိုက်စေမည်ဖြစ်ပြီး ထို့အပြင် ဖူဆန်သစ်ပင်ကလည်း မီးအုပ်စုတွင်ပါသဖြင့် ထိခိုက်မှုက ပိုများနိုင်သည်။

ချွင်းချက်များတော့ရှိပါသည်။ ယဲ့ရှောင်ချန်းသာ ဖူဆန်သစ်ပင်အနီးတွင် မီးအုပ်စုအပင်များကို စိုက်ပျိုးပါက ထိခိုက်စေမည့်အစား အကျိုးကျေးဇူး ရနိုင်ပါသည်။

ယဲ့ရှောင်ချန်း ရွေးချယ်ခဲ့သည့် အင်မော်တယ်ပဲစေ့များက အဝါရောင်အင်မော်တယ်ပဲစေ့များသာဖြစ်ပြီး မြေဂုဏ်သတ္တိကို ပိုင်ဆိုင်သည်။ ယခု သူ့တွင် ဖူဆန်သစ်ပင်ရှိနေပြီဖြစ်ပြီး မီးဂုဏ်သတ္တိရှိသည့် အနီရောင်အင်မော်တယ်ပဲစေ့များကိုပါ စိုက်ပျိုးနိုင်ပြီဖြစ်သည်။

ကံမကောင်းစွာဖြင့် သူ့မှာ အင်မော်တယ်ယွမ် လုံလုံလောက်လောက်မရှိသဖြင့် အခုလောလောဆယ်မှာတော့ စောင့်သာ စောင့်နိုင်ပါသေးသည်။

ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်ချန်းသည် ဖူဆန်သစ်ကိုင်းကို အင်မော်တယ်မြေထဲသို့ ပြောင်းရွှေ့လိုက်သည်။

လက်ရှိတွင် ဖူဆန်သစ်ပင်က တစ်ပေဝက်လောက်သာ မြင့်ပြီး တစ်ကိုယ်လုံးက ရွှေနက်ရောင်ဖြင့် ထူးခြားလှပါသည်။

ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် ယဲ့ရှောင်ချန်းက ဖူဆန်သစ်ပင်၏ အသိစိတ်ကို စိတ်ဝိညာဥ် ပါရမီသုံးကာ ဆက်သွယ်ကြည့်လိုက်သည်။ အသိစိတ်က အလွန်နိုးကြားလာပြီး အင်မော်တယ်မြေတွင် ကောင်းကောင်းမွန်မွန် ကြီးထွားနေသည့်ပုံပင်။ ပျော်ရွှင်သော ခံစားချက်တစ်ခုပင်ရှိနေ၏။

"သေချာတယ်၊ ဖူဆန်သစ်ပင်က အင်မော်တယ် အပင်တစ်မျိုးပဲ။ အင်မော်တယ်မြေပေါ်မှာ စိုက်ပျိုးမှသာ သူ့ရဲ့ တန်ဖိုးအစစ်အမှန် ထွက်ပေါ်လာနိုင်တယ်။"

ယဲ့ရှောင်ချန်းက စိတ်ထဲမှာ တိတ်တဆိတ် တွေးနေမိသည်။

ဖူဆန်သစ်ပင်နှင့်ဆို သူ အနီရောင်အင်မော်တယ် ပဲစေ့များကို စိုက်ပျိုးနိုင်ပြီ။

သူ မနေနိုင်ဘဲ အင်မော်တယ် မုန်လာဥနီများနှင့် အင်မော်တယ် မုန်လာဥဖြူများ ရင့်မှည့်ခါနီးပြီဖြစ်သော အခြားလယ်နှစ်ကွက်ကို ကြည့်လိုက်မိသည်။

မကြာခင် သူ့တွင် အင်မော်တယ်ယွမ်များစွာ ရှိလာတော့မည်။

ဒါကို သူ မျှော်လင့်တကြီး စောင့်စားနေမိပါသည်။

All Chapters