အသက်ရှူနေသေးသရွေ့ ... ဝါဒတောင်ကို သွားရမယ်
Vol. 42 Ch. 593
အခန်း (၅၉၃) အသက်ရှူနေသေးသရွေ့ ... ဝါဒတောင်ကို သွားရမယ်
အထက်ဘုံကမ္ဘာမှ ဆင်းသက်လာသော တန်ခိုးစွမ်းအားရှင်များသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။
ထို့ကြောင့် နေသူတော်စင်ဂိုဏ်းသားများက တိုက်ပွဲသေချာပေါက် အနိုင်ရမည်ဟု ယုံကြည်ခဲ့ကြပြီး ဝါဒတောင်သို့ စစ်ချီရာလမ်းတစ်လျှောက်တွင် မိုးအောက်မြေပြင်တစ်ခုလုံးမှ ကျင့်ကြံသူများအား သူတို့နှင့်ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့သည်။
ယခု ထိုသတင်းက ပျံ့နှံ့သွားပြီး...
ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲ’ယွိ’ နှင့် ဝါရင့်အကြီးအကဲများအားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
“တကယ်ပဲ အထက်ဘုံကမ္ဘာက လူတွေ ရောက်လာတာလား”
“ဒါက အလိမ်အညာစကားတော့ မဖြစ်နိုင်ဘူး ၊ မဟုတ်ရင် နေသူတော်စင်ဂိုဏ်းရဲ့လုပ်ရပ်က ဒီကမ္ဘာပေါ်မှာ အကြီးမားဆုံးဟာသ ဖြစ်သွားမှာပေါ့”
“သူတို့ရဲ့ သံသယဝင်စရာဗျူဟာက ငါတို့ကိုရော ထိခိုက်နိုင်သလား ၊ ပြီးတော့ ဝါဒတောင်ကိုတိုက်ခိုက်ပြီးရင် သူတို့က ငါတို့ ကျောက်စိမ်းပင်လယ်မြို့တော် ဒါမှမဟုတ် အဆုံးမဲ့တောင်တန်းကို တိုက်ခိုက်နိုင်မလား”
“မြို့တော်သခင်နဲ့ ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကလည်း ဒီမှာ မရှိဘူး ၊ ကျောက်စိမ်းပင်လယ်မြို့တော် ပင်မအစီအရင်တစ်ခုတည်းနဲ့ဆိုရင် ငါတို့ကိုယ်ငါတို့ ကာကွယ်ဖို့တောင် မတတ်နိုင်ဘူး ၊ ဝါဒတောင်ကို သွားပြီးကူညီဖို့ ငါတို့မှာ ဘာအင်အားမှ မရှိဘူး”
“ဒီ သတင်းသာမှန်ရင်တော့ နေသူတော်စင်ဂိုဏ်းရဲ့လှုပ်ရှားမှုက ငါတို့ကမ္ဘက ကျင့်ကြံသူတွေအားလုံးကို တုန်လှုပ်သွားအေင်လုပ်တဲ့အပြင် အနာဂတ်မှာ အစွန်းရောက်ရှစ်ပါးကမ္ဘာကို သူတို့က အပြည့်အဝအုပ်ချုပ်နိုင်ဖို့ ရည်ရွယ်တာပဲ”
ဝါဒတောင်ကို ဖျက်ဆီးပြီးလျှင် အရှေ့ပင်လယ် စည်းတံဆိပ်အတွင်းမှ သိုင်းသူတော်စင်များအားလုံးကို သုတ်သင်ရှင်းလင်းပြီး ဟွမ်ကွမ်လီက အောင်မြင်စွာ လွတ်မြောက်လာမည် ဖြစ်သည်။ ထို့နောက်မှာတော့ ကွမ်းမင်ဂိုဏ်းမှ တန်ခိုးစွမ်းအားရှင်များက ဝင်ရောက်စွက်ဖက်ခြင်းမရှိလျှင်တောင်မှ နေသူတော်စင်ဂိုဏ်းက ကမ္ဘာတစ်ခုလုံးကို အုပ်စိုးရန် လုံလောက်သော ယုံကြည်ချက်ရှိမည်မှာ အသေအချာပင်။
ယခင်က ခံစားခဲ့ရသော တိုက်ပွဲဒဏ်များကြောင့် ကျောက်စိမ်းပင်လယ်မြို့တော်သည် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းကြားတွင် ဆုံးရှုံးနစ်နာမှု အများဆုံး ဖြစ်သည်။ ထိပ်တန်းအဆင့်ကျင့်ကြံသူများကိုလည်း ဆုံးရှုံးထားသည်ဖြစ်ရာ ယခုကြားသိရသည့်သတင်းက သူတို့ကို အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။
ကျောက်စိမ်းပင်လယ်မြို့တော်တွင် တစ်ဦးတည်း ကျန်ရှိတော့သည့် သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်သော အကြီးအကဲ’ယွိ’ က သက်ပြင်းချရင်း...
