သူသေကိုယ်သေယှဉ်ပြိုင်မည်လော
Vol. 188 Ch. 2679
ထိုလူအုပ်ထွက်ခွာသွားပြီးနောက်တွင် ရီဖူရှင်းသည် ရှီးချီယောင်ကိုကြည့်ကာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
“နန်းတော်သခင်ရီရဲ့ စကားတွေက သူစိမ်းဆန်မနေဘူးလား”
ရှီးချီယောင်သည် ခပ်ရေးရေးပြုံး၍ ပြန်ပြောလိုက်၏။
“ဂုဏ်ပြုပါတယ် နန်းတော်သခင်ချီယောင်”
ရီဖူရှင်းမှာလည်းပြုံး၍ ပြန်ပြောလိုက်၏။ သူတို့ ခွဲခွာလာခဲ့သည်မှာ မကြာသေးပေ။ ထိုအချိန်အတောအတွင်းတွင် ရှီးချီယောင်သည် ဒုတိယကပ်ဘေးအဆင့်သို့ ရောက်သွားကာ အနောက်အင်ပါယာနန်းတော်သခင်ရာထူးကို ဆက်ခံခဲ့ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“အဲဒါအတွက် နန်းတော်သခင်ရီကိုလည်း ကျေးဇူးတင်ရမယ်”
ရှီးချီယောင်က ပြောလိုက်၏။ သူမသည် ရီဖူရှင်းဖော်စပ်ပေးခဲ့သော နတ်ဘုရားတစ်ဝက်ဆေးလုံးများကို ရည်ညွှန်းနေကြောင်း ထင်ရှားပေသည်။ သို့သော် သူမအဆင့်တက်နိုင်ခဲ့ခြင်းမှာ အနောက်အင်ပါယာနန်းတော်၏သင်ကြားမှုများကြောင့်လည်း ပါပေသည်။
ရီဖူရှင်း မှတ်ချက်ပြုလိုက်၏။
“ဒါပေမဲ့ အခု လောကကြီးက ကြီးမားတဲ့ ပြောင်းလဲမှုနဲ့ ကြုံတွေ့နေရပြီ။ နန်းတော်သခင်ချီယောင်ရဲ့ ကျင့်ကြံခြင်းက အချိန်ကောင်းမှာ အဆင့်တက်သွားတာပဲ။ နန်းတော်သခင်အနေနဲ့ အခု လက်ရှိအခြေအနေကို ရင်ဆိုင်နိုင်ပြီ။ အခု လောကထဲမှာ နတ်ဘုရားတွေရဲ့ အမွေအနှစ်တွေ ထွက်ပေါ်လာပြီ... ဒါက ကျင့်ကြံခြင်းလောကအတွက် ခေတ်သစ်ပဲ”
ရှီးချီယောင် ထပ်ဖြည့်ပြောလိုက်၏။
“ကျွန်မလည်း ဒီလိုခံစားရပါတယ်။ အခု လောကထဲမှာ နတ်ဘုရားတွေရဲ့ အမွေအနှစ်တွေ ထွက်ပေါ်လာပြီ... ပြီးတော့ ကျင့်ကြံခြင်းလောကက ပြောင်းလဲမှုတစ်ခုကို ကြိုဆိုရတော့မှာပဲ။ နောက်ကျရင် ကပ်ဘေးအဆင့်ကျင့်ကြံသူတွေ ပိုများလာလောက်တယ်။ အပြစ်အနာအဆာကင်းတဲ့ မဟာလမ်းစဉ်ရှိတဲ့ ရန်ဟောင်တွေကိုတော့ နေရာအနှံ့မှာ တွေ့လာရမှာပဲ။ အဲဒီအဆင့်က ထိပ်သီးအင်အားစုတွေက စွမ်းအားကြီးတွေပဲ ရနိုင်တဲ့အဆင့် ဟုတ်တော့မှာ မဟုတ်ဘူး”
ရီဖူရှင်းက အတွေးတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ အနာဂတ်တွင် ကျင့်ကြံခြင်းလောက၌ မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို မည်သူမှ မသိပေ။
ရီဖူရှင်းသည် ဓားသခင်ကို လှည့်ကြည့်သည်။ ဓားသခင်၏ဟန်ပန်သည် ပြောင်းလဲသွားပုံပေါ်ပြီး ဒီမွန်းကျင့်ကြံသူတစ်ဦး၏ဟန်ပန်နှင့် ပိုတူလာလေသည်။ သူမေးလိုက်သည်။
“အစ်ကိုကြီး... ဘယ်လိုခံစားရလဲ”
“နတ်ဆိုးအင်ပါယာရဲ့ သင်ကြားမှုတွေကို အပြည့်အဝသိမြင်နားလည်နိုင်ဖို့ အချိန်တော်တော်ယူရလိမ့်ဦးမယ်”
ဓားသခင်က ပြန်ပြောလိုက်၏။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူ၏အစ်ကိုသုံး ဂူတုံးလျှိုသည်လည်း ဓားသခင်၏ဘေးတွင် ရှိနေသည်။
ယခုတွင် သူ၏အစ်ကိုနှစ်ယောက်သည် ကျင့်ကြံခြင်းလောက၏ ထိပ်ပိုင်းသို့ လျှောက်လမ်းနေပြီဖြစ်သည်။ ထို့ကြောင့် သူ ဝမ်းသာပေသည်။
ဂျိန်း...
