လက်တစ်ဖက်နဲ့ မိုးပြိုမှာကိုတားဆီးပြီး ကျန်လက်တစ်ဖက်နဲ့ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတယ်
Vol. 42 Ch. 594
အခန်း (၅၉၄) လက်တစ်ဖက်နဲ့ မိုးပြိုမှာကိုတားဆီးပြီး ကျန်လက်တစ်ဖက်နဲ့ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတယ်
“ဂေဟာသခင်မ ‘အန်း’ က ယဉ်ကျေးလွန်းနေပါပြီ ၊ ဒီ ‘ရန်’ ကရက်စက်ကြမ်းတမ်းတဲ့သူ မဟုတ်ပါဘူး ၊ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက ကျွန်တော်တို့ ဝါဒတောင်ကို အားနည်းတယ်ဆိုပြီး အနိုင်ကျင့်ဖို့ကြိုးစားလို့ သူတို့လုပ်ရပ်အတွက် အဖိုးအခ ပေးလိုက်ရတာပါ”
ရန်ကျောက်ကဲက သူ့ရှေ့တွင်ရှိနေသော အန်းချင်လင်ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်းဆိုသည်။
အန်းချင်လင်ကလည်း လေးနက်စွာပင် ရန်ကျောက်ကဲကို ပြန်လည် ဂါရဝ ပြုလိုက်ပြီး...
“နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမတို့က ဥပဒေနဲ့ဆန့်ကျင်ပြီး မကောင်းမှုပြုလုပ်ခဲ့တာပဲ ၊ သူတို့နဲ့ ထိုက်တန်တဲ့အရာကို ရသွားတာပေါ့”
စကားဆိုရင်း အန်းချင်လင် ရန်ကျောက်ကဲကိုကြည့်လျှက် စိတ်ထဲက သက်ပြင်းချမိသည်။
ကျန်းခွန်နှင့် ဟယ်နင်တို့ကဲ့သို့ အကြီးအကဲများသည်လည်း ထိုနေရာတွင် ရှိကြာသော်လည်း ဝါဒတောင်မှ လူငယ်က ကိုယ်တိုင်ကိုယ်ကျ သူမနှင့်တွေ့ဆုံသည်ကို ကြည့်ချင်းအားဖြင့် ရန်ကျောက်ကဲက မည်မျှ အရေးပါသူဖြစ်ကြောင်း ထင်ရှားသည်။
ရန်ကျောက်ကဲမှာ အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်ဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံက မိုးမြေတစ်ခုလုံးကို တုန်လှုပ်စေသည့်ပမာ တန်ခိုးစွမ်းအားကို ခံစားရသည်။
ရန်ကျောက်ကဲက တိန့်စန်း ၊ စွန်းဟောက်နှင့် လျိုဖုန်းတို့ကို မည်သို့သတ်ဖြတ်လိုက်သည်ကို နားမလည်နိုင်သော်လည်း အန်းချင်လင်အနေဖြင့် ထိုအချက်ကို လျစ်လျူမရှုဝံ့ပေ။
သူမ မျက်လုံးထဲတွင် ယခု သူမရှေ့မှလူငယ်သည် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးသူတစ်ယောက် ဖြစ်သည်။
ကွမ်းမင်ဂိုဏ်းမှ တိန့်စန်းတို့အုပ်စုသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံကို သုတ်သင်ပစ်နိုင်သည်အထိ စွမ်းအားကြီးမားသည်။ ထို့ကြောင့် ရန်ကျောက်ကဲက တိန့်စန်းနှင့် အခြားသူများကို သတ်ဖြတ်လိုက်ခြင်းက အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်၏။