“လောလောဆယ်တော့ ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး ၊ ငါတို့သတင်းကြားတာတော့ ကောင်းကင်မိုးကြိုးခန်းမက ချန်လီလည်း ထွက်ခွာသွားတယ်တဲ့ ၊ သူက ဝါဒတောင်ကို တိုက်ခိုက်ဖို့သွားတာလား မဆိုနိုင်ဘူး”
ကျောက်စိမ်းပင်လယ်မြို့တော်မှလူများအားလုံး အလွန်စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
ထိုအချိန် ဂိုဏ်းသားတစ်ယောက်က အလွန်ထူးဆန်းသော မျက်နှာအမူအရာဖြင့် ရောက်ရှိလာပြီး...
“ဆရာဦးလေး... ဆရာဦးလေး... ကျွန်တော် သတင်းကြားတာ ကောင်းကင်မိုးကြိုးခန်းမတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီတဲ့”
အကြီးအကဲ’ယွိ’ နှင့် အခြားသူများအားလုံး အံ့အားသင့်သွားပြီး...
“မင်း ဘာပြောလိုက်တယ်”
သတင်းလာပို့သော ဂိုဏ်းသားကလည်း မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့်...
“ကောင်းကင်မိုးကြိုးခန်းမသခင် သိုင်းသူတော်စင်’ချန်လီ’ လည်း အသတ်ခံလိုက်ရတယ်တဲ့”
ကျောက်စိမ်းပင်ဠယ်မြို့တော်မှလူတိုင်း ထိုသတင်းကို မယုံကြည်နိုင် ဖြစ်သွားသည်။
ရန်တိနှင့် သိုင်းသူတော်စင်များအားလုံး အရှေ့ပင်လယ်စည်းတံဆိပ်ထဲတွင် ပိတ်မိနေသည်ဖြစ်ရာ လောလောဆယ် အပြင်သို့ ထွက်မလာနိုင်သေးပေ။ သို့ဆိုလျှင် ကောင်းကင်မိုးကြိုးခန်းမ တစ်ခုလုံးအား သုတ်သင်ပစ်နိုင်မည့်သူ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရှိမနေပေ။
အကြီးအကဲတစ်ယောက်က စိုးရိမ်တကြီးဖြင့်...
“ဘယ်သူလုပ်လိုက်တာလဲ ၊ နေသူတော်စင်ဂိုဏ်းက ကွမ်းမင်ဂိုဏ်းအကူအညီနဲ့ ကျောက်စိမ်းပင်လယ်မြို့တော်ကို အရင်ဆုံး တိုက်ခိုက်ခဲ့တာလား ၊ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး”
သတင်းလာပို့သော ဂိုဏ်းသားက စိတ်ထဲ အလွန်တရာထူးဆန်းနေသည့်လေသံဖြင့်...
“အဲဒါ ရန်ကျောက်ကဲလုပ်တာလို့ သတင်းကြားတယ်”
“ဘယ်သူလုပ်တာ...”
“ဝါဒတောင်က ရန်ကျောက်ကဲ တဲ့ ၊ နဂါးစီးနှင်သိုင်းသူရဲကောင်း ထိုက်စန့်လုန်ချန် ‘ရန်ကျောက်ကဲ’ လေ...”