ထိုအချိန်တွင် မြေပြင်သည် အပြင်းအထန် တုန်ခါသွားသည်။ အထက်ကောင်းကင်တွင် တိမ်တိုက်များ အရောင်ပြောင်းသွားသည်။ အားလုံးသည် အဝေးသို့လှမ်းကြည့်လိုက်ကြပြီး အတန်ငယ် အံ့အားသင့်သွားကြလေသည်။ ကာရူရာအင်ပါယာမြို့တော်၏ အဆုံးတွင် ဒီမွန်းအလင်းသည် ကောင်းကင်ကို လွှမ်းခြုံထားပြီး ကြောက်မက်ဖွယ် ဒီမွန်းဝဲကတော့တစ်ခု ဖြစ်ပေါ်လာ၏။ တစ်ဘက်တွင်လည်း တလက်လက်တောက်ပနေသော အဆုံးမဲ့ အာကာသနတ်အလင်းတစ်ခု လင်းလက်လာသည်။
“တော်တော် ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ”
ရှီးချီယောင်သည်လည်း ထိုဘက်သို့ ကြည့်လိုက်ပြီး ပြောလိုက်၏။ သူမသည် အင်ပါယာ၏ စွမ်းအားကြီးဝိညာဉ်စွမ်းအားကို အာရုံခံမိလေသည်။ ထိုအရှိန်အဝါသည် အနှိုင်းမဲ့ပင်။
“အင်း... အဲဒါက ထိပ်သီးနှစ်ယောက်ကြားက တိုက်ပွဲတစ်ပွဲဖြစ်လိမ့်မယ်”
ရီဖူရှင်းသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ သူသည် ယခင်ကတုန်းက ဝမ်ရှောင်၏ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော အရှင်ထျန်းယန်ထံမှနေ၍ ကြောက်မက်ဖွယ် တိုက်ပွဲအရှိန်အဝါကို ခံစားခဲ့ရဖူးပေသည်။
မုန်တိုင်းနှစ်ခုသည် ရုတ်ခြည်းအတွင်းမှာပင် တစ်ခုနှင့်တစ်ခု နီးကပ်သွားသည်။ ရီဖူရှင်းတို့လူစုသည် တိုက်ပွဲပြင်နှင့် အတော်လေးဝေးကွာသော်လည်း အဖျက်နတ်အလင်းသည် သူတို့အပေါ်မှ ဖြတ်သွားပေသေးသည်။ အဝေးရှိ ကောင်းကင်ထက်တွင် ဧရာမပုံရိပ်ကြီးနှစ်ခုကို ခပ်ရေးရေးလှမ်းမြင်နေရသည်။ သူတို့သည် နတ်ဘုရားများကဲ့သို့ပင်။
ပုံရိပ်တစ်ခုသည် ဒီမွန်းတစ်ကောင်၏ပုံရိပ်ဖြစ်ပြီး ကျန်တစ်ခုမှာ တောက်ပနေသော အာကာသနတ်ဘုရားတစ်ပါးပင်။
“နတ်ဆိုးလောကနဲ့ ဗလာနတ္တိလောကကြားမှာ တိုက်ပွဲတစ်ခု ဖြစ်နေတဲ့ပုံပဲ”
မူလ အနောက်အင်ပါယာနန်းတော်သခင်က ပြောလိုက်၏။
ရီဖူရှင်းမှာလည်း ဒီမွန်းပုံစံ ပုံရိပ်ကို ကြည့်သည်။ သူသည် ထိုသူကို ယခင်က တွေ့ခဲ့ဖူးပေသည်။ ထိုသူသည် နတ်ဆိုးလောက၏ နံပါတ်တစ် နတ်ဆိုးသူတော်စင် ယန်ကွေ့ရီဖြစ်သည်။
ယန်ကွေ့ရီသည် ကြက်သွေးရောင် လှံပုဆိန်တစ်ချောင်ကို ဆွဲကိုင်ထားပြီး သူ၏ ဒီမွန်းအသွင်ဖြင့် တိုက်ပွဲဝင်နေသည်။ ထို့ကြောင့် သူရင်ဆိုင်နေရသော ကျင့်ကြံသူမှာ မည်မျှစွမ်းအားကြီးကြောင်း ထင်ရှားပေသည်။ သူ၏ပြိုင်ဘက်သည် ဗလာနတ္တိဘုံမှ ထင်ရှားသူတစ်ဦးဖြစ်နိုင်သည်။
