← Chapters

အလောင်းတောင်ကုန်း

Vol. 188 Ch. 2683

အလောင်းတောင်ကုန်း

Vol. 188 Ch. 2683

ရီဖူရှင်းတို့လူစုသည် သူတို့အပေါ်တွင် ရစ်သိုင်းနေသော မနှစ်မြို့ဖွယ် အရှိန်အဝါကို ခံစားနေရသော်လည်း တောင်များ အတွင်းသို့ ဆက်ဝင်သွားကြသည်။

ခြောက်ကပ်နေသော တောင်ကုန်းများသည် အပြင်လောကမှ ကျင့်ကြံသူများ ရောက်လာသည်ပင် လူသူကင်းရှင်းနေသည်ဟု ထင်နေရာဆဲပင်။ အားလုံးသည် သူတို့ကျောရိုးတစ်လျှောက် အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရ၏။

ရီဖူရှင်းတို့လူစုသည် ပတ်ဝန်းကျင်တွင် ပုန်းလျှိုးနေသော အန္တရာယ်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိပေသည်။ မည်သည့်ကျင့်ကြံသူမှ တောင်ကုန်းများကို ကောင်းကင်မှနေ၍ မဖြတ်သန်းဝံ့ကြပေ။ အားလုံးသည် မြေလမ်းမှပင် တောင်ကုန်းများကို ဖြတ်ကျော်၍ အတွင်းပိုင်းသို့ ဝင်နေကြသည်။

“သတိထား...”

ရီဖူရှင်း သတိပေးလိုက်သည်။ သူ၏အကြည့်သည် မြေပြင်ကို စိုက်ကြည့်နေသည်။ မြေကြီးအောက်တွင် လှုပ်ရှားမှုအနည်းငယ် ရှိနေသည့်ပုံပင်။ အဝေးတွင် အခြားကျင့်ကြံသူအုပ်စုတစ်စုသည် ဖြည်းဖြည်းချင်း အရှေ့သို့ လျှောက်လာကြသည်။ ရုတ်တရက် စွမ်းအားကြီး မဟာလမ်းစဉ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် မြေပြင်သည် ဟက်တက်ကွဲသွားပြီး သွေးပါးစပ်ကြီးတစ်ခုသည် ကျင့်ကြံသူများကို တိုက်ခိုက်လိုက်သည်။

ကျင့်ကြံသူများထံမှ ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါများ တရစပ်ထွက်ပေါ်လာကြသည်။ သို့သော် သူတို့သည် သွေးပါးစပ်ကြီး၏ ဝါးမျိုမှုကို မခုခံနိုင်ခဲ့ကြပေ။ ထိုပါးစပ်ကြီးဖွင့်လိုက်လျှင် ၎င်းသည် တောင်ကုန်းတစ်ခုကိုပင် ဝါးမျိုပစ်နိုင်ပေသည်။ ၎င်းသည် ကျင့်ကြံသူများကို သူတို့၏ မဟာလမ်းစဉ်စွမ်းအားများနှင့်အတူ ဝါးမျိုသွားသည်။ မဟာလမ်းစဉ်၏ အဖျက်စွမ်းအားသည်ပင် ထိုပါးစပ်ကြီးက ကျင့်ကြံသူများကို ဝါးမျိုမည်ကို မတားဆီးနိုင်ခဲ့ပေ။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် သွေးရူးသွေးတန်းဖြင့် ထွက်ပြေးကြသည်။ ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုပါးစပ်ကြီးမှာ ဧရာမစပါးအုံးမြွေကြီး၏ ပါးစပ်ပင်။ သို့သော် ထိုဧရာမစပါးအုံးကြီးသည် အခြားဒီမွန်းစပါးအုံးများနှင့် အတန်ငယ် ကွာခြားပေသည်။ ၎င်းသည် ပို၍အရိုင်းဆန်ပြီး ၎င်း၏ဦးခေါင်းသည် ရွှေရောင်ဖြစ်သည်။

