နတ်ဘုရားအုပ်စိုးလက်နက်
Vol. 188 Ch. 2680
ဝုန်း...
ယူချင်း ရှေ့သို့ထွက်လိုက်သည်။ သူ၏ဒီမွန်းအရှိန်အဝါသည် ကောင်းကင်ကို လွှမ်းခြုံသွား၏။ ၎င်းသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းပေသည်။ သူသည် စကားပြောလိုက်သော ဒီမွန်းကျင့်ကြံသူကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။
“မင်းက ငါ့ကို ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောနေတာလား...”
ထိုဒီမွန်းကျင့်ကြံသူသည်လည်း သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။ သူသည် နတ်ဆိုးအင်ပါယာ၏ တပည့်ရင်းများထဲမှ တစ်ဦးဖြစ်ပြီး စွမ်အားကြီးသော ကျင့်ကြံခြင်းအစွမ်း ရှိပေသည်။ သို့သော် သူသည် ယူချင်းထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဒီမွန်းအရှိန်အဝါကို အာရုံခံမိလိုက်သောအခါ အမှန်ပင် ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။ ယူချင်း၏မျက်ဝန်းများသည် သူ့ကိုစိုက်ကြည့်နေ၏။ ထို့နောက်တွင် သူ့ရှေ့မှသူသည် ဒီမွန်းနတ်ဘုရားတစ်ပါးဖြစ်သည်ဟု သူခံစားလိုက်ရ၏။ သူသည် အရှုံးပေးချင်သလို ခံစားလာရသည်။
“ထားလိုက်ပါတော့...”
သွေးဝတ်ရုံသည် ရှေ့သို့ထွက်လာပြီး ဖျန်ဖြေပေးရန် ကြိုးစားလိုက်သည်။
သို့သော် ယူချင်းသည် သူမကို မကြည့်ဘဲ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ သူ၏ အားကောင်းသော ဖိအားသည် ဒီမွန်းကျင့်ကြံသူကို လွှမ်းခြုံသွားပြီး သူပြောလိုက်၏။
“နတ်ဆိုးအင်ပါယာနန်းတော်ထဲမှာ အင်အားကြီးတဲ့သူက အနိုင်ပဲ။ မင်းက ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်တယ်ဆိုတော့ ငါ့ကို အရင်အနိုင်ယူရမယ်...”
ယူချင်းသည် ထိုသို့ပြောလိုက်ပြီး ရှေ့သို့ ပြေးထွက်သွားသည်။ ဒီမွန်းကျင့်ကြံသူသည် ရုတ်ခြည်းပင် ပြိုင်ဘက်ကင်းဒီမွန်းတစ်ကောင် ထွက်ပေါ်လာသည်ကို အာရုံခံမိသည်။ ယူချင်းသည် ဒီမွန်းများ အညံ့ခံအောက်ကျို့ရသည့် ဒီမွန်းနတ်ဘုရားတစ်ပါး ဖြစ်လာသကဲ့သို့ပင်။ သူ လက်သီးဖြင့် ထိုးလိုက်သောအခါ ထိုနေရာသည် ပြင်းထန်စွာ တုန်ခါသွားသည်။ ပတ်ဝန်းကျင်ရှိ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူ့အတွက် အသည်းအသန် လမ်းဖယ်ပေးလိုက်ရ၏။
ဒီမွန်းကျင့်ကြံသူသည် ဒီမွန်းဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ခုတ်ချလိုက်သည်။ သို့သော် သူ၏ခုတ်ချက်သည် ဒီမွန်းနတ်ဘုရား၏ လက်သီးချက်အောက်တွင် ပျက်စီးသွားသည်။ လွှမ်းမိုးအားကြီးသော ဒီမွန်းလက်သီးချက်သည် ဒီမွန်းကျင့်ကြံသူအပေါ် တိုက်ရိုက်ကျဆင်းသွားသည်။ ကျယ်လောင်သော ထိခတ်သံကြီးတစ်သံ ထွက်ပေါ်လာကာ ဒီမွန်းကျင့်ကြံသူ၏ ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားသည်ဟု ထင်လိုက်ရပြီး သူသည် နောက်သို့ လွင့်ထွက်သွားသည်။ ထို့နောက် သူသည် မြေပေါ်တွင် မှောက်သွားသည်။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ တုန်လှုပ်သွားကြသည်။ ယူချင်း၏စွမ်းရည်သည် နတ်ဆိုးအင်ပါယာနန်းတော်တွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်နေပြီဖြစ်သည်။ လူအနည်းငယ်သာ သူ့ကို အနိုင်ယူနိုင်ပေသည်။ သူ၏တိုးတက်နှုန်းသည် အံ့အားသင့်ဖွယ်ပင်။
နတ်ဆိုးအင်ပါယာ၏ ယူချင်းအပေါ်ထားသော သဘောထားကို ကြည့်ရုံဖြင့်ပင် သူသည် ယူချင်းအား နတ်ဆိုးလောကကို လွှဲပြောင်းပေးလိုနေခြင်းဖြစ်ကြောင်း ခပ်ရေးရေးသိနိုင်ပေသည်။ သူတို့၏ နတ်ဘုရားသင်္ချိုင်းသို့ ခရီးစဉ်သည် တာဝန်တစ်ခုဖြစ်သည်။ သို့သော် စမ်းသပ်ချက်တစ်ခုဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ဒီမွန်းကျင့်ကြံသူများစွာသည် ယူချင်း၏ ရီဖူရှင်းအပေါ်သဘောထားကို မကျေနပ်ခဲ့ကြပေ။ ယူချင်းသည် ရီဖူရှင်းအပေါ် ဘက်လိုက်ခဲ့သည်။ သို့သော် ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာနန်းတော်၏ ဧည့်သည့်ဖြစ်ခဲ့ဖူးပြီး နတ်ဆိုးအင်ပါယာသည် သူနှင့်တွေ့ဆုံခဲ့ပေသည်။ ထို့ကြောင့် သူတို့သည် မည်သို့မှ ဝင်မပြောခဲ့ကြခြင်းဖြစ်သည်။
“မင်းက နတ်ဆိုးအင်ပါယာနန်းတော်မှာ ကျင့်ကြံခဲ့တဲ့သူမို့လို့ ငါ မင်းကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်။ မင်းသာ ငါ့ကို ထပ်ပြီး မေးခွန်းထုတ်ချင်ရင် မင်း ငါ့ကို အနိုင်ယူနိုင်မှ ရလိမ့်မယ်”
ယူချင်းသည် အပြင်းအထန်ဒဏ်ရာရသွားသော ဒီမွန်းကျင့်ကြံသူကို ကြည့်ကာ သတိပေးလိုက်သည်။
“ဒီတစ်ခေါက် ငါတို့ခရီးစဉ်ရဲ့ ပန်းတိုင်ကို မမေ့နဲ့။ အထဲကို သွားတော့”
ယန်ကွေ့ရီက ပြောလိုက်၏။ ယူချင်းသည် မည်သို့မှ မပြောလိုက်ပေ။ ယန်ကွေ့ရီသည် အရှေ့ရှိ ကာရူရာအိမ်တော်၏ ဘုံကျောင်းဆီသို့ သွားလိုက်ပြီး နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူ့နောက်သို့ လိုက်သွားကြလေသည်။
“ဝင်သွားပြီး လှည့်ပတ်ကြည့်ကြတာပေါ့”
ယူချင်းသည် ရီဖူရှင်းနှင့် သူ့အုပ်စုကို ပြောလိုက်၏။
“မင်းလုပ်စရာရှိတာကို သွားလုပ်ပါ။ ငါတို့ဘာသာ လှည့်ပတ်ကြည့်လိုက်မယ်”
ရီဖူရှင်းက ယူချင်းကို ပြောလိုက်၏။
“နတ်ဆိုးလောက,က ဘိုးဘေးတွေရဲ့ သင်ကြားမှုတွေက ပိုပြီးအရေးကြီးတယ်မလား”
ယူချင်း၏မျက်နှာထားသည် လေးနက်နေသည်။ ထို့နောက် သူသည် ခေါင်းညိတ်ကာ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများအနောက်သို့ လိုက်သွားကာ ဘုံကျောင်းအတွင်းသို့ ဝင်သွားလိုက်လေသည်။
“တစ်ချက်သွားကြည့်ကြတာပေါ့”
