← Chapters

မဟော်ရာဂီ

Vol. 188 Ch. 2682

မဟော်ရာဂီ

Vol. 188 Ch. 2682

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အမွေအနှစ်ကုန်းမြေကို ဖြတ်သန်း၍ သွားနေသည်။ ဤတစ်ကြိမ်တွင် ရှီးချီယောင်ဦးဆောင်သော အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူတို့နှင့်အတူ သွားနေ၏။

လမ်းတစ်လျှောက်တွင် သူတို့သည် ကျင့်ကြံသူများစွာကို မြင်ခဲ့ရ၏။ အမွေအနှစ်များကိုမူ အနည်းငယ်သာ တွေ့ခဲ့ရလေသည်။ ရီဖူရှင်းတို့အုပ်စုသည် အမွေအနှစ်အနည်းငယ် ရရှိခဲ့ပြီးဖြစ်သည်။ သူတို့မှာ အင်ပါယာအဆင့် သင့်ကြားမှုအနည်းငယ်ကိုလည်း ရရှိခဲ့သည်။ ယခုတွင် ဤကုန်းမြေ၌ အင်ပါယာအဆင့်အင်အားစုများအပြင် ရှေးဟောင်းနတ်ဘုရားကလန်များကဲ့သို့ ထိတ်တန်းအင်အားစုများလည်း ရှိနေသဖြင့် ကျင့်ကြံသူများ မှိုလိုပေါက်နေသည်။ ဤကုန်းမြေတွင် လောကတိုင်းမှ ကျင့်ကြံသူများ ရှိပြီး အခန်းအောင်းကျင့်ကြံနေခဲ့ကြသည့် စွမ်းအားကြီးကျင့်ကြံသူများလည်း ရှိနေသည်။

ဤနေရာတွင် လူများစွာ ရှိနေသဖြင့် နတ်ဘုရားခေတ်မှ အမွေအနှစ်များကို ဝေပုံကျခွဲကာ လုယက်နေကြလေသည်။

သူတို့အုပ်စု ရှေ့သို့ ဆက်သွားနေစဉ်တွင် ရှီးချီယောင်သည် အခြားတစ်ဘက်မှ အလျင်အမြန် ပြန်ရောက်လာသည်။

“အခြေအနေတွေ ဘယ်လိုလဲ”

ရီဖူရှင်း မေးလိုက်သည်။ အစောက ရှီးချီယောင်သည် သတင်းအချက်အလက်စုဆောင်းရန် ထွက်သွားခဲ့ခြင်းဖြစ်သည်။ အမွေအနှစ်ကုန်းမြေသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ သူတို့သည် ကာရူရာအိမ်တော်၏နယ်မြေထဲတွင် အချိန်များစွာ ကုန်ဆုံးခဲ့သည်။ ထိုအတောအတွင်း အပြင်လောကတွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပေသည်။

ရှီးချီယောင် ပြောလိုက်၏။

“နတ်ဆိုးအင်ပါယာနန်းတော်က ကာရူရာအိမ်တော်နယ်မြေကို ရှာတွေသွားပြီး အဲဒီနယ်မြေကို သိမ်းပိုက်ထားတယ်ဆိုတဲ့ သတင်းတွေ ပျံ့နေပြီ။ အဲဒီလို လုပ်နိုင်ခဲ့တာ နတ်ဆိုးအင်ပါယာနန်းတော်တစ်ခုတည်း မဟုတ်ဘူး။ အင်ပါယာအဆင့်အင်အားစုတွေက တပ်ဖွဲ့ရှစ်ဖွဲ့ရဲ့ နယ်မြေတွေကို တစ်ခုပြီးတစ်ခု ရှာတွေ့ခဲ့တယ်။ ရှာတွေခဲ့တဲ့ နယ်မြေအရေအတွက်ကို အတည်ပြုပြီးပြီ။ မှော်နက်နန်း‌တော်က အသူရာအိမ်တော်ရဲ့နယ်မြေကို ရှာတွေ့ခဲ့တယ်။ ကောင်းကင်ဒေသက နာဂါအိမ်တော်ရဲ့နယ်မြေကို ရှာတွေ့ခဲ့တယ်။ ကောင်းကင်ဘုံက ကျင့်ကြံသူတွေက ဒီဗာအိမ်တော်ရဲ့နယ်မြေကို ရှာတွေ့ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိတယ်။ အဲဒီနယ်မြေကို ဖွင့်တော့မယ်”

