← Chapters

ဒီနေ့ သွေးစွန်းတာ မမြင်ချင်ဘူး

Vol. 3 Ch. 30

ဒီနေ့ သွေးစွန်းတာ မမြင်ချင်ဘူး

Vol. 3 Ch. 30

ထိုလူက ဓားကို ဆွဲထုတ်လိုက်သည်ကိုမြင်လျှင် မော့ယွမ်က အသံတိုးတိုးဖြင့် ပြောသည်။

“ဒါက ချင်သုံးပါးဓားဂိုဏ်းရဲ့ အတွင်းစည်းဓားသိုင်းပဲ”

သူသည် အပြင်စည်းဂိုဏ်းတွင် နှစ် ၂၀၀ နေခဲ့သည်မှာ အလဟသ မဟုတ်ပေ။ မော့ယွမ်က ဂိုဏ်းအတော်များများ၏အထက်တန်းလွှာများနှင့် ပတ်သက်ခြင်းမရှိသော်လည်း အပြင်လောကနှင့်ပတ်သက်သော ဗဟုသုတများမှာ အမှန်တကယ် ကြွယ်ဝလှသည်။

‘ချင်သုံးပါးဓားဂိုဏ်း’

ဟန်မူယဲ့ အလျင်အမြန် ခေါင်းညိတ်သည်။

သည်လူများက တိုက်ခိုက်လိုသည်မှာ မထူးဆန်းတော့ချေ။

ချင်သုံးပါးဓားဂိုဏ်းသည် ကီလိုမီတာတစ်ရာအတွင်း၌ လွှမ်းမိုးထားသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ သူတို့မှာ ဂိုဏ်းကြီးတစ်ဂိုဏ်းမဟုတ်သော်လည်း ပညာရှင်အတော်များများရှိသည်။ သူတို့က ပုံမှန်အားဖြင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို လေးစားခြင်း မရှိကြချေ။

လွန်ခဲ့သော နှစ်တချို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ပညာရှင်တချို့ စေလွှတ်ကာ ချင်သုံးပါးဓားဂိုဏ်းအား ပညာပေးခဲ့၏။ ထိုအခါမှ သူတို့သည် အနည်းငယ် ရိုကျိုးသွားကြသည်။

နှစ်အနည်းငယ်ကြာမြင့်ပြီးနောက်တွင် သူတို့က ပြဿနာထပ်ရှာလိုကြဟန်ရှိသည်။

မော့ယွမ်က ကျင့်ကြံခြင်းလောကနှင့်ပတ်သက်သည်များအား ပြောပြထားရာ ဟန်မူယဲ့သည်လည်း ဂိုဏ်းများနှင့်ပတ်သက်၍ အတော်အတန် နားလည်နေပြီဖြစ်သည်။

“ဒီလို ပျော်စရာအချိန်မှာ ဓားထုတ်ကာ သိပ်တော့ မသင့်တော်ဘူးမလား”

မော့မိသားစုအဖိုးအိုတစ်ဦးက ရှေ့ကို တက်လာကာ ပြုံးလျှက်ပြောသည်။

“ဒါက စွန်းမိသားစုရဲ့ နဝမသခင်လေး လုယန် ဖြစ်ရမယ်။ မင်းဟာ ချင်သုံးပါးဓားဂိုဏ်းမှာ ကျင့်ကြံပြီးတော့ နတ်သိုင်းတစ်မျိုးကို တတ်မြောက်ထားတယ် ကြားတယ်”

အဖိုးအိုက လူငယ်၏နောက်ကြောင်းကို ဖော်ပြကာ ပြုံးလျှက်ပြောသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ ချင်သုံးပါးဓားဂိုဏ်းအကြားက ပဋိပက္ခနည်းနည်းလေးက ကျုပ်တို့မိသားစုတွေနဲ့မပတ်သက်သင့်ဘူးမလား”

သူ၏စကားများက မှန်ကန်သော်လည်း စွန်းမိသားစုမှ စွန်းလုယန်က လာရောက်ရန်စခြင်းမှာ နောက်ကွယ်မှ အကြောင်းအရင်းတစ်ခုရှိကြောင်း လူအများက နားလည်ကြသည်။

ဤသည်က ဂိုဏ်းနှစ်ဂိုဏ်း၏အရေးကိစ္စဖြစ်သည်။

မော့မိသားစုသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အမာခံ ထောက်ခံအားပေးသူများ ဖြစ်ကြသည်။ အကယ်၍ ယနေ့တွင် စွန်းမိသားစုဖြင့်သာ ရန်ဖြစ်ပါက သေချာပေါက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မျက်နှာသာပေးမှုကို ခံရနိုင်၏။

