← Chapters

ကြယ်တာရာချီစွမ်းအားဖြင့်ဖန်ဆင်းသည့်ပုံရိပ်ယောင်မိုးမြေ

Vol. 12 Ch. 166

ကြယ်တာရာချီစွမ်းအားဖြင့်ဖန်ဆင်းသည့်ပုံရိပ်ယောင်မိုးမြေ

Vol. 12 Ch. 166

အခန်း (၁၆၆) ကြယ်တာရာချီစွမ်းအားဖြင့်ဖန်ဆင်းသည့်ပုံရိပ်ယောင်မိုးမြေ

ရန်ကျောက်ကဲက ဝါဒနတ်ဆေးကို လက်ပေါ်တင်ပြီးသည်နှင့် ချက်ချင်း သောက်လိုက်သည်။

ဤဆေးလုံးက သိုင်းကျင့်ကြံသူများ၏ ကြယ်တာရာချီစွမ်းအားများနှင့် ဝိညာဉ်စွမ်းအားကို တိုးပွားများပြားလာစေပြီး မိုးမြေကို အာရုံခံနိုင်စွမ်း မြင့်မားစေရန် ကူညီပေးသည်။

ဆေးလုံးအာနိသင်က ရိုးရှင်းဟန်ရှိသော်လည်း ထိရောက်မှုက အလွန်ထင်ရှားသည်။ သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူများ စားသုံးလျှင်ပင် တုနှိုင်းမရေအာင် ကြီးမားသည့် အစွမ်းထက်မှုများ ခံစားရသည်ဖြစ်ရာ သိုင်းပညာရှင်များအတွက်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

အမှန်တော့ သိုင်းပညာရှင်တစ်ယောက်က ဝါဒနတ်ဆေး၏အစွမ်းအာနိသင်ကို အပြည့်အဝ စုပ်ယူနိုင်စွမ်း မရှိပေ။

ထို့ကြောင့် ဆေးလုံးအာနိသင်က သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် တည်ငြိမ်စွာ  စီးဆင်းလှည့်ပတ်နေပြီး အချိန်ကြာလာကြာလေ အကျိုးကျေးဇူးများလေ ဖြစ်သည်။

ဝါဒနတ်ဆေးဆိုသည်က ဝါဒတောင်မှ အကောင်းဆုံးဆေးတစ်လက်ဖြစ်သည်။ ဆေးဝါးပညာနှင့်ပတ်သက်ပြီး ဗဟုသုတကျယ်ပြန့်သော ရန်ကျောက်ကဲသည်ပင် ထိုဆေး၏အာနိသင်ကို အလွန်အထင်ကြီးသည်။

ရန်ကျောက်ကဲ အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ စွမ်းအင်ဗဟိုချက်မှ ကြည်လင်သည့် ချီစွမ်းအားများ တဖြည်းဖြည်းလွင့်ပြယ်သွားသည့်အခါ ပရမ်းပတာချီစွမ်းအားများက အလုံးအရင်းနှင့် မြင့်တက်လာသည်။ ထိုပရမ်းပတာ ချီစွမ်းအားများက အပူနှင့်အအေး ၊ ယင်နှင့်ယန် အတူတကွ ပေါင်းစပ်တည်ရှိနေပြီး မိုးမြေမှဖြစ်တည်လာသည့် သဘာဝမီးပြင်းဖိုတစ်ခုအလား ဝါဒနတ်ဆေးမှာ စွမ်းအင်များကို အဆက်မပြတ် သန့်စင်ပစ်သည်။

ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအားများ အကူအညီဖြင့် ဆေးလုံးမှ စွမ်းအားများကို သူ၏ခြေလက်များနှင့် အရိုးထဲထိ အဆက်မပြတ် ဝင်ရောက်စေလိုက်သည်။

ရန်ကျောက်ကဲ၏ မွေးညင်းပေါက်များမှတစ်ဆင့် ရေခဲနဂါးနှင့် မီးနဂါးများအလား တောက်လောင်နေသည့် ချီစွမ်းအားများ အဆက်မပြတ် လှုပ်ရှားထွက်ပေါ်လာသည်။

ထိုချီစွမ်းအားများအတွင်းမှ ဟိန်းသံများ ခပ်တိုးတိုးထွက်ပေါ်လာပြီး နဂါးအကြေးခွံများထွက်ပေါ်လာကာ ဝိညာဉ်စွမ်းအားများနှင့် ပြည့်ဝနေသည့် နဂါးများအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါ သူ၏ညာဘက်မျက်လုံးအတွင်းမှ လျှပ်စီးများလင်းလက်လာပြီး မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ထင်ရှားလာသည်။