သူမသည် အသုံးဝင်သော သတင်းအချက်အလက်များစွာကို ရရှိခဲ့ပေသည်။

သူမ ဆက်ပြောလိုက်၏။

“မြောက်ဘက်မှာလည်း ဧရာမတောင်တန်းကြီးတစ်ခု ထွက်ပေါ်လာတယ်။ အဲဒီနေရာမှာ ကြောက်စရာအရှိန်အဝါတွေရှိတဲ့ အလောင်းကောင်တွေအများကြီးကို ရှာတွေ့ခဲ့တယ်။ ကျင့်ကြံသူတော်တော်များများက အဲဒီနယ်မြေဘက်ကို ဦးတည်သွားနေကြတယ်။ အဲဒီဘက်မှာ တပ်ဖွဲ့ရှစ်ဖွဲ့ထဲက မဟော်ရာဂီအိမ်တော် တည်ရှိလိမ့်မယ်ဆိုတဲ့ ကောလာဟလတွေ ရှိနေတယ်”

ရှီးချီယောင်သည် ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်၏။

“အခုအထိတော့ အဲဒီဘက်ကို ဘယ်အင်ပါယာအဆင့်အင်အားစုမှ သွားနေတယ်လို့ ကျွန်မ မကြားသေးဘူး။ ကျွန်မတို့ အဲဒီဘက်ကို သွားသင့်လား”

ကောင်းကင်လမ်းစဉ်အောက်တွင် တပ်ဖွဲ့ရှစ်ဖွဲ့ ရှိပေသည်။ သို့သော် ကောင်းကင်အင်ပါယာဘုံကို ထည့်တွက်လျှင်ပင် အင်ပါယာအဆင့်အင်အားစု ခုနစ်စုသာ ရှိ၏။ အင်အားစုတစ်စုစီသည် တပ်ဖွဲ့ရှစ်ဖွဲ့၏နယ်မြေတစ်ခုစီကို သိမ်းပိုက်ခဲ့လျှင်ပင် နယ်မြေတစ်ခု ကျန်နေပေလိမ့်ဦးမည်။

သို့ဆိုလျှင် ထိုကျန်နေသောနယ်မြေကို မည်သည့်အင်အားစုက သိမ်းပိုက်နိုင်မည်နည်း။

မူလဘုံ၏ ခေါင်းဆောင်ဖြစ်သော စီဝေ့ကြယ်ကောင်းကင်သည် ထိုနယ်မြေကို သိမ်းပိုက်နိုင်လောက်ပေသည်။ အနောက်အင်ပါယာနန်းတော်သည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုဖြစ်သော်လည်း သူတို့အနေဖြင့် ဤကဲ့သို့သော ပရမ်းပတာအခြေအနေအတွင်းတွင် တပ်ဖွဲ့ရှစ်ဖွဲ့၏ နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်စွမ်း မရှိပေ။ သို့သော် သူတို့သည် မဟာအင်ပါယာတစ်ပါး၏ သင်ကြားမှုများကို ရှာတွေ့နိုင်ရန် အခွင့်အရေးရှိပေသည်။

“သွားကြစို့...”