မော့ယွင်ထန့်က မော့ယွမ်၏အမူအရာကို လှမ်းကြည့်လျှင် အဖိုးအိုမှာ မည်သည့်အမူအရာခံစားချက်မှ ထုတ်မပြသည်ကိုမြင်ကာ စိတ်သက်သာရာ ရသွားသည်။

“ကျုပ်က ဒီလက်ထပ်ပွဲကို ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး။ ခင်ဗျားတို့ မော့မိသားစုက အမြဲတမ်း စိတ်ကြီးဝင်နေကြတာ။ ဘာအံ့ဖွယ်ကိုးပါးဓားဂိုဏ်းလဲ။ ဒီနှစ်တွေမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ခင်ဗျားတို့မော့မိသားစုနဲ့ ဘာဆက်သွယ်မှုရှိလို့လဲ”

စွန်းလုယန်၏မျက်နှာက တင်းမာနေသည်။ သူက လက်ကိုမြှောက်ကာ ဓားရှည်အား ဟိုဟိုဒီဒီ ထိုးကာ ပြောသည်။

“တကယ်လို့ မော့မိသားစုက လူငယ်မျိုးဆက်တစ်ယောက်ယောက် ကျုပ်ကို အနိုင်ယူနိုင်ရင် ဒီနေ့ ကျုပ် နောက်လှည့်ပြီး ပြန်သွားမယ်”

“တကယ်လို့ ဘယ်သူမှ အနိုင်မယူနိုင်ရင်… အဟက်… လက်ထပ်ပွဲက မလုပ်တာ အကောင်းဆုံးပဲ”

ခန်းမသည် တိတ်ဆိတ်နေ၏။ မင်္ဂလာဝတ်စုံဖြင့် သတို့သမီးမှာ မျက်ရည်များဖြင့် တုန်ယင်နေသည်။ သူမဘေးမှ သတို့သားက သူမအား အသာအယာဖက်ကာ နှိပ်သိမ့်ပေးနေသည်။

“ဒါက မဟုတ်သေးဘူး ဆရာ… ချင်သုံးပါးဓားဂိုဏ်းနဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတို့က မတည့်ဘူးဆိုပေမဲ့ မော့မိသားစုနဲ့ပတ်သက်စရာမှ သိပ်မရှိတာ”

ဟန်မူယဲ့က မျက်မှောင်ကြုတ်ကာ စွန်းမိသားစုမှ လူများကို လှမ်းကြည့်သည်။

“သတိထား… ဒီလူတွေမှာ သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေ ရှိနေတယ်”

မော့ယွမ်က စားပွဲကို လက်ဖြင့်ဖိကာ အသာအယာပြောသည်။

‘သတ်ဖြတ်လိုသော အငွေ့အသက်…’

ဟန်မူယဲ့ အံ့အားသင့်သွားသည်။

ပြဿနာတစ်ခုခုရှိလျှင်ပင် အချင်းချင်းသတ်ဖြတ်ရန် အဆင့်သို့အထိ မဖြစ်သင့်ပေ။ သူတို့တွင် အဘယ်ကြောင့် သတ်ဖြတ်လိုသောဆန္ဒရှိနေသနည်း။

“ကလန်…”

မော့မိသားစုမှ တပည့်အများအပြားမှာလည်း စိတ်ရှည်သီးခံမှု ပျောက်ဆုံးလာကြပြီ ဖြစ်သည်။

“ဒီနေ့ အစ်ကိုယွီချန်ရဲ့နေ့ကောင်းရက်မြတ်ပဲ။ ဦးလေးစွန်းက လှုပ်လှုပ်ရှားရှားဖြစ်ချင်မှတော့ ကျုပ် မော့ယွီစီကလည်း အဖော်ပြုပေးရတာပေါ့”

လူငယ်တစ်ယောက်က ဓားထုတ်ကာ ဒေါသတကြီး ဆိုသည်။

မော့မိသားစုမှ တစ်စုံတစ်ယောက်က သူ့အား နောက်ဆုံးတွင် ရင်ဆိုင်လိုက်ရာ ခန်းမတစ်ခုလုံး ဆူညံသွားသည်။

