မော့ယွမ်၏တစ်ဘဝစာဓားချီ
Vol. 3 Ch. 29
မကြာခင် ထိုသတင်းသည် ခန်းမကြီးတစ်ခုလုံးကို ပျံ့လွင့်သွား၏။
ဘိုးဘေးမော့၏မိတ်ဆွေဟောင်းသည် မော့အိမ်တော်ကို ရောက်လာသလို အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁တုံးကိုလည်း လက်ဆောင်ပေးခဲ့၏။
၎င်းမှာ အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးဖြစ်ကြောင်း ကြားသိရလျှင် လူအများအပြားက အထင်ကြီးအားကျရသည်။
ဂိုဏ်းကြီးများမှ ကျင့်ကြံသူများမှာ ဂိုဏ်း၏အထောက်အပံ့များရှိရာ စားသောက်ရန်နှင့် ဝိညာဉ်ကျောက်တုံးများအတွက် များစွာ စိတ်ပူရန် မလိုပါ။
လေလွင့်ကျင့်ကြံသူများနှင့် မိသားစုကြီးများမှာကား မိမိကိုယ်ကိုသာ အားကိုးကြရလေ့ရှိသည်။
ဝိညာဉ်ကျောက်တုံး ၁တုံးမှာ အဆင့် ၃ ချီစုဆောင်းခြင်းအဆင့်တစ်ဦးအတွက် နှစ်ဝက်ခန့် သုံးစွဲနိုင်သော ပမာဏ ဖြစ်သည်။
အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးကဲ့သို့ ရတနာမှာ ချင်းမူမြို့တွင်ပင် တည်ရှိခြင်း မရှိပါ။
အံ့ဖွယ်ဓားအကြီးအကဲအဖြစ် ဟန်ဆောင်ထားသော မော့ယွမ်နှင့် ဟန်မူယဲ့တို့မှာလည်း ပင်မထိုင်ခုံများသို့ ဖိတ်ကြားခံရသည်။
မော့မိသားစုဝင်များမှာ အနီးအနား၌ ထိုင်ကြရသည်။
မော့မိသားစုခေါင်းဆောင် မော့ယွင်ထန့်မှာလည်း ချီစုစည်းခြင်း အဆင့် ၃ ပညာရှင် ဖြစ်သည်။ ထိုအခိုက်တွင် သူသည် ထောင့်တစ်နေရာတွင် ထိုင်နေ၏။
အံ့ဖွယ်ဓားအကြီးအကဲ၏ကျင့်ကြံဆင့်မှာ ချီစုဆောင်းခြင်းအမြင့်ဆုံး၌ ရှိနေသည်ဟုသာ သူမြင်သည်။ သူ၏တပည့်မှာကား ချီစုဆောင်းခြင်း အဆင့် ၃၌ပင် မရှိချေ။
သို့သော် ၎င်းမှာ မဖြစ်နိုင်။
အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး တစ်တုံးအား လက်ဆောင်ပေးနိုင်သောသူတစ်ဦးသည် နက်ရှိုင်းသော ကျင့်ကြံဆင့် ရှိရပေမည်။ သူက သူ၏အစစ်အမှန် ကျင့်ကြံဆင့်ကို ထုတ်ဖော်ပြသခြင်း မရှိသည်သာ ဖြစ်ရပေမည်။
သည်ဓားအကြီးအကဲမှာ အခြေခံအုတ်မြစ်အဆင့် သို့မဟုတ် ကမ္ဘာမြေအဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်နိုင်သည်။
အကယ်၍ သူသည်သာ ထိုသို့ ပညာရှင်တစ်ဦးနှင့် မိတ်ဆွေဖြစ်နိုင်ပါက ကောင်းကင်သို့ နေ့ချင်းတက်ရောက်နိုင်သည်။
