ရှေးဟောင်းကောင်းကင်နန်းတော်
Vol. 188 Ch. 2681
ရက်ပေါင်းများစွာ ကုန်ဆုံးသွား၏။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ဒီမွန်းအရှင်၏ ခန္ဓာကိုယ်ကို ဆက်၍ လေ့လာနေကြသည်။ တစ်ချိန်တည်းမှာပင် အပြင်မှနေ၍ ဒီမွန်းကျင့်ကြံသူအများပြား ဤနေရာသို့ ဝင်လာကြသည်။
ရီဖူရှင်းမှာလည်း ကာရူရာမဟာအင်ပါယာအလောင်းကောင်ကို ဆက်၍ လေ့လာနေသည်။ သို့သော် သူသည် ၎င်းကို အပြည့်အဝ နားလည်တော့မည့်အချိန်တွင် ရပ်တန့်လိုက်ပြီး သိမ်းငှက်လေးကို လေ့လာခိုင်းရန် ရွေးချယ်လိုက်သည်။
သူ၏ဝိညာဉ်စွမ်းအားသည် သိမ်းငှက်လေးနှင့် ဆက်နွယ်နေသည်။ သိမ်းငှက်လေးသည်လည်း သူသိမြင်နားလည်ခဲ့သည့်အရာများကို အာရုံခံစားနိုင်ပေသည်။ ထို့ကြောင့် သိမ်းငှက်လေး စတင်လေ့လာသင်ယူလိုက်ပြီး မကြာခင်မှာပင် သူသည် ကာရူရာမဟာအင်ပါယာအလောင်းကောင်နှင့် ဆက်နွယ်သွားနိုင်လေသည်။ အလောင်းကောင်သည် ရုတ်ခြည်း လင်းလက်လာပြီး မဟာလမ်းစဉ်နတ်အလင်း တလက်လက် တောက်ပလာသည်။
မဟာအင်ပါယာအလောင်းကောင်အတွင်းတွင် မရေမတွက်နိုင်အောင် များပြားသော မဟာအင်ပါယာ၏ နတ်သင်္ကေတများ တောက်ပလာသည်။ သိမ်းငှက်လေး၏ဝိညာဉ်စွမ်းအားသည် ၎င်းနှင့် ပေါင်းစည်းလိုက်၏။ သူသည် ကာရူရာမဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အာရုံခံနိုင်နေလေသည်။ ဤမဟာအင်ပါယာအလောင်းကောင်ပေါ်တွင် မဟာအင်ပါယာ၏ နတ်သင်္ကေတများထွင်းထားခြင်းဖြစ်ပြီး မဟာအင်ပါယာဝိညာဉ်စွမ်းအား ပါဝင်ပေသည်။ ၎င်းသည် မဟာအင်ပါယာတစ်ပါး၏ အကြွင်းအကျန်ပင်။ သို့သော် ၎င်းသည် ကိုယ်ပိုင်အသိစိတ်မရှိတော့ပေ။ သိမ်းငှက်လေးသည် ၎င်းကို စတင်လေ့လာလိုက်သောအခါ ၎င်းနှင့် ချက်ချင်းပင် ပေါင်းစည်းနိုင်ခဲ့သည်။
ထိုစဉ်တွင် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများလည်း ဤနေရာသို့ ရောက်ရှိလာပြီး ဧရာမ ကာရူရာမဟာအင်ပါယာအလောင်းကောင်ကို ကြည့်လိုက်ကြသည်။ ၎င်းအပေါ်တွင် နတ်အလင်းစီးဆင်းနေပြီး ၎င်းထံမှနေ၍ လွန်စွာစွမ်းအားကြီးသော အရှိန်အဝါတစ်ခု ထွက်နေလေသည်။ ထို့နောက်တွင် သူတို့သည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ကြသည်။ ကာရူရာမဟာအင်ပါယာအလောင်းကောင်သည် ရွေ့လျားလာသကဲ့သို့ပင်။ ၎င်းသည် ၎င်း၏မျက်လုံးများကို ဖွင့်လိုက်ပြီး ထိုမျက်လုံးများမှနေ၍ ထည်ဝါသော နတ်အလင်းတန်းတစ်ခု ထွက်လာလေသည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုအခြင်းအရာကြောင့် ရင်ခုန်သွားကြသည်။