ထိုလူငယ် ရှေ့ထွက်လာသည်ကိုမြင်လျှင် တစ်စုံတစ်ယောက်က အသံတိုးတိုးဖြင့် ပြောပြသည်။

“ဒါက မော့မိသားစုရဲ့ ပဥ္စမသခင်လေးပဲ။  သူဟာ ချီစုဆောင်းခြင်းအဆင့် ၅ ကို ရောက်နေပြီဖြစ်ပြီးတော့ ချင်းမူမြို့ရဲ့လူငယ်မျိုးဆက်ထဲမှာ ထက်မြက်တဲ့လူအဖြစ် နာမည်ကျော်တယ်”

“မော့မိသားစုဓားပညာက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အကြီးအကဲတစ်ယောက် သင်ပေးထားတာ။ အဲဒါက စွန်းမိသားစုထက် နိမ့်ကျမှာ မဟုတ်ဘူးလို့ ထင်တယ်။ ဒီပွဲက စိတ်ဝင်စားစရာပဲ”

တစ်ယောက်ကလည်း တိုက်ပွဲကို စိတ်ဝင်စားဟန်ဖြင့် ပြောသည်။

“ဟင်း… ဒါက စွန်းမိသားစုနဲ့ မော့မိသားစုတွေက သူတို့လူငယ်တွေအစွမ်းကို ပြသဖို့ လုပ်ထားတဲ့ ဟန်ပြရန်ပွဲလို့ ထင်တာပဲ”

အဝေးတွင် ထိုင်နေသော ဧည့်သည်တစ်ဦးကလည်း မှတ်ချက်ချသည်။

သူ့စကားကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ချင်သုံးပါးဓားဂိုဏ်းအကြားက ပဋိပက္ခကို မသိကြသော ပရိသတ်များက ခေါင်းညိတ်ထောက်ခံကြသည်။

ခန်းမအလယ်တွင် ပေသုံးဆယ်ခန့် နေရာလွတ်ရှိသည်။ လူငယ်နှစ်ဦးကလည်း ဓားများကိုင်ကာ အချင်းချင်း ရင်ဆိုင်ကြတော့မည်ဖြစ်သည်။

“မော့မိသားစု မော့ယွီစီက စွန်းမိသားစုသခင်လေးကို စိန်ခေါ်တယ်”

အနီရောင်ခါးပတ်ဖြင့် မော့မိသားစုလူငယ်သည် အသံတိုးတိုးဖြင့်ဆိုကာ လက်ထဲမှ ဓားဖြင့် ထိုးသွင်းလိုက်သည်။

ဓားသည် လေခွင်းသံကို သယ်ဆောင်သွား၏။ ဓားအလင်းသည် ငြိမ်သက်ကာ မြန်ဆန်သည်။

ထိုဓားချက်မျှဖြင့် မော့မိသားစု ပဥ္စမသခင်လေးမှာ ဓားအခြေခံကောင်းမွန်သူဖြစ်ကြောင်း သိနိုင်သည်။ အနည်းဆုံး သူသည် နှစ်အနည်းငယ် ကြိုးစားလေ့ကျင့်ထား၏။

“မော့မိသားစုဟာ ချင်းမူမြို့မှာ နံပါတ်၁မိသားစုလို့ နာမည်ကြီးတာ အလကားမဟုတ်ဘူးပဲ”

“ချင်းမူမြို့က လူငယ်မျိုးဆက်ထဲမှာ ဒီဓားချက်ကို ခံနိုင်တဲ့သူ သိပ်မရှိဘူး”

မော့ယွီစီ၏ဓားချက်သည် အမျိုးမျိုးသော ဆွေးနွေးမှုများအား ဖြစ်ပေါ်စေသော်လည်း စွန်းလုယန်၏အမူအရာက ပြောင်းလဲခြင်း မရှိပါ။

သူ့ရှေ့မှ ဓားကို စွန်းလုယန်ကလည်း သူ၏ဓားဖြင့် ရင်ဆိုင်သည်။ ဓားအလင်းတစ်ချက်တွင် ဓားနှစ်လက် ထိတွေ့၏။

“ကလင်…”

မော့ယွီ နောက်ကို ခြေတစ်လှမ်းဆုတ်သွားရကာ သူ၏မျက်နှာမှာလည်း နီမြန်းသွား၏။ စွန်းလုယန်၏ဓားသည် ရှေ့ကို ဆက်၍ တိုးဝင်လာ၏။

အနီးအနားမှ လူများအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။

စွန်းလုယန်၏ဓားချက်မှာ သိပ်ကောင်းနေခြင်းမဟုတ်သော်လည်း သူ၏ကျင့်ကြံဆင့်မှာ မော့ယွီစီထက် ပို၍ မြင့်နေသည်။

