← Chapters

မော်ကွန်းတစ်ပုဒ် ရေးထိုးခြင်း

Vol. 105 Ch. 1462

မော်ကွန်းတစ်ပုဒ် ရေးထိုးခြင်း

Vol. 105 Ch. 1462

တကယ်လည်း ဖန်မုတစ်ယောက် မသမာနည်းဖြင့် လူလည်ကျနေခြင်းဖြစ်သည်။ ပထမအထပ်တွင် သူသည် သူ၏စိတ်ခွန်အားအပေါ် အားကိုးခဲ့၏။ သူ့ကိုယ်အစစ်၏အတွေ့အကြုံများကို ထည့်တွက်လျှင် စိတ်ခွန်အားနှင့်ပတ်သက်လာပါက သူ့အား မည်သည့်အရာမှ မယှဉ်နိုင်ပေ။

ဒုတိအထပ်တွင် သူ လူလည်ကျခဲ့သည်။ စမ်းသပ်မှုက ပင်ကိုယ်ပါရမီ သို့မဟုတ် အာကာပြင်ကျယ်ကျောင်းတော်၏ကျင့်စဉ်များနှင့် ကိုက်ညီမှုရှိမရှိကို စစ်ဆေးသည်။ သို့ဖြစ်၍ အာကာပြင်ကျယ်ကျောင်းတော်တွင် အရည်အသွေးအမြင့်ဆုံးပင်ကိုယ်ပါရမီဟု သတ်မှတ်ခံရသော်လည်း အပြင်လောကရှိ ကျန်ဂိုဏ်းများမှလည်း ထိုနည်းတူ သတ်မှတ်လိမ့်မည်ဟု မဆိုလိုပေ။

ထိုသဘောတရားက မည်သည့်နေရာတွင်မဆို မှန်သည်။ မတူညီသောဂိုဏ်းများနှင့် ကျောင်းတော်များ၊ မတူညီသောလောကများနှင့် ကမ္ဘာများတွင် ပင်ကိုယ်ပါရမီဆိုသောအရာသည် လူတစ်ယောက်အတွက် ထိုထိုသောကျင့်စဉ်များနှင့် ကိုက်ညီခြင်းရှိမရှိ ဆုံးဖြတ်ပေးသည့် အတိုင်းအတာလေးတစ်ခုသာ ဖြစ်၏။

အာကာပြင်ကျယ်ကျောင်းတော်တွင် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ပင်ကိုယ်ပါရမီကား ထိပ်ဆုံးအဆင့်ပင်ကိုယ်ပါရမီ ဖြစ်လိမ့်မည်မှာ မေးခွန်းထုတ်စရာမလိုပေ။

ကောင်းကင်ဘုံနှစ်ဘုံမှ အဆုံးမဲ့အရောင်အဝါများ ဖြာထွက်လာသဖြင့် မိုးနှင့်မြေမှာ တဝုန်းဝုန်းမြည်ဟည်းနေပြီး လူအုပ်ကြီးလည်း ကျွက်ကျွက်ညံနေသည်။ ဖန်မုက ထရပ်၍ ချောင်းဟန့်လိုက်သော်လည်း ရှက်ပင်မရှက်ဘဲ တတိယအထပ်သို့ တက်သွားလေသည်။

သူ တတိယအထပ် ရောက်ပြီး မကြာခင်မှာပဲ တစ်ထပ်လုံးကား မျက်စိကျိန်းမတတ် တောက်ပလာကာ တတိယ‌ကောင်းကင်ဘုံအသွင် ပြောင်းသွား၏။ ဆူညံပွက်လောရိုက်သံများ မငြိမ်နိုင်သေးခင်မှာပဲ စတုတ္ထကောင်းကင်ဘုံ‌ ပေါ်လာသည်။

ထို့နောက် ပဥ္စမ၊ ဆဋ္ဌမနှင့် သတ္တမကောင်းကင်ဘုံ။ မန်ဟိုကား အမှန်ပင် ဒဏ္ဍာရီတစ်ပုဒ်အား ကိုယ်တိုင်ရေးသားနေလေပြီ။ တောင်အပြင်၌ရှိသော သာမန်တာအိုနယ်ပယ်ပညာရှင်များ၊ တာအိုသခင်များနှင့် တာအိုဥသျှောင်များပင်အပါအဝင် လူတိုင်း စိတ်လှုပ်ရှားလာကြ၏။