ခန်းမတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
***
လှိုင်းနက်ဂေဟာ။
လှိုင်းနက်ဂေဟာတစ်ခုလုံး ငြိမ်သက်အေးချမ်းခြင်းမရှိဘဲ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။
ဂေဟာ အပေါ်ဆုံးထပ်တွင် သာမန်မျက်နှာအသွင်အပြင်ပင်ဖြစ်သော်လည်း အရပ်မြင့်မြင့်နှင့် အရှိန်အဝါကြီးမားသော အမျိုးသမီးတစ်ယောက် လေသာဆောင်လက်ရန်းထက်သို့ လက်တင်လျှက် အဝေးဆီသို့ လှမ်းကြည့်နေသည်။
သူမနောက်တွေင် လှိုင်းနက်ဂေဟာမှ ထိပ်တန်းအဆင့်အကြီးအကဲတစ်စု မတ်တတ်ရပ်နေသည်။
ယနေ့ သူတို့အားလုံး အလွန်တရား အံ့သြတုန်လှုပ်ဖွယ်ကောင်းသော သတင်းများစွာ လက်ခံရရှိခဲ့သည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ ကွမ်းမင်ဂိုဏ်း၏ တည်ရှိမှုက လူအများးကို အသက်ရှူကြပ်စေသည်။ ဝါဒတောင်သည် နေသူတော်စင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်း ပူးပေါင်းခြင်းအင်အားကို ရင်ဆိုင်နေရပြီး လှိုင်းနက်ဂေဟာက မည်သို့လုပ်ဆောင်သင့်ပါသနည်း။ ထိုကိစ္စနှင့်ပတ်သက်ပြီး အမျိုးမျိုးသော သဘောထားအမြင်များနှင့် ဆွေးနွေးမှုများစွာ ရှိခဲ့ကြသည်။
သို့သော် နောက်ဆုံးရရှိသောသတင်းအရ ဝါဒတောင်မှတပည့် ရန်ကျောက်ကဲသည် ကောင်းကင်မိုးကြိုးခန်းမကို ဖျက်ဆီးခဲ့ပြီး ချန်လီကို တစ်ချက်တည်း သတ်ဖြတ်ပစ်လိုက်သည်။
ထိုသတင်းက အလွန်တရာ တုန်လှုပ်ဖွယ်ဖြစ်လေရာ ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် ဂေဟာသခင်မ’အန်းချင်လင်’ အပါအဝင် လှိုင်းနက်ဂေဟာမှလူတိုင်း မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။
ဝါဒတောင်မှတပည့် ‘ရန်ကျောက်ကဲ’...။
“တပည့်” ဆိုသောစကားကို အသာထား ဝါဒတောင်မှ အသက် (၂၀)ကျော် လူငယ်လေးက တကယ်တမ်း ထိုသို့ ပြုလုပ်ခဲ့သည်လား။
ရန်ကျောက်ကဲသည် အခြားသောလူငယ်များထက် သာလွန်သူဖြစ်ကြောင်း လူတိုင်း သိရှိကြပြီး ယခုနှစ်များအတွင်း အံ့သြဖွယ်ရာ စွမ်းဆောင်မှုများစွာပြုလုပ်ခဲ့သည်ကို လူတိုင်း သိရှိကြသည်။ သို့ပေသိ ယခု ကြားရသောသတင်းက လူအများကို မယုံနိုင်လောက်အောင် ထိတ်လန့်စေသည်။
အနည်းငယ် မလုံလောက်ဟန်ရှိပေသည်။ ဝါဒတောင်ရင်ဆိုင်နေရသော အကျပ်အတည်းများသည် ကောင်းကင်မိုးကြိုးခန်းမနှင့် မည်သို့မှ ယှဉ်နိုင်မည် မဟုတ်ပေ။
အကယ်၍ နေသူတော်စင်ဂိုဏ်းက ချဲ့ကားပြောဆိုခြင်းမဟုတ်ပါက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ရင်ဆိုင်မရနိုင်သော ကြီးမားသည့်စွမ်းအားကြီး ဖြစ်လာပေမည်။
အရင်က အရှေ့ပင်လယ်ဒေသတွင် တိုက်ပွဲကြီးဖြစ်ပွားခဲ့ပြီးနောက ်အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး မရေရာသည့်အခြေအနေတွင်ရှိနေပြီး ရင်ဆိုင်ဖြတ်သန်းရန် ခက်ခဲခဲ့သည်။
သို့သော် ယခုတစ်ကြိမ် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာသော ကွမ်းမင်ဂိုဏ်း၏ တန်ခိုးစွမ်းအားသည် ဤကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဆိုပါက သမိုင်းတစ်လျှောက် အကြီးမားဆုံး ကပ်ဆိုးကြီးတစ်ခုဖြစ်မည် အသေအချာပင်။
အကြီးအကဲတစ်ယောက်က...