မဟာအင်ပါယာအလောင်းကောင်သည် ပြန်လည် အသက်ဝင်လာပြီလော။
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အပြင်းအထန် ရင်ခုန်နေကြသည်။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများပင် မဟာအင်ပါယာအလောင်းကောင်ကို ကြည့်နေကြသည်။ ဧရာမခန္ဓာကိုယ်ကြီးသည် ဖြည်းဖြည်းချင်းရွေ့လျားနေသည်။ ၎င်းသည် ၎င်း၏အတောင်များကို ဖြန့်လိုက်ပြီး ကောင်းကင်ကို ကာရံလိုက်ကာ လေထဲသို့ ပျံတက်လိုက်သည်။
ထိုမြင်ကွင်းသည် ကျင့်ကြံသူများကို ပို၍ပင် ရင်ခုန်မြန်သွားစေလေသည်။
မဟာအင်ပါယာ ပြန်လည် အသက်ဝင်လာပြီလော။
ထိုစဉ်တွင် မဟာအင်ပါယာအလောင်းကောင်ကြီး၏ ပါးစပ်သည် လှုပ်ရှားသွားသည်။ ၎င်းသည် ၎င်း၏ပါးစပ်ကို ဖွင့်ကာ ပြောလိုက်၏။
“ငါ သိမ်းငှက်သခင်က ဒီလိုနေ့မျိုးကို မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“...”
ထိုစကားများကို ကြားလိုက်သောအခါ လူအုပ်သည် စိတ်ပျက်သွားသည်။ စိတ်လှုပ်ရှား တုန်လှုပ်နေမှုသည်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိုအလောင်းထဲမှ သူသည် သိမ်းငှက်လေးသာဖြစ်ပေသည်။ သူသည် မဟာအင်ပါယာအလောင်းကောင်ကို ထိန်းချုပ်နိုင်သွားခြင်းဖြစ်သည်။
သို့သော် လူများစွာသည် အထင်ကြီးသည့် မျက်နှာထားများကို ပြလိုက်ကြသည်။ သိမ်းငှက်လေးကဲ့သို့ သာမန် ဒီမွန်းသားရဲတစ်ကောင်က မဟာအင်ပါယာအလောင်းကောင်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းမှာ သူသည် ရီဖူရှင်းနောက်သို့ လိုက်ခဲ့၍ဖြစ်သည်။ မည်သူသည် အားမကျဘဲ နေမည်နည်း။
“စီဖုန်း... ငါကိုယ်တော် သိမ်းငှက်သခင်က မခံ့ညားဘူးလား”
ကာရူရာမဟာအင်ပါယာအလောင်းကောင်သည် ဇာမနီငှက်ကိုကြည့်၍ မေးလိုက်သည်။ စီဖုန်းသည် အတန်ငယ် ရင်တုန်သွားသည်။ လက်ရှိတွင် ကာရူရာမဟာအင်ပါယာအလောင်းကောင်သည် လွှမ်းမိုးအားကြီးနေသည်။ သို့သော် သူမသည် ထိုအလောင်းကောင်ကို စကားများလျှာရှည်သော သူက ထိန်းချုပ်နေကြောင်း သိပေသည်။ ထို့ကြောင့် သူမရင်ထဲတွင် ကိုးရိုးကားရားခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
ဝုန်း...