မိုးကြိုးဧကရာဇ်မျက်လုံးမှ ရှေးဟောင်းမိုးကြိုးစွမ်းအားများ ထွက်ပေါ်လာပြီး သမိုင်းမတိုင်မီ ကမ္ဘာဦးကာလ မငြိမ်သက်မှုများနှင့်ဆင်တူသည့် စွမ်းအားများ ထွက်ပေါ်လာကာ မိုးမြေကိုပင် ပိုင်းခြားပစ်တော့မည့်အလား ထင်မှတ်ရသည်။

ထိုသို့ဖြင့် အဆုံးမရှိသည့် လောကြီးတွင် မရေမတွက်နိုင်သည့် ပြောင်းလဲမှုများ တဖြည်းဖြည်း ဖြစ်တည်လာသည်။

အဖြူရောင်တိမ်တိုက်များက ဘဝ၏ဘေးဒုက္ခများကို ကိုယ်စားပြုပြီး ကျယ်ပြန့်သည့်ပင်လယ်ပြင်နှင့် အဆုံးမရှိသည့်ကွင်းပြင်များက အချိန်ရေစီးကြောင်းနှင့် ထာဝရတည်ရှိမှုတရားကို ကိုယ်စားပြုသည်။

ထိုတစ်ခဏအတွင်း ရန်ကျောက်ကဲ၏ စိတ်အခြေအနေက မိုးကြိုးဧကရာဇ်မျက်လုံးနှင့် ထပ်တူကျသွားပြီး အဆုံးမရှိသော သဘာဝတရားနှင့် သက်ရှိများစွာကို ခံစားမိကာ ချက်ချင်းပင် ပြန်လည်ချုပ်ငြိမ်းသွားသည်။

ကောင်းကင်မိုးကြိုးသံများက ကျယ်လောင်ပြင်းထန်လွန်းပြီး ရန်ကျောက်ကဲ၏စိတ်ထဲတွင် မည်ညသ့်ခြေရာသဲလွန်စကိုမှ ချန်မထားခဲ့ပေ။

ရန်ကျောက်ကဲ မျက်လုံးများကို ညင်သာစွာ ပြန်လည်မှေးမှိတ်လိုက်ပြီး နောက်တစ်ကြိမ် ဖွင့်ကြည့်လိုက်သည်။

မျက်စိတစ်မှိတ်မျှသာ အချိန်ကုန်ဆုံးသွားသည့်တိုင် နှစ်သန်းပေါင်းများစွာ ကုန်လွန်သွားသည့်အလား ထင်မှတ်ရ၏။

ရန်ကျောက်ကဲနှင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကြား ဆက်နွယ်မှု မိုမိုအားကောင်းလာပြီး သူတို့၏စိတ်အာရုံများ ပဲ့တင်ထပ်နေသည့်အလား ခံစားရသည်။

ခပ်တိုးတိုး ကြုံးဝါးသံတစ်သံနှင့်အတူ ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများ ပေါက်ကွဲထွက်သွားပြီး မိုးခြိမ်းသံနှင့်ပေါက်ကွဲသံများ ဆူညံစွာ ထွက်ပေါ်လာသည်။

ဝါးအိမ်အပြင်ဘက်ရှိ ကြည်လင်လျှို့ဝှက်ကျွန်းကောင်းကင်ထက်တွင် တိမ်တိုက်များဖုံးလွှမ်းနေပြီး လျှပ်စီးကြောင်းများနှင့်အတူ ထွက်ပေါ်လာသည့် ပေါက်ကွဲသံကြီးက ကောင်းကင်တစ်ခုလုံးကို ထိုးခွင်းလိုက်သည်။

“ဝုန်း...”

မိုးခြိမ်းသံများက ကောင်းကင်တစ်ခွင်ပဲ့တင်ထပ်လျှက် မိုးမြေတစ်ခွင်လုံး သမိုင်းမတိုင်မီကမ္ဘာဦးကာလပမာ မဟုန်ထိုးမြည်ဟည်းလျှက် ရှိသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံး နဂါးသဏ္ဍန်ကြယ်တာရာချီစွမ်းအားများက အကြေးခွံများဖြင့် ဖုံးအုပ်နေပြီး ထိုအကြေးခွံများကြားမှ လျှပ်စီးကြောင်းများ လင်းလက်တောက်ပနေသည်။