“ကောလာဟလတွေက ပြောကြတာတော့ မဟော်ရာဂီက သူ့လည်ပင်းမှာ အမြဲ ဒီမွန်းစပါးအုံးတစ်ကောင်ကို ပတ်ထားတယ်တဲ့။ အဲဒါက ဒီမွန်းအရှင်နဲ့ စပါးအုံးနတ်ဘုရားပဲ”

ရှီးချီယောင်သည် ဘေးမှနေ၍ လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။ သူတို့သည် သူတို့၏ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဧရာမစပါးအုံးကြီးများစွာ ထွက်ပေါ်လာကြောင်း တွေ့လိုက်ရ၏။ ၎င်းတို့၏ ခန္ဓာကိုယ်အရွယ်အစားသည် နဂါးအစစ်တစ်ကောင်၏ ခန္ဓာကိုယ်အရွယ်အစားနှင့် ဆင်တူပြီး ၎င်းတို့ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ် ဒီမွန်းအလင်းတောက်ပနေသည်။ ၎င်းတို့၏အကြည့်များသည် ခက်ထန်ပြီး ၎င်းတို့၏မျက်လုံးများသည် ထူးဆန်းသောအကြည့်ဖြင့် တောက်ပနေသည်။ ၎င်းတို့သည် အရိုင်းဆန်ခြင်း၏ ပြယုဂ်ဖြစ်ပြီး ကျင့်ကြံသူများကို စူးစူးဝါးဝါး စိုက်ကြည့်နေကြလေသည်။

“ဒီ ဒီမွန်းစပါးအုံးတွေက အာရုံမခံစားနိုင်ဘူး။ အဲဒါတွေက တောင်တွေကြားမှာ ရစ်သိုင်းနေတဲ့ ပရမ်းပတာဝိညာဉ်စွမ်းအားတွေရဲ့ ထိန်းချုပ်တာကို ခံနေရတာထင်တယ်။ ဒါမှမဟုတ် ဒီတောင်ကုန်းတွေက အဲဒီသားရဲတွေအပေါ် သက်ရောက်နိုင်တဲ့ ဝိညာဉ်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားတယ် ထင်တယ်”

ရီဖူရှင်း သုံးသပ်လိုက်သည်။

“အဲဒါကြောင့် အဲဒီသားရဲတွေက နာကျင်မှုကို မခံစားရဘူး။ အစောကပဲ အဲဒီစပါးအုံးက တိုက်ခိုက်ခံလိုက်ရပေမယ့် ကျင့်ကြံသူအုပ်စုကို အရှင်လတ်လတ် ဝါးမျိုသွားတုန်းပဲ”

ရန်ဟောင်များအတွက် ဤနေရာသို့လာရန် အလွန်အန္တရာယ်များလွန်း၏။

“စွမ်းအားကြီးတဲ့ ဒီမွန်းတွေ အများကြီးရှိနေတော့ ထိပ်သီးကျင့်ကြံသူတွေမှမဟုတ်ရင် တောင်တွေအတွင်းပိုင်းကို ဝင်လာဖို့ မဖြစ်နိုင်ဘူး”

ရှီးချီယောင် ရေရွတ်လိုက်သည်။ မရေမတွက်နိုင်သော အပြင်လူများသည် အကြီးဆုံးအမွေအနှစ်နယ်မြေထဲတွင် အမွေအနှစ်များကို ရယူလိုခဲ့ကြသည်။ သို့သော် သူတို့တွင် နက်နဲသောကျင့်ကြံခြင်းအစွမ်းမရှိလျှင် သူတို့ရှုံးနိမ့်ပေလိမ့်မည်။ အနည်းဆုံးတော့ တပ်ဖွဲ့ရှစ်ဖွဲ့က ချန်ထားခဲ့သော အမွေအနှစ်များကို သာမန်လူများ ရယူနိုင်မည်မဟုတ်ပေ။ ကျင့်ကြံသူအများစု၏ ရည်မှန်းချက်များသည် စိတ်ကူးယဉ်အဖြစ်သာ ထာဝရကျန်ရှိနေမည်ဖြစ်သည်။

