← Chapters

ကောင်းကင်ဘုံချုပ်နှောင်မန္တန်

Vol. 105 Ch. 1463

ကောင်းကင်ဘုံချုပ်နှောင်မန္တန်

Vol. 105 Ch. 1463

နဝမဂိုဏ်းသားများ စိတ်လှုပ်တရှား ဆူညံနေကြစဉ် ကောင်းကင်ထက်၌ တိမ်တိုက်များ စုဝေးစပြုလာသည်။ မကြာမီ အမည်းရောင်တိမ်ထုကြီးများက ကောင်းကင်အပြည့် စိုးမိုးသွားလေပြီ။

ကောင်းကင်ဘုံရှစ်ခုမှ ဖြာထွက်နေသော အရောင်အဝါကြောင့် အဆိုပါတိမ်တိုက်များအား သတိထားမိဖို့ ခက်ဲခခဲ့သည်။ သို့သော် ကျင့်ကြံသူများကြားထဲရှိ အစွမ်းအထက်ဆုံးပညာရှင်များသည် မိုးနှင့်မြေ၏ဖိအား ပြင်းထန်လာသည်ကို ခံစားလိုက်ကြရ၏။

မကြာမီ ထိုခံစားချက်က အားကောင်းလာ၍ သူတို့အား မော့ကြည့်မိလိုက်စေသည်။ ထိုအခါ သူတို့၏မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားကြ၏။

“အဲ့ဒါ ... မိုးကြိုးပြစ်ဒဏ်မဟုတ်လား”

“ဘယ်လိုပြစ်ဒဏ်ကြီးလဲဟ ကြီးလိုက်တာ...

“အစ်ကိုကြီးဖန်မု ရင်ဆိုင်ခဲ့ဖူးတဲ့ အင်မော်တယ်ပြစ်ဒဏ်တောင် သွားသတိရမိတယ်။ မဟုတ်မှ ဒီပြစ်ဒဏ်ကလည်း ... သူ့အတွက် ရောက်လာတာများ ဖြစ်နေမလား” တအံ့တဩရေရွတ်သံများ ဆူညံနေစဉ် တိမ်မည်းတိမ်စိုင်များသည် လျင်မြန်စွာ ထူထပ်ကာ ကြီးမားလာကြ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ကား နဝမဂိုဏ်းတစ်ဂိုဏ်းလုံးကို လွှမ်းခြုံသွားခဲ့ပြီး အချိန်နှင့်အမျှ ကြီးမားလာနေလေသည်။

ယန်အာသည် သူမဆရာ၏ အင်မော်တယ်ပြစ်ဒဏ်ကို မမြင်ခဲ့ဖူးသော်လည်း မည်သို့ဆိုစေ တုန်လှုပ်မိသေး၏။ သူမပတ်ဝန်းကျင်ရှိ စကားသံများကို သူမကြားရသည်သာမက တိမ်တိုက်များတွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်မျိုး ပါဝင်နေသည်ကိုလည်း ခံစားနေရသည်။

တာအိုနယ်ပယ်ပညာရှင်များ၊ တာအိုသခင်များ၊ တာအိုဥသျှောင်များနှင့် အနှစ်သာရ ၇ ခု ပါရာဂွန်ပင် လေးနက်သောအမူအရာများဖြင့် ကြည့်နေကြသည်။ လက်ရှိအခြေအနေသာ အဋ္ဌမကောင်းကင်ဘုံ ပေါ်မလာခင်တုန်းက ဖြစ်ပွားခဲ့လျှင် သူတို့ အာရုံသိပ်ရှိခဲ့မည်မဟုတ်ပေ။ ဖန်မု၏သေခြင်းရှင်ခြင်းသည် ... ကံတရား၏အလိုသာ ဖြစ်ခဲ့လိမ့်မည်။