နှလုံးသားထဲမှ လောင်မြိုက်မှုများနှင့်အတူ မော့ယွင်ထန့်နှင့် မော့မိသားစုဝင်များမှာ ပို၍ပင် စိတ်အားထက်သန်လာကြသည်။ သူတို့က မော့ယွမ်အား ဝန်းရံကာ အားတက်သရော ပြောကြ ဆိုကြသည်။
မော့ယွမ်က သာမန်မေးခွန်းတချို့ကိုသာ မေးသော်လည်း မော့ယွင်ထန့်နှင့် တခြားလူများက မော့မိသားစု၏သမိုင်းကြောင်းနှင့် လတ်တလောကြုံတွေ့နေရသည့်ကိစ္စရပ်များတို့ကို အသေးစိတ်ပြောပြကြသည်။
မော့ယွမ်က မေးခွန်းများ တစ်ခါတစ်ရံမေးကာ အဓိက အချက်အလက်များကို ထောက်ပြပြောဆိုတတ်ပြီး ၎င်းက မော့မိသားစုဝင်များကို အထင်ကြီးစေသည်။ သည်လူကား အမှန်တကယ် စီနီယာပညာရှင်ဖြစ်ကာ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်းရှိသည်။
မော့ယွမ် ပြောပြသော တချို့သော ကျင့်ကြံခြင်းပြဿနာများနှင့် ပုံပြင်များသည်ပင် သူတို့အား ကြီးစွာ အကျိုးရှိစေ၏။
“ကျုပ်ဆရာဟာ လောကကြီးထဲ ခရီးသွားလာနေရင်း အခု တံခါးပိတ်ကျင့်ကြံဖို့ စိတ်ကူးနေတယ်။ ချင်းမူမြို့ပတ်ဝန်းကျင်က သိပ်မဆိုးဘူး”
ဘေးနားတွင် ထိုင်နေသော ဟန်မူယဲ့ ဝင်ပြောသည်။
တံခါးပိတ်ကျင့်ကြံရန်လား…
မော့ယွင်ထန့်က ဝမ်းသာသွားကာ အလျင်အမြန်ဦးညွှတ်လျှက် ပြောသည်။
“စီနီယာ… ကျုပ်တို့ မော့မိသားစုဟာ ချင်းမူမြို့မှာ နံပါတ်၁လို့ သတ်မှတ်နိုင်ပါတယ်။ ကျုပ်တို့ မိသားစုက စီနီယာကို ဂရုစိုက်ပေးထားနိုင်ပါတယ်”
ဟန်မူယဲ့က မော့ယွမ်အား ကြည့်လိုက်သည်။
ဤသည်က သူတို့ ကြိုတင်ဆွေးနွေးထားသည့် အစီအစဉ်ဖြစ်သည်။
မော့မိသားစုသည် မော့ယွမ်၏ အရှိန်အဝါကို အသုံးပြုလို၏။ အကယ်၍ မော့ယွမ်သာ ချီစုဆောင်းခြင်းအဆင့်မျှဖြင့် မော့မိသာစုထံသို့ ပြန်ရောက်သွားပါက မော့မိသားစု၏နောက်ခံအင်အားမှာ ဗလာနတ္တိဖြစ်သည်ကို လူအများသိသွားကာ မော့မိသားစုမှာလည်း အကြီးအကျယ် ဆုတ်ယုတ်သွားနိုင်သည်။
သူက မိတ်ဆွေနာမည်အားဖြင့်သာ မော့မိသားစုထံ၌ အကြီးအကဲတစ်ဦးအနေဖြင့် နေထိုင်ခြင်းက ပိုမိုသင့်တော်သည်။
မည်သို့ဆိုစေ သူ့အား လူအများက မသိမမြင်ကြသည်မှာ နှစ် ၂၀၀ ရှိပြီ မဟုတ်ပါလား။
မော့ယွင်ထန့်၏စကားကိုကြားလျှင် မော့ယွမ်က တိုက်ရိုက်လက်ခံခြင်း မပြုပါ။ သူက တစ်ချက်ရယ်မောလိုက်ကာ ထူးမခြားနားစွာ ပြောသည်။