“ကြားတောင်မကြားဖူးဘူး။ ဒီဖန်မုက ... မှတ်တမ်းတွေအကုန်လုံးကို ချိုးနေတာပါလား”

“ငါတို့နဝမဂိုဏ်းက ကျင့်ကြံသူတစ်ယောက် ပဉ္စမ၊ ဆဋ္ဌမနဲ့ သတ္တမကောင်းကင်ဘုံတွေကို ဆင့်ခေါ်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ”

“မင်းတို့ဘယ်လိုထင်လဲ။ သူက အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံးမှာ တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့အရာ... ဒဿမကောင်းကင်ဘုံကို ဆင့်ခေါ်နိုင်မယ်ထင်လား”

ပြင်းပြသောမျှော်လင့်ချက်များသည် လူအုပ်ကြီး၏ရင်ထဲတွင် ထကြွနေ၏။ နဝမဂိုဏ်းသားတစ်ယောက်မှ အာကာပြင်ကျယ်မော်ကွန်းတိုက်တွင် ပဉ္စမကောင်းကင်ဘုံကို မဆင့်ခေါ်နိုင်ခဲ့ဖူးသည်မဟုတ်ပါလော။

နဝမဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတိုက်သည် အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး၏ တိုက်ကိုးတိုက်အနက်မှ တစ်တိုက်ဖြစ်သော်လည်း တခြားတိုက်များမှ ပထမကောင်းကင်ဘုံကိုသာမက ဆဋ္ဌမနှင့် သတ္တမကောင်းကင်ဘုံများကို ဆင့်ခေါ်နိုင်ခဲ့သူများ ရှိလေသည်။ အဋ္ဌမကောင်းကင်ဘုံနှင့်ပတ်သက်၍မူ အောင်မြင်ခဲ့ဖူးသော လူအရေအတွက်မှာ အင်မတန်နည်းပါးသည့်တိုင် အမှန်တကယ် တည်ရှိခဲ့၏။

ထို့နောက် နဝမကောင်းကင်ဘုံ။ ဟိုးလွန်ခဲ့လေပြီးသောနှစ်ပေါင်းများစွာတုန်းက ၎င်းကို ဆင့်ခေါ်နိုင်ခဲ့သည့် လူတစ်ယောက်ရှိခဲ့ဖူးလေသည်။

သို့သော် ဒသမကောင်းကင်ဘုံနှင့်စပ်လျဉ်းပြီး မကြားဖူးပေ။ အာကာပြင်ကျယ်ကျောင်းတော်၏ သမိုင်းတစ်လျှောက်လုံး တစ်ခါမှမမြင်ခဲ့ဖူးသည်သာ။

အုံးအုံးကျွက်ကျွက် ဆူညံသံများက အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စောင့်ကြည့်နေသော အနှစ်သာရ ၇ ခုပါရာဂွန်ကိုပင် သိသိသာသာ အံ့အားသင့်သွားစေ၍ ပျံထွက်လာစေသည်။

ယန်အာ၏မျက်ဝန်းကလေးများသည် မှင်သက်နေ၏။ သူမဆရာက တစ်ကမ္ဘာလုံးကို တုန်လှုပ်နေစေသည်တဲ့လော... သူမ မယုံနိုင်သလို၊ ယုံလည်းမယုံရဲ။

ကောင်းကင်ဘုံခုနစ်ဘုံ၏အရောင်အဝါများက မိုးကောင်းကင်ကို စိုးမိုးနေစဉ် ဖန်မုသည် အဋ္ဌမအထပ်သို့ ဖြည်းညင်းစွာ တက်သွား၏။ တတိယအထပ်မှ သတ္တမအထပ်အထိ တစ်လျှောက်လုံးမှာ ပင်ကိုယ်ပါရမီနှင့် တစ်နည်းမဟုတ်တစ်နည်း သက်ဆိုင်သော စမ်းသပ်မှုများသာ ဖြစ်ခဲ့သည်။ တချို့စမ်းသပ်မှုက သွေးကို ကြည့်သည်၊ တချို့က သွေးပြန်ကြောများနှင့် သွေးကြောများကို လေ့လာသည်။ မည်သို့ဆိုစေ ဖန်မုက ချက်ချင်းဆိုသလို အောင်မြင်ခဲ့သည်။