စီဝေ့အင်ပါယာနန်းတော်မှ ရန်ဟောင်များစွာသည်လည်း ထိုအကြောင်းကို နားလည်ပေသည်။ အကယ်၍ ရီဖူရှင်းရှိနေခြင်းကြောင့်သာမဟုတ်လျှင် သိမ်းငှက်လေး၊ ရီဝူချင်းနှင့် ရာရာတို့ကဲ့သို့သော အခြားကျင့်ကြံသူများသည် မဟာအင်ပါယာများ၏ သင်ကြားမှုကို ရရှိရန် အခွင့်အရေးတစ်ခုပင် ရှိမည်မဟုတ်ချေ။

“ခင်ဗျားတို့ထဲက လူနည်းနည်းလောက်ထွက်ပြီး လမ်းရှင်းလိုက်ပါ...”

ရီဖူရှင်းသည် သူ့နောက်ရှိ လူအနည်းငယ်ကိုကြည့်၍ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့...”

သူတို့ ခေါင်းညိတ်လိုက်ကြသည်။ ဓားသခင်၊ ရီဝူချင်းနှင့် အခြားလူအနည်းငယ်သည် အရှေ့သို့ တက်သွားကြသည်။ သူတို့သည် မဟာအင်ပါယာများ၏ သင်ကြားမှုများကို ရရှိခဲ့ကတည်းက သူတို့၏စွမ်းရည်များကို မစမ်းသပ်ကြရသေးပေ။ ယခုတွင် ထိုဧရာမစပါးအုံးကြီးများသည် သူတို့အတွက် လေ့ကျင့်စရာ ပစ်မှတ်များကဲ့သို့ ဖြစ်နေသည်။

ဓားသခင်က ဦးဆောင်လိုက်သည်။ သူသည် ထိုမတိုင်ခင်က ဒီမွန်းမဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို ရရှိခဲ့သည်။ သူက လက်ထဲတွင် ဒီမွန်းဓားကို ဆွဲကိုင်ကာ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ဒီမွန်းဝိညာဉ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ သူသည် မဟာအင်ပါယာအဆင့်လက်နက်အတွင်းရှိ စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်သုံးနိုင်သော်လည်း ကြောက်မက်ဖွယ် ဒီမွန်းဝိညာဉ်စွမ်းအား၏ အထောက်အပံ့ဖြင့် စွမ်းအားကြီးအရှိန်အဝါကို ထုတ်လွှတ်နိုင်၏။

ဧရာမ ဒီမွန်းစပါးအုံးကြီးတစ်ကောင်သည် ပါးစပ်ဖြဲကာ ဓားသခင်ထံသို့ လျှောဝင်လာသည်။ ၎င်းတွင် အသိစိတ်လုံးဝမရှိပေ။ ဓားသခင်သည် ဓားဖြင့် ခုတ်ချလိုက်သည်။ လေထဲတွင် ဒီမွန်းအလင်းဖြတ်သန်းသွားပြီး စပါးအုံးကြီး၏ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်သွားသည်။

ကြောက်မက်ဖွယ် အဖျက်ဝိညာဉ်စွမ်းအားသည် သားရဲ၏ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေသည်။

ရီဝူချင်း၊ ရာရာနှင့် ဓားသခင်လီဟိုင်တို့သည် တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့သည် နေရာသုံးဘက်မှ ပြေးဝင်သွားသည်။ သူတို့ အမွေဆက်ခံရရှိထားသော ဓားဝင်္ကပါသည် စွမ်းအားကြီးပြီး သူတို့သုံးယောက် တစ်သားတည်းဖြစ်သွားချိန်တွင် ထွက်ပေါ်လာပေသည်။ သို့သော် သူတို့သည် တစ်ဦးချင်းစီ တိုက်ခိုက်လျှင်လည်း အလွန်စွမ်းအားကြီးနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူတို့တစ်ဦးချင်းစီသည် အမှီအခိုကင်းသော မဟာအင်ပါယာတစ်ပါးချင်းဆီမှ သင်ကြားမှုများကို ဆက်ခံထားရ၍ဖြစ်သည်။

ရီဝူချင်း၏ဓားသည် ထက်ရှပြီး အရှိန်အဝါကြီးပေသည်။ ရာရာ၏ဓားသည် အရာအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် လုပ်နိုင်ပေသည်။ ဓားသခင်လီဟိုင်၏ဓားသည် သားရဲများ၏ဝိညာဉ်စွမ်းအားကို တိုက်ရိုက် ခုတ်ဖြတ်ပစ်နိုင်သည်။ အရှေ့တွင် သူတို့သုံးဦး လမ်းရှင်းပေးနေသဖြင့် ဒီမွန်းစပါးအုံးအားလုံးသည် ခုတ်ပိုင်းခံနေရလေသည်။

“သွားကြစို့...”