“သခင်မ... ကျွန်တော်တို့ ဘာမှမလုပ်ဘဲ ဒီအတိုင်းစောင့်ကြည့်နေမှာလား”
လှိုင်းနက်ဂေဟာမှ နောက်ထပ်အကြီးအကဲတစ်ယောက်က...
“ကျွန်တော်တို့ အခု ဘာမှလှုပ်ရှားလို့မရဘူးမဟုတ်လား ၊ နှစ်ဖက်ကြား ကွာဟချက်က အရမ်းကြီးတယ်”
ပထမ အကြီးအကဲက...
“ကွာဟချက်အရမ်းကြီးနေလို့ တစ်ခုခုလုပ်ရမှာပေါ့ ၊ မဟုတ်ရင် ဝါဒတောင်ပြီးရင် ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ အဆုံးမဲ့တောင်တန်းတင်မဟုတ်ဘူး ၊ ငါတို့ လှိုင်းနက်ဂေဟာပါ ထိခိုက်လာလိမ့်မယ်”
ဒုတိယအကြီးအကဲ၏မျက်ဝန်းများ အေးစက်သွားပြီး...
"မင်းဆိုလိုတာက..."
ပထမအကြီးအကဲက ခေါင်းညိတ်ရင်း...
“အခြေအနေတွေက ငါတို့လူသားတွေထက် ပိုပြင်းထန်နေပြီ ၊ ဒါပေမဲ့ ငါတို့တွေ နေသူတော်စင်ဂိုဏ်းကို ဦးမညွှတ်နိုင်ဘူး ၊ နေသူတော်စင်ဂိုဏ်းက ငါတို့မလုပ်နိုင်တဲ့အရာကို လုပ်နိုင်ပေမယ့် ငါတို့အနေနဲ့ လက်လျှော့လိုက်စရာ မလိုဘူး ၊ ဒီအတိုင်း ငြိမ်ခံနေရင် သူတို့က အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ကြမှာ”
ထိုအကြောင်းကိုစဉ်းစားရင်း လူတိုင်းအတွေးကိုယ်စီဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အချို့က မကျေမနပ်ဖြစ်ကြသည် ၊ အချို့က ဒေါသဖြစ်ကြသည် ၊ အချို့က တုံ့ဆိုင်းနေကြပြီး အချို့ကတော့ အတွေးနက်လျှက် ငြိမ်သက်နေကြသည်။
လှိုင်းနက်ဂေဟာ၏ ဂေဟာသခင်မ အန်းချင်လင်ကတော့ တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေသည်။
အကြီးအကဲများ ငြင်းခုံနေကြစဉ် သတင်းတစ်ခု ရုတ်တရက် ဝင်လာ၏။
လေထုထဲတွင် စီးဆင်းလာသော အလင်းစီးကြောင်းတစ်ခုကို အန်းချင်လင်က တည်ကြည်လေးနက်သည့်အမူအရာဖြင့် လက်ချောင်းများ ဆန့်တန်းလျှက် ထိကိုင်လိုက်ရာ အလင်းစီးကြောင်း ပျံ့ကျဲသွားပြီး စာသားများထွက်ပေါ်လာသည်။
စာသားပါအကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် လူတိုင်း၏မျက်နှာထက်တွင် တုန်လှုပ်ချောက်ချားမှုများထင်ဟပ်လာပြီး မယုံနိုင်လောက်အောင် တိတ်ဆိတ်သွားကြသည်။
အန်းချင်လင်သည်ပင် မယုံကြည်နိုင်စွာဖြင့်...
“သိုင်းသူတော်စင်တတိယအဆင့် (၃)ယောက် ၊ သိုင်းသူတော်စင် ဒုတိယအဆင့် (၂)ယောက် ၊ သူတို့အားလုံးကို ဝါဒတောင်က သုတ်သင်ပစ်လိုက်ပြီး နေသူတော်စင်ဂိုဏ်းတစ်ခုလုံးကို ရှင်းလင်းပစ်လိုက်တယ်...”