ရီဖူရှင်း ပြောလိုက်၏။ ရီဖူရှင်းသည် ကာရူရာအိမ်တော်နယ်မြေတွင် မဟာအင်ပါယာများစွာ၏ အလောင်းများကို တွေ့ခဲ့ရသဖြင့် အံ့အားသင့်ခဲ့ရပေသည်။ တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော မဟော်ရာဂီအိမ်‌တော်နယ်မြေသည်လည်း သူ့ကို စိတ်မပျက်စေလောက်ပေ။

လက်ရှိတွင် စီဝေ့အင်ပါယာနန်းတော်၏ စွမ်းအားသည် အဆက်မပြတ်တိုးတက်နေသော်လည်း သူတို့သည် အင်ပါယာအဆင့်အင်အားစုများနှင့် သူတင်ကိုယ်တင် ယှဉ်နိုင်ရန် များစွာလိုအပ်သေးကြောင်း ရီဖူရှင်း သိပေသည်။ ဤတစ်ကြိမ်တွင် အင်ပါယာအဆင့်အင်အားစုအသီးသီးသည် သူတို့၏ ကျင့်ကြံသူအားလုံးနီးပါးကို ဤကုန်းမြေသို့ စေလွှတ်ခဲ့ပေသည်။

သူသည် စီဝေ့အင်ပါယာနန်းတော်၏လက်ရှိအခြေအနေဖြင့် အင်ပါယာအဆင့်အင်အားစုများကို ယှဉ်နိုင်လောက်သည်ဟု တွေးရလောက်အောင်အထိ စိတ်ကြီးဝင်မနေပေ။

“ကောင်းပြီ...”

ရှီးချီယောင် ပြောလိုက်၏။

“ဒါဆို အဲဒီကို အခုချက်ချင်းပဲ သွားကြတာပေါ့...”

သူတို့အုပ်စုသည် မြောက်ဘက်သို့ သွားလိုက်ကြသည်။ သူတို့ သွားနေစဉ်တွင် ရီဖူရှင်းသည် ရှီးချီယောင်ကို မေးလိုက်သည်။

“နတ်မိမယ်ချီယောင်... နတ်မိမယ် တပ်ဖွဲ့ရှစ်ဖွဲ့ရဲ့ ဘာအကြောင်းတွေကို သိထားလဲ”

အနောက်အင်ပါယာနန်းတော်သည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုဖြစ်သည်။ သူတို့သည် ရှေးဟောင်းလျှို့ဝှက်ချက်များကို သိလေသလောဟု သူတွေးမိနေသည်။

အနောက်အင်ပါယာနန်းတော်သည် မဟာအင်ပါယာတစ်ပါး၏ ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားဆဲမဟုတ်ပါလား။

“အဲဒါကတွေက နတ်ဘုရားခေတ်က ဒဏ္ဍာရီတွေပါ”

ရှီးချီယောင် ပြောလိုက်၏။

“ဒဏ္ဍာရီတွေက ပြောကြတာတော့ ကောင်းကင်လမ်းစဉ်အောက်မှာ တပ်ဖွဲ့ရှစ်ဖွဲ့ရှိတယ်တဲ့။ သူတို့က လောကကြီးကို ဟန်ချက်ညီအောင် ထိန်းပေးရတယ်။ ကောင်းကင်လမ်းစဉ်လက်အောက်မှာ ကျင့်ကြံခြင်းလောက,က အတော်လေး စည်ပင်ဝပြောခဲ့တယ်။ စွမ်းအားကြီးကျင့်ကြံသူတွေ အများကြီး ထွက်ပေါ်ခဲ့တယ်။ အဲဒါကြောင့် အဲဒီခေတ်ကို နတ်ဘုရားခေတ်လို့ခေါ်တာ”