သူ နတ်မီးလျှံစမ်းသပ်ပွဲထဲတွင် ပေါ်လာခြင်းက အာကာပြင်ကျယ်ဂိုဏ်းချုပ်ကိုယ်တိုင် ပေါ်လာသည်နှင့် တူသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူ့လိုလူက ထိုအထပ်ကို မည်ကဲ့သို့ အေးအေးဆေးဆေး မကျော်ဖြတ်နိုင်ဘဲ နေမည်နည်း။

ကျောက်တိုင်ထက်တွင် ဖန်မု၏နာမည်က ထိပ်ဆုံး ၃၀ ထဲရောက်လာသည့်တိုင်အောင် ဆက်လက်မြင့်တက်သွား၏။

သူ ကျော်တက်သွားခဲ့သော ရွေးချယ်ခံအားလုံးသည် ဖန်မု သူတို့ကို မည်မျှလွယ်ကူစွာကျော်သွားခဲ့မှန်း ပြောနိုင်လေသည်။ သူနှင့်သူတို့က အဆင့်ပင်မတူညီသည့်အလား သူတို့၏စံချိန်များမှာ သစ်ကိုင်းခြောက်များကဲ့သို့ အချိုးခံခဲ့ရတော့သည်။

သူ့အပေါ်၌ ရှိနေသေးသော ဂိုဏ်းသားများသည် ပုံမှန်အားဖြင့် မောက်မာထောင်လွှားတတ်ကြ၏။ သို့သော် ယခုတော့ သူတို့မှာ ဖင်တကြွကြွ၊ ရင်တမမဖြင့် ထိုင်နေကြသည်။ ထိပ်ဆုံး ၁၀ ဝင်ကျင့်ကြံသူများပင် မကောင်းကြံလိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေကြသည်။

ထိပ်ဆုံး ၁၀၀၀၀ စာရင်းဝင်အားလုံးနီးပါးက ရှေးဟောင်းနယ်ပယ်အဆင့် ဖြစ်ချေသည်။ ဖန်မုသည် ရှေးဟောင်းနယ်ပယ်အဆင့်မဟုတ်ဘဲ ထိပ်ဆုံး ၃၀ ထဲ ဝင်သည့် တစ်ယောက်တည်းသောကျင့်ကြံသူဖြစ်၏။ ထိုမျှသာမက ထိပ်ဆုံးအယောက်သုံးဆယ်လုံးမှာ ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်တွင် ရှိကြပြီး တချို့ဆိုလျှင် တာအိုနယ်ပယ်သို့ပင် ဝင်ရောက်ခါနီးလေပြီ။

သို့သော် အာကာပြင်ကျယ်မော်ကွန်းတိုက်သည် တာအိုနယ်ပယ်ပညာရှင်များကို စာရင်းထဲထည့်သွင်းခြင်းမရှိ။ ၎င်းက တာအိုနယ်ပယ်ဂိုဏ်းသားများအတွက်သာ ဖြစ်လေသည်။ တာအိုနယ်ပယ်အဆင့်ကျင့်ကြံသူများ ယှဉ်ပြိုင်သည်ကတော့ ‘တန်ခိုးရှင်လမ်း’ဖြစ်၏။

ဤအာကာပြင်ကျယ်မော်ကွန်းတိုက်တွင်တော့ တာအိုနယ်ပယ်အဆင့်မဟုတ်သူများသာ စိန်ခေါ်ခွင့် ရှိသည်။

အဋ္ဌမအထပ်တွင် ဖန်မုသည် သူ့ဆီ ဝုန်းဒိုင်းကြဲပြေးဝင်လာနေသော မျက်လုံးနီနီအရိပ်အမြောက်အမြားကို မြင်ရနိုင်သည့် ကြယ်တာရာကောင်းကင်တစ်ခုကို မော့ကြည့်နေ၏။

အနီးကပ်ကြည့်လိုက်သည့်အခါ ထိုအရိပ်အားလုံးတွင် အမျှင်များချိတ်နေသည်ကို မြင်လိုက်ရသည်။ ၎င်းတို့ကား တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်ရှိ ရုပ်သေးရုပ်များ ဖြစ်သယောင်ပင်။

ဤစမ်းသပ်မှုအတွက် လိုအပ်ချက်က ရန်သူများကို သတ်ဖို့သာမဟုတ်။ ရုပ်သေးရုပ်များအား ထိန်းချုပ်နေသောလူကို ရှာ၍ သတ်ဖို့ပင်။