ရီဖူရှင်းနှင့် အခြားသူများသည် သူတို့အနောက်မှ လိုက်ကာ ရှေ့သို့ ဆက်သွားလိုက်ကြသည်။ ဓားသခင်နှင့် အခြားသူများ လမ်းရှင်းပေးနေသဖြင့် သူတို့လူစုသည် ချောချောမွေ့မွေ့ ရှေ့ဆက်နေနိုင်ပေသည်။ သူတို့သည် တောင်များအတွင်းပိုင်းသို့ ရောက်လာကြသည်။ အခြားကျင့်ကြံသူအချို့သည် ရီဖူရှင်းကို မှတ်မိသဖြင့် သူတို့အုပ်စုနောက်မှ လိုက်သွားကြသည်။ ရီဖူရှင်းတို့အနောက်မှ လိုက်သွားလျှင် သူတို့ လုံခြုံနိုင်ပေသည်။

ရီဖူရှင်းသည် ထိုသူများကို အရေးမစိုက်ခဲ့ပေ။ ထိုလူများသည် သူ့ကို အန္တရာယ်ပြုနိုင်မည်မဟုတ်ပေ။ အကယ်၍ ထိုသူများသာ သူ့ကိုအန္တရာယ်ပြုနိုင်လောက်သည်အထိ စွမ်းအားကြီးပါက သူတို့သည် သူ့အုပ်စုအနောက်မှ လိုက်လာမည် မဟုတ်ပေ။

သူတို့လူစုသည် တောင်များကို ဖြတ်ကျော်ရင်း လမ်းတစ်လျှောက်တွင် ဒီမွန်းစပါးအုံးများစွာကို သတ်ဖြတ်ခဲ့လေသည်။ သူတို့သည် ရှေ့သို့ဆက်၍ သွားနေကြပြီး တောင်များအတွင်းရှိ ထူးခြားသောနေရာတစ်ခုသို့ ရောက်ရှိသွားသည်။

ထိုနေရာပတ်ဝန်းကျင်မှ တောင်များတွင် ထူးကဲသော စွမ်းအားကြီး ဝိညာဉ်စွမ်းအားများစွာ ရှိနေသည်။ ဥပမာပြရလျှင် တောင်တစ်လုံးကို နှစ်ခြမ်းဖြစ်အောင် ခုတ်ပိုင်းသွားသော မဟာအင်ပါယာတစ်ပါးချန်ထားခဲ့သည့် ဓားဝိညာဉ်စွမ်းအားတစ်ခု ရှိနေသည်။ ထို့အပြင် မြေပြင်ပေါ်၌ နက်ရှိုင်းစွာ ချိုင့်ဝင်နေသော ဧရာမ လက်ဖဝါးရာကြီးတစ်ခုလည်း ရှိနေသည်။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကျိုးပဲ့နေသည့် နတ်လက်နက်များလည်း ရှိနေ၏။ လက်နက်အားလုံးတွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ပါဝင်လေသည်။

ထို့အပြင် ပတ်ဝန်းကျင်ဒေသသည် ကြီးစွာသော ပျက်စီးမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ရီဖူရှင်း တွေ့ရှိလိုက်၏။ မည်သည့်အရာမှ အကောင်းအတိုင်းမကျန်ခဲ့ပေ။ ထို့ကြောင့် သူတို့အရှေ့တွင် ဧရာမလွင်တီးခေါင်ကြီးတစ်ခု ရှိနေသည်။ ကြည့်ရသည်မှာ ပတ်ဝန်းကျင်မှ တောင်များသည် တိုက်ပွဲအတွင်းတွင် ပြိုကျပျက်စီးကာ ပြားချပ်သွားသည့်ပုံပင်။ ထူးကဲ‌သော ကျင့်ကြံသူများစွာသည် ရပ်တန့်လိုက်ကြပြီး ဤနေရာတွင်ပင် ဆက်နေ,နေကြသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရ၏။