ရီဖူရှင်း ပြောလိုက်၏။ သူတို့အုပ်စု ရှေ့သို့ လျှောက်သွားကြသည်။ ကာရူရာအိမ်တော်၏ မြင့်မားသောဘုံကျောင်းသည် ခံ့ညားထည်ဝါပေသည်။ ဘုံကျောင်းပတ်ပတ်လည်တွင် နတ်နံရံများ ရှိသည်။ ဘုံကျောင်းအတွင်းပိုင်းသည် အတော်လေး ကျယ်ဝန်းသည်။ နတ်နံရံများသည် ပြိုကျပျက်စီးနေပြီး ယိုယွင်းနေသော နံရံအချို့သာ ကျန်တော့သော်လည်း ထိုဘုံကျောင်း၏ ရွှေခေတ်တွင် မည်မျှဂုဏ်ရှိန်ပြောင်ခဲ့သည်ကို ခပ်ရေးရေး ခံစားမိနိုင်ပေသည်။
ထိုနတ်နံရံများသည် သာမန်ပစ္စည်းဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပေ။ အတိတ်က ကြောက်မက်ဖွယ် နတ်စစ်ပွဲကြီး ဖြစ်ခဲ့သည်ပင် ၎င်းတို့သည် ဖျက်ဆီးမခံလိုက်ရဘဲ ကျန်ရစ်ခဲ့ပေသည်။ ၎င်းတို့၏ ခိုင်မာ၊ မာကြောမှုသည် သိသာထင်ရှားပေသည်။
“နံရံကြီးတွေက မြင့်လိုက်တာ”
ဖန်းစွင်သည် ဘေးမှနေ၍ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ ထိုနတ်နံရံများသည် အလွန်ပင် မြင့်မားပေသည်။ ၎င်းတို့အများစုသည် ကွဲအက်ယိုယွင်းနေပြီဖြစ်သည်။ ၎င်းတို့သည် ဂုဏ်ရှိန်ကြီးမြင့်သော ဒီမွန်းရဲတိုက်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့နိုင်ချေများပေသည်။ မြေမျက်နှာပြင်သည် တဖြည်းဖြည်း ပို၍မြင့်လာသည်။ အရှေ့အထက်ပိုင်းမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ လိပ်ပြာဝိညာဉ်စွမ်းအားသည် ထိုနေရာကို ဖောက်မဝင်နိုင်ပေ။
“ဟိုနတ်နံရံကို ကြည့်လိုက်...”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
အရှေ့ရှိ နတ်နံရံပေါ်တွင် ကနုတ်များကို ထွင်းထားလေသည်။ ကနုတ်များသည် အသက်ဝင်လှုပ်ရှားနေသကဲ့သို့ ထင်ရ၏။ ကနုတ်များအကြားတွင် ကာရူရာပုံစံများ များစွာရှိလေသည်။ ၎င်းသည် ရှေးခေတ်မှ ကာရူရာအိမ်တော်၏ ထိပ်သီးကျင့်ကြံသူတစ်ဦး ချန်သွားခဲ့သော ဝိညာဉ်စွမ်းအားဖြစ်နိုင်ပေသည်။
သခင်ချန် သုံးသပ်လိုက်၏။
“ဒီနေရာက ဘုံကျောင်းရဲ့ အဓိကအပိုင်းဖြစ်မယ်ထင်တယ်။ အပြင်ဘက်ကအပိုင်းတွေ အများစုက ပျက်စီးနေပြီမို့လို့ ကျုပ်တို့ အမွေအနှစ်တွေ မတွေ့ခဲ့တာထင်တယ်”
ရီဖူရှင်းသည် နတ်နံရံကို ကြည့်သည်။ သူ့အတွေးထဲတွင် ထိုနတ်နံရံသည် အသက်ဝင်လာသည်ဟု ထင်နေရလေသည်။ နံရံပေါ်တွင် ထွင်းထားသော ကာရူရာပုံစံများသည် လှုပ်ရှားလာကြသည်။ သူ့အတွေးထဲတွင် နတ်နံရံသည် တလက်လက်တောက်ပနေသော နတ်အရောင်အဝါကို ထုတ်လွှတ်လိုက်သကဲ့သို့ တွေးထင်နေသည်။
“အဲဒါက ဒီမွန်းအရှင်တစ်ပါး ချန်ခဲ့တဲ့ ဝိညာဉ်စွမ်းအားပဲ။ အဲဒီမှာ ကာရူရာအိမ်တော်ရဲ့ နတ်အတတ်တွေ ပါဝင်တယ်။ ဒီနေရာက တကယ့်ကို အဓိကအပိုင်းပဲ... ကျင့်ကြံခြင်းအတွက် တော်ဝင်မြေဖြစ်ရမယ်”
ရီဖူရှင်းသည် သခင်ချန်၏သုံးသပ်ချက်ကို ထောက်ခံလိုက်သည်။
“ကံဆိုးတာက အဲဒါက မပြည့်စုံတာပဲ...”