သူမက ဆက်ပြောလိုက်၏။

“တပ်ဖွဲ့ရှစ်ဖွဲ့ကို ကောင်းကင်နန်းတော် အလယ်မှာ အခြေချတဲ့ ဒီဗာအိမ်တော်က ဦးဆောင်တယ်။ တပ်ဖွဲ့ရှစ်ဖွဲ့က သူတို့ရဲ့ ကိုယ်ပိုင်တာဝန်တွေရှိကြတယ်။ နာဂါအိမ်တော်က ဒီမွန်းကလန်တွေကို အုပ်စိုးတယ်။ အသူရာအိမ်တော်က ငရဲပြည်နဲ့ သေခြင်း၊ ရှင်ခြင်းကို အုပ်စိုးတယ်။ ဒဏ္ဍာရီတွေက ပြောကြတာတော့ သူတို့က ဒီဗာအိမ်တော်နဲ့တောင် ယှဉ်ပြိုင်ဝံ့ကြတယ်ဆိုပဲ။ တခြားတပ်ဖွဲ့တွေကလည်း တာဝန်ကိုယ်စီရှိကြတယ်။ သူတို့က လောကကြီးထဲမှာ ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုတယ်။ ကောလာဟလတွေကပြောကြတာတော့ ကောင်းကင်အင်ပါယာဘုံက ရှေးခေတ်က ဒီဗာအိမ်တော်နဲ့ ဆက်စပ်နေတယ်တဲ့”

“ဒီတော့ ကောင်းကင်ဘုံက ကျင့်ကြံသူတွေက သူတို့ရဲ့ဆက်နွယ်မှုကြောင့် ဒီဗာအိမ်တော်ကို ရှာနေကြတာပေါ့...”

ရီဖူရှင်း ရေရွတ်လိုက်သည်။

“အရင်တုန်းက ကောင်းကင်အင်ပါယာဘုံက ဘယ်လို ကျဆုံးခဲ့တာလဲ။ အဲဒီကိစ္စတွေအားလုံးရဲ့ အနောက်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလဲ။ အခု ကောင်းကင်ဘုံက အင်အားစုတွေက ဒီဗာအိမ်တော်ရဲ့ စွမ်းအားအကြီးဆုံး အမွေအနှစ်ကို ထိန်းချုပ်နိုင်မယ့် စွမ်းရည်ရှိနေပြီလား”

“ကျွန်မလည်း ကောင်းကင်ဘုံရဲ့ လက်ရှိစွမ်းရည်နဲ့ ပတ်သတ်ပြီးတော့ သိပ်မသိဘူး။ သူတို့ကို အတော်လေး သိုသိုသိပ်သိပ် နေခဲ့ကြတာဆိုတော့ သူတို့အကြောင်းကို သိရဖို့က ခက်ခဲတယ်။ သူတို့က တခြားလောကတွေကို လာခဲတယ်... သူတို့ဘာသာပဲ ကျင့်ကြံကြတာ”

ရှီးချီယောင် ပြောလိုက်၏။

ရီဖူရှင်းမှာလည်း ကောင်းကင်ဘုံသည် လွန်စွာ လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားနေရပေသည်။ ကောင်းကင်အင်ပါယာဘုံ၏ ဆက်ခံသူသည် လွန်စွာအရည်အချင်းရှိပြီး သူ၏စွမ်းရည်သည် လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့ တိုက်ခိုက်ခဲ့စဉ်က ထိုသူသည် ဒွန်ဟောင်တိယွမ်၏ စွမ်းရည်ဖြစ်သော ကောင်းကင်အပြစ်ပေးနတ်ဓားကို အသုံးပြုခဲ့သည်။