ရန်ကျောက်ကဲတွင် အခြားသော ကြောက်မက်ဖွယ်ရာနည်းလမ်းများ မရှိဘူးဆိုလျှင်တောင်မှ ထိုလူငယ်သည် အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့်သို့ရောက်ရှိနေပြီး အသက်အရွယ်နှင့် တန်ခိုးစွမ်းအားက သမိုင်းတစ်လျှောက် မည်သူမှမယှဉ်နိုင်အောင် မြင့်မားလွန်းသူ ဖြစ်သည်။
မရင့်ကျက်သေးဘဲ တန်ခိုးစွမ်းအားမမြင့်မားသေးသော ပါရမီရှင်တစ်ယောက်ကို ပါရမီရှင်ဟု မယူဆနိုင်သော်လည်း ရန်ကျောက်ကဲကတော့ ထိုသို့ မဟုတ်တော့ပေ။ အန်းချင်လင်ကဲ့သို့ အစွမ်းထက်သော သိုင်းသူတော်စင်တစ်ယောက်နှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်သည်အထိ လုံလောက်သောတန်ခိုးစွမ်းအားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
သို့သော် အန်းချင်လင်ကို သက်သောင့်သက်သာဖြစ်စေသည့်အချက်မှာ - ရန်ကျောက်ကဲက မာနကြီးပြီး လွမ်းမိုးနိုင်စွမ်းရှိသည့်တိုင် ရက်စက်ကြမ်းတမ်းသူတစ်ယောက် မဟုတ်ခြင်း ဖြစ်၏။
ဝါဒတတောင်က အထက်ဘုံကမ္ဘာ ကွမ်းမင်ဂိုဏ်းမှလူများကို တွန်းလှန်ပြီး ကာလရှည်ကြာရန်သူတော်များဖြစ်ခဲ့သည့် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမကို ဖျက်ဆီးပစ်ခဲ့သည်။ ကျန်ရှိသော သိုင်းဂိုဏ်းများအားလုံး ပေါင်းစည်းလိုက်လျှင်တောင်မှ ဝါဒတောင်၏အင်အားကို တွန်းလှန်နိုင်မည် မဟုတ်ပေ။
အခြားသောသိုင်းဂိုဏ်းကြီးများအနေဖြင့် အားမတန်လျှင် မာန်လျှော့ရမည်ဖြစ်သည့်တိုင် လူတိုင်းစိတ်ထဲ ပူပင်သောက ရောက်ကြရသည်။ ဝါဒတောင်ကသာ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို အုပ်စိုးမည်ဆိုပါက ထိပ်သီးသိုင်းဂိုဏ်းကြီးများအနေဖြင့် သူတို့ကို ခုခံတွန်းလှန်ခြင်းက အမြစ်ပြတ်သုတ်သင်ခံရခြင်းနှင့် ကွာခြားမည် မဟုတ်ပေ။
သို့သော် လက်ရှိ ရန်ကျောက်ကဲကိုကြည့်ရသည်မှာ ထိုသို့သောရည်ရွယ်ချက်မျိုး ရှိဟန်မတူပေ။