သခင်ချန်သည် ခေါင်းညိတ်ရင်း ပတ်ဝန်းကျင်ကိုကြည့်ကာ ထပ်ပြောလိုက်၏။ နတ်နံရံအများစုသည် ကွဲအက်ပျက်စီးနေပြီဖြစ်သည်။ တစ်ချိန်က ဤနေရာတွင် ကာရူရာအိမ်တော်၏ နတ်အတတ် အပြည့်အစုံကို ထွင်းထားသော နတ်နံရံများ ရှိခဲ့ပေလိမ့်မည်။ သို့သော် နတ်နံရံများစွာသည် ပျက်စီးနေကြပြီဖြစ်၍ ထိုနတ်အတတ်မည်မျှကို လေ့လာနိုင်ဦးမည်ဖြစ်ကြောင်း မသိနိုင်ပေ။
နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ဘုံကျောင်းအတွင်းပိုင်းသို့ ဆက်သွားနေသည်။ သူတို့၏ပန်းတိုင်သည် ကာရူရာအိမ်တော်မှ အမွေအနှစ်များ မဟုတ်ကြောင်း ထင်ရှားပေသည်။ သူတို့အတွက် ထိုအရာသည် ဒုတိယဦးစားပေးသာဖြစ်သည်။ နတ်ဆိုးလောက၏ ဘိုးဘေးများချန်ထားခဲ့သော အမွေအနှစ်များကသာ သူတို့အတွက် ပိုအရေးကြီးပေသည်။
သူတို့သည် အရှေ့တွင် လွန်စွာစွမ်းအားကြီးသော ဒီမွန်းဝိညာဉ်စွမ်းအားတစ်ခုကို အာရုံခံမိနေပြီး ဖြစ်သည်။
“ခင်ဗျားတို့အားလုံး ဒီနေရာမှာ ခဏလောက် ကျင့်ကြံလို့ရပါတယ်”
ရီဖူရှင်း ပြောလိုက်၏။ သိမ်းငှက်လေး၊ ကျွင်းနှင့် အခြားသူများသည် နတ်နံရံပေါ်ရှိ နတ်အတတ်များကို လေ့လာကျင့်ကြံနိုင်ပေသည်။
ယခင်က ကျွင်းသည် ဒီမွန်းနတ်ဘုရားတောင်ကုန်းမှ ဆင်းလာခြင်းဖြစ်သည်။ သူသည် ကောင်းကင်ဒီမွန်းနန်းတော်မှ ဖြစ်ပြီး သူ၏မူလခန္ဓာကိုယ်သည် ရွှေတောင်ပံခွန်ပန်းငှက်၏ခန္ဓာကိုယ်ဖြစ်သည်။ ဤနေရာရှိ ကျင့်စဉ်များသည် သူနှင့် သင့်တော်ပေသည်။
ရီဖူရှင်း ရှေ့သို့ ဆက်သွားလိုက်သည်။ ဒီမွန်းအရှိန်အဝါသည် အရှေ့မှနေရာကို လွှမ်းခြုံထားသည်။ သူတို့သည် ထိုနေရာအတွင်းသို့ ဝင်လိုက်သောအခါ ဒီမွန်းဝိညာဉ်စွမ်းအားနှင့် ဒီမွန်းချီတို့သည် သူတို့ကိုလှည့်ပတ်သွားလေ၏။ ၎င်းတို့သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုစွမ်းအားသည် ရုတ်ခြည်းပင် မဟာလမ်းစဉ်အရှိန်အဝါများနှင့် လိပ်ပြာဝိညာဉ်စွမ်းအားကို ဖြတ်တောက်လိုက်သည်။ သူတို့အားလုံးသည် ထိုနေရာအတွင်းသို့ ဝင်သွားလိုက်သောအခါ အံ့အားသင့်ဖွယ် ဒီမွန်းဝိညာဉ်စွမ်းအားကို အာရုံခံမိသည်။
“ဒါက ဘာနတ်လက်နက်လဲ”