ရှီးချီယောင်သည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ အတိတ်ကလျှို့ဝှက်ချက်တွေအကြောင်းကို အကြီးအကဲတချို့ပြောတာ ကျွန်မကြားဖူးတယ်။ ကောင်းကင်ဘုံရဲ့ အုပ်စိုးသူက ပြိုင်ဘက်ကင်း ပါရမီနဲ့ စွမ်းရည် ရှိတယ်တဲ့။ အတိတ်တုန်းက နတ်ဆိုးအင်ပါယာ၊ မိစ္ဆာအင်ပါယာနဲ့ တခြားမဟာအင်ပါယာတွေတောင် သူနဲ့ တိုက်ခိုက်ဖို့ ရှောင်ကြတယ်တဲ့။ ဒါပေမဲ့ ဘာအကြောင်းကြောင့်မှန်းမသိရဘဲ သူ ခြေရာလက်ရာတောင် မကျန်ခဲ့ဘဲ ပျောက်သွားခဲ့တယ်။ ဘာဖြစ်ခဲ့တာလည်းဆိုတာတော့ အင်ပါယာအဆင့်အင်အားစုတွေပဲ သိလောက်တယ်။ အင်ပါယာအဆင့်အင်အားစုတွေကလည်း အဲဒီကိစ္စအကြောင်းကို လျှို့ဝှက်ထားကြတဲ့ပုံပဲ”

သူမ၏လှပသောအကြည့်များထဲတွင် တွေးတောနေသည့်အရိပ်အယောင်တစ်ခု ရောယှက်နေလေသည်။ သူမသည်လည်း အတိတ်တွင် မည်သည့်ကိစ္စဖြစ်ခဲ့သည်ကို စိတ်ဝင်စားနေသည့်ပုံပင်။

“အဲဒီကိစ္စမှာ အရှင်ဒွန်ဟောင်လည်း ပါဝင်ခဲ့တယ်လို့ ကျွန်မကြားခဲ့ဖူးတယ်”

ရှီးချီယောင်သည် သိပ်၍မသေချာသော လေသံဖြင့် ပြောလိုက်၏။

ရီဖူရှင်း၏မျက်နှာထားသည် ထူးဆန်းသွားသည်။ သူသည် ကောင်းကင်ဘုံ ဆက်ခံသူ၏စွမ်းရည်ကို ပြန်စဉ်းစားလိုက်သည်။ ရှီးချီယောင် ပြောသောအကြောင်းသည် မှန်နိုင်၏။

အရှင်ဒွန်ဟောင်မှာ အမှန်ပင် ကျော်ကြားသူတစ်ဦးဖြစ်သည်။ သူ့အကြောင်းနှင့်ပတ်သတ်သော ဇာတ်လမ်းများကို နေရာအနှံ့တွင် ကြားနိုင်ပေသည်။ လေးမျက်နှာကျေးရွာ၏ဆရာသခင် သို့မဟုတ် ဗုဒ္ဓလောကထံမှပင် သူနှင့်ပတ်သတ်သည့် ကိစ္စများကို ကြားရပေသည်။

ရီဖူရှင်းသည် အရှင်ဒွန်ဟောင်သည် မည်သို့သော လူစားမျိုးဖြစ်သည်ကို အမှန်ပင် စိတ်ဝင်စားနေလေသည်။

“ကြည့်ရတာတော့... ကောင်းကင်ဘုံက နက်ရှိုင်းတဲ့သမိုင်းကြောင်း ရှိတဲ့ပုံပဲ... သူတို့က လောကကြီးနဲ့ ခပ်ကင်းကင်းနေကြတယ်။ သူတို့က အပြင်လောကနဲ့ အဆက်အဆံမလုပ်ဘဲ သူတို့ဘာသာပဲ ပုန်းကွယ်နေခဲ့ကြတယ်။ အခု နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ ကောင်းကင်ဘုံရဲ့ ကောင်းကင်နန်းတော်က တခြားအင်ပါယာအဆင့်အင်အားစုတွေထက် အားနည်းမှာ မဟုတ်လောက်ဘူး”

ရီဖူရှင်း ပြောလိုက်၏။

“ဖြစ်နိုင်ပါတယ်...”