ဝါးအိမ်ငယ်လေးတစ်ခုလုံး လျှပ်စီးများလက် ၊ မိုးခြိမ်းသံများထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မိုးကြိုးပင်လယ်ကြီးတစ်ခုပမာ ဖြစ်တည်လာသည်။

မိုးကြိုးလှိုင်းများ ဂယက်ထနေသော်လည်း ဝါးအိမ်ငယ်လေးကို အနည်းငယ်ပင် ထိခိုက်ခြင်း မရှိပေ။ များပြားစွာသော နဂါးအကြေးခွံများနှင့်ပြည့်နေသည့် ကြယ်တာရာချီစွမ်းအားများက အသက်ဓာတ်စွမ်းအားများ ၊ ရှင်သန်ခြင်းစွမ်းအားများနှင့် ပြည့်နက်နေကာ ပုံရိပ်ယောင်နဂါးများမှ အစစ်အမှန်နဂါးများအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ လက်ဖဝါးများကို ရှေ့သို့တွန်းထုတ်လိုက်သည်။

များပြားလှစွာသော နဂါးသဏ္ဍန်ကြယ်တာရာချီစွမ်းအားများက ပရမ်းပတာချီစွမ်းအားများအဖြစ် ပြောင်းလဲသွားကြသည်။

အစမရှိ ၊ အဆုံးမရှိ ။ ယခင်ကလည်းဘာမှမရှိ ၊ အဆုံးသတ်ပြီးနောက်လည်း ဘာမှမရှိ ။ ထိုအရာများအားလုံးက ကြယ်တာရာချီစွမ်းအားများဖြင့် ဖန်ဆင်းထားသော ပုံရိပ်ယောင်မြင်ကွင်းများဖြစ်သော်လည်း နက်နဲသည့်အယူအဆများစွာ ပါဝင်နေသည်။

အတိအကျဆိုရသော် ဤသည်က ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများဖြင့် ဖန်ဆင်းထားသည့် ပုံရိပ်ယောင်မိုးမြေပင် ဖြစ်သည်။

ကြယ်တာရာချီစွမ်းအားအသုံးပြုကာ ပုံရိပ်ယောင်မိုးမြေကိုဖန်ဆင်းခြင်းမှာ ရှန်ထျန်း အလယ်ဆင့် သိုင်းပညာရှင်တစ်ယောက်၏ သင်္ကေတဖြစ်သည်။

ရန်ကျောက်ကဲ ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။ ထို့နောက် တုရှိတလက်ဝါးသိုင်းကို ထုတ်ဖော်လိုက်ရာ  လက်ဖဝါးနှစ်ဖက်လုံး နီရဲသွားပြီး  ကြယ်တာရာချီစွမ်းအားဖြင့် ဖန်ဆင်းထားသော ပုံရိပ်ယောင်နယ်မြေတွင် ခရမ်းနီရောင်မီးတောက်များဖြင့် ပြည့်နက်သွားသည်။

ခရမ်းနီရောင်မီးတောက်များအလယ်တွင် ဆေးပြင်းဖိုသဏ္ဍန်တစ်ခုကို မသိမသာ ယောင်ဝါးဝါး တွေ့မြင်ရသည်။

ရန်ကျောက်ကဲက သူ၏ ကိုယ်နေဟန်ကို ပြောင်းလဲကာ လက်ညှိုးနှင့်လက်ခလယ် အသုံးပြုပြီး ဓားဝိညာဉ်တစ်ခု ထုတ်ဖော်လိုက်သည်။

ထိုအခါ ခရမ်းနီရောင် တုရှိတမီးတောက်များနှင့် ဆေးပြင်းဖိုသဏ္ဍန် ပျောက်ကွယ်သွားပြီး ကြယ်တာရာချီစွမ်းအားများဖြင့် ဖန်ဆင်းထားသည့် ပုံရိပ်ယောင်မိုးမြေတွင် ညကောင်းကင်တစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ထက်တွင် ခုနစ်စဉ်ကြယ် လင်းလက်လျှက် ရှိ၏။

မြောက်ပိုင်းကိုးကွယ် ခုနစ်စဉ်ကြယ်။

ရန်ကျောက်ကဲ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ခုကို ထုတ်ဖော်လိုက်သည်။ ထိုအခါ ပုံရိပ်ယောင်မိုးမြေတစ်ခုလုံး မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ရာသားရဲများဖြင့် ပြည့်နက်သွား၏။ သားရဲများက အလွန်တရာ လွှမ်းမိုးနိုင်စွမ်း မြင့်မားလှသည်။