သိမ်းငှက်လေး ဟိတ်ကြီးဟန်ကြီး မထုတ်ရသေးခင်မှာပင် မဟာအင်ပါယာအလောင်းကောင်သည် မြေပေါ်သို့ ပြုတ်ကျသွားပြီး ၎င်း၏နတ်အလင်း မှေးမှိန်သွားသည်။ ထို့ကြောင့် လူအုပ်သည် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်ကြသည်။
မည်သည့်ကိစ္စဖြစ်ခဲ့ခြင်းနည်း။
သူသည် သူတို့ကို နောက်ပြောင်နေခြင်းလော။
မဟာအင်ပါယာအလောင်းကောင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သိမ်းငှက်လေးသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ခေါင်းခါလိုက်ပြီး စိတ်ပျက်သည့်အသံဖြင့် ပြောလိုက်၏။
“ကျုပ် အဲဒါနဲ့ အသားမကျသေးဘူး။ နောက်ကျရင် ပိုပြီး ထိန်းချုပ်လာနိုင်မှာပါ”
လူအုပ်သည် နှုတ်ခမ်းမဲ့လိုက်၊ ရွဲ့လိုက်ကြသည်။ သိမ်းငှက်လေး၏ လက်ရှိကျင့်ကြံခြင်းအဆင့်တွင် သူ့အတွက် မဟာအင်ပါယာအလောင်းကောင်ကို ထိန်းချုပ်ရန် မလွယ်ကူလောက်ပေ။ သူသည် ၎င်းကို ထိန်းချုပ်နိုင်ရန် စွမ်းအားများစွာ သုံးရပေသည်။ ရီဖူရှင်းသည် ထိုအချက်ကို ကောင်းစွာ သိပေသည်။ သူသည် မဟာအင်ပါယာရှန့်ကျား၏ အလောင်းကို အပြည့်အဝထိန်းချုပ်လိုခဲ့စဉ်ကလည်း သူ အခက်တွေ့ခဲ့ရပေသည်။ အထူးသဖြင့် သူ မဟာအင်ပါယာရှန့်ကျား၏ခန္ဓာကိုယ်မှ စွမ်းအားကို ထုတ်လိုက်လျှင် ပို၍ပင် ထိန်းချုပ်ရခက်လေသည်။ သူသည် ထိုသို့လုပ်နိုင်ရန် စွမ်းအားများစွာ အကုန်ခံရလေသည်။ ထို့ကြောင့် သိမ်းငှက်လေး၏ တုံ့ပြန်မှုသည် သာမန်သာဖြစ်ပေသည်။
“နင်က တကယ့်ကို ခံ့ညားတာပဲ”
စီဖုန်းက ရွဲ့တဲ့တဲ့ ပြောလိုက်၏။
သိမ်းငှက်လေးသည် သူမ၏ ရွဲ့စောင်းမှုကို လျစ်လျူရှုလိုက်သည်။ ယခင်ကဆိုလျှင် သူသည် ပြန်၍ ခွန်းတုံ့ပြန်မည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် စီဖုန်းကို ကြည့်ရုံသာကြည့်လိုက်ပြီး ငါးခူပြုံး ပြုံးလိုက်သည်။ ထိုဇာမနီသည် သူ မည်သည့်အရာကို ရရှိခဲ့ကြောင်း မသိလောက်ပေ။ သူမသည် သိမ်းငှက်သခင်၏ရှေ့တွင်ပင် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဝံ့နေသေးပေသည်။ သိမ်းငှက်သခင် အချိန်တစ်ခုကြာအောင် ကျင့်ကြံပြီးလျှင် သိမ်းငှက်သခင်သည် သေချာပေါက် သူမ၏ကျောပေါ်တွင် ခံ့ညားထည်ဝါစွာ စီးနင်းမည်ဖြစ်သည်။ သူ့ရှေ့မှောက်တွင် သူမကို မည်သူက ဝင့်ဝါစွာ ပြုမူခိုင်းသနည်း။
“ဆရာ...”
သိမ်းငှက်လေးသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် လှမ်းခေါ်လိုက်သည်။ သူသည် ရီဖူရှင်းဘေးသို့ ပြေးသွားလိုက်ပြီး ရီဖူရှင်းခန္ဓာကိုယ်ကို သူ၏ဦးခေါင်းဖြင့် တိုးဝှေ့လိုက်သည်။ ပတ်ဝန်းကျင်မှ လူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ကြက်သီးများပင်ထသွားသည်။ ထိုငှက်သည် လွန်စွာ အရှက်ကင်းမဲ့ပေသည်။
“လှိမ့်လိုက်...”