ထိုသို့မလုပ်ပါက ရန်သူအရေအတွက်များလာကာ မဖြစ်မနေ အစုံလိုက်အပြုံလိုက် တိုက်ခိုက်သတ်ဖြတ်ရလိမ့်မည်။ မှန်သည်၊ ကျင့်ကြံအဆင့်မြင့်မားလျှင် ရွေးချယ်စရာတစ်ခုတော့ အမြဲရှိလေသည်။

တကယ်တော့ ဤစမ်းသပ်မှုသည် ကျင့်ကြံခြင်းအခြေခံကို ဦးစားပေး၏။ အရိပ်အားလုံးက အင်မော်တယ်နယ်ပယ်၏အထွတ်အထိပ်တွင် ဖြစ်ပြီး ဖန်မု ၎င်းတို့ လှမ်းကြည့်လိုက်သောအခါ ထိန်းချုပ်နေသူကို လျင်မြန်စွာ ခွဲခြားနိုင်လိုက်သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံက ထိုလူ့အား သတ်ဖို့ မလုံလောက်မှန်းလည်း ပြောနိုင်သည်။

အချိန်သည် နှေးကွေးသွားပုံရပြီး ဖန်မု၏မျက်လုံးများက အေးစက်စွာ တောက်ပလာသည်။ သူ တတ်နိုင်သည့် နောက်ဆုံးအတိုင်းအတာသို့ ရောက်လာခဲ့ပြီဖြစ်ကြောင်း သိသည့်တိုင် သည်အတိုင်းလက်မလျှော့နိုင်သေးပေ။

“ကဲ အဲဒီလိုဆိုမှတော့ ဒီနေရာမှာပဲ ရှေးဟောင်းပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မယ်ထင်တယ်။ အင်မော်တယ်အဆင့်က ရှေးဟောင်းအဆင့်တက်သွားရင် ပထမနေရာကို ယူနိုင်မလား ကြည့်ရသေးတာပေါ့” ဖန်မုသည် မဆိုင်းမတွ နောက်ဆုတ်လိုက်၏။ သူ၏မျက်လုံးများက တခဏပိတ်သွားပြီးနောက် ပြန်ပွင့်လာသောအခါ တစ်ကမ္ဘာလုံး ပေါက်ကွဲနေသကဲ့သို့ ဖြစ်သွားလေသည်။

သူ၏အင်မော်တယ်အကြောများ ပေါက်ကွဲစပြုလာသဖြင့် ထစ်ချုန်းသံများ သူ့ထံမှ ပဲ့တင်ထပ်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် မြင့်တက်သွားပြီး ရှေးဟောင်းနယ်ပယ်၏အငွေ့အသက်သည် သူ့ကိုယ်တွင်း၌ ပေါ်ထွက်လာ၏။

သူ၏ကျင့်ကြံခြင်းအဆင့် မြင့်တက်နေသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြင်းထန်စွာ တုန်ခါနေတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် အရိပ်တစ်ခု၏အရှေ့တွင် လျှပ်စီးလို ဖျတ်ခနဲ ပေါ်လာကာ လက်ဝါးဖြင့် ရိုက်ချလိုက်၏။

အုန်း...။ အရိပ်ကား ကြေမွသွားလေပြီ။ ထိုအခိုက်အတန့်တွင် ဤအထပ်၏စမ်းသပ်မှု ပြီးဆုံးတော့မည့်အလား ကျန်အရိပ်အားလုံး ကွဲကြေသွားသည်။

သို့သော် ဖန်မုထံမှ တအံ့တဩရေရွတ်လိုက်သံ ထွက်လာ၏။ သူ၏နတ်ဘုရားအာရုံအရ  အရိပ်များကို ထိန်းချုပ်နေသောလူ တစ်ယောက်သာရှိသည်ဟု ထင်ခဲ့ရသော်လည်း ... တစ်ယောက်မဟုတ်ဘဲ နှစ်ယောက်ဖြစ်နေချေသည်။

“စမ်းသပ်မှုအတွင်းထဲမှာ ပုန်းနေတဲ့ စမ်းသပ်မှုတစ်ခုပေါ့လေ ဟမ်” ဖန်မုသည် အရိပ်နောက်တစ်ခု၏အရှေ့တွင် လှစ်ခနဲ ပေါ်လာ၏။ သူ့လက်ဝါးက အရိပ်အား ကွဲကြေသွားစေသည်။ ကျန်အရိပ်များသည်လည်း ပျောက်ကွယ်သွားတော့မည့်အလား မှိန်ကျလာ၏။ သို့သော် ထိုအခိုက်၌ ဖန်မုက သူ့လက်ချောင်းကို အရှေ့သို့ ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။