အန်းချင်လင် လေ့လာသုံးသပ်ချက်အရ လက်ရှိဝါဒတောင်၏ပုံစံက ဟန်ထျန်းပုဂ္ဂိုလ်မြတ်ကျန်းဒေါင်ဂီနှင့် သက်ရှိထင်ရှားရှိစဉ်က အခြေအနေနှင့် ဆင်တူသည်။ ယခင် ကျန်းဒေါင်ဂီ တန်ခိုးစွမ်းအား ထိပ်တန်းအဆင့်ရောက်ရှိချိန်တွင် ကမ္ဘာပေါ်တွင် သူ့စကားကို မနာခံရဲသူ မည်သူမှ မရှိပေ။ သို့သော် ကျန်းဒေါင်ဂီသည် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများကို အတင်းအဓမ္မ ဖိအားပေး တိုက်ခိုက်ခဲ့ခြင်းမျိုး မရှိခဲ့ပေ။
ထိုစဉ်အချိန်က ကျန်းဒေါင်ဂီ ဖျက်ဆီးပစ်လိုက်သည့် ထိပ်သီးသိုင်းဂိုဏ်းဆို၍ အနက်ရောင်အိပ်မက်ဆိုးတောင်သာလျှင် ရှိခဲ့သည်။ ဤသည်ကလည်း အနက်ရောင်အိပ်မက်ဆိုးတောင်က ဝါဒတောင်ကို အလစ်တိုက်ခိုက်ခဲ့သဖြင့် ပညာပေးခဲ့ခြင်းသာပင်။
ထိုစဉ်က နေသူတော်စင်ဂိုဏ်းသည်လည်း ဝါဒတောင်ပျက်ဆီးစေရန် အနက်ရောင်အိပ်မက်ဆိုးတောင်နှင့် ပူးပေါင်းခဲ့သော်လည်း ခရမ်းရောင်နေသူတော်စင် ‘ကျန်းချောင်’ က အရှုံးပေးထွက်ပြေးသွားသဖြင့် ကျန်းဒေါင်ဂီက အလွတ်ပေးခဲ့ခြင်း ဖြစ်သည်။
“ဒါပေမဲ့ အဲဒီအချိန်တုန်းက ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီက ရန်ကျောက်ကဲလောက် အသက်မငယ်ဘူး”
အန်းချင်လင် စိတ်ထဲမှတွေးရင်း သက်ပြင်းချလိုက်သည်။
“ရန်ကျောက်ကဲက လွှမ်းမိုးနိုင်စွမ်းမြင့်မားပေမယ့် အစွန်းရောက်ရှစ်ပါးကမ္ဘာကို အုပ်စိုးလိုတဲ့ ရည်ရွယ်ချက် ရှိဟန်မတူဘူး ၊ ဒါကြောင့် သူက အရမ်းတည်ငြိမ်နေတာ မအံ့သြတော့ပါဘူး ၊ တကယ်တော့ သူ့ရဲ့ ကြီးမားတဲ့ပါရမီက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာရှိနေဖို့တောင် မတန်တော့ပါဘူး”
***
အန်းချင်လင် ဝါဒတောင်မှ ပြန်လာပြီးနောက် အနောက်သို့လှည့်ကာ မျှော်ကြည့်လိုက်သည်။
“နဂါးစီးနှင်သိုင်းသူရဲကောင်း ၊ လက်တစ်ဖက်တည်းနဲ့ မိုးပြိုမှာကိုတားဆီးနိုင်တဲ့ ဝါဒတောင်ကရန်ကျောက်ကဲ လို့ အဘိုးအို’မော့’ က ဆိုခဲ့ဖူးတယ် ၊ ဒါပေမဲ့ အခု ဒီလူငယ်က ပန်းချီဆရာသူတော်စင်မပြောခဲ့တဲ့ ဒုတိယစာကြောင်းကိုတောင် ပြီးပြည့်စုံစေခဲ့တယ်”
“လက်တစ်ဖက်နဲ့ မိုးပြိုမှာကိုတားဆီးပြီး ကျန်လက်တစ်ဖက်နဲ့ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတယ်... ဒီလိုမှပဲ စာသားက ပြီးပြည့်စုံလိမ့်မယ်”
အန်းချင်လင်ပြန်သွားပြီးနောက် ရန်ကျောက်ကဲက သူ့နံဘေးမှ ဖူအန်းစုနှင့် အခြားသူများကို ကြည့်ရင်း ပြုံးလိုက်သည်။
“ဒီတော့ မိုးဖြိုပုဆိန်ကို အဆုံးမဲ့တောင်တန်းကို ပြန်ပေးလိုက်ကြတာပေါ့”
အကြီးအကဲ’ကုန်း’ က ...