“ဒီကိစ္စ နောက်မှ ပြောကြတာပေါ့။ ဒါက ကံကြမ္မာနဲ့ပဲ သက်ဆိုင်တယ်”
သူက ထိုသို့ ပြုမူလေ မော့ယွမ်ထန့်တို့မှာ ပို၍ စိတ်အားထက်သန်လေဖြစ်သည်။
အကယ်၍ မော့မိသားစုသာ ပို၍ ရိုးသားပါက အံ့ဖွယ်ဓားအကြီးအကဲမှာ သူတို့မိသားစု၌ နေထိုင်နိုင်သည်။
မော့ယွမ်ထန့်က ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် တံခါးထံမှ ဆူညံသံများ ထွက်လာသည်။
စွန်းမိသားစု ရောက်လာပြီ ဖြစ်သည်။
“ဟား… ဟား… သတို့သမီးကို မြန်မြန်သွားခေါ်… ငါ့ကို စိတ်မပူနဲ့”
မော့ယွမ်က လက်ဝှေ့ယမ်းကာ ပြုံးလျှက်ပြောသည်။
“ငါက ဒီလိုပွဲတော်အခန်းအနားတွေရဲ့ လှုပ်ရှားသက်ဝင်မှုကို သဘောကျတယ်”
မော့ယွမ်၏စကားကိုကြားလျှင် မော့ယွင်ထန့်၏မျက်ခုံးများ ပင့်လိုက်သည်။
အဖိုးအိုများမှာ ထိုသို့ဖြစ်သည်။ သူတို့က လူငယ်များ လှုပ်ရှားသက်ဝင်နေသည်များအား သဘောကျကြသည်။
ဓားအကြီးအကဲက မော့မိသားစုကို ထိုသို့ပြောခြင်းက ကောင်းမွန်သော အမြင်များရှိ၍သာ ဖြစ်သည်။
လက်ထပ်ပွဲသာ ကောင်းကောင်းမွန်မွန်ပြီးဆုံးသွားပါက အံ့ဖွယ်ဓားအကြီးအကဲသည် သေချာပေါက် မော့မိသားစု၌ နေထိုင်ပေလောက်သည်။
“စီနီယာပြောတာ မှန်တယ်… ကျုပ် သတို့သမီးကို သွားကြိုလိုက်ပါ့မယ်”
မော့ယွင်ထန့်က ဦးညွှတ်ကာ သူ့မိသားစုဝင်များအား ဦးဆောင်လျှက် ထွက်သွားသည်။
ခန်းမထဲမှ ဧည့်သည်များအားလုံးမှာလည်း သူတို့နောက်မှ လိုက်ပါသွားကြသည်။
လူသူကင်းမဲ့သော ခန်းမကျယ်ကြီးထဲတွင် မော့ယွမ်က ‘ပျော်ရွှင်ခြင်း’ အဓိပ္ပာယ်ရ စာသားပါ အနီရောင်အဆင်တန်ဆာများဖြင့် တိုင်လုံးကြီးများအား ကြည့်ကာ တီးတိုးသက်ပြင်းချသည်။
“ဟင်း… မော့မိသားစု အောင်မြင်နေတာ မြင်ရတာ စိတ်ချမ်းသာစရာပဲ”
“ငါက ဓား ၁၀၀၀၀ တို့အိမ်အပြန်ပညာရပ်ကို လက်ဆင့်ကမ်းပြီးပြီ။ အခု ငါ့မွေးရပ်မြေကိုလည်း ရောက်ပြီဆိုတော့ ငါ့ဆန္ဒတွေ အကုန် ပြည့်စုံသွားပြီပေါ့”
“ပြီးတော့ အကုန်လုံးက ငါထင်ထားတာထက်တောင် ပြည့်စုံနေသေးတယ်”
“မူယဲ့… မင်းဟာ ဓားပညာမှာ ပါရမီရှင်ပဲ။ ဓား ၁၀၀၀၀ တို့အိမ်အပြန်ကလည်း မင်းလက်ထဲမှာ သေချာပေါက် နာမည်ကျော်လိမ့်မယ်”