သူက မော့ယွီစီ၏ဓားကို ကျင့်ကြံဆင့်ဖြင့် ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။

ဓားပညာယှဉ်ပြိုင်ခြင်း၌ ဤသို့သော အပြုအမူသည် အရှက်ရစရာ ဖြစ်သည်။ ယှဉ်ပြိုင်ပွဲက မျှတခြင်းလည်း မရှိပါ။

“ကောင်လေးရဲ့ဓားပညာက သိပ်မဆိုးဘူး။ သူက တစ်ဘက်လူကို ယှဉ်နိုင်သားပဲ”

“စွန်းလုယန် လေ့ကျင့်တဲ့ ချင်သုံးပါးဓားဂိုဏ်းရဲ့သိုင်းဟာ နှစ်ဆခွန်အားဓားသိုင်းတစ်မျိုးပဲ”

မော့ယွမ်က သူတို့နှစ်ဦးအားကြည့်ကာ ဟန်မူယဲ့ကို ပြောသည်။

“ကျုပ်ဓားကိုကြည့်…” နောက်ကို ဆုတ်သွားရသော မော့ယွီစီက အံကြိတ်ကာ အော်ဟစ်လျှက် ဓားဖြင့် တဖန်ထိုးသွင်းလိုက်သည်။

စွန်းလုယန်၏မျက်နှာက တင်းမာသွားကာ သူက ဓားဖြင့် ရုတ်တရက် ခုတ်ချလိုက်သည်။

“ကလန်…”

မော့ယွီစီ၏ဓားမှာ နှစ်ပိုင်းကျိုးသွားကာ ဓားကျိုးသည် မြေပြင်တွင် အဆက်မပြတ်လည်ပတ်နေ၏။

မော့ယွီစီ၏မျက်နှာ သွေးဆုတ်သွားကာ အလျင်အမြန် နောက်ဆုတ်သည်။ သူက ညာလက်ကို ဘယ်လက်ဖြင့် ကိုင်ထားကာ သွေးများသည် သူ၏လက်ချောင်းကလေးများမှ စီးကျနေ၏။

“မင်းရဲ့အစွမ်းလောက်ကလေးနဲ့ ငါ့ကို စိန်ခေါ်ဖို့ ထိုက်တန်သလား”

စွန်းလုယန်က နှာခေါင်းရှုံ့ကာ ဓားဖြင့် ညွန်လိုက်သည်။

“မော့ယွီချန်… ဘာလို့ ရှေ့ကို မထွက်လာတာလဲ”

မော့ယွီချန်သည် မော့မိသားစု၏အကြီးဆုံးသခင်လေးဖြစ်ပြီး လူငယ်မျိုးဆက်တွင်လည်း နံပါတ် ၁ ဖြစ်သည်။ သူသည် ချီစုဆောင်းခြင်းအဆင့် ၈ သို့ ရောက်နေပြီဖြစ်ကာ ချင်းမူမြို့၏လူငယ်မျိုးဆက်တွင် အတော်ဆုံးလည်းဖြစ်သည်။

မော့ယွီချန်၏မျက်နှာတွင် ဒေါသအငွေ့အသက်များအား တွေ့ရသည်။

ယနေ့မှာ သူ၏လက်ထပ်ပွဲဖြစ်သည်။ သူသာ ဓားကိုင်တိုက်ခိုက်ပါက မကောင်းသောနိမိတ်လည်း ဖြစ်သည်။

ထို့အပြင် သူသည် စွန်းမိသားစုဝင်များနှင့် လက်ထပ်ပွဲတွင် တိုက်ခိုက်ခြင်းဖြစ်ရာ အလွန်ဝမ်းနည်းစရာကိစ္စလည်း ဖြစ်၏။

သူ့တွင် မိန်းကလေးစွန်းနှင့် နက်ရှိုင်းသော ပတ်သက်မှု မရှိသော်လည်း ယခု သူတို့က လက်ထပ်တော့မည်ဖြစ်ရာ သူမအား ဝမ်းမနည်းစေလိုပါ။

မိန်းကလေးစွမ်းမှာ မော့ယွီချန်၏အဝတ်စကို တင်းတင်းကိုင်လျှက် ငိုနေသည်။

“သိပ်ပြီး မမောက်မာနဲ့… မော့မိသားစုမှာ မင်းနဲ့တိုက်ခိုက်နိုင်တဲ့ လူအများကြီးရှိတယ်”