“သူတို့က နတ်ဆိုးလောက,က ယန်ကွေ့ရီနဲ့ ဗလာနတ္တိဘုံက မိစ္ဆာအင်ပါယာရဲ့ တပည့်ခေါင်းဆောင် ဗလာတောင်ကုန်းရဲ့ခေါင်းဆောင် တုကူးဝူရှဲဖြစ်လိမ့်မယ်”
မူလအနောက်အင်ပါယာနန်းတော်သခင်က ဆက်ပြောလိုက်၏။
“သူတို့နှစ်ယောက်စလုံးရဲ့ အဆင့်က နတ်ဘုရားတစ်ဝက်စာရင်းရဲ့ ထိပ်ပိုင်းနားမှာပဲ။ သူတို့က စွမ်းအားကြီးတိုက်ခိုက်စွမ်းရည် ရှိကြတယ်... ပြီးတော့ သူတို့က ဒီတိုက်ပွဲမှာ မဟာအင်ပါယာအဆင့်လက်နက်တွေ ဆွဲကိုင်ထားကြပုံပဲ။ သူတို့က အရေးပါတဲ့အမွေအနှစ်တစ်ခုအတွက် တိုက်ခိုက်နေကြတာပဲဖြစ်မယ်။ မဟုတ်ရင် သူတို့နှစ်ယောက်က ထိပ်တိုက် တိုက်စရာ အကြောင်းမှမရှိတာ”
“အဲဒီတိုက်ပွဲကြောင့် နတ်ဆိုးလောကနဲ့ ဗလာနတ္တိဘုံပါ စစ်ဖြစ်သွားနိုင်တယ်”
ရှီးချီယောင်က ထပ်ပြောလိုက်၏။ ထိုနှစ်ဦးကြားမှ တိုက်ပွဲသည် နတ်ဆိုးလောကနှင့် ဗလာနတ္တိဘုံတို့၏ တိုက်ပွဲအဖြစ် ကူးပြောင်းသွားနိုင်ပေသည်။
ရီဖူရှင်းသည် ထိုသူတို့ဘက်သို့ လှမ်းကြည့်သည်။ နတ်ဆိုးလောကနှင့် ဗလာနတ္တိဘုံတို့သည် ကောင်းကင်ဒေသကို ကျူးကျော်ခဲ့စဉ်က မဟာမိတ်များဖြစ်ခဲ့ကြသည်။ သူတို့သည် ရှေ့တန်းတွင် အတူတကွ ရပ်တည်ခဲ့သည်။ သို့သော် သူတို့သည် နတ်ဘုရားသင်္ချိုင်းအတွင်းသို့ ရောက်လာသည်နှင့် မျှော်လင့်ထားသကဲ့သို့ပ် သူတို့၏ မဟာမိတ်သည် ပျက်ပြားသွားပြီး ကြီးမားသည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေသည်။
“ယန်ကွေ့ရီက နတ်ဘုရားတစ်ဝက်စာရင်းမှာ တုကူးဝူရှဲထက် အဆင့်မြင့်တယ်။ သူ အသာစီးရလောက်တယ်”
မူလအနောက်အင်ပါယာနန်းတော်သခင်က ရှင်းပြလိုက်သည်။
“တစ်ချက် သွားကြည့်ကြတာပေါ့”
ရီဖူရှင်း ပြောလိုက်၏။ သူတို့အုပ်စုသည် ထိုနေရာသို့ အလွန်လျင်မြန်စွာ သွားလိုက်ကြသည်။ အခြားသူများလည်း သူတို့နောက်မှ လိုက်လာကြသည်။
အဖျက်မုန်တိုင်းသည် ခြောက်ကပ်ယိုယွင်းနေသော ရှေးဟောင်းမြို့တော်ကြီးကို တုန်ခါနေစေဆဲပင်။ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာ၏။ နတ်အလင်းသည် အထက်ကောင်းကင်ကို ဖျက်ဆီးသွားတော့မလိုပင်။ ၎င်းသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုနေရာတွင် အရေးပါသောအမွေအနှစ်တစ်ခု ရှိနေသဖြင့် စွမ်းအားကြီး ထိပ်သီးကျင့်ကြံသူနှစ်ဦးက စတင်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း လူတော်တော်များများ သဘောပေါက်သွားသည်။