ရီဖူရှင်းသည် ဘေးသို့တိုးသွားရင်း ပြောလိုက်၏။ သူသည် ထိုသိမ်းငှက် မည်သို့ကို တွေးနေကြောင်း သိပေသည်။
သိမ်းငှက်လေးသည် စိတ်ထဲမထားပါ။ သူသည် မြေပြင်ပေါ်တွင် ပတ်လည်လှိမ့်လိုက်ပြီး ထရပ်ကာ ပြောလိုက်၏။
“ကျုပ်က ဆရာ့ရဲ့ အမိန့်တွေကို သေချာပေါက် နာခံမှာပါ”
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ဆွံ့အသွားကြသည်။
လောကထဲတွင် ထိုကဲ့သို့ အရှက်ကင်းမဲ့သည့် ဒီမွန်းသားရဲတစ်ကောင် ရှိနေပေသေးသည်။
ရီဖူရှင်းမှာလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားသည်။ ထိုသိမ်းငှက်သည် အမှန်ပင် အရှက်ကင်းမဲ့လွန်း၏။
သိမ်းငှက်လေးသည် ထရပ်လိုက်ပြီး လူအုပ်၏ အထင်သေးဟန် အကြည့်များကို တွေ့လိုက်ရသောအခါ ထိုသူများကို မကျေမနပ်ဖြစ်သွားသည်။ သူတို့သည် သိမ်းငှက်သခင်ကို အထင်သေးနေကြခြင်းလော။ သိမ်းငှက်သခင်သည် ဂရုမစိုက်ပေ။ ထိုလူများသည် ဟိတ်ကြီးဟန်ကြီး လုပ်နေကြသော်လည်း သူတို့သည် ရီဖူရှင်းဘေးမှသူများမဟုတ်သဖြင့် အပြင်လောကမှ ထိပ်သီးကျင့်ကြံသူများကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူတို့ကိုသာ မဟာအင်ပါယာတစ်ပါး၏ နတ်အလောင်းကို ပေးခဲ့ပြီး ၎င်းကို လေ့လာခြင်းနှင့် ထိန်းချုပ်ခြင်းတွင် ကူညီပေးခဲ့ပါက သူတို့သည် မြေပေါ်တွင် လှိမ့်ရုံကို မဆိုထားနှင့် ရီဖူရှင်းကို ဖိုးဖိုးဟူ၍ပင် ခေါ်ကြပေလိမ့်မည်။
သူတို့ နားမလည်ပေ။
သိမ်းငှက်သခင်သည် ဆရာ၏ အမှန်တကယ် မျက်နှာသာပေးခံရသူဖြစ်သည်။
ဆရာသည် အကောင်းဆုံးကို သိမ်းငှက်သခင်အတွက် ချန်ထားခဲ့သည်။
ရီဖူရှင်းသည် သိမ်းငှက်လေးက သူ့ကိုသူ မည်မျှအထင်ကြီးနေသည်ကို အာရုံခံမိလိုက်သောအခါ အတန်ငယ် ဆွံ့အသွားသည်။ ထိုသိမ်းငှက်သည် အမှန်ပင် ပလွှားတတ်သူဖြစ်သည်။
“သိမ်းငှက်လေးက ကျုပ်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ဆက်နွယ်နေတာလေ။ အဲဒါကြောင့် သူက ကျုပ်ရဲ့ သိမြင်နားလည်မှုကို တိုက်ရိုက်အာရုံခံနိုင်တော့ မဟာအင်ပါယာအလောင်းကောင်ကို ပိုပြီးလွယ်လွယ်ကူကူ ထိန်းချုပ်နိုင်တာကြောင့်ပါ”
ရီဖူရှင်းသည် လူအုပ်ကို ပြောလိုက်၏။ လူအုပ်သည် ထိုကိစ္စကို သဘောပေါက်ပေသည်။ ရီဖူရှင်းသည် ရွှေတောင်ပံခွန်ပန်းငှက်က ကန့်ကွက်မည်ကို စိုးရိမ်နေခဲ့ခြင်းပင်။ သူသည်လည်း ရီဖူရှင်းနောက်သို့ လိုက်ခဲ့သူ မဟုတ်ပါလား။