ရှီးချီယောင် ပြောလိုက်၏။

“အရင်က ကောင်းကင်အင်ပါယာကလည်း စွမ်းအားကြီးတဲ့သူတစ်ယောက်ပဲ”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သိုသိုသိပ်သိပ်နေသော လက်ရှိ ကောင်းကင်ဘုံ၏စွမ်းရည်ကို မကြာခင်တွင် လောကကြီးထဲတွင် မြင်တွေ့လာရလောက်ပေသည်။

ရီဖူရှင်း ပြောလိုက်၏။

“ဒီတစ်ခေါက် နတ်ဘုရားတွေရဲ့ အမွေအနှစ်တွေ ထွက်ပေါ်လာခဲ့တယ်... ပြီးတော့ တပ်ဖွဲ့ရှစ်ဖွဲ့ရဲ့ အမွေအနှစ်တွေလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတယ်။ တကယ်လို့ ကောင်းကင်ဘုံသာ ဒီဗာအိမ်တော်ရဲ့နယ်မြေကို တကယ်ရှာတွေ့သွားပြီး သိမ်းပိုက်နိုင်ခဲ့ရင်တော့... တခြားအင်ပါယာအဆင့်အင်အားစုတွေက သူတို့ကို အဲဒီလိုလွယ်လွယ်လုပ်ခွင့်ပေးမှာမဟုတ်‌လောက်ဘူး။ တိုက်ပွဲကြီးတစ်ခု သေချာပေါက် ဖြစ်လာမှာပဲ”

ဒီဗာအိမ်တော်သည် တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ထိုအိမ်တော်၏အမွေအနှစ်သည် အင်ပါယာအဆင့်အင်အားစုများအတွက် အဓိကယှဉ်ပြိုင်ရမည့်ပစ်မှတ်ဖြစ်နိုင်သည်။ အကယ်၍ အင်ပါယာအဆင့်အင်အားစုများသည် တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်တစ်ခုကို ရှာတွေ့ပြီးနေလျှင်ပင် အင်ပါယာအဆင့်သင်ကြားမှုများကို ပို၍မလိုချင်သူ မည်သူရှိသနည်း။

အင်ပါယာအဆင့်သင်ကြားမှုများကို ပို၍ရလေလေ ကောင်းလေလေပင်။

“အမှန်ပဲ... တပ်ဖွဲ့ရှစ်ဖွဲ့ရဲ့ အမွေအနှစ်တွေက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရင်တောင် အနာဂတ်မှာ တိုက်ပွဲတွေ ဖြစ်လာမှာ သေချာပေါက်ပဲ”

ရှီးချီယောင်သည် ရီဖူရှင်း၏စကားများကို အသိအမှတ်ပြုလိုက်သည်။ အမှန်တွင် စီဝေ့အင်ပါယာနန်းတော်က နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်မည့် သူမ၏အကြံသည် ဖြစ်လာနိုင်ရန် မလွယ်ကူပေ။ ထိုကိစ္စသည် သူတို့၏ ကံကောင်းမှုနှင့် ကံကြမ္မာအပေါ်တွင် မူတည်ပေသည်။

ဤနတ်ဘုရားများ၏ကုန်းမြေသည် ဤနေရာတွင် တစ်ရက်၊ နှစ်ရက်သာ ရှိနေမည်မဟုတ်ပေ။ ယခုတွင် ၎င်းသည် အမြဲတမ်း မူလဘုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေတော့မည်ဖြစ်သည်။

သူတို့သည် မြောက်ဘက်သို့ ဆက်သွားနေကြသည်။ သို့သော် သူတို့ တောင်တန်းဆီသို့ ရောက်ရန် အချိန်အတော်ကြာပေလိမ့်ဦးမည်ဖြစ်သည်။

ရီဖူရှင်းတို့အုပ်စုသည် မရောက်ခင်တွင် အရှိန်လျှော့လိုက်ကြသည်။ သူတို့သည် အရှေ့သို့ လှမ်းကြည့်လိုက်ကြ၏။ သူတို့အရှေ့တွင် မိုးထိအောင် မြင့်မားသော နတ်တောင်ကုန်းများ ရှိလေသည်။ မရေမတွက်နိုင်အောင် များပြားသော တောင်ကုန်းများသည် ကောင်းကင်ထဲအထိ ထိုးထွက်နေကြသည်။ ထိုနေရာသည် ရှေးခေတ်မှ တောင်တန်းဒေသတစ်ခုကဲ့သို့ပင်။