“မော့မိသားစုဟာလည်း အဆင်ပြေနေတယ်။ ငါက တပည့်တချို့ကို သင်ပေးပြီးသွားရင် ငါ့ဘဝမှာ နောင်တရစရာ မရှိတော့ဘူးပဲ”
ထို့နောက် မော့ယွမ်က သူ့ခါးတွင် ဆွဲထားသော ဓားအား ဖြုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။
“မူယဲ့… ဒီဓားကို ငါ့တပည့်အဖြစ် ဟန်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ယူသွားလိုက်”
“ပြီးတော့ ဒီဆေးလုံးကိုလည်း ယူလိုက်…”
အသက်ကို တစ်နှစ်အထိ ဆွဲဆန့်နိုင်သော ဆေးလုံးပါ ကျောက်စိမ်းပုလင်းငယ်အားလည်း စားပွဲပေါ်၌ တင်သည်။
“စီနီယာ… ဒါတွေအကုန်လုံးက ခင်ဗျားအတွက် အသုံးဝင်တာတွေပဲ”
ဟန်မူယဲ့က ခေါင်းယမ်းကာ တီးတိုးပြောသည်။
မော့ယွမ်က ပြုံးလျှက်ပြောသည်။
“ဘာအသုံးဝင်ဦးမှာလဲ။ ငါက အကုန်လုံးကို တွေ့မြင်ပြီးပြီ။ ဒါကို မင်းနားလည်သင့်တယ်”
ဟန်မူယဲ့က ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် မော့ယွမ်က ဆက်ပြောသည်။
“ယူလိုက်… အပြင်လူတွေ မမြင်စေနဲ့…”
တံခါးထံမှ ဆူညံသံများမှာ နီးကပ်လာသည်။
ဟန်မူယဲ့ ခေါင်းညိတ်ကာ ကျောက်စိမ်းပုလင်းငယ်အား သိမ်းဆည်းလိုက်၏။ သူက ဓားကို လက်နှစ်ဖက်ဖြင့် ယူလိုက်ကာ ဓားလက်ကိုင်အား လက်ဖြင့် ထိလိုက်၏။
“ဒင်…”
ဟန်မူယဲ့သာ ကြားရသော အသံတစ်ခုသည် ဓားထံမှလာကာ သူ့အား ခုခံ၏။
ဟန်မူယဲ့၏အာရုံထဲတွင် ပုံရိပ်များ အဆက်မပြတ် ပြေးလွှားသွားသည်။
ဓားကို အဆက်မပြတ် သွန်းလုပ်သန့်စင်စင်နေသော ပုံရိပ်များ…
လူငယ်တစ်ယောက် ဓားတစ်လက်ဖြင့် သိုင်းကျင့်နေသည်။
ဓားကျင့်စဉ်များမှာ ရာကျော်၏။
သူသည် ကောင်းကင်ကို ပြောင်းပြန်လှန်ပစ်နိုင်သော ဓားပညာရပ်တစ်ခုအား တီထွင်ရန် ရည်မှန်းထား၏။
နှစ် ၂၀၀ ကြာပြီးနောက် ဓားချီ ဖွဲ့စည်းနိုင်ခဲ့သော်လည်း သူသည် ၎င်းကို အသုံးမပြုနိုင်တော့ပါ။
ဓားရှည်တွင် အလွန်ထူထဲသော ဓားချီတစ်ခုသည် မကြာခင် ဓားဆန္ဒအဖြစ် မွေးဖွားလာတော့မည်ကို ခံစားနေရ၏။
ထိုဓားချီများမှာ မော့ယွမ် တစ်သက်တာ စုဆောင်းထားခြင်း ဖြစ်သည်။
သို့သော်လည်း မော့ယွမ်မှာ အားနည်းကာ အိုမင်းနေပြီဖြစ်ရာ ၎င်းဓားချီကို အသုံးမပြုနိုင်တော့ချေ။
ဟန်မူယဲ့က ဓားလက်ကိုင်မှ လက်ကို လွှတ်လိုက်သည်။