ရီဖူရှင်းတို့အုပ်စု တိုက်ပွဲပြင်အနီးသို့ ချဉ်းကပ်လာသောအခါ တိုက်ခိုက်မှု ရပ်ဆိုင်းသွား၏။ သို့သော် ထိုနှစ်ယောက်သည် ကောင်းကင်ထက်တွင် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကာ ရပ်နေကြဆဲပင်။ သူတို့၏အရှိန်အဝါသည် ကြောက်မက်ဖွယ် ကောင်းနေဆဲဖြစ်ပြီး ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံသွားသည်။ အောက်ဘက်ရှိ နတ်ဆိုးလောကနှင့် ဗလာနတ္တိဘုံတို့မှ ကျင့်ကြံသူများသည်လည်း ကြောက်မက်ဖွယ်ပင်။
နတ်ဆိုးလောကနှင့် ဗလာနတ္တိဘုံတို့သည် သူတို့၏ အသန်မာဆုံးသူများကို နတ်ဘုရားသင်္ချိုင်းသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင် သူတို့သည် သူတို့၏အင်အားစုများနှင့် သူတို့၏ကျင်ကြံခြင်းအတွက် လုပ်ဆောင်နေကြခြင်းဖြစ်သည်။
ထိုနေရာတွင် ယူချင်းလည်း ရှိနေသည်။ သူသည် အောက်ဘက်ရှိ မြေပြင်တွင် ရပ်နေလေသည်။ ယူချင်းဘေးတွင် ထိပ်သီးအဆင့်ကျင့်ကြံသူများစွာ ရပ်နေလေသည်။ နတ်ဆိုးလောကသည် အမှန်ပင် သူတို့၏ အသန်မာဆုံးလူများကို စေလွှတ်လိုက်ခြင်းပင်။
“တုကူး... ဒါက အရင်ကတည်းက နတ်ဆိုးလောကရဲ့ ဘိုးဘေးတွေရဲ့ စစ်မြေပြင်ပဲ။ ဘာလို့ ဗလာနတ္တိဘုံက ဒီကအမွေအနှစ်ကို လိုချင်တပ်မက်နေရတာလဲ”
ယန်ကွေ့ရီသည် သူ့လက်ထဲရှိ ကြက်သွေးရောင်လှံပုဆိန်ဖြင့် တုကူးဝူရှဲကို ချိန်ရွယ်၍ မေးလိုက်သည်။ တုကူးဝူရှဲသည် သူ့ကို ပြန်စိုက်ကြည့်သည်။ ဤနေရာသည် နတ်ဆိုးလောက၏ ဘိုးဘေးများ၏ စစ်မြေပြင်သာမဟုတ်ပေ။ တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် ကာရူရာအိမ်တော်၏ စစ်မြေပြင်လည်းဖြစ်သည်။
ကာရူရာအိမ်တော်သည် အမြန်နှုန်းနှင့်ပတ်သတ်သော ရွေ့လျားမှုအတတ်များတွင် ကျွမ်းကျင်ကြသည်။ သူတို့၏ အာကာသမဟာလမ်းစဉ်စက်ကွင်းအပေါ် သိမြင်နားလည်တတ်မြောက်မှုသည် အံ့အားသင့်ဖွယ်ကောင်းလှသည်။ သူတို့၏ တိုက်ခိုက်မှုနှင့် ခုခံမှုတို့သည် ရှိန်လောက်ဖွယ်ပင်ဖြစ်သည်။ ဗလာနတ္တိဘုံမှ ကျင့်ကြံသူများအတွက် ကာရူရာအိမ်တော်မှ သင်ကြားမှုများသည် အလွန်အမင်း တပ်မက်ချင်စရာများ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကာရူရာအိမ်တော်မှ အမွေအနှစ်တစ်ခုကို ရှာတွေ့သောအခါ နတ်ဆိုးလောကနှင့် ပဋပက္ခဖြစ်ခဲ့ခြင်းပင်။