သို့သော် ရီဖူရှင်းအနေဖြင့် ရှင်းပြရန် မလိုပေ။ အားလုံးသည် သူ့နောက်သို့ လိုက်ခဲ့ပြီးနောက်တွင် ပို၍စွမ်းအားကြီးလာခဲ့ပေသည်။ သူသည် ဘက်လိုက်ခဲ့လျှင်ပင် ထိုအရာသည် လူ့သဘာဝပင်ဖြစ်လေသည်။ သိမ်းငှက်လေးသည် သူအပြည့်အဝထိန်းချုပ်နိုင်သော သူ၏စီးတော်ယာဉ်ပင် မဟုတ်ပါလား။
“သွားကြစို့... ကျုပ်တို့ ဒီမှာ အချိန်အများကြီး ကုန်သွားပြီ။ ကျုပ်သို့ တခြားနေရာတွေကို သွားသင့်ပြီ”
ရီဖူရှင်း ပြောလိုက်၏။ လူအုပ်သည် ခေါင်းညိတ်လိုက်ကြသည်။ သိမ်းငှက်လေးသည် မဟာအင်ပါယာအလောင်းကောင်ကို သိမ်းဆည်းလိုက်၏။ ထို့နောက်တွင် သူတို့အုပ်စုသည် ထိုနေရာမှ ထွက်ခွာသွားကြလေသည်။
ယူချင်းသည် သူတို့အနားတွင် မဟုတ်တော့ပေ။ ရီဖူရှင်းသည် သူ၏ကျင့်ကြံခြင်းကို မနှောင့်ယှက်လိုပေ။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း သူတို့ထွက်သွားခြင်းကို အရေးမထားပေ။
ရီဖူရှင်းတို့အုပ်စုသည် ထိုနယ်မြေမှ ထွက်လာကြသည်။ ထိုနယ်မြေသို့ နတ်ဆိုးလောကမှ ကျင့်ကြံသူများစွာ ရောက်လာကြပြီး အတိတ်က ဒီမွန်းကလန်၏ အမွေအနှစ်များကို ရှာဖွေနေသည်ကို တွေ့ခဲ့ရသည်။
အင်ပါယာရှီသည် ထိုမြင်ကွင်းကို မြင်သောအခါ ပြောလိုက်၏။
“ဒီနယ်မြေကို အခု နတ်ဆိုးအင်ပါယာနန်းတော်က ထိန်းချုပ်လိုက်ပြီ။ ဒီနေရာက ဒီရှေးဟောင်းကုန်းမြေပေါ်က နတ်ဆိုးလောကရဲ့ အခြေစိုက်စခန်းဖြစ်လာလောက်တယ်။ တကယ်လို့ သူတို့သာ ဒီနယ်မြေကို အပြည့်အဝသိမ်းပိုက်ပြီးရင် နတ်ဆိုးလောက,က ဒီနယ်မြေကို သူတို့ရဲ့ ဌာနချုပ်အနေနဲ့ သုံးလိမ့်မယ်”
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။
“အဲဒီလို ဖြစ်နိုင်ပါတယ်။ ကျုပ် ဒီကို မလာခင်တုန်းက ကျုပ်တို့ အခြေချနိုင်မယ့် အမွေအနှစ်နယ်မြေတစ်ခုလောက် တွေ့လောက်မလားလို့ တွေးခဲ့တယ်။ တကယ်လို့ တွေ့ခဲ့ရင် စီဝေ့အင်ပါယာနန်းတော်က ကျင့်ကြံသူတွေကို ဒီကိုလှမ်းခေါ်ပြီး ကျင့်ကြံခိုင်းလို့ရတယ်။ အဲဒီအတွေးကတော့ အကုန်အတူတူပဲဖြစ်မှာပဲ။ တခြားလောကတွေလည်း သေချာပေါက် အဲဒီလိုလုပ်လောက်တယ်။ သူတို့က နယ်မြေတစ်ခုကို သိမ်းပိုက်ပြီး သူတို့ရဲ့ အခြေစိုက်စခန်းလုပ်ကြလိမ့်မယ်။ သူတို့က အဲဒီနယ်မြေကို အပြည့်အဝအုပ်စိုးပြီးတော့ တခြားအင်အားစုတွေကို အဝင်ခံမှာ မဟုတ်ဘူး။ ဒီလောကအသေးလေးမှာလည်း ဒီမွန်းအရှင်တစ်ပါးရဲ့ အမွေအနှစ်တွေနဲ့ တပ်ဖွဲ့ရှစ်ဖွဲ့က တစ်ဖွဲ့ဖြစ်တဲ့ ကာရူရာအိမ်တော်က အမွေအနှစ်တွေ ရှိတယ်လေ။ တစ်ချိန်တုန်းက ဒီနေရာမှာ နတ်ဆိုးလောကရဲ့ ဘိုးဘေးတွေနဲ့ ကာရူရာအိမ်တော်တို့ တိုက်ခိုက်ခဲ့တာပဲ။ သူတို့အနေနဲ့ ဒီနယ်မြေကို ထိန်းချုပ်တာက အသင့်တော်ဆုံးပါပဲ”