“ဒီ စက်ဝန်းထဲမှာမှတ်တမ်းတင်ထားတဲ့ ဖြစ်စဉ်တစ်ခုလုံးကို ငါတို့ တွေ့ခဲ့ရပြီ ၊ တကယ်တော့ လီကျင်းထူကို ချန်ကျန်းက မသတ်ခဲ့ဖူးဆိုရင်တောင် သူက နေသူတော်စင်ဂိုဏ်းလက်ချက်နဲ့ သေမှာပဲ ၊ ဘာပဲဖြစ်ဖြစ် မိုးဖြိုပုဆိန်ကို နေသူတော်စင်ဂိုဏ်းက ရသွားတာပဲလေ ၊ အခု ငါတို့က နေသူတော်စင်ဂိုဏ်းလက်ထဲက ပြန်ယူလိုက်တဲ့အတွက် သူတို့အပေါ် ဘာအကြွေးမှတင်မနေတော့ဘူး”
သူက ဆက်ပြောသည်။
“လီကျင်းထူကို သတ်ခဲ့တဲ့ အသက်ကြွေးတင်နေတဲ့ ချန်ကျန်းကိုလည်း အခု သေဒဏ်ပေးလိုက်ပြီ မဟုတ်လား”
ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း ပေါ့ပါးသည့်လေသံဖြင့်...
“ဘာပဲဖြစ်ဖြစ် အဆုံးမဲ့တောင်တန်းက ကျွန်တော်တို့နဲ့ မဟာမိတ်တွေပဲလေ ၊ သူတို့ကို ကျွန်တော်တို့က လှည့်စားခဲ့ပေမယ့် မဟာမိတ်ဖွဲ့ပြီးကတည်းက အတူတူ တစ်ညီတစ်ညွတ်တည်း ရှိခဲ့ကြတာ သတိရမှတ်မိနိုင်ပါတယ် ၊ လူသတ်တာ မီးရှို့တာက ကိစ္စမရှိဘူး ၊ ဒါပေမဲ့ မြစ်တွေကို ဖြတ်ခင်းထားတဲ့ တံတားတွေကို ဖြိုချတဲ့လုပ်ရပ်မျိုးကို မလုပ်တာ ပိုပြီးကောင်းတယ် ၊ အရင်က အခက်အခဲတွေကို အတူတူရင်ဆိုင်ခဲ့ကြတာပဲလေ ၊ အခုချိန်မှာ စည်းစိမ်ချမ်းသာကိုလည်း မျှဝေခံစားကြတာပေါ့”
သူက ခဏမျှစဉ်းစားရင်း...
“ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ပြန်ပေးလို့မဖြစ်ဘူး ၊ လူတွေက လွယ်လွယ်ရတဲ့အရာတွေကို တန်ဖိုးမထားတတ်ကြဘူးလေ”
ထိုစကားကိုကြားတော့ အကြီးအကဲ’ကုန်း’ ၊ ဖူအန်းစုနှင့် အခြားသူများ အကြည့်ချင်းဖလှယ်ရင်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ကျွန်တော်တို့ ဝါဒတောင်အတွက် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုက တန်ဖိုးရှိတာ အမှန်ပါပဲ ၊ ဒါပေမဲ့ လက်ရှိမှာ ကျွန်တော်တို့က အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို အပိုင်ရထားတယ် ၊ ဒီတော့ ကျွန်တော်တို့ရဲ့ အလုံးစုံအင်အားတိုးတက်မှုက မျက်စိရှေ့မှာပဲ ရှိနေတယ်”
သူက ဆက်ပြောသည်။
“အခု အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိုလည်း ထပ်ပြီးအဆင့်မြှင့်တင်ဖို့ ကျွန်တော် ယုံကြည်မှုအပြည့် ရှိနေပါပြီ”
ထိုစကားကိုကြားတော့ ဖူအန်စုနှင့် အခြားသူများအားလုံး ပျော်ရွှင်သွားကြသည်။
ရန်တိက အရှေ့ပင်လယ်မှ ထွက်မလာနိုင်သေးသော်လည်း ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို အဆင့်မြှင့်တင်နိုင်သည်မှာ သံသယဝင်စရာမလိုပေ။