သူသည် ကံကြမ္မာဟု ခေါ်ဆိုသော ဤဓားမှ ဓားပညာရပ် ၁၀၀ခန့် တတ်မြောက်သွားခဲ့သည်။
သို့သော်လည်း ဓားထဲမှ ဓားချီများကို သူ မယူရက်ပါ။
ဤဓားချီများမှာ မော့ယွမ်၏ဘဝတစ်သက်တာဖြစ်သည်။
သူသည်သာ ဓားချီကို စုပ်ယူလိုက်ပါက ဓားသည် မော့ယွမ်နှင့် ဆက်နွယ်မှု ပြတ်တောက်သွားပေလိမ့်မည်။
ခန်းမသည် ပျော်ရွှင်မှုအငွေ့အသက်များဖြင့် လွှမ်းခြုံနေ၏။ မော့ယွမ်သည် အားရဝမ်းသာစွာဖြင့် ထိုင်ခုံတွင် ထိုင်နေသည်။ သူ့အား လာရောက်၍ နှုတ်ဆက်သူများအားလည်း ပြန်လည်နှုတ်ဆက်သည်။
လက်ထပ်စုံတွဲက လာရောက်၍ ဦးညွှတ်သောအခါတွင်လည်း မော့ယွမ်က ရှေ့ကို တက်သွားပြီးနောက် စုံတွဲမောင်နှံအား ပြုံးလျှက် ဆွဲထူကာ ထရပ်စေသည်။
“မင်းတို့ ဘိုဘေးက မင်းတို့ကို ပေးစရာသိပ်မရှိဘူး”
“ဒီလိုလုပ်ပါလား။ နောက်ရက်နည်းနည်းနေရင် ငါ့ဆီလာခဲ့လိုက်။ ငါ မင်းတို့ကို ဓားပညာနည်းနည်းသင်ပေးမယ်”
မုတ်ဆိတ်ဖြူများကို ပွတ်သပ်ရင်း မော့ယွမ်က ပြုံးလျှက်ပြောသည်။
သူ၏စကားက မော့မိသားစုကို အံ့အားသင့်စေသည်။
သိသာစွာပင် အဖိုးအိုသည် ခဏတဖြုတ်ဖြစ်ဖြစ် မော့မိသားစုတွင် နေထိုင်လိုသည်။
“မြန်မြန် ဘိုးဘေးကို ကျေးဇူးတင်လိုက်လေ”
မော့ယွင်ထန့်က အလျင်အမြန် သူ၏သားနှင့် ချွေးမကို မော့ယွမ်အား ကျေးဇူးတင်စေသည်။
သိပ်မဝေးသောနေရာတွင် သတို့သမီးအား လာရောက်ပို့ဆောင်သော ဧည့်သည်တချို့မှာ တင်းမာသော မျက်နှာထားဖြင့် ကြည့်နေကြသည်။
“စီနီယာအစ်ကိုကျန်းဟွမ်… ဒီ အံ့ဖွယ်ဓားအကြီးအကဲဆိုသူရဲ့နောက်ခံကို သိလား”
သတ်လတ်ပိုင်းအရွယ် အနီရောင်ဝတ်စုံဖြင့် လူက မေးသည်။
ကျန်းဟွမ်နာမည်ဖြင့် မုတ်ဆိတ်တို၊ သက်လတ်ပိုင်းလူကလည်း မျက်တောင်ကို ပင့်လိုက်၏။
“သူ့ခြေလှမ်းဟာ အားနည်းတယ်။ သူ့မျက်လုံးတွေဟာလည်း ဖျော့တော့တယ်။ သူက သေချာပေါက် အသက်ကုန်ခါနီးနေတဲ့သူပဲ”
“သူ့ခန္ဓာကိုယ်မှာ ဓားချီနည်းနည်းတော့ ရှိတယ်။ ဒါပေမဲ့ စွမ်းအားက ရောနှောနေတယ်။ သူက အများဆုံး ချီစုစည်းခြင်းအဆင့် ၄မှာပဲ ရှိတယ်”
“အစီအစဉ်အတိုင်း သွားကြတာပေါ့။ အဖိုးအိုက စိတ်ပူစရာမဟုတ်ဘူး”
တခြားလူများကလည်း အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်ကြသည်။