ရီဖူရှင်းတို့အုပ်စုသည် ထိုနေရာနှင့် အတော်လှမ်းသေးသော်လည်း လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို အာရုံခံမိနေပြီဖြစ်သည်။ လေထုထဲတွင် သဏ္ဍာန်မဲ့ဖိအားတစ်ခုနှင့် ရှေးဟောင်းဝိညာဉ်စွမ်းအားတစ်ခုလည်း ရှိနေသည်။

ပတ်ဝန်းကျင်တွင် လူများစွာသည် ကောင်းကင်ကိုဖြတ်၍ပျံသန်းကာ ထိုနေရာသို့ သွားနေကြသည်။ ထိုရှေးဟောင်းတောင်တန်းဆီသို့ မြေပေါ်မှ သွားနေကြသော ကျင့်ကြံသူများစွာလည်း ရှိပေသည်။

အမှန်တွင် သူတို့မတိုင်ခင်ကတည်းက ကျင့်ကြံသူများစွာသည် ထိုတောင်ကုန်းထဲတွင် သေဆုံးသွားကြပြီး ထိုနေရာတွင် ထာဝရလဲလှောင်းအိပ်စက်နေကြပြီဖြစ်သည်။

“ကျွန်မတို့ ရောက်လာပြီ”

ရှီးချီယောင် ပြောလိုက်၏။ သူမသည် ဤနေရာသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်း ဖြစ်သော်လည်း သူမတို့ရှာနေသောနေရာသည် အရှေ့တွင်ရှိနေသည်ကို အာရုံခံမိပေသည်။

“မဟော်ရာဂီ”

ရီဖူရှင်း ရေရွတ်လိုက်သည်။ ရှေးခေတ်တွင် တပ်ဖွဲ့ရှစ်ဖွဲ့သည် ကောင်းကင်လမ်းစဉ်အောက်တွင် လောကကြီးကို ဟန်ချက်ညီအောင် ထိန်းသိမ်းခဲ့ကြသည်။ သူတို့သည် လွန်စွာရှေးကျပြီး အခြားအရပ်တစ်ပါးမှ သူများဟုပင် ထင်ရသည်။ သူတို့သည် လေးစားမှုကိုလည်း ရရှိခဲ့သည်။

“ကောလာဟလတွေအရတော့ တပ်ဖွဲ့ရှစ်ဖွဲ့ထဲမျာ မဟော်ရာဂီအိမ်တော်က တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တယ်တဲ့။ ဒီအိမ်တော်က ဘာကန့်သတ်ချက်မှမရှိဘဲ မဆင်မခြင်တိုက်ခိုက်ကြတယ်ဆိုပေမယ့် သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်က တကယ်စွမ်းအားကြီးတယ်တဲ့။ တချို့လူတွေက သူတို့ကို ဒီမွန်းနတ်ဘုရားတွေလို့ ခေါ်ကြတယ်... တချို့ကလည်း သူတို့ကို လိပ်ပြာဝိညာဉ်တွေလို့ ခေါ်ကြတယ်”

ရှီးချီယောင် ပြောလိုက်၏။ သူမတို့သည် စကားတပြောပြောဖြင့် နတ်တောင်တန်းအနီးသို့ ရောက်လာလေသည်။ ထိုနေရာတွင် ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိနေ၏။ သို့သော် မည်သည့် အမွေအနှစ်များကိုမှ မမြင်ရပေ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ကျင့်ကြံသူများသည် ထိုအမွေအနှစ်များကို လုယက်ယူဆောင် သွားကြခဲ့ပြီး ဖြစ်ပေမည်။ ထို့ကြောင့် သူတို့အုပ်စုအနေဖြင့် နတ်တောင်ကုန်းများ၏ အတွင်းပိုင်းသို့ သွားမှသာ အမွေအနှစ်များကို တွေ့ရှိနိုင်မည့်ပုံပင်။