သို့သော် အဋ္ဌမကောင်းကင်ဘုံက လင်းလက်စွာ တောက်ပနေပြီဖြစ်၍ ဖန်မု၏အဆင့်အတန်းနှင့် အရေးပါမှုကား ယခင်နှင့်မတူတော့ပေ။ သူသည် ဂိုဏ်းခွဲလေးတစ်ခွဲ၏ အတွင်းစည်းဂိုဏ်းသားလေးသာ မဟုတ်တော့။ နဝမဂိုဏ်းတစ်ဂိုဏ်းလုံး၏ အမွေခံဂိုဏ်းသားဖြစ်လာနိုင်သည့် အလားအလာရှိနေလေပြီ။ သူကား အာကာပြင်ကျယ်ကျောင်းတော်၌ တစ်ခါမှမကြားခဲ့ဖူးသော ဒဏ္ဍာရီတစ်ပုဒ်ကို ရေးထိုးတော့မည်ဖြစ်သလို၊ နဝမဂိုဏ်း၏ဂုဏ်သတင်းကိုလည်း မွှေးပျံ့ကျော်ကြားစေတော့မည်။

တာအိုနယ်ပယ်ပညာရှင်များ၊ တာအိုသခင်များနှင့် တာအိုဥသျှောင်များသာမက အနှစ်သာရ ၇ ခုပါရာဂွန်သည် ပြစ်ဒဏ်မိုးကြိုးအား ထိုကဲ့သို့ဂိုဏ်းသားတစ်ယောက်ကို နှောင့်ယှက်ခွင့်ပြုမည်မဟုတ်ပေ။

အနှစ်သာရ ၇ ခုပါရာဂွန်က နှာမှုတ်၍ ထွက်သွားသည်။ တာအိုဥသျှောင်များ၊ တာအိုသခင်များနှင့် ကျန်တာအိုနယ်ပယ်ပညာရှင်များလည်း လိုက်ပါသွားကြ၏။ ဤအစွမ်းထက်ပညာရှင်အုပ်စုက သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်လိုက်ကြလေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့သည် ဖန်မု ပြစ်ဒဏ်မိုးကြိုးအား ဖြိုခွင်းနိုင်အောင် ကူညီပေးဖို့ ကြိုးစားနေကြ၏။

တိမ်မည်များ ဖွေးဖွေးလှုပ်နေပြီး မိုးကြိုးတန်းများ ကျဆင်းလာသည်။ အာကာပြင်ကျယ်မော်ကွန်းတိုက်ထံ ပျံသန်းနေသည့်အချိန်မှာပင် အနှစ်သာရ ၇ ခုပါရာဂွန်က တိမ်များကို ဖြိုခွဲရန် အင်္ကျီလက်စအား ဝှေ့ယမ်းလိုက်သည်။

ပြစ်ဒဏ်ကား ဒေါသထွက်သွားပုံရပြီး မျက်စိတစ်မှိတ်အတွင်း မိုးကြိုးတန်းပေါင်းရာချီ ကျဆင်းလာသည်။ ထို့နောက် ထောင်ချီ။ ၎င်းတို့ကား မိုးကြိုးအိုင်ကြီးသဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားလေသည်။

ထိုစဉ် အာကာပြင်ကျယ်မော်ကွန်းတိုက်ထဲတွင် ဖန်မုသည် နဝမအထပ်သို့ တက်နေ၏။ ရောက်လျှင်ချင်း မျက်လုံးဝေ့ကြည့်လိုက်သည့်အခါ အရွယ်အစားစုံကျောက်တိုင်များဖြင့် ဝိုင်းခံထားရကြောင်း တွေ့လိုက်ရသည်။ ကျောက်တိုင်အားလုံးပေါ်တွင် စာကြောင်းများ၊ မှော်သင်္ကေတများအား ရေးထွင်းထားသည်။

ပထမကျောက်တိုင်ကို သူ သေချာကြည့်လိုက်လျှင် ပြည့်စုံသောမှော်ကျင့်စဉ်တစ်ခုကို တွေ့ရှိသွား၏။ ထပ်မံအကဲခတ်ပြီးသည့်နောက် ဤနေရာရှိ ကျောက်တိုင်များမှာ စုစုပေါင်းတစ်သန်းကျော်သော မှော်ကျင့်စဉ်အမျိုးအစားများကို စုံလင်စွာ‌ ဖော်ပြထားကြောင်း အတည်ပြုလိုက်နိုင်၏။