ရီဖူရှင်းသည် အရှေ့ကို ကြည့်၍ မေးလိုက်သည်။ သူတို့အရှေ့တွင် ကောင်းကင်မှ ကျဆင်းလာပြီး မြေပြင်တွင် စိုက်ဝင်နေသော နတ်လက်နက်တစ်ခု ရှိနေလေသည်။ ၎င်းသည် မြေပြင်တွင် စိုက်ဝင်နေသော နတ်ဘုရားအုပ်စိုးလက်နက်တစ်ခုကဲ့သို့ပင်။ ၎င်းအပေါ်တွင် စွမ်းအားကြီး မဟာလမ်းစဉ်စည်းမျဉ်းကို ထွင်းထားလေသည်။
ထိုစဉ်တွင် ရီဖူရှင်း၏ အသက်ဝိညာဉ်သည် ထူးဆန်းစွာ လှုပ်ခတ်သွားသည်။ ထိုကဲ့သို့ ဖြစ်လေ့ဖြစ်ထမရှိပေ။ သို့သော် သူ၏အသက်ဝိညာဉ်သည် နတ်လက်နက်တစ်ခုနှင့် ကြုံရတိုင်း ထိုကဲ့သို့ လှုပ်ခတ်သွားတတ်ကြောင်း သူသတိထားမိသည်။
ထို့ကြောင့် ရီဖူရှင်းသည် ပို၍ပင် စိတ်ဝင်စားလိုက်သည်။ သူသည် ထိုအသက်ဝိညာဉ်ကို မည်ကဲ့သို့ ရရှိခဲ့ခြင်းနည်း။
မည်သူက သူ့ကို မွေးဖွားပေးခဲ့သနည်း။
“ဒါက...”
သူတို့သည် အတွင်းသို့ ရောက်လာသောအခါမှသာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရပေသည်။ မြေပြင်ပေါ်တွင် စိုက်နေသည်ဟု ထင်ရသည့် နတ်ဘုရားအုပ်စိုးလက်နက်သည် ကြောက်မက်ဖွယ် နတ်ဘုရားတစ်ပါးကဲ့သို့သော ခန္ဓာကိုယ်တစ်ခုတွင် စိုက်ဝင်နေခြင်းဖြစ်သည်။ ထိုခန္ဓာကိုယ်သည် ဒီမွန်းနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ပင်။ နတ်ဘုရားအုပ်စိုးလက်နက်သည် အကြွင်းမဲ့စည်းမျည်းစွမ်းအားနယ်မြေတစ်ခုကို ဖန်တီးထားလေသည်။ ထိုနယ်မြေသည် ဒီမွန်းနတ်ဘုရား၏ခန္ဓာကိုယ်ကို ချိပ်ပိတ်ထားသည်ဟု ထင်ရပေသည်။
သို့ပင်လျှင် ဒီမွန်းနတ်ဘုရား၏ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ် ဒီမွန်းဝိညာဉ်စွမ်းအား ထွက်နေဆဲဖြစ်သည်။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီးသည်ပင် ထိုဒီမွန်းဝိညာဉ်စွမ်းအားသည် မပျောက်ကွယ်သွားသေးပေ။ ထိုဒီမွန်းနတ်ဘုရားသည် တစ်ချိန်က မည်မျှ စွမ်းအားကြီးကာ ကြောက်မက်ဖွယ်ကောင်းခဲ့မည်ကို တွေးကြည့်နိုင်ပေသည်။
ဒီမွန်းနတ်ဘုရား၏ခန္ဓာကိုယ်အရှေ့တွင် အပိုင်းပိုင်း ဖြတ်ခံထားရသော ခန္ဓာကိုယ်တစ်ခု ရှိ၏။ ၎င်းသည် ကြီးမားသော်လည်း ၎င်း၏အမွေးများကို အနှုတ်ခံထားရပြီး ၎င်း၏အရိုးများသည်လည်း ဖိခြေခံထားရသည်။ သို့ပင်လျှင် ထိုဧရာမအလောင်းကောင်ကြီးသည်လည်း စွမ်းအားကြီး ဒီမွန်းချီကို ထုတ်လွှတ်နေသည်။ အလောင်းကောင်ကြီး၏ အရိုးများသည် မဟာလမ်းစဉ်နတ်သင်္ကေတများနှင့် အမှတ်အသားပြုလုပ်ခံထားရသည့်ပုံပင်။ အလောင်းတွင်ပင် သင်္ကေတများရှိနေခြင်းကိုကြည့်လျှင် ထိုခန္ဓာကိုယ်သည် အဆုံးအစွန်အထိ ကျင့်ကြံထားသော ခန္ဓာကိုယ်ဖြစ်ကြောင်း ထင်ရှားပေသည်။