“အဲဒါက ဘာလဲ”

တစ်စုံတစ်ယောက်က မေးလိုက်သည်။ သူတို့အုပ်စုသည် အရှေ့သို့လှမ်းကြည့်လိုက်ပြီး တောင်ကုန်းတစ်ခုကို မြင်လိုက်ကြရသည်။ သို့သော် ၎င်းထံမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သူတို့သည် ထိုတောင်ကုန်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားကြသည်။

ရှီးချီယောင်သည်လည်း မျက်နှာပျက်သွားပြီး ရင်ခုန်မြန်လာလေသည်။ ထိုတောင်ကုန်းသည် အလောင်းများစုပုံနေခြင်းကြောင့် ဖြစ်ပေါ်လာသော တောင်ကုန်းပင်။ ထိုမြင်ကွင်းသည် လွန်စွာ ထိတ်လန့်ဖွယ်ကောင်းပြီး မသတီစရာမြင်ကွင်းပင်။

ဤနေရာသည် တစ်ချိန်က ငရဲပြည်ဖြစ်ခဲ့သည်လော။

ကျင့်ကြံသူများ၏ အလောင်းများသည် စုပုံထပ်နေကာ တောင်ကုန်းတစ်ခု ဖြစ်လာပေသည်။

အလောင်းတောင်ကုန်းမှနေ၍ အားကောင်းသော အန္တရာယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး လေထုကို ဖောက်ထွင်းသွားသည်။

သို့သော ဤနယ်မြေအတွင်း၌ ကျင့်ကြံသူများစွာ တရားထိုင်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရလေသည်။ ဤနေရာတွင် မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများ ရစ်သိုင်းနေသည့်ပုံပင်။ ရီဖူရှင်းသည် သူ၏နတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ကျယ်ပြောသောပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။ သူသည် ထိုနေရာတစ်ဝိုက်တွင် မဟာအင်ပါယာများချန်ခဲ့သော အမွေအနှစ်အနည်းငယ်ကို အာရုံခံမိသည်။ ၎င်းတို့ကို အမွေအနှစ်များဟု ခေါ်ခြင်းသည် ချဲ့ကားသကဲ့သို့ပင် ဖြစ်သည်။ မဟာအင်ပါယာများသည် သေသည်ဆိုရုံသာ သေသွားခဲ့ပြီး ဤနေရာတွင် ကျန်ရှိနေပေသေးသည်။

“မဟော်ရာဂီအိမ်တော်က တကယ့်ကို သွေးဆာပြီး ရက်စက်တာပဲ။ သူတို့က လူတွေအများကြီးကို သတ်ပစ်ခဲ့တယ်”

ရှီးချီယောင်က မှတ်ချက်ပြုလိုက်သည်။

မူလအနောက်အင်ပါယာနန်း‌တော်သခင်က အကြံပြုလိုက်၏။

“သမီး တန်းပြီး ကောက်ချက်မချသင့်ဘူး။ အပြင်လောက,က လူတွေက သူတို့ရဲ့နယ်မြေကို ကျူးကျော်လာပြီး သူတို့ကို ရှင်းပစ်ဖို့ ကြံရွယ်ခဲ့တာပဲ။ အခု တပ်ဖွဲ့ရှစ်ဖွဲ့က သမိုင်းမှတ်တမ်းထဲမှာပဲ ရှိတော့တယ်။ အဲဒါကြောင့် ကောင်းကင်လမ်းစဉ်စစ်ပွဲအကြောင်းကို မှတ်ချက်ပြုတာက ဉာဏ်နည်းရာကြတယ်။ ဒါပေမယ့် ချီယောင်... တကယ်လို့ တစ်ယောက်ယောက်ကသာ အ‌နောက်အင်ပါယာနန်းတော်ကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင် သမီးဘာလုပ်မလဲ”