ထိုမတိုင်ခင်က သူသည် ဤနေရာတွင် နတ်ဘုရားတစ်ဝက်စာရင်းတွင် ပါဝင်သော ကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့ရသည်။ သို့သော် နတ်ဆိုးအင်ပါယာနန်းတော်က ဤနယ်မြေကို သိမ်းပိုက်လိုက်သောအခါ သူတို့ ထွက်ခွာသွားခဲ့ကြသည်။ သူတို့သည် သူတို့၏အင်အားကို သိပေသည်။ ဗလာနတ္တိဘုံမှ အင်အားစုများပင် နောက်ဆုတ်သွားခဲ့သဖြင့် အခြားကျင့်ကြံသူများကို ထည့်ပြောနေရန်ပင် လိုမည်မထင်ပေ။
သူတို့အုပ်စုသည် ခေါင်းညိတ်လိုက်ကြသည်။ ယခုတွင် ကောင်းကင်လမ်းစဉ်အောက်တွင် တပ်ဖွဲ့ရှစ်ဖွဲ့ရှိကြောင်းကို အတည်ပြုပြီးခဲ့ပေပြီ။ နတ်ဘုရားများသည် ကောင်းကင်လမ်းစဉ်စစ်ပွဲကို စတင်ခဲ့သည်။ ထိုစစ်ပွဲကြောင့် နတ်ဘုရားများ အဆုံးသတ်သွားခဲ့ပြီး ကောင်းကင်လမ်းစဉ်လည်း ပြိုပျက်ခဲ့သည်။
ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်အကြောင်းကို တွေးလိုက်သည်။ ၎င်းသည် ကောင်းကင်လမ်းစဉ်စည်းမျဉ်းမှ ဖြစ်ပေါ်လာခြင်းလော။
တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော ကာရူရာအိမ်တော်ကို တွေ့ခဲ့ရပြီဖြစ်သဖြင့် တခြားတပ်ဖွဲများကိုလည်း တွေ့ရနိုင်ချေရှိလေသည်။ ထိုတပ်ဖွဲ့နေရာများကို အခြားသူများ ရှာတွေ့သွားပြီလော၊ ရှာမတွေးသေးဘူးလောကို သူမသိပေ။
သူတို့အုပ်စုသည် အမွေအနှစ်လောကကို ဖြတ်ကာ သွားနေသည်။ သူတို့ ဤနယ်မြေသို့ ရောက်နေစဉ်အတွင်း၌ အပြင်လောကသည် မည်သို့ဖြစ်ပျက်နေသည်ကို သူတို့မသိပေ။
အပြင်တွင် ကျင့်ကြံသူများသည် ရှေးဟောင်းကုန်းမြေသို့ ပို၍ ရောက်ရှိလာကြသည်။ လောကအသီးသီးမှ ကျင့်ကြံသူများ ရောက်ရှိလာကြသည်။ ရီဖူရှင်းတို့အုပ်စု နတ်ဘုရားသင်္ချိုင်းသို့ ရောက်လာခါစက အခြားကျင့်ကြံသူများကို အရိပ်အယောင်ပင် မတွေ့ခဲ့ရချေ။ သို့သော် ယခုတွင် အခြားကျင့်ကြံသူများသည် နေရာအနှံ့တွင် ရှိနေပေပြီ။
*****
ရီဖူရှင်း တွေးထားသကဲ့သို့ပင် နတ်ဘုရားသင်္ချိုင်းပွင့်သွားသောအခါ မဟာအင်ပါယာအဆင့် အင်အားစုအသီးသီးသည် တပ်ဖွဲ့ရှစ်ဖွဲ့၏နယ်မြေများကို အရင်ဆုံး ရှာဖွေခဲ့ကြသည်။