အလောင်းနှစ်ခုစလုံးသည် အရှုံးမပေးသည့် နတ်ဘုရားနှစ်ပါး၏ အလောင်းများကဲ့သို့ မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်နေလေသည်။
ထိုအလောင်းများသည် ဒီမွန်းအရှင်နှင့် တပ်ဖွဲ့ရှစ်ဖွဲ့မှ ကာရူရာအိမ်တော်၏ ဘုရင်ပေလော။ ရီဖူရှင်း သူ့ဘာသာ တွေးတောလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် ဤနေရာတွင် အတူတကွ သေဆုံးခဲ့ခြင်းလော။
ထိုနတ်ဘုရားအုပ်စိုးလက်နက်သည် ဒီမွန်းအရှင်ကာရူရာ၏ လက်နက်ဟုတ်ပုံမပေါ်ပေ။ ၎င်းသည် အခြားအင်အားစုတစ်ခုမှ လက်နက်ဖြစ်ပုံရလေသည်။ အခြား စွမ်းအားကြီးကျင့်ကြံသူများသည် သူတို့ကို တိုက်ခိုက်ခဲ့သည်။ ထိုရှေးဟောင်းတိုက်ပွဲအတွင်းတွင် ဒီမွန်းအရှင်သည် ကာရူရာအိမ်တော်၏ ဘုရင်ကို ဖိနှိပ်နိုင်ခဲ့လောက်သည်။
ရီဖူရှင်းသည် သူယခု အာရုံခံမိနေသော နတ်ဘုရားအုပ်စိုးလက်နက်၏အရှိန်အဝါသည် တစ်ချိန်က ပို၍အရှိန်အဝါကြီးခဲ့မည်ဖြစ်ကြောင်း ခံစားနေရသည်။
သူသည် ၎င်းကို ကြည့်ကြည့်လိုသည်။ သို့သော် အကယ်၍ သူသာ ထိုရတနာကို အမှန်တကယ် လိုချင်တပ်မက်ခဲ့ပါက နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသ် သူ့ကို တိုက်ခိုက်ပေလိမ့်မည်။ ယူချင်းသည် ရီဖူရှင်းကို ကူညီမည်ဖြစ်သော်လည်း ရီဖူရှင်းသည် ယူချင်းအခက်တွေ့ရမည့် ကိစ္စမျိုးကို မလုပ်ချင်ပေ။
ယခုတွင် ယူချင်းသည် နတ်ဆိုးအင်ပါယာနန်းတော်တွင် အကြွင်းမဲ့အာဏာကို မရရှိသေးသဖြင့် ယူချင်းအတွက် ပြဿနာမရှာမိစေရန် မည်သို့ပြုမူရမည်ကို ရီဖူရှင်း သိပေသည်။
ရီဖူရှင်းသည် အခြားပစ္စည်းကောင်းများ ရှိသေးသလောဟု လှည့်ပတ်ကြည့်သည်။ ပတ်ဝန်းကျင်တွင် အလောင်းများစွာ ရှိလေသည်။ ၎င်းတို့သည် စွမ်းအားကြီးကျင့်ကြံသူများ၏ အလောင်းများ ဖြစ်နိုင်ချေများပြီး အကောင်းပကတိ ရှိပေသေးသည်။