“ကောင်းကင်လမ်းစဉ်အောက်မှာ တပ်ဖွဲ့ရှစ်ဖွဲ့ရှိတယ်... ဒီနေရာမှ နတ်ဆိုးလောကရဲ့ ဘိုးဘေးတွေရဲ့ အမွေအနှစ်တစ်ခုရှိနေတော့ အဲဒါက နတ်ဆိုးလောကနဲ့ပဲ သက်ဆိုင်တာပေါ့။ ခင်ဗျားတို့ အမွေအနှစ်တွေလိုချင်ရင် တပ်ဖွဲ့ရှစ်ဖွဲ့ထဲက တခြားအဖွဲ့တွေရဲ့ နယ်မြေမှာ သွားရှာကြ။ ခင်ဗျားတို့နဲ့ သင့်တော်တဲ့ နေရာတွေ ရှိလောက်မှာပါ”
ယူချင်းသည် အောက်ဘက်မှနေ၍ ပြောလိုက်၏။
“တကယ်လို့ ခင်ဗျားတို့ တိုက်ခိုက်ချင်တယ်ဆိုရင်... နတ်ဆိုးလောက,ကလည်း ဗလာနတ္တိဘုံနဲ့ တိုက်ခိုက်ဖို့ အသင့်ပဲ”
“ရိုင်းစိုင်းလိုက်တာ...”
ဗလာနတ္တိဘုံမှ ကျင့်ကြံသူတစ်ဦးသည် ယူချင်းကို စိုက်ကြည့်၍ ပြောလိုက်၏။ ရီဖူရှင်းသည် ထိုကျင့်ကြံသူများထဲမှာ တော်တော်များများကို ယခင်ကလည်း တွေ့ခဲ့ဖူးပေသည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက မိစ္ဆာအင်ပါယာ၏ တပည့်ရင်း ရှစ်ရှဲနှင့် မိစ္ဆာသူတော်စင် မော့ချင်းကောတို့ကို တွေ့ခဲ့ဖူးပေသည်။ သူတို့သည် ယူချင်းကို စိုက်ကြည့်နေကြသည်။ လက်ရှိနတ်ဆိုးအင်ပါယာသည် မျိုးဆက်သစ်များကို များစွာအရေးထားကာ သူတို့ကို နတ်ဆိုးအင်ပါယာနန်းတော်ထဲတွင် ပျိုးထောင်ခဲ့ပြီး ထူးကဲသောရာထူးအဆင့်အတန်းများ ပေးခဲ့ပေသည်။ ယူချင်းနောက်သို့ လိုက်လာသော ကျင့်ကြံသူများသည် နတ်ဆိုးလောက၏ ထိပ်သီးအဆင့် ကျင့်ကြံသူများဖြစ်သည်။
နတ်ဆိုးလောက၏ တိုက်ခိုက်စွမ်းရည်သည် လွန်စွာ အင်အားကြီးပေသည်။ အကယ်၍ သူတို့သာ အမှန်တကယ် တိုက်ခိုက်ခဲ့လျှင် နတ်ဆိုးလောကသည် အစွမ်းကုန်သုံး၍ တိုက်ခိုက်မည်ဖြစ်သည်။ ထိုအမွေအနှစ်သည် နတ်ဆိုးလောကမှ ဘိုးဘေးများ၏ အမွေအနှစ်ဖြစ်သည်။ ထို့ကြောင့် ၎င်းကို သူတို့သာ ပိုင်ဆိုင်သင့်ပေသည်။
“နတ်ဆိုးလောကက ဘိုးဘေးတွေက အမွေအနှစ်က မင်းတို့နဲ့ သက်ဆိုင်တယ်။ ကာရူရာအိမ်တော်ရဲ့ သင်ကြားမှုတွေက ငါတို့နဲ့ သက်ဆိုင်တယ်”
တုကူးဝူရှဲသည် ယန်ကွေ့ရီကို စိုက်ကြည့်၍ ပြောလိုက်၏။
“အဲဒီလိုမရဘူး...”