သို့သော် သူ့အရှေ့၌ ကျောက်တိုင်တစ်တိုင်ရှိသည်... ၎င်းကား ဗလာကျင်းလျက်သာ။

ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလို၊ ဤနဝမအထပ်က မည်သည့်အရာကို စစ်ဆေးမှန်း ဖန်မု ချက်ချင်း နားလည်သည်။ ၎င်းက ... တီထွင်ဖန်တီးနိုင်စွမ်းကို စမ်းသပ်လေသည်။

လိုအပ်ချက်က နတ်ဘုရားစွမ်းရည် သို့မဟုတ် မှော်ကျင့်စဉ်တစ်ခုကို ဖန်တီး၍ ဗလာကျောက်တိုင်အပေါ်၌ ခတ်နှိပ်ဖို့ဖြစ်သည်။ ထိုမှော်ကျင့်စဉ်၏စွမ်းအားအပေါ် မူတည်၍ စိန်ခေါ်သူ၏အဆင့်အား ဆုံးဖြတ်ပေးလိမ့်မည်။

ဖန်မု၏နတ်ဘုရားအာရုံ ဖြာထွက်နေစဉ် သူ့ကိုယ်ထဲတွင် အင်မော်တယ်ဝိညာဉ်မီးအိမ်များသည် လင်းလာ၏။ မီးအိမ်အရေအတွက်နှင့် ပေါ်လာသောဖြစ်စဉ်မှာ မန်ဟို ပိုင်ဆိုင်ခဲ့ဖူးသောဝိညာဉ်မီးအိမ်များနှင့် မတူညီပေ။

ထိုသို့ဖြစ်ပျက်နေသည်နှင့်အမျှ သူ၏ကျင့်ကြံခြင်းအခြေခံသည် မြင့်တက်လာ၏။ ဖန်မုက အသက်ပြင်းပြင်းရှူရင်း သူ၏နတ်ဘုရားအာရုံကို ပတ်ဝန်းကျင်ရှိ ကျောက်တိုင်များအတွင်း စေစားကာ ၎င်းတို့ကို လေ့လာ၍ ဉာဏ်အလင်းရှာဖွေသည်။ တခဏကြာသ်ော သူ တုန်လှုပ်သွား၏။

“နတ်ဘုရားစွမ်းရည်တစ်ခု ဖန်တီးတာက ငါ့အတွက် သိပ်ခက်ခဲမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒါတွေက သိပ်တော့အသုံးဝင်မှာမဟုတ်ဘူးဆိုတော့ ... ဒီနေရာကို အသုံးချပြီး ... ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို ဖန်တီးတာက ပိုကောင်းလိမ့်မယ်” သူသည် မျက်လုံးများတလက်လက် တောက်ပနေလျက် တင်ပျဉ်ခွေထိုင်လိုက်၏။ မျက်လုံးပိတ်ပြီးနောက် ကျင့်စဉ်အမျိုးမျိုးကို ဉာဏ်အလင်းရှာရန် ကျောက်တိုင်များအတွင်းသို့ သူ၏နတ်ဘုရားအာရုံကို ထပ်မံပို့လွှတ်လိုက်သည်။ ထိုကျင့်စဉ်များသည် ကောင်းကင်ဘုံချုပ်နှောင်မန္တန်ကို ဖန်တီးရာတွင် အထောက်အကူဖြစ်လိမ့်မည်။

ကောင်းကင်ဘုံချုပ်နှောင်မန္တန်သည် ထင်ရှားလာပြီး တစ်ချိန်တည်းမှာပင် ပို၍ရှုပ်ထွေးလာ၏။ သူ ဉာဏ်အလင်းရှာ၍ နိမိတ်ဖတ်တွက်ချက်မှုများ ပြုလုပ်နေသည်နှင့်အမျှ ကောင်းကင်ဘုံချုပ်နှောင်မန္တန်ကား ပြီးပြည့်စုံခြင်းနှင့် နီးစပ်လာတော့သည်။