လေပြင်းတစ်ချက်က ခပ်လှမ်းလှမ်းရှိ ပျောက်ကွယ်နေသောအရိပ်တစ်ခုကို ဝင်တိုက်ကာ ချေမှုန်းပစ်လိုက်သည်။

ထိုအခိုက်အတန့်မှာပဲ အရိပ်များကို ထိန်းချုပ်နေသည့်လူအရေအတွက်မှာ ထပ်မံပွားသွားကြောင်း ဖန်မု သဘော‌ပေါက်သွားသည်။ ယခုတွင် ရှစ်ယောက်ကျော်နေချေပြီ။

တစ်ချိန်တည်းမှာပင် ထိန်းချုပ်သူများအပါအဝင် ပတ်ပတ်လည်ရှိ အရိပ်အားလုံး လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်နေ၏။ အကုန်လုံးကို သတ်ဖို့ အချိန်မလောက်ပေ။ ဖန်မု၏မျက်လုံးများ လင်းလက်သွားပြီး သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်၍ လက်ညှိုးထိုးလိုက်သည်။

၎င်းက မိစ္ဆာချုပ်နှောင်မန္တန်မှတစ်ပါး အခြားမဟုတ်ပေ။ သူကား စတုတ္ထမန္တန်... ကိုယ်မန္တန်ကို ထုတ်လွှတ်လိုက်၏။

ချက်ချင်းဆိုသလို ဖန်မုထံမှ ဆန်းဆန်းပြားပြားအခိုးအငွေ့များ စတင်ဖြာထွက်လာသည်။ အရိပ်တစ်ခုပေါ်လာပြီး ဖန်မုနောက်တစ်ယောက် ‌ရှေ့လျှောက်သွားသည်။ ထို့နောက် သုံးယောက်၊ လေးယောက်၊ ငါးယောက်....

မျက်စိတစ်မှိတ်အတွင်း ဖန်မုဆယ်သန်း ပေါ်လာခဲ့သည်။ ယောက်ျားမိန်းမ၊ ကလေးလူကြီးအကုန်ပါသည်။ သူတို့အားလုံးသည် မတူညီသော်လည်း ဖန်မုတဖြစ်လဲ မန်ဟိုသာ ဖြစ်၏။

ဤသည်မှာ ကိုယ်မန္တန်ဖြစ်၍ ထုတ်လွှတ်ခံလိုက်ရလျှင်ချင်း မရေမတွက်နိုင်သောဖန်မုများသည် ရုပ်သေးထိန်းရှစ်ယောက်ကို သုတ်သင်လိုက်၏။ ချက်ချင်းဆိုသလို ရုပ်သေးထိန်းဆယ့်နှစ်ယောက် ပေါ်လာသည်။

သတ်ဖြတ်မှုကား မရပ်နား။ အချိန်တိုလေးအတွင်း ဖန်မုကား ရုပ်သေးထိန်းများစွာ သတ်ခဲ့ပြီး၍ ရေပင်မရေနိုင်တော့ပေ။ နောက်ဆုံးတော့ အဋ္ဌမအထပ်၏ကမ္ဘာသည် အလျှင်းမှေးမှိန်သွားပြီး စမ်းသပ်မှု ပြီးဆုံးသွား၏။

ဖန်မု၏ကိုယ်မန္တန်လည်း ဖန်မုကိုယ်ပွားများနှင့်အတူ ပျောက်ကွယ်သွားသည်။ ဖန်မုသည် အဋ္ဌမအထပ်၏အလယ်တွင် ရပ်လျက် ကျန်ခဲ့၏။ အင်မော်တယ်အကြောများက အင်မော်တယ်ဝိညာဉ်မီးအိမ်အဖြစ် ပြောင်းလဲနေသဖြင့် သူ၏ကျင့်ကြံအဆင့်က ဆက်လက်မြင့်တက်နေလေသည်။