ရှီးချီယောင်သည် ထိုအခြေအနေတွင် ပြုလုပ်မည့် သူမ၏အပြုအမူကို တွေးကြည့်မိသောအခါ ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်နိုင်သွားပေသည်။ ထိုကြောက်မက်ဖွယ်မြင်ကွင်းသည် သူမကို ကြီးမားစွာရိုက်ခတ်ခဲ့ခြင်းသာဖြစ်သည်။

အလောင်းများသည် စုပုံထပ်နေကာ တောင်ကုန်းတစ်ခုပင် ဖြစ်နေသည်။ ထိုကဲ့သို့သော မြင်ကွင်းတစ်ခုသည် သူမ၏မျက်စိရှေ့တွင် အလွန်ထင်ထင်ရှားရှား ရှိနေသည်။

မူလနန်းတော်သခင်က ဆက်ပြောလိုက်၏။

“မဟော်ရာဂီအိမ်တော်ရဲ့ တိုက်ခိုက်စွမ်းရည်က တကယ့်ကို ရှိန်လောက်စရာပဲ။ ဒီနေရာမှာ အလောင်းတွေ အများကြီးရှိနေတယ်။ ပြီးတော့ ဒီနေရာမှာ မဟာအင်ပါယာနည်းနည်းလောက်လည်း သေသွားခဲ့တဲ့ပုံပဲ”

“သွားကြည့်ကြတာပေါ့”

ရီဖူရှင်းက အကြံပြုလိုက်သည်။ ထိုမဟာအင်ပါယာများချန်ခဲ့သော အမွေအနှစ်များထဲတွင် လေ့လာရန် ထိုက်တန်လောက်သည့်အရာများ ရှိသလောဟု သူသိချင်နေသည်။

အတိတ်တွင် ဤနေရာသည် အမှန်ပင် အလောင်းများစွာ၏ ဝန်းရံထားမှုကို ခံခဲ့ရကြောင်း သေချာပေသည်။ မဟော်ရာဂီအိမ်တော်သည် မဟာအင်ပါယာ တော်တော်များများကို သတ်ပစ်ခဲ့သည်ပုံပင်။

“အားလုံးပဲ လှည့်ပတ်ကြည့်လိုက်ကြပါ။ ကျုပ် အရှေ့ကို သွားကြည့်ပါမယ်”

ရီဖူရှင်း ပြောလိုက်၏။

သူသည် အရှေ့သို့ တစ်ယောက်တည်း လျှောက်သွား၏။ သို့သော် ဟွာဂျီယူနှင့် ဟွာချင်းချင်းတို့သည် သူ့အနောက်မှ လိုက်လာကြသည်။ ကျန်သူများသည် အခြားဘက်များသို့ လူခွဲထွက်သွားကြသည်။ သို့သော် သူတို့သည် တစ်ဦးကိုတစ်ဦး စောင့်ရှောက်ပေးနိုင်သော အဝန်းအဝိုင်းအတွင်းမှာပင် ရှိပေသေးသည်။ ထို့ကြောင့် မည်သည့်အန္တရာယ်မှ မဖြစ်လောက်ပေ။

ရီဖူရှင်းသည် အလောင်းတောင်ကုန်းဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွား၏။ ကြောက်မက်ဖွယ် အန္တရာယ်အရှိန်အဝါတစ်ခုသည် သူ့ထံသို့ ရုတ်ခြည်းပျံဝင်လာလေသည်။ တောင်ကုန်းအနီးသို့ ကပ်လာသူမှန်သမျှ အန္တရာယ်အရှိန်အဝါကြောင့် သေဆုံးသွားရမည်ဖြစ်သည်။ ထို့အပြင် ဤအလောင်းတောင်ကုန်းသည် ကျင့်ကြံသူများကို ‌ရှေ့သို့ ဆက်မသွားနိုင်ရန် တားဆီးထားသည်။ မဟော်ရာဂီအိမ်တော်၏ အဓိကနယ်မြေသည် ထိုတောင်ကုန်းအနောက်တွင် ရှိရပေမည်။

***

All Chapters