ရန်ကျောက်ကဲက သိုင်းသူတော်စင်တစ်ယောက် မဟုတ်သေးသော်လည်း သူကိုယ်တိုင်သန့်စင်ထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရှိနေလေရာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို့ကို သေချာပေါက် အဆင့်မြှင့်တင်နိုင်ပေလိမ့်မည်။
သို့ဆိုလျှင် အဆင့်မြင့်မှော်ဝင်လက်နက်ပစ္စည်းများ ပမာဏများစွာထုတ်လုပ်ရန်မှာ မဖြစ်နိုင်သော အိပ်မက်တစ်ခု မဟုတ်တော့ပေ။
တစ်ခုတည်းသောကန့်သတ်ချက်မှာ အဆင့်မြင့်လက်နက်ပစ္စည်းများပြုလုပ်ရန် ကုန်ကြမ်းလုံလောက်မှု ရှိ မရှိ ဆိုသောအချက်ပင်။
သို့သော် ယခု ဝါဒတောင်က အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားပြီဖြစ်သည်။ ဝါဒတောင်က တိုက်ရိုက်လွှမ်းမိုးချုပ်ကိုင်ခြင်းမရှိဘဲ ထိပ်သီးသိုင်းဂိုဏ်းကြီးများကို သက်ဆိုင်ရာနယ်မြေအလိုက် ထိန်းချုပ်ခွင့်ပေးထားသော်လည်း ဝါဒတောင်က လိုချင်သည့် မည်သည့်ပစ္စည်းမဆို ထိပ်သီးသိုင်းဂိုဏ်းကြီးများက ပထမဦးစားပေး ဆောင်ရွက်ပေးကြပေမည်။
ဝါဒတောင်၏ အလုံးစုံအင်အားသည် အထွတ်ထိပ်အဆင့်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာပေပြီ။
သို့ဖြစ်ရာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်ရန် ခက်ခဲနေသည့်တိုင် နဂါးသင်္ချိုင်းမှ နဂါးရုပ်အလောင်းများ ၊ အဆင့်မြှင့်တင်ထားသော အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖိုနှင့် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အသုံးပြုမည်ဆိုလျှင် မျှော်လင့်ချက် ရှိနိုင်မည် ဖြစ်သည်။
မသေချာသေးသော်လည်း အသင်္ချေနဂါးနန်းတော်မှ စုစည်းထားသော အရာဝတ္ထုများနှင့် တန်ခိုးစွမ်းအားများက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကိုပင် ပြုလုပ်နိုင်စွမ်းရှိသည်။ အခက်အခဲတစ်ခုမှာ အလယ်ဆင့်မှော်ဝင်ပစ္စည်းတစ်ခုကို ပြုလုပ်ရန် သိုင်းသူတော်စင် တတိယအဆင့် တန်ခိုးစွမ်းအားရှင် ဝါဒတောင်တွင် မရှိသေးခြင်း ဖြစ်၏။
သို့သော် ရန်ကျောက်ကဲက စိတ်ပျက်လက်ပျက်မခံစားရပေ။ ရတနာပစ္စည်းများက မည်သည့်နေရာမှမဆိုရရှိနိုင်ပြီး အဖိုးတန်ဆုံးသော ရတနာများကို သူတို့အနေဖြင့် အသုံးပြုနိုင်စွမ်းရှိသည်။ သို့ဖြစ်ရာ အနဂတ်ကာလတွင် ပိုကောင်းသောအရာများရရှိရန် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
အကြီးအကဲ’ချင်’ က ...
“နောက်တစ်ခုရှိသေးတယ် ၊ အဆုံးမဲ့တောင်တန်းနဲ့ ကျောက်စိမ်းပင်လယ်မြို့တော်ကို မိုးကြိုးနယ်မြေကို သိမ်းပိုက်ခွင့်ပေးလိုက်ပေမယ့် မိုးကြိုးနယ်မြေမှာ ကျောက်ကျိုးနယ် တည်ရှိတယ်လေ”
ရန်ကျောက်ကဲက ပြုံးရင်း...