ယန်ကွေ့ရီသည် ချက်ချင်း ငြင်းပယ်လိုက်သည်။
“ကာရူရာအိမ်တော်က အရင်ကတည်းက နတ်ဆိုးလောကရဲ့ ကမ္ဘာ့ရန်ဘက်ပဲ။ အဲဒီတော့ သူတို့ပိုင်ဆိုင်တာမှန်သမျှကို အခု နတ်ဆိုးလောက,က ပိုင်တယ်။ အဲဒါက ဆွေးနွေးနေစရာမလိုဘူး။ တကယ်လို့ မင်းတို့ အခုထွက်မသွားဘူးဆိုရင် တပ်ဖွဲ့ရှစ်ဖွဲ့ရဲ့ တခြားအမွေအနှစ်တွေကို တခြားအင်အားစုတွေက ယူသွားတော့မှာနော်...”
ဤနေရာတွင် ဆက်၍အချိန်ဆွဲနေခြင်းသည် နှစ်ဘက်စလုံးအတွက် ထိခိုက်နစ်နာစေလေသည်။
ယန်ကွေ့ရီနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူများ၏ သဘောထားအရ နတ်ဆိုးလောကသည် အလျှော့ပေးကာ အမွေအနှစ်ကို ပေးမည်မဟုတ်ကြောင်း တုကူးဝူရှဲသိပေသည်။ အကယ်၍ သူတို့ဘက်ကသာ ထိုအမွေအနှစ်ကို ရယူလိုပါက သူတို့သည် နတ်ဆိုးလောကမှ ကျင့်ကြံသူအားလုံးကို တိုက်ခိုက်၍သာ ရယူနိုင်ပေလိမ့်မည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် သူတို့ကို ဒုတိယရွေးချယ်စရာမပေးပေ။
“ငါတို့ ဒီကိစ္စကို မှတ်ထားမှာပါ...”
တုကူးဝူရှဲက ပြောလိုက်၏။ ထို့နောက် သူသည် သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။
“ပြန်ဆုတ်ကြ...”
သူထိုသို့ အမိန့်ပေးလိုက်သောအခါ ဗလာနတ္တိဘုံမှ ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး အာကာသနတ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ထွက်ခွာသွားကြလေသည်။ သူတို့သည် ခြေရာလက်ရာမကျန်ခဲ့ဘဲ အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ အစောပိုင်းတွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့ဟုပင် ထင်ရပေသည်။
ဗလာနတ္တိဘုံမှ ကျင့်ကြံသူများထွက်သွားပြီးနောက်တွင် ထိုနေရာသည် နတ်ဆိုးလောက၏အပိုင် ဖြစ်သွားသည်။ ယန်ကွေ့ရီသည် သူ၏ ကြက်သွေးရောင်လှံပုဆိန်ကို ကောင်းကင်ထက်သို့ မြှောက်လိုက်သည်။ ကြက်သွေးရောင်ဒီမွန်းအလင်းတန်းများသည် ကောင်းကင်ထက်သို့ ရုတ်ခြည်းပျံတက်သွားပြီး ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြံသွားကာ ကြောက်မက်ဖွယ် ဒီမွန်းစက်ကွင်းတစ်ခုကို ဖန်တီးလိုက်လေသည်။
“ဒီစက်ကွင်းက နတ်ဆိုးလောကရဲ့ ထိန်းချုပ်မှုအောက်မှာပဲ။ တခြားလောက,က ကျင့်ကြံသူတွေ အခုထွက်သွားကြပါ။ နတ်ဆိုးလောက,က ကျင့်ကြံသူတွေကလွဲပြီး ဘယ်သူမှ ဒီနေရာထဲကို ခြေချခွင့်မရှိဘူး”
ယန်ကွေ့ရီသည် ကျယ်လောင်စွာ ကြေညာလိုက်သည်။ သူ၏အသံသည် အာကာပြင်တွင် ပဲ့တင်ထပ်သွားသည်။ နတ်ဆိုးအင်ပါယာနန်းတော်သည် ထိုစက်ကွင်းကို အုပ်စိုးပေသည်။ ဤ ကာရူရာအိမ်တော်၏နေရာသည် နတ်ဆိုးလောက၏အပိုင်ပင်ဖြစ်သည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူများသာ ထိုစက်ကွင်းအတွင်းဝင်၍ ကျင့်ကြံနိုင်ပေသည်။
ကျင့်ကြံသူများစွာသည် စိတ်ပျက်သွားကြသည်။ ထိုကဲ့သို့သာဆိုလျှင် သူတို့သည် ဤနေရာတွင် ကျင့်ကြံရန် အခွင့်အရေးရမည်မဟုတ်ဘဲ အမွေအနှစ်များကိုလည်း ရှာနိုင်တော့မည်မဟုတ်ပေ။ သူတို့သည် အခြားတစ်နေရာသို့ သွား၍သာ ရှာဖွေရပေလိမ့်မည်။
“ဒီမွန်းမဟာအင်ပါယာအဆင့်လက်နက်တစ်ခု...”