ရီဖူရှင်းသည် နတ်တောင်ကုန်းများ၏ အနီးသို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။ သူသည် အရှေ့ရှိ ရှေးဟောင်းတောင်ကုန်းများကို ကြည့်လိုက်၏။ လျှို့ဝှက်ဆန်းကြယ်သော ဖိအားသည်ပို၍ပင် ပြင်းထန်လာသည်။ ထိုဖိအားသည် နေရာအနှံ့တွင် ရှိနေသည့်ပုံပင်။

“သတိထား...”

ရီဖူရှင်းသည် လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

“ဒီ အဆုံးမဲ့တောင်ကုန်းတွေက ဝိညာဉ်စွမ်းအားတွေ ပိုင်ဆိုင်ကြတယ်လို့ ကျုပ် အာရုံခံမိနေတယ်။ တကယ်လို့ ဒီနေရာကသာ မဟော်ရာဂီအိမ်‌တော်ရဲ့ နယ်မြေဖြစ်မယ်ဆိုရင် ဒီဝိညာဉ်စွမ်းအားတွေက မဟော်ရာဂီအိမ်တော်ရဲ့ ဘိုးဘေးတွေ ချန်ခဲ့တဲ့ ဝိညာဉ်စွမ်းအားတွေ ဖြစ်လောက်တယ်။ အဲဒီဝိညာဉ်စွမ်းအားတွေက တောင်ကုန်းတွေနဲ့ ပေါင်းစည်းသွားတာဖြစ်မယ်”

သူတို့အုပ်စုသည် လေးနက်သောမျက်နှာထားများဖြင့် ခေါင်းညိတ်လိုက်သည်။ ဤနေရာသည် တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ မဟော်ရာဂီအိမ်တော်၏ အမွေအနှစ်ရှိသောနေရာပင်။ ထိုအမွေအနှစ်သည် တပ်ဖွဲ့ရှစ်ဖွဲ့မှ အမွေအနှစ်များထဲတွင် သူတို့ ယှဉ်ပြိုင်ရယူနိုင်သော တစ်ခုတည်းသော အမွေအနှစ်ဖြစ်နိုင်ပေသည်။ အခြားနေရာများကို သူတို့ လက်လှမ်းမမီတော့ပေ။

“လာကြ... သွားကြစို့”

ရီဖူရှင်း ပြောလိုက်၏။ သူတို့အုပ်စုသည် နတ်တောင်တန်းဒေသအတွင်းသို့ ဝင်သွားလိုက်ကြပြီး အတွင်းပိုင်းသို့ ဦးတည်သွားလိုက်ကြသည်။

သူတို့အုပ်စုသည် အရှိန်လျော့သွားပြီး ယခင်ကထက် ပို၍သတိကြီးကြီးထားနေကြသည်။ ထိုနတ်တောင်ကုန်းများထဲတွင် မကြာမကြာဆိုသလို အလောင်းများကို တွေ့ရလေသည်။ သူတို့သည် ဤနေရာသို့ အမွေအနှစ်များလာရှာသော ကျင့်ကြံသူများ ဖြစ်ရပေမည်။

“မနှစ်မြို့စရာပဲ... ကျုပ်တောင် ရင်ခုန်နှုန်း မြန်လာပြီ”

သခင်ချန်သည် ဘေးသို့ ပြောလိုက်၏။

အခြားသူများသည်လည်း ခေါင်းညိတ်လိုက်သည်။ သူတို့အားလုံးသည် နှစ်မြို့ဖွယ်မကောင်းသော အရှိန်အဝါတစ်ခုကို ခံစားနေကြရသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော ဖိအားသည် မည်သည့်နေရာမှ ထွက်ပေါ်လာခြင်းနည်း။

***

All Chapters