သူသည် ဧရာမ ကာရူရာအလောင်းတစ်လောင်းကို တွေ့လိုက်သည်။ ရီဖူရှင်းသည် ၎င်းဆီသို့ လျှောက်သွားလိုက်ပြီး ၎င်းအရှေ့တွင် ရပ်လိုက်သည်။ သူ၏အသိစိတ်သည် ၎င်းအတွင်းသို့ ဖောက်ဝင်သွားလိုက်၏။ သူသည် ရုတ်ခြည်းပင် ထိုအလောင်းပေါ်တွင် မဟာအင်ပါယာ၏ တူညီသောနတ်သင်္ကေတများကို အာရုံခံမိသည်။
“အဲဒါက သူတို့ရဲ့ မွေးရာပါ ကျင့်ကြံခြင်းအတတ်တစ်ခုများ ဖြစ်နေမလား၊ ဒါမှမဟုတ် အဲဒါက သူတို့ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းလား”
ရီဖူရှင်း မေးလိုက်သည်။ ဤ ထူးကဲသော ကာရူရာနတ်ခန္ဓာသည် တော်ဝင်ခန္ဓာပင်လော။
ဤအလောင်းသည် အဖျက်ဆီးမခံခဲ့ရသဖြင့် ပို၍ ပြီးပြည့်စုံလေသည်။ ဒီမွန်းအရှင်သည် ကာရူရာဘုရင်နှင့် အာရုံစိုက်၍တိုက်ခိုက်နိုင်ရန် သူ့ကို သတ်ခဲ့ခြင်းဖြစ်ရပေမည်။
သူ၏အသိစိတ်သည် အလောင်းကောင်ထဲတွင် လှည့်ပတ်နေသည်။ ဤတစ်ကြိမ်တွင် သူသည် မဟာအင်ပါယာရှန့်ကျား၏ အလောင်းကို လေ့လာနေစဉ်ကကဲ့သို့ ခံစားချက်ကို ခံစားလိုက်ရ၏။ သို့သော် ကွဲပြားသည့်အရာမှာ မဟာအင်ပါယာရှန့်ကျား၏ နတ်ခန္ဓာသည် စွမ်းအာကြီးသော တိုက်ခိုက်ဝိညာဉ်စွမ်းအားကို သယ်ဆောင်ထားပြီး ဤအလောင်းကောင်တွင်မူ ထိုစွမ်းအားမရှိခြင်းပင်။
သူသည် အလောင်းကောင်ပေါ်ရှိ မဟာအင်ပါယာ၏ နတ်သင်္ကေတများကို လေ့လာရင်း ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်တက်လာသည်။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း သူ၏အပြုအမူကို မြင်ပေသည်။ သို့သော် သူတို့သည် သူ့ကို လျစ်လျူရှုလိုက်ကြသည်။ သူတို့သည် ဒီမွန်းအရှင်နှင့် ကာရူရာဘုရင်တို့ကိုသာ အာရုံစိုက်နေကြလေသည်။
“ယူချင်း...”
ရီဖူရှင်းသည် ခေတ္တမျှကျင့်ကြံပြီးနောက်တွင် ယူချင်းကို လှမ်းခေါ်လိုက်သည်။ ယူချင်းသည် နောက်လှည့်ကာ သူ့ကို ကြည့်သည်။ ရီဖူရှင်းသည် သူ့ထံသို့ ဆေးလုံးအနည်းငယ် လှမ်းပစ်ပေးလိုက်သည်။ ယူချင်းသည် အံ့အားသင့်သွားသည်။ အဘယ်ကြောင့် ရီဖူရှင်းသည် သူ့ကို ဆေးလုံးများ ပေးနေရသနည်း။
“ဒီမဟာအင်ပါယာအလောင်းကောင်ကို ငါစိတ်ဝင်စားနေတယ်။ ဒါပေမဲ့ နတ်ဆိုးအင်ပါယာနန်းတော်က ဒီနေရာကို သိမ်းပိုက်ထားပြီးပြီ။ ဒီတော့ ငါ အဲဒီအလောင်းကို အလကားမယူပါဘူး။ အဲဒီဆေးလုံးတွေက ဒီမှာရှိတဲ့ နတ်ဆိုးအင်ပါယာနန်းတော်က ကပ်ဘေးအဆင့်အောက်က ကျင့်ကြံသူအားလုံးအတွက် လုံလောက်တယ်...”