နောက်ဆုံး ရန်ကျောက်ကဲ သူ၏စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ ပုံရိပ်ယောင်မြင်ကွင်းများအားလုံး ငြိမ်သက်သွားပြီး အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ပုံရိပ်ယောင်မိုးမြေဆိုသည်က သိုင်းစွမ်းအားရှိသလောက် မရေမတွက်နိုင်သည့်အရာများကို မွေးဖွားဖြစ်တည်စေနိုင်ပြီး ရန်သူကို ဖျက်စီးချေမှုန်းပစ်နိုင်စွမ်း ရှိသည်။

ရန်ကျောက်ကဲ ရှည်လျားသော အသက်တစ်ချက် ရှူထုတ်လိုက်ပြီးနောက် ထိုင်ရာမှထကာ ဝါးအိမ်ငယ်လေးအတွင်းမှ ထွက်ခွာလာသည်။

ပန်ဒါကြီးနှင့် ဆော့ကစားနေသော အားဟူက ရန်ကျောက်ကဲကိုတွေ့သည်နှင့် မေးလိုက်၏။

“သခင်လေး... အခုပဲ ကောင်းကင်မိုးကြိုးတွေထွက်ပေါ်လာတာ... သခင်လေး မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အသက်သွင်းလိုက်တာလား”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အမှန်ပဲ ၊ ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ဝါဒနတ်ဆေးနဲ့ပေါင်းစပ်ပြီး တည်ငြိမ်စေလိုက်တာ ၊ ငါလည်း ကျင့်ကြံခြင်းတစ်ဆို့တဲ့အဆင့် ရောက်နေတာဆိုတော့... မိုးကြိုးဧကရာဇ်မျက်လုံးရဲ့ အယူအဆတွေကို နားလည်အောင်ကြိုးစားခဲ့တယ် ၊ အဲဒါကိုနားလည်သွားတာနဲ့ အဆင့်တက်သွားတာပဲ”

အားဟူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး...

“သခင်လေး... မကြာခင်ကပဲ တိမ်လွှာတောင်မှာ ရှန်ထျန်းကနဦးအဆင့်ကို အဆင့်တက်ထားတာလေ ၊ အခု အဆင့်တက်သွားပြန်ပြီတဲ့လား ၊ ရှန်ထျန်းအလယ်ဆင့်ကို ဒီလောက်မြန်မြန်တက်သွားတာ ၊ အိမ်‌တော်အကြီးအကဲတောင် သခင်လေးလောက် အမြန်ဘူး”

ရန်ကျောက်ကဲက လက်ကိုအသာမြှောက်ပြီး ညာဘက်မျက်လုံးကို ပွတ်သပ်လိုက်ရင်း...

“တိုက်တိုက်ဆိုင်ဆိုင် ကံကောင်းသွားလို့ပါကွာ ၊ အံ့သြစရာလေးနည်းနည်းပါးပါးတော့ ဖြစ်သွားတာပေါ့”

ရန်ကျောက်ကဲ လက်မထောင်ပြလိုက်သည်ကိုကြည့်ရင်း အားဟူက ဆိုသည်။

“ကံကောင်းတယ်ဆိုဦးတော့ ဒီလိုအရည်အချင်းမျိုးရှိဖို့က သခင်လေးအပေါ်ပဲ မူတည်တာလေ”

ရန်ကျောက်ကဲက အားဟူကိုတစ်ချက်ကြည့်ရင်း...

“ဝိုး... အားဟူရေ... မင်း အပြောအဆိုတွေ ပိုတော်လာပြီကွ...”

အားဟူက ရိုးရှင်းစွာပင် ရယ်မောရင်း...

“အဲဒါ သခင်လေးကျေးဇူးကြောင့်ပဲ ၊ အားတဲ့အချိန်တိုင်း မှန်ကြည့်လေ့ကျင့်ထားတာလေ”

ထို့နောက်သူက ခေါင်းတစ်ချက်ကုတ်ရင်း...

“ဒါနဲ့ သခင်လေး... ကောင်းကင်ဂဠုန်’ရွှီဖေး’ သခင်လေးကို လာရှာသေးတယ်”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“အိုး... ဂိုဏ်းတူအစ်ကို’ရွှီဖေး’ ဒီကိုလာသေးတာလား ၊ အဟမ်း... သူက အစ်မ’ရှဲ့’ ဆီသွားရမှာ မဟုတ်ဘူးလား”

အားဟူက ရယ်မောလိုက်ရင်း...