တဖြေးဖြေး သူ့ထံမှ မိုးနှင့်မြေကို ကိုင်လှုပ်နိုင်လောက်အောင် ပြင်းထန်သောအရှိန်အဝါတစ်ခု စတင်ဖြာထွက်လာသည်။ ၎င်းသည် ကောင်းကင်ဘုံများကို ချုပ်‌နှောင်နိုင်သည့်အလား ရန်လိုကြီးစိုးနေ၏။

နှိုင်းယှဉ်၍မရအောင် လွှမ်းမိုးလွန်းခြင်း။

ဉာဏ်အလင်းရှာရာတွင် အာရုံစိုက်ထားသည့်တိုင် ဖန်မုသည် အာကာပြင်ကျယ်မော်ကွန်းတိုက်၏အပြင်ရှိ မိုးကြိုးကို ခံစားနေရ၏။ ယခုမူ ပြစ်ဒဏ်မိုးကြိုးဆယ်တန်းက မိုးနှင့်မြေကို တဝုန်းဝုန်းတုန်ခါနေစေသည့်တိုင် အနှစ်သာရ ၇ ခုပါရာဂွန်နှင့်အပေါင်းအပါများကို ဖြိုခွင်းခြင်းခံနေရလေသည်။

ထိုဖြစ်ရပ်က တိမ်မည်းများအတွင်းမှ ဒေါသတကြီးဟိန်းဟောက်သံတစ်သံ ထွက်လာစေပြီး မိုးကြိုးသန်းနှင့်ချီ ကျဆင်းလာသည်။ စောင့်ကြည့်နေကြသူအားလုံး ကြက်သေသေသွားကြ၏။

အာကာပြင်ကျယ်မော်ကွန်းတိုက်အတွင်း၌ ဖန်မုမှာ မဆိုစလောက် တုန်ရီနေသည်။ ဉာဏ်အလင်းများစွာ ရရှိနေသည်နှင့်အမျှ ကောင်းကင်ဘုံချုပ်နှောင်မန္တန်၏ ချုပ်စည်းသည် ပိုမိုပြည့်စုံလာ၏။ တစ်ချိန်တည်းမှာပင် ပို၍လည်း ရှုပ်ထွေးလာသည်။

ယခင်က နဝမမန္တန်ဖန်တီးမှုကို လောကပါလနတ်မင်းမှ နှောင့်ယှက်ခဲ့သော်လည်း အမှန်တွင် သူ ပြီးပြည့်စုံသည်ဟု ထင်ထားသော မန္တန်မှာ တကယ်တမ်း မပြည့်စုံသေး၍လည်း ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဖန်မု နားလည်လာ၏။

ယခုတွင် ဆက်တိုက်ထည့်ပေါင်းမှုနှင့် ထိန်းညှိမှုများကြောင့် ပြီးပြည့်စုံသော ကောင်းကင်ဘုံချုပ်နှောင်မန္တန်၏ ပုံသဏ္ဍာန်သည် မူလတစ်ခုနှင့် ကွဲပြားလာခဲ့လေပြီ။

အချိန်မည်မျှကြာပြီလဲ ပြောရခက်သော်လည်း မကြာမီ ကောင်းကင်ဘုံချုပ်နှောင်မန္တန်၏  ချုပ်စည်းသည် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိသွားသဖြင့် ထစ်ချုန်းသံများ ဖန်မုကိုယ်ထဲ၌ ပြည့်နှက်သွားသည်။ သို့သော် ကောက်ကြောင်းသာ ပြည့်စုံသွားခြင်းဖြစ်၏။ တစ်ခုလုံးမဟုတ်သေး။ လုံလောက်ပြီဟု ဖန်မု ထင်လိုက်သည့်အချိန်မှာပဲ ကောက်ကြောင်းအတွင်း၌ မျဉ်းများဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ... သူ၏အတွင်း၌ ... ကောင်းကင်ဘုံချုပ်နှောင်မန္တန်၏ ဒုတိယပုံစံ ဖြစ်ပေါ်နေ၏။