လက်ရှိလောကထဲတွင်ပင် အဓိကအုပ်စိုးသည့် အင်အားစုကြီးများသည် တပ်ဖွဲ့ရှစ်ဖွဲ့နှင့် ခွဲခြား၍မရအောင် ဆက်နွယ်နေသည်။ သို့သော် ထိုဆက်နွယ်မှုများအားလုံးသည် ကွဲပြားပေသည်။ အချို့ဆက်နွယ်မှုများသည် နတ်ဆိုးလောကနှင့် ကာရူရာအိမ်တော်တို့ကဲ့သို့ ကမ္ဘာ့ရန်ဘက်များအဖြစ် ဆက်နွယ်နေခြင်းပင်။ အချို့မှာမူ တပ်ဖွဲ့ရှစ်ဖွဲ့နှင့် ဆင်တူခြင်းဖြစ်သည်။
ဥပမာအားဖြင့် လက်ရှိမှော်နက်နန်းတော်သည် အသူရာအိမ်တော်နှင့် ဆင်တူပေသည်။
ဒီဗာအိမ်တော်သည် ရှေးခေတ်တွင် တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ဟူသော ကောလာဟလများရှိပေသည်။ ထိုအိမ်တော်ကို ကောင်းကင်အင်ပါယာက အုပ်စိုးခဲ့သည်။
နောက်တွင် ထိုကဲ့သို့သော အင်အားစုတစ်ခု ပေါ်ပေါက်လာသည်။ ကောင်းကင်ဘုံပင်။
သို့သော် လက်ရှိခေတ်တွင် ကောင်းကင်ဘုံသည် တစ်ခုခုဖြစ်ပျက်ခဲ့သည့်ပုံပင်။
ယခုတွင် ကျင့်ကြံသူများစွာသည် နတ်ဘုရားသင်္ချိုင်း၏ အမြင်ပိုင်းရှိ နယ်မြေတစ်ခုတွင် စုဝေးနေကြသည်။
ထိုကျင့်ကြံသူအုပ်စု၏ အရှေ့ဆုံးမှ ကျင့်ကြံသူများသည် ကောင်းကင်ဘုံမှ ကျင့်ကြံသူများဖြစ်ကြသည်။ ယခင်က ရီဖူရှင်း တွေ့ဆုံခဲ့ဖူးသော လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်လည်း ထိုနေရာတွင် ရှိနေသည်။ သူ့အနောက်တွင် ကောင်းကင်ဘုံ၏ ကောင်းကင်ဘုရင်လေးပါး ရှိနေသည်။ ထိုသူများအပြင် နက်နဲသောကျင့်ကြံခြင်းအစွမ်းရှိသည့် အခြားကျင့်ကြံသူများလည်း ရှိနေ၏။
သူတို့အားလုံးသည် တစ်နေရာတည်းတွင် ရပ်နေကြပြီး ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။ ထိုနေရာတွင် ကောင်းကင်သို့ရောက်သည့် ကောင်းကင်လှေကားကြီးတစ်စင်းရှိနေသည်။ လှေကားပေါ်တွင် မြင့်မားသောကျောက်တိုင်ကြီးများနှင့် နန်းတော်စောင့်ကြည့်မျှော်စင်များ ရှိပေသည်။ သို့သော် ထိုစဉ်တွင် ကျောက်တိုင်ကြီးများသည် ထက်ပိုင်းကွဲအက်သွားပြီး နန်းတော်စောင့်ကြည့်မျှော်စင်များသည် ပြိုကျသွားကြသည်။
သို့ပင်လျှင် ကောင်းကင်ထက်မှနေ၍ နတ်အလင်းတစ်ခုသည် အရှိန်အဝါတစ်ခုနှင့်အတူ ဆင်းသက်လာပေသေးသည်။
သူတို့သည် ရှေးဟောင်းကောင်းကင်နန်းတော်ကို တွေ့ရှိခဲ့ခြင်းပေ။ ထိုနေရာသည် တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ဒီဗာအိမ်တော်၏ နေရာပင်ဖြစ်လေသည်။
***