“ကျွန်တော်နဲ့အဖေက အလယ်ပိုင်းကောင်းကင်ဒေသကိုပဲ ကျွန်တော်တို့မွေးရပ်မြေအဖြစ် မှတ်ယူထားတာပါ ၊ အခုဆိုရင် ကောင်းကင်နယ်မြေမှာ ‘ရန်’ မျိုးနွယ်တွေလည်း အများကြီး နေထိုင်နေကြပါတယ်”
“တစ်ချို့ကလည်း မူလဌာနေဖြစ်တဲ့ မိုးကြိုးနယ်မြေက ကျောက်ကျိုးနယ်ကို ပြန်ချင်တဲ့သူတွေရှိတယ် ၊ သူတို့ကိုလည်း ကျွန်တော်တို့က တားဆီးမှာ မဟုတ်ပါဘူး ၊ ပြီးတော့ ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ အဆုံးမဲ့တောင်တန်းက ကျောက်ကျိုးနယ်ကို သိမ်းပိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့ ‘ရန်’ မျိုးနွယ်တွေအတွက် အခက်အခဲမရှိနိုင်ပါဘူး ၊ ဒါပေမဲ့ အဲဒီဒေသကို ဘယ်သူမှမအုပ်ချုပ်ဘဲ စည်းမဲ့နယ်မြေဖြစ်ပြီး နယ်ခံလူဆိုးတွေ သောင်းကြမ်းကြမှာကိုပဲ စိုးရိမ်တယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့... ကောင်းကင်မိုးကြိုးခန်မ နေရာဟောင်းမှာတော့ ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ အဆုံးမဲ့တောင်တန်းကို ခြေချခွင့် မပြုနိုင်ဘူး ၊ အဲဒီမှာ ထိပ်ပြောင်’ချန်လီ’ ဖွင့်ထားတဲ့ ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခုရှိတယ် ၊ အဲဒီလမ်းကြောင်းက ဘယ်နေရာကို ဦးတည်လဲဆိုတာ မသိပေမယ့် ကျွန်တော် စည်းတံဆိပ်ခတ်ပိတ်ဆို့ထားပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုခဲ့ဘူး”
အကြီးအကဲ’ချင်’ က ခေါင်းညိတ်ရင်း....
“မင်းစိတ်ထဲ အကြံရှိပြီးသားဆိုတော့ ဒီအဘိုးကြီးလည်း ဘာမှ ပြောစရာမလိုတော့ပါဘူး”
ထို့နောက် မိုးကြိုးနယ်မြေမှ ထွက်ပေါ်လာသောသတင်းများက ဝါဒတောင်မှလူများအားလုံးကို ရယ်မောစေခဲ့သည်။
ထိုသတင်းမှာ အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်က မိုးကြိုးနယ်မြေကို ပိုင်းခြားခွဲဝေ ယူထားသော်လည်း အဓိကနယ်မြေဖြစ်သည့် ယိုကျိုးနယ်နှင့် ကျောက်ကျိုးနယ်တို့ကိုတော့ မည်သူမှ သိမ်းပိုက်ခြင်းမရှိဘဲ ချန်လှပ်ထားခဲ့ကြသည်။
ယိုကျိုးနယ်ကို ရန်ကျိုးနယ်ဟုလည်း ခေါ်ဆိုကြပြီး ရန်ကျိုးနှင့် ယိုကျိုးပေါင်းစည်းနယ်မြေ (၂)ခုကို ရန်ကျောက်နယ်ဟု ခေါ်ဆိုကြသည်။ ထိုနေရာမှ ပါရမီရှင်များစွာ ထွက်ပေါ်လာလေ့ရှိသလို ရန်ကျောက်ကဲ၏ မူလဇာစ်မြစ်တည်ရှိရာ နယ်မြေလည်းဖြစ်သည်။
ထို့ကြောင့် အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်က ထို “ရန်ကျောက်နယ်” ကို သိမ်းပိုက်ခြင်းမရှိဘဲ ချန်ထားခဲ့လေရာ ထိုနယ်မြေကို အာဏာအုပ်စိုးသူမှာ အဆုံးသတ်မှာတော့ ဝါဒတောင်သာလျှင် ဖြစ်လာခဲ့လေ၏။