မထင်မှတ်ထားသော ဤအဖြစ်အပျက်က ဖန်မုအား အံ့အားသင့်သွားစေသည်။ သူသည် ကောင်းကင်ဘုံချုပ်နှောင်မန္တန်အပေါ်တွင် အပြည့်အဝအာရုံစိုက်ရင်း ဉာဏ်အလင်းထပ်ရှာ၏။ သူ့ပတ်ပတ်လည်ရှိ ပြီးပြည့်စုံသောကျင့်စဉ်တစ်သန်းကျော်ကို လေ့လာခြင်းဖြင့် ဒုတိယကောင်းကင်ဘုံချုပ်နှောင်မန္တန်၏ ချုပ်စည်းကို အပြည့်အဝဖော်ဆောင်နိုင်လိုက်သည်။

ပုံသဏ္ဍာန်သည် စောစောကနှင့်တူသယောင် ထင်ရသော်လည်း အ‌သေးစိတ်သေချာကြည့်လျှင် မတူပေ။ ကြည့်ရသရွေ့ ချုပ်စည်းတစ်စည်းတည်းက ပြီးပြည့်စုံသောမန္တန်ကို ဖော်ဆောင်ဖို့ မလုံလောက်ပုံရသည်။ နှစ်ခုလိုအပ်၏။ သို့သော် တတိယတစ်ခု ပေါ်လာသဖြင့် ... နှစ်ခုနှင့်တင် မလောက်ကြောင်း ဖန်မု သဘောပေါက်လိုက်သည်။

ထို့နောက် လေးခုမြောက်၊ ငါးခုမြောက်၊ ခြောက်ခုမြောက်.... ကောင်းကင်ဘုံချုပ်နှောင်မန္တန်များ အဆက်မပြတ်ပြောင်းလဲ၍ ပို၍မြင့်မားသောအဆင့်တစ်ခုသို့ တက်နေသည်ကို ကြည့်ရင်း ဖန်မုသည် စိတ်လှုပ်ရှားလာ၏။

ခုနစ်ခုမြောက်ပုံစံပေါ်လာသောအခါ လုံလောက်ပြီဟု ဖန်မု ထင်လိုက်သည်။ သို့သော် ထိုအချိန်ပဲ ရှစ်ခုမြောက်၊ ကိုးခုမြောက်ပေါ်လာသည်။ ဖန်မု၏စိတ်မှာ ချာချာလည်‌နေပြီး ချုပ်စည်းကောက်ကြောင်းကိုးခုကို ကြည့်ရင်း အသက်မနည်းရှူနေရလေသည်။

ထိုချုပ်စည်းများသည် ... ကောင်းကင်ဘုံချုပ်နှောင်မန္တန်များပင် ဖြစ်၏။

ဖန်မု၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် တောက်ပနေသောမျက်လုံးများဖြင့် ဗလာကျောက်တိုင်ကို ကြည့်ပြီးနောက် လက်မြှောက်ကာ ပထမချုပ်စည်းအား ၎င်းအပေါ် တင်လိုက်၏။

ကျောက်တိုင်မှာ တုန်ခါသွားပြီး အရောင်အဝါများ ဖြာထွက်သွားသည်။ ၎င်းထံမှ ခံစားချက်အရ ထိပ်ဆုံးအဆင့်အလားပင်။

ဖန်မုမှာ တအံ့တဩ စိုက်ကြည့်နေမိသည်။ ချုပ်စည်းကိုးခုအနက်မှ တစ်ခုကိုသာ ကျောက်တိုင်အပေါ် တင်ရသေးသော်လည်း ဤနဝမအထပ်ကား ... နောက်ဆုံးအတိုင်းအတာသို့ ရောက်ရှိသွားဟန်တူသည်။

ပါရာဂွန်အရှိန်အဝါကိုလည်း ခံစားလိုက်ရ၍ ဖန်မု ပင့်သက်ရှိုက်လိုက်မိသည်။

“ပါရာဂွန်မှော်အစွမ်း..” သူက ခပ်တိုးတိုး ရေရွတ်သည်။ “ဒီချုပ်စည်းတွေက ပါရာဂွန်မှော်အစွမ်းပဲ”