“ပထမသခင်လေး တိုက်ခိုက်စရာမလိုဘူး.. ကျုပ်က…”

မော့မိသားစုမှ လူငယ်တချို့က ဒေါသတကြီးဖြင့် ရှေ့ကို ထွက်လာကြသည်။

“ပြန်သွား…”

ထိုအခိုက်တွင် မော့မိသားစုခေါင်းဆောင် မော့ယွင်ထန့်က ရုတ်တရက် ရှေ့ကို တက်လာကာ ပြောလိုက်သည်။

သူ့ထံမှ အရှိန်အဝါတစ်ခု ပေါ်ကွဲထွက်လာကာ မော့မိသားစုတပည့်များမှာ နောက်ကို ဆုတ်သွားကြရ၏။

ထိုအားလှိုင်းသည် စွန်းလုယန်ကိုလည်း ဆုတ်ခွာသွားစေကာ သူ့နောက်မှ စားပွဲနှင့်ရိုက်မိသည်။ သူ၏မျက်နှာက ပြာနှမ်းသွား၏။

ဤသည်က ချီစုစည်းခြင်းအဆင့်စွမ်းအားဖြစ်သည်။

ချီစုစည်းခြင်းအဆင့်တန်ခိုးရှင်ရှေ့တွင် ချီစုဆောင်းခြင်းအဆင့်တစ်ဦးမှာ စကားပြောရန်ပင် မထိုက်တန်ပါ။

“ဒါက ကစားပွဲတစ်ခုပါပဲ…”

မော့ယွင်ထန့်က တည်ငြိမ်စွာ ပြောကာ နောက်လှည့်လိုက်သည်။

ထိုအခိုက်တွင် အစိမ်းရောင်အလင်းတစ်ခုသည် စွန်းလုယန်၏နောက်မှ ထွက်ပေါ်လာကာ မော့ယွင်ထန့်၏နောက်ကျောထံသို့ တိုးဝင်သွား၏။

“တိုက်ကြ…”

တစ်ဒါဇင်ခန့်သော လူများ နေရာအနှံ့မှ ထွက်ပေါ်လာကာ ဓားအလင်းများ ဟိုဟိုဒီဒီ လင်းလက်သွားသည်။

မော့ယွမ်က မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“ချင်သုံးပါးဓားဂိုဏ်းက ကျင့်ရှန်းဂိုဏ်းနဲ့ ပူးပေါင်းထားပြီးသားဖြစ်ပုံရတယ်”

ဓားတိုဖြင့် ပစ်လိုက်သူမှာ အနိမ့်ဆုံး ချီစုစည်းခြင်းအဆင့်၌ ရှိသည်။

ဟန်မူယဲ့ သူ့ရှေ့ကို ကြည့်လိုက်သည်။

တိုက်ပွဲက သေချာပေါက် ဖြစ်တော့မည့်ပုံ ဖြစ်သည်။

“ကျုပ် ဒီနေ့ သွေးစွန်းတာ မမြင်ချင်ဘူး”

မော့ယွမ်က ရေရွက်ကာ ပြင်းထန်သော အရှိန်အဝါတစ်ခု သူ့ထံမှ ထွက်ပေါ်လာ၏။

အရှိန်အဝါမှာ ပါးလွှာသော်လည်း ထက်ရှ၏။

ထိုအရှိန်အဝါသည် အငွေ့အသက်ပေါင်းထောင်ချီစွာ ဖြန့်ကျက်သွား၏။

ဓားချီ…

ဤသည်မှာ မော့ယွမ်၏ခန္ဓာကိုယ်၌ စုစည်းနေသော ဓားချီများ ဖြစ်သည်။

“ဟင်…”

ခန်းမထဲမှ ဓားများအားလုံး အဆက်မပြတ် တုန်ခါသွားသည်။

မော့ယွင်ထန့်အား ပစ်ပေါက်လိုက်သောဓားတိုမှာ သူ့နောက်ကျောနှင့် သုံးလက်မအကွာ၌ ရပ်တန့်သွား၏။

မော့ယွမ်၏နောက်တွင်ရပ်နေရင်းက ဟန်မူယဲ့ မျက်တောင်များကို ပင့်လိုက်သည်။

ဤသည်က ဓား ၁၀၀၀၀ တို့အိမ်အပြန်ဖြစ်သည်။

ဓားချီတစ်စ စုစည်းလျှင် ဓား ၁၀၀၀၀ တို့ လိုက်ပါရသည်။

All Chapters