ဒီမွန်းကျင့်ကြံသူတစ်ဦးသည် ဓားသခင်ကိုကြည့်၍ ပြောလိုက်၏။ ဓားသခင်ထံတွင် ဒီမွန်းမဟာအင်ပါယာအဆင့်လက်နက်တစ်ခု ရှိပေသည်။ ထိုလက်နက်သည်လည်း နတ်ဆိုးအင်ပါယာနန်းတော်၏အပိုင် ဖြစ်သင့်ပေသည်။
ရီဖူရှင်းသည် ထိုဒီမွန်းကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ သူသည် ယူချင်းကို လှမ်းကြည့်လိုက်ပြီး နှုတ်ဆက်လိုက်၏။
“ယူချင်း...”
ယူချင်းသည် ရီဖူရှင်းတို့အုပ်စုထံသို့လာကာ ပြောလိုက်၏။
“တစ်ချိန်တုန်းက ဒီနေရာမှာ နတ်ဆိုးလောကရဲ့ ဘိုးဘေးတွေက ကာရူရာအိမ်တော်နဲ့ တိုက်ခိုက်ခဲ့တယ်။ သူတို့ရဲ့ အလောင်းတွေက ဒီနေရာမှာ ရှိလောက်တယ်”
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ ယခင်က မဟာအင်ပါယာခြောက်ပါးသည် နတ်ဘုရားသင်္ချိုင်းသို့ လာခဲ့ကြ၏။ နတ်ဆိုးအင်ပါယာပင် ဤနေရာသို့ ရောက်လာနိုင်ပေသည်။ မဟာအင်ပါယာအဆင့် အင်အားစုများသည် အမွေအနှစ်များကို ရှာဖွေရန် သူတို့၏ အင်ပါယာနန်းတော်များမှ ကျင့်ကြံသူများကို ဦးဆောင်၍ ရောက်လာခဲ့ကြလောက်ပေသည်။ သို့သော် မဟာအင်ပါယာများ ကိုယ်တိုင်တော့ ရှာဖွေခြင်းတွင် မပါဝင်ခဲ့ပေ။
“နတ်ဆိုးလောက,က ဒီနေရာကို အုပ်စိုးနိုင်တာ နတ်ဆိုးလောက,က ကျင့်ကြံသူတွေအတွက် ကောင်းတဲ့ကိစ္စပဲ”
ရီဖူရှင်း ပြောလိုက်၏။ သူသည် အရှေ့ရှိ ကာရူရာအိမ်တော်၏ ဘုံကျောင်းကို ကြည့်သည်။ ထိုနေရာတွင်လည်း ကောင်းကင်မှကျဆင်းလာပြီး မြေကြီးထဲတွင် စိုက်ဝင်နေသော ပြိုင်ဘက်ကင်းနတ်လက်နက်တစ်ခု ရှိနေသည်။ ထိုနေရာကို ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက လွှမ်းခြုံထားသဖြင့် အထဲတွင် မည်သည့်အရာရှိသည်ကို သိနိုင်ရန် ခဲယဉ်းပေသည်။
“မင်းတို့ ဒီမှာ ကျင့်ကြံလို့ရပါတယ်။ ငါတို့ အမွေအနှစ်တွေကို တခြားနေရာမှာပဲ သွားရှာလိုက်ပါမယ်”
ရီဖူရှင်းပြောလိုက်၏။ ဤနေရာသည် နတ်ဆိုးလောကမှ ကျင့်ကြံသူများနှင့်သာ သက်ဆိုင်သည်ဟု ယန်ကွေ့ရီ ကြေညာခဲ့ပြီးဖြစ်သည်။ ရီဖူရှင်းနှင့် ယူချင်းတို့၏ ဆက်ဆံရေးသည် ထူးခြားသော်လည်း ယူချင်းသည် နတ်ဆိုးလောကကို ကိုယ်စားမပြုပေ။ ယူချင်းသည် နတ်ဆိုးအင်ပါယာရာထူးကို မရသေးပေ။ သူသည် နတ်ဆိုးလောကတစ်ခုလုံးကိုယ်စား မပြောနိုင်သေးချေ။
ရီဖူရှင်းသည် ယူချင်းကို ဒုက္ခပေးရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူ့ဘက်က အရင်စ၍ ထွက်သွားမည်ဖြစ်ကြောင်း ပြောလိုက်ခြင်းပင်။