အတန်ကြာတွေးပြီးသော် သူသည် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်၍ ဒုတိယချုပ်စည်းအား ကျောက်တိုင်အပေါ် တင်လိုက်ရာ ‌ကျောက်တိုင်မှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။

ထိုတုန်ခါနေမှုအတွင်း၌ ချုပ်စည်းနှစ်ခု ပေါင်းစည်းနေပြီး ပါရာဂွန်စိတ်ဆန္ဒ အားကောင်းလာနေသည်ကို ဖန်မု ခံစားရလေသည်။ ထို့နောက် ကျောက်တိုင်ထံမှ မယုံနိုင်လောက်အောင် ကြီးမားသောအရှိန်အဝါတစ်ခုက အုန်းခနဲ ပေါ်ထွက်လာသည်။

နတ်ဘုရားစွမ်းရည်မှာ ပါရာဂွန်မှော်အစွမ်းနှင့် ပို၍ပင်တူနေသယောင် ထင်ရ၏။

နတ်ဘုရားစွမ်းရည်ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ရှိ ကျောက်တိုင်များ အက်ကွဲလာသည်။ ထို့နောက် အကုန်လုံး‌ ပေါက်ကွဲသွားသဖြင့် ဖန်မု မျက်လုံးပြုးသွားတော့သည်။

၎င်းတို့ကား ၎င်းတို့ကို၎င်း ဖောက်ခွဲခဲ့သည့်အလားပင်။

ကြည့်ရသရွေ့ ... ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းရည်တစ်ခု၏ ရှေ့မှောက်တွင် ကျန်နတ်ဘုရားစွမ်းရည်များနှင့် မှော်ကျင့်စဉ်အားလုံးသည် ၎င်းနှင့်အတူတည်ရှိမည့်အစား အပျက်စီးသာခံလိုက်ကြပုံပေါ်၏။

ထိုမျှသာမက ချုပ်စည်းနှစ်ခု ပေါင်းစည်းရုံမျှသာ ရှိသေးလေသည်။ ကျောက်တိုင်ကို စိတ်လှုပ်ရှားစွာကြည့်ရင်း ဖန်မုသည် သူ့လက်ဝါးထဲ နတ်ဘုရားအာရုံအနည်းငယ် ထပ်ထည့်ပြီး ကျောက်တိုင်အပေါ်သို့ တတိယချုပ်စည်းအား တင်လိုက်၏။

ထိုအခိုက်အတန့်တွင် ၎င်းသည် ကျန်စည်းများနှင့်ပေါင်းစည်းကာ ခံစားလိုက်ရသည့် မည်သူ့ကိုမဆို‌ ကြောက်လန့်တုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ဖြန့်ကျက်လိုက်သည်။

ထိုအရှိန်အဝါတွင် ကျောက်တိုင်ပင် မထိန်းပေးနိုင်သော ကြောက်ခမန်းလိလိစွမ်းအား ပါရှိလေရာ တစ်တိုင်တည်းသာ ကျန်ခဲ့သည့် ကျောက်တိုင်မှာ အက်ကွဲလာပြီးနောက် ဝုန်းခနဲ ပေါက်ကွဲသွားတော့၏။

ချုပ်စည်းလေးသုံးစည်း ပေါင်းစည်းလေးမှုကိုပင် ၎င်း မခံနိုင်ခဲ့ပေ။

ချုပ်စည်းနှစ်စည်းက ကျောက်တိုင်သန်းပေါင်းများစွာကို ဖျက်စီးခဲ့သည်။

ချုပ်စည်းသုံးစည်းသည် နဝမအထပ်၏ ကျောက်တိုင်များပင် မခံနိုင်ဘဲ ပေါက်ကွဲသွားလောက်အောင် ကြီးကျယ်ခမ်းနားလွန်း၏။

ဖန်မုက တုန်ရီနေသော်ငြား မျက်လုံးများဝင်းလက်နေလျက် ထရပ်သည်။ ထို့နောက် ခေါင်းနောက်လှန်ကာ တဟားဟား ရယ်လေသည်။