“မဟုတ်ဘူး... ဝါဒတောင် မဟုတ်ဘူး ၊ ရန်ကျောက်ကဲက ရှင်းပစ်လိုက်တာ”
နောက်ဆုံးတော့ သူတို့အားလုံး သတိပြန်ဝင်လာပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
ထိုအချိန် သတင်းပေးပို့သည့်အချက်အလက်များမှန်ကန်ကြောင်း အကြီးအကဲတစ်ယောက်က အတည်ပြုနိုင်ခဲ့သည်။ သို့သော် ဘယ်နှစ်ကြိမ်စစ်ဆေးကြည့်ပါစေ ဤသတင်းအချက်အလက်က မယုံကြည်နိုင်စရာ ဖြစ်နေဆဲပင်။
မည်သို့ပင်ဖြစ်စေ နေသူတော်စင်ဂိုဏ်းကြောင့် ကြံရာမရဖြစ်နေကြသော လှိုင်းနက်ဂေဟာမှ အကြီးအကဲအုပ်စုမှာ ထိုသတင်းကြောင့် စိတ်သက်သာရာမရဘဲ ပို၍ပင် စိတ်ထဲတင်းကျပ်စွာ ခံစားကြရသည်။
အချို့ဆိုလျှင် သူတို့စိတ်ထဲ ကြောက်ရွံ့မှုကိုပင် ခံစားကြရသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ ၊ ဒီလို စွမ်းအားမြင့်မားတဲ့ သိုင်းသူတော်စင်တွေ အကုန်လုံးကို သတ်ဖြတ်ပစ်နိုင်တာ ဝါဒတောင်နဲ့ ရန်ကျောက်ကဲက ဘယ်လိုတောင်ကြောက်စရာကောင်းတဲ့စွမ်းအားတွေ ရှိနေလို့လဲ”
အသက် (၂၀)ကျော်မျှသာရှိသော လူငယ်လေး ရန်ကျောက်ကဲက မည်သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားပါသနည်း။
အကြီးအကဲတစ်ယောက်က ညည်းညူလိုက်သည်။
“ဒီသတင်းက အမှန်ဆိုတော့... ငါတို့ ဆွေးနွေးရမယ့်အကြောင်းအရာ ပြောင်းလဲသွားပြီ ၊ ဆိုတော့ ငါတို့တွေ ဘာဆက်လုပ်ကြမလဲ”
လူတိုင်းတိတ်ဆိတ်နေကြလေသည်။
***
အဆုံးမဲ့တောင်တန်း...။
အဆုံးမဲ့တောင်တန်းဂိုဏ်းချုပ် ‘ချူးယန်’ သည် ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ခွာလာလေသည်။
သူ့အရှေ့မှ အဆုံးမဲ့တောင်တန်းအကြီးအကဲများကဲ့သို့ပင် ချူးယန်၏ အမူအရာကလည်း စိတ်ရှုတ်ထွေးနေဟန်ပင်။
အကြီးအကဲများအားလုံး တိတ်ဆိတ်စွာဖြင့် မတ်တတ်ရပ်နေကြသည်။
အချိန်အတန်ကြာမှ သွေးမရှိအောင် ဖြူဖပ်ဖြူလျော်ဖြစ်နေသော ချူးယန်က စကားဆိုလာသည်။
“ဒီအဘိုးကြီး အဲဒီကို ခရီးထွက်မယ်ဆိုတဲ့အကြောင်း ဝါဒတောင်ကို သတင်းပို့လိုက်ပါ”
တပည့်တစ်ယောက်က ဦးညွှတ်ရင်း...
“ဒါပေမဲ့ ဆရာဦးလေး ဒဏ်ရာရထားတယ်လေ”
ချူးယန်က ဖြည်းညင်းသည့်လေသံဖြင့်...
“ဒါပေမဲ့ ဒီအဘိုးကြီး လှုပ်ရှားနိုင်သရွေ့... မလှုပ်ရှားနိုင်ရင်တောင် အသက်ရှူနေသေးသရွေ့ ... ဝါဒတောင်ကို သွားရမယ် ၊ မိုးဖြိုပုဆိန်က သူတို့လက်ထဲမှာရှိနေသလို သူတို့သဘောထားကိုလည်း ကိုယ်တိုင်ကိုယ်ကျ သိရှိအောင်လုပ်ရမယ်လေ”