ခွမ်း…
မြေပြင်ပေါ်သို့ ပုလင်းကျကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထိုစူးရှသော အသံသည် ပျော်ရွှင်မြူးတူးစရာအချိန်အခါအား ကပ်ကြေးဖြင့် ညှပ်လိုက်သလို ရုတ်တရက် ဖြစ်ပေါ်လာသည်။
“ဒါက ဘယ်လို ဆိုးဝါးတဲ့သေရည်လဲ။ မော့မိသားစုက စွန်းမိသားစုကို သေချာပေါက် အထင်သေးတာပဲ”
အရပ်ရှည်ရှည်လူငယ်တစ်ယောက်က ရှေ့ကို တက်လာကာ စုံတွဲအား လက်ညိုးထိုးသည်။
“မော့ယွီချန်… ဒါက မော့မိသားစု ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံလား”
ခန်းမကား တိတ်ဆိတ်နေသည်။
မော့ယွမ် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
မော့ယွင်ထန့် ထိတ်ခနဲ ဖြစ်သွားကာ အလျင်အမြန် ရှေ့ကို ပြေးသွားလိုက်သည်။
“မော့မိသားစုက ခင်ဗျားတို့ကို လျစ်လျူရှုမိသွားတယ်။ အမြန်လာစမ်း… နှင်းဝေမြူခိုး ဆယ်အိုး သယ်လာခဲ့စမ်း”
နှင်းဝေမြူခိုးမှာ ကျော်ကြားသော သေရည်ဖြစ်သည်။ ၎င်းတွင် သဘာဝစွမ်းအားအငွေ့အသက်များပါနေပြီး တစ်အိုးကို ဝိညာဉ်ကျောက်တုံး ၁တုံး တန်ဖိုးရှိ၏။
မော့ယွင်ထန့်က ထိုသို့သော သေရည်ဖြင့် ဧည့်သည်များကို ဧည့်ခံရခြင်းအား နှမြောလှသည်။
သို့သော်လည်း လက်ရှိအချိန်တွင် သူသည် မင်္ဂလာပွဲကို အမှားအယွင်းမရှိ အောင်မြင်စွာ ကျင်းပလို၏။
“နှင်းဝေမြူခိုးသေရည် မလိုတော့ဘူး”
လူငယ်က မော့ယွင်ထန့်အား ချုပ်တီးထားသော ဒေါသများဖြင့် ကြည့်သည်။
“ခုနကပဲ မော့မိသားစုဟာ ချင်းမူမြို့မှာ နံပါတ် ၁အိမ်တော်ြဖစ်ကြောင်း ကြားလိုက်တယ်။ စွန်းမိသားစုကတော့ ချင်းကုမြို့မှာ သာမန်မိသားစုတစ်ခုပဲ။ စွန်းမိသားစုဝင်က ခင်ဗျားတို့ မိသားစုနဲ့လက်ထပ်ရတာ ဂုဏ်ယူစရာပဲ”
လူငယ်က ရှေ့ကို တက်လာသည်။ သူ၏ခါးတွင် ချိတ်ထားသော ဓားအား ဆွဲထုတ်လိုက်၏။
“မော့မိသားစုလူငယ်မျိုးဆက် ဘယ်လောက်စွမ်းလဲ ကြည့်တာပေါ့”
‘မင်းရဲ့ဓားကို ထုတ်လိုက်’
ဓားအလင်းကိုမြင်လျှင် လူအများအပြား၏အမူအရာမှာ ပြောင်းလဲသွားသည်။
ခန်းမထဲတွင် ဧည့်သည်များ နောက်ကို အလျင်အမြန် ဆုတ်ကြ၏။
မည်သူမှ အရူးမဟုတ်ပါ။
စွန်းမိသားစုဘက်တွင် မည်သူမှ မစကားမဆိုကြပါ။ သူတို့က ပြဿနာရှာလိုသည်မှာ သေချာ၏။