ရီဖူရှင်း ပြောလိုက်၏။ သာမန်ဆိုလျှင် မဟာအင်ပါယာအလောင်းကောင်၏ တန်ဖိုးသည် ထိုဆေးလုံးများထက် ပိုမြင့်ပေသည်။ သို့သော် နတ်ဆိုးအင်ပါယာနန်းတော်မှ ဒီမွန်းကျင့်ကြံသူများအတွက်မူ ထိုဆေးလုံးများသည် မဟာအင်ပါယာအလောင်းကောင်ထက် ပို၍အဖိုးတန်ပေသည်။ သူတို့အတွက် အလောင်းကောင်သည် များစွာအသုံးမဝင်သည် မဟုတ်ပါလော။
“ကောင်းပြီ...”
ယူချင်း ပြောလိုက်၏။ သူသည် ရီဖူရှင်း၏ရည်ရွယ်ချက်ကို သဘောပေါက်ပေသည်။ သူသည် ချက်ချင်းပင် ဆေးလုံးများကို လက်ခံလိုက်ပြီး ၎င်းတို့ကို ယန်ကွေ့ရီထံ လှမ်းပစ်ပေးလိုက်ကာ ပြောလိုက်၏။
“နတ်ဆိုးသူတော်စင်... အဲဒီဆေးလုံးတွေကို နတ်ဆိုးသူတော်စင်ပဲ ဝေခြမ်းပေးလိုက်ပါ”
ယန်ကွေ့ရီသည် ဆေးလုံးများကို ထုတ်ယူလိုက်သည်။ သူသည် ဆေးလုံးများ၏ အဆင့်ကို လေ့လာလိုက်သောအခါ မျက်နှာထား ထူးဆန်းသွားသည်။ သူသည် ရီဖူရှင်းကို အံ့အားသင့်ဟန်ဖြင့် ကြည့်၍ ပြောလိုက်၏။
“ဒီဆေးလုံးတွေအကုန်လုံးက အဆင့်အမြင့်ဆုံး နတ်ဘုရားတစ်ဝက်ဆေးလုံးတွေပဲ။ ဒီဆေးလုံးတွေက မဟာအင်ပါယာအလောင်းကောင်တစ်ခုစာ တန်ဖိုးရှိတယ်”
ရီဖူရှင်းသည် သူ့တို့ထံမှ အမြတ်ထုတ်နေခြင်းမဟုတ်ကြောင်း သူသိပေသည်။
နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ယန်ကွေ့ရီ၏စကားများကို ကြားလိုက်သောအခါ အံ့အားသင့်သွားကြသည်။ ထိုမတိုင်ခင်က သူတို့သည် ရီဖူရှင်း၏ကမ်းလှမ်းချက်ကို အတန်ငယ် အထင်အမြင်သေးခဲ့သည်။ သို့သော် ယန်ကွေ့ရီကပင် ထိုသို့ပြောလျှင် ထိုဆေးလုံးများသည် အမှန်ပင် အဖိုးမဖြတ်နိုင်သည့် ဆေးလုံးများ ဖြစ်ပေလိမ့်မည်။
ရီဖူရှင်းသည် အတန်ငယ် ခေါင်းဆတ်ပြလိုက်ပြီး မည်သို့မှ ဆက်မပြောတော့ပေ။ သူသည် မဟာအင်ပါယာအလောင်းကောင်ကို ဆက်၍ လေ့လာနေလိုက်သည်။ သူသည် ၎င်းကို ခေတ္တမျှ လေ့လာခဲ့ပြီးသောအခါ ၎င်းကို သူလိုချင်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ဆေးလုံးများကို ထုတ်ပေးလိုက်ခြင်းဖြစ်လေသည်။
***