အင်မော်တယ်ဝိညာဉ်မီးအိမ်များသည် သူ၏အပြင်သို့မထွက်၊ ခန္ဓာကိုယ်ထဲ၌သာ ပေါ်လာကြ၏။

ဖန်မုက မျက်လုံးများလင်းလက်တောက်ပနေလျက် အသက်ဝဝရှူကာ ရေရွတ်သည်။ “ဒီအဋ္ဌမအထပ်က မယုံနိုင်စရာပဲ”

ယခုတွင် အဋ္ဌမအထပ်၏စမ်းသပ်မှုက မရိုးရှင်းကြောင်း သူ နားလည်သွား၏။ ၎င်းက ကျင့်ကြခြင်းအခြေခံနှင့် နတ်ဘုရားစွမ်းရည်ကိုသာမက အကဲဖြတ်နိုင်စွမ်းနှင့် လေ့လာနိုင်စွမ်းကိုလည်း စမ်းသပ်လေသည်။ လူတစ်ယောက်သည် လူအုပ်ကြားထဲရှိ ရုပ်သေးထိန်းများစွာကို ခွဲခြားရမည်ဖြစ်သလို၊ သတ်ပစ်ဖို့လည်း လိုအပ်၏။

ထိုမှသာ ဤအထပ်ကို အောင်မြင်သည်။ သို့သော် ပြီးပြည့်စုံချင်လျှင်တော့ မြန်ရမည်၊ လျင်ရမည်။

ဖန်မုတစ်ယောက်တည်းသာဆို ထိုသို့လုပ်နိုင်မည်မဟုတ်၍ အောင်မြင်ဖို့ ကိုယ်မန္တန်ကို အားကိုးခဲ့ရလေသည်။

“အာကာပြင်ကျယ်မော်ကွန်းတိုက်ကို ငါ အထင်သေးခဲ့မိတယ်” သူက နဝမအထပ်ကို မျှော်လင့်ချက်များဖြင့် မော့ကြည့်ရင်း ပြောသည်။

ဤအခိုက်အတန့်တွင် အဋ္ဌမအထပ်မှ အရောင်အဝါများ ကွန့်မြူးတောက်ပလာသည်။ အပြင်ရှိ ကျင့်ကြံသူအားလုံး ... အဋ္ဌမကောင်းကင်ဘုံကို မြင်ကြရလေပြီ။

နဝမဂိုဏ်းမှာ ဆူညံပွက်လောရိုက်နေပြီး မတုန်လှုပ်ခဲ့ဖူးသောအတိုင်းအတာဖြင့် တုန်လှုပ်နေကြသည်။ ပါရာဂွန်များမှသည် သာမန်ဂိုဏ်းသားများအထိ သန်းချီသောကျင့်ကြံသူများကား စိတ်လှုပ်တရှားကြွေးကြော်နေကြတော့သည်။

ထိပ်ဆုံး ၂၀ ဝင်ရွေးချယ်ခံများမှာတော့ ခါးသက်သက်ရယ်ရုံမှတစ်ပါး ဘာမှမတတ်နိုင်။ အဋ္ဌမကောင်းကင်ဘုံကို မြင်တွေ့ပြီးနောက် ၎င်းကိုယ်စားပြုသည့် ဂုဏ်ကျက်သရေကို သူတို့ နားလည်သွား၏။ သူတို့အဆင့်တစ်ဆင့်ကျကို ကျမည်ဖြစ်ကြောင်းလည်း သိလိုက်လေပြီ။

ဖန်မုက တစ်လှမ်းချင်းလှမ်းရင်း အာကာပြင်ကျယ်ကျောင်းတော်အတွင်း၌ အံ့ဖွယ်ဒဏ္ဍာရီတစ်ပုဒ်အား ဖန်တီးနေနေသည်။

ထို့အပြင် ဒဏ္ဍာရီက.... နဝမကောင်းကင်ဘုံအပေါ်တွင် မူတည်သည်။

ဖန်မုကြောင့် နဝမကောင်းကင်ဘုံသာ ပေါ်ထွန်းလာလျှင် အာကာပြင်ကျယ်ကျောင်းတော်ရှိ ဂိုဏ်းကိုးဂိုဏ်းလုံးမှ ခေါင်းလောင်းသံများက အာကာပြင်ကျယ်ဂြိုဟ်တစ်ဂြိုဟ်လုံးတွင် ခြိမ့်ခြိမ့်သဲ ညံသွားလိမ့်မည်။

ယင်းက... အခမ်းအနားဆုံး ဂုဏ်ပြုမှုလည်း ဖြစ်ပေသည်။

All Chapters