“ဒီမွန်းဓားကို ထားခဲ့ပါ”
ဒီမွန်းကျင့်ကြံသူတစ်ဦးက ပြောလိုက်၏။ သူ၏ကျင့်ကြံခြင်းသည် ထူးကဲပေသည်။ သို့သော် ယူချင်းသည် ထိုသူကို အေးစက်စက် လှမ်းကြည့်သည်။ သူ၏အကြည့်သည် ကြောက်စရာကောင်းပေသည်။ သို့သော် ထိုသူသည် အလျှော့မပေးသေးပေ။ သူပြောလိုက်၏။
“ဒါက ဘာသဘောလဲ... မင်းက အပြင်လူတစ်ယောက်ကို ကူညီပေးနေတာလား”
ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရသည်မှာ ယူချင်း၏ နတ်ဆိုးအင်ပါယာနန်းတော်မှ အဆင့်အတန်းသည် လူတော်တော်များများကို မကျေမချမ်းဖြစ်စေနေသည့်ပုံပင်။ သူ၏ ကျင့်ကြံခြင်းအစွမ်းသည် နတ်ဆိုးအင်ပါယာထက် တစ်ဆင့်သာနိမ့်သောအဆင့်သို့ မရောက်သေးသဖြင့် သူသည် အားလုံးကို မဖိနှိပ်နိုင်သေးပေ။ ထူးကဲသော အချို့သူများသည် သူ့ကို လက်မခံကြသေးချေ။
“တိတ်စမ်း...”
ယူချင်း ကြိမ်းမောင်းလိုက်သည်။ သူ၏လေသံသည် အေးစက်ကာ အရှိန်အဝါကြီးပေသည်။ ထို့နောက်တွင် သူသည် ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်၏။
“မင်းတို့ ဒီမှာ နေနိုင်ပါတယ်... ဒီမှာ မင်းတို့အတွက် သင့်တော်တဲ့ ကာရူရာအိမ်တော်ရဲ့ အမွေအနှစ်တွေ ရှိ၊ မရှိဆိုတာ ရှာကြည့်ကြပေါ့”
ရီဖူရှင်းတို့အုပ်စုအနေဖြင့် နတ်ဆိုးလောက၏ဘိုဘေးများ၏ အမွေအနှစ်များကို ယူသွားရန် မသင့်တော်ပေ။ သို့သော် အကယ်၍ ကာရူရာအိမ်တော်၏ အမွေအနှစ်များအကြားတွင် သူတို့နှင့် သင့်တော်သည့် အမွေအနှစ်များရှိခဲ့ပါက ယူချင်းသည် သူတို့ကို ထိုအမွေအနှစ်များ ယူသွားခွင့်ပြုမည်ဖြစ်သည်။
“ဒါက ဘာအဓိပ္ပာယ်လဲ”
အစောမှ ဒီမွန်းကျင့်ကြံသူက ထီမထင်ဟန်ဖြင့် ပြောလိုက်၏။
“ဒီနေရာမှာရှိတဲ့ အရာအားလုံးကို ယူနိုင်ဖို့ နတ်ဆိုးအင်ပါယာနန်းတော်က ဗလာနတ္တိဘုံနဲ့တောင် တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာ... အခု မင်းက အဲဒီအမွေအနှစ်တွေကို သူများလက်ထဲ ထည့်ပေးလိုက်တော့မယ်ပေါ့လေ”
ယူချင်းသည် ထိုသူ၏စကားများကို ကြားလိုက်သောအခါ နောက်သို့လှည့်လိုက်သည်။ သူ့ထံမှနေ၍ စွမ်းအားကြီး ဒီမွန်းအရှိန်အဝါ ထွက်လာလေသည်။ သူသည် အခန်းအောင်း ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက်တွင် မည်သူနှင့်မှ မတိုက်ခိုက်ရသေးပေ။
***