“အခုအချိန်မှာ အပြည့်အဝမထုတ်လွှတ်နိုင်သေးဘဲ နတ်ဘုရားအာရုံနဲ့ပဲ ခတ်နှိပ်နိုင်သေးပေမယ့် ... ချုပ်စည်းကိုးစည်းကို တစ်စည်းတည်းအဖြစ် ပေါင်းစည်းနိုင်သွားရင် နဝမမန္တန် ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျ ငါ အောင်အောင်မြင်မြင် အသုံးပြုနိုင်ပြီ” နောက်ဆုံး‌တော့ ဦးတည်ရာကို သူ ရှာတွေ့သွား၍ ဘာလုပ်ရမလဲ သိလိုက်လေပြီ။ ချုပ်စည်းကိုးစည်း၏ ကောက်ကြောင်းများကို ဖြည့်ဖို့ လိုအပ်သည်။

ဤအခိုက်အတန့်တွင် အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်ခဲ့မှုက သူ့အား စိတ်ကူးမကြည့်နိုင်လောက်အောင် အမြတ်ထွက်စေခဲ့ချေပြီ။

သူ ထရပ်လိုက်သည့်အခိုက်အတန့်မှာပင် အာကာပြင်ကျယ်မော်ကွန်းတိုက်၏ နဝမအထပ်၏အရောင်အဝါအား အပြင်မှ လှမ်းမြင်လိုက်ကြရသည်။ အဋ္ဌမကောင်းကင်ဘုံ၏အထက်၌ နဝမကောင်းကင်ဘုံ ပေါ်လာသည်ကို လူတိုင်း မြင်လိုက်ကြရလေသည်။

ကောင်းကင်ဘုံကိုးဆင့်က ရင်သပ်ရှုမောဖွယ်ကောင်းလွန်း၍ ကမ္ဘာထဲရှိ လူတိုင်းအား ကြက်သေသေသွားစေတော့သည်။

ယခင်ကခေါင်းလောင်းသံများထက်ပို၍ ရှေးကျပြီး သာယာသော ခေါင်းလောင်းသံတစ်သံ မြည်သည်။ တစ်ချိန်တည်းမှာပင် အဋ္ဌမမြေထုအပေါ်ရှိ အဋ္ဌမဂိုဏ်းအတွင်း၌ နောက်တစ်သံ ကြားလိုက်ရသည်။

ထိုနေရာရှိ ကျင့်ကြံသူများမှာ မကြာသေးမီက မန်ဟို လာဆုံးမသွားသောအဖြစ်အပျက်များကြောင့် အံ့ဩ၍မဆုံးကြသေးပေ။ ခေါင်းလောင်းသံများကို ကြားသည့်အခါ အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

တစ်ဆက်တည်းမှာပင် သတ္တမ၊ ဆဋ္ဌမ၊ ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ..... ပထမဂိုဏ်း ... အာကာပြင်ကျယ်ကျောင်းတော်၏ ဂိုဏ်းကိုးဂိုဏ်းလုံးမှ ရှေးခေါင်းလောင်းသံများ ပျံ့လွင့်လာသည်။ ခေါင်းလောင်းသံကိုးသံသည် အာကာပြင်ကျယ်‌ကျောင်းတော်တွင်သာမက အာကာပြင်ကျယ်ဂြိုဟ်တခွင်ခွင် တဒေါင်ဒေါင် ပဲ့တင်ထပ်နေ၏။

ကျင့်ကြံသူပေါင်းများစွာ တုန်လှုပ်သွားကြပြီး အစွမ်းထက်ပညာရှင်များလည်း အံ့အားသင့်ကုန်ကြသည်။ လူတိုင်း ဘာဖြစ်နေလဲ သိချင်လာကြ၏။

မကြာမီ ခေါင်းလောင်းသံကား ... အာကာပြင်ကျယ်ကျောင်းတော်၏ ချောင်အကျဆုံးနေရာများသို့ပင် ရောက်ရှိသွားလေပြီ။

All Chapters