“အကြီးအကဲ’ဖန်ကျွင်း’နဲ့‌ တွေ့ပြီးလို့ သခင်လေးကို လာရှာတယ် ပြောတာပဲ ၊ သခင်လေး တံခါးပိတ်ကျင့်ကြံနေတယ်လည်းဆိုရင် တစ်ချိုးတည်း ‘ရှဲ့’မိန်းကလေးဆီ ပြေးတော့တာပဲ  ၊ လျှပ်စီးလက်သွားတဲ့အတိုင်းပဲ”

သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်ကာ တိတ်တဆိတ်ရယ်မောလိုက်ကြသည်။

“တစ်ခုခုတော့ တစ်ခုခုပဲ...”

ရန်ကျောက်ကဲက ရယ်မောရင်း...

“လာ... သွားကြည့်ရအောင်”

ရွှီဖေးက လုဝမ်နှင့် ရန်ကျောက်ကဲတို့ထက် အသက်ကြီးသူဖြစ်ပြီး အသက် (၃၀)ခန့် ရှိလေပြီ။ ‌ကောင်းကင်ချိတ်ဆက်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သိုင်းဆရာသခင်အဆင့်သို့တက်လှမ်းရန် ခြေတစ်လှမ်းခန့်သာ လိုတော့၏။

ယေဘူယျဆိုသော် ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်အများစုသည် တံခါးပိတ်ကျင့်ကြံနေလေ့ရှိကြပြီး ပြင်ပလောကသို့ ထွက်ခဲကြသည်။

သို့သော် လက်ရှိ နေသူတော်စင်ဂိုဏ်းတွင် မျက်နှာပျက်စရာများ ဖြစ်ပျက်ခဲ့ပြီးနောက် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ဂုဏ်သိက္ခာပြန်အဖတ်ဆယ်ရန် တက်သစ်စနေလေးစင်းတွင် တစ်ယောက်အပါအဝင်ဖြစ်သော ထန်ယုံ‌ဟောင်ကို စေလွှတ်ခဲ့သည်။

ထန်ယုံဟောင်က ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်ဖြစ်လေရာ ရွှီဖေးအနေဖြင့် သူ့ကိုရင်ဆိုင်ရန် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ တက်ရောက်ခဲ့ရသည်။

ရှဲ့ယိုချန်နေထိုင်ရာ ဝါးအိမ်လေးသို့ ရောက်ရှိသည့်အခါ အဝေးမှပင် သေရည်ရနံ့ကိုရရှိသည့်အတွက် ရန်ကျောက်ကဲ နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်သည်။

ဝါးအိမ်အပြင်ဘက် ခြံဝင်းငယ်အတွင်းရှိ ကျောက်စားပွဲလေးရှေ့တွင် လူ (၂)ယောက် ထိုင်နေသည်ကို တွေ့ရသည်။ တစ်ယောက်က ရှဲ့ယိုချန်ဖြစ်ပြီး တစ်ယောက်ကတော့ အရပ်မြင့်မြင့် ထွားထွားကျိုင်းကျိုင်း လူတစ်ယောက် ဖြစ်သည်။

ထိုသူက မျက်ခုံးမွှေးထူထူ ၊ မျက်လုံးမျက်ဖန်ကောင်းကောင်း ၊ ဖြောင့်စင်းသည့်နှာတံတို့ဖြင့် ချောမောခန့်ညားသည်။ သူ့အကြည့်က ကြည်လင်တောက်ပပြီး သူ၏ရောင်ဝါက တောင်တစ်လုံးပမာ ကြီးကျယ်ခမ်းနားသည်။

သူက ငယ်စဉ်ကပင် မြင့်မားသည့်တောင်တန်း နက်ရှိုင်းသည့်ပင်လယ်ပမာ သိုင်းစွမ်းမြင့်မားသူတစ်ယောက်ပင်။

လက်ရှိတွင်တော့ ထိုသူက ခပ်ဆန်းဆန်း အပြုအမူများကို ပြုလုပ်နေ၏။ သေရည်အိုးထဲမှ သေရည်များကို အကြမ်းပန်းကန်ထဲသို့ ငှဲ့ထည့်နေခြင်း ဖြစ်သည်။

အနီးကပ်ကြည့်ပြန်တော့ အကြမ်းပန်းကန်ထဲတွင်ရှိနေသည်က သေရည်မဟုတ်ဘဲ အကြမ်းရည်များသာ ဖြစ်သည်။ လက်ဖက်ခြောက်ဖတ်လေးများပင် မျောနေသည်ကို ထင်ရှားစွာတွေ့ရသည်။

ထိုသူက အကြမ်းရည်ကို သေရည်ဖြင့်ရောသောက်ရန် ကြိုးစားနေခြင်းများလား။

All Chapters