← Chapters

နိုးထလာခြင်း

Vol. 188 Ch. 2685

နိုးထလာခြင်း

Vol. 188 Ch. 2685

ရီဖူရှင်းသည် အပျက်အစီးများပေါ်တွင် ရပ်နေ၏။ သူသည် နယ်မြေအတွင်းတွင် မည်သည့်နေရာက ထွက်ပေါ်လာသည်ကို မသိရသော စွမ်းအားကို ခံစားမိနေသဖြင့် တရားထိုင်ရန် အလျင်မလိုသေးပေ။ ၎င်းသည် သူ့ကို ကြက်သီးထစေလေသည်။

သူသည် ခေါင်းမော့၍ မွန်းကြပ်ဖွယ်ဖိအားဖြင့် ပြည့်နှက်နေသော အနက်ရောင်ကောင်းကင်ကို ငေးကြည့်သည်။ နေရာအနှံ့တွင် အဖျက်စွမ်းအား ရှိနေသည်။ မဟာအင်ပါယာများ၏ အကြွင်းအကျန်များသည် သူ့မြင်ကွင်းအတွင်းရှိ နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့နေ၏။ နေရာအနှံ့မှနေ၍ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အရှိန်များကို ခံစားနေရသည်။

သူသည် သူ၏အာရုံကို အဆုံးအစွန်အထိ မြှင့်တင်လိုက်ပြီး အမျိုးအမည်မသိသော စွမ်းအားက မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို စူးစမ်းလိုက်သည်။ သို့သော် ၎င်းသည် အတွင်းပိုင်း အဝေးတစ်နေရာတွင် ပုန်းကွယ်နေသကဲ့သို့ စူးစမ်း၍မရနိုင်ဖြစ်နေသည်။

သူသည် သူ၏ပတ်ဝန်းကျင်ကို စူးစမ်းနေစဉ်တွင် အခြားကျင့်ကြံသူအားလုံးသည် အင်ပါယာများ၏ အကြွင်းအကျန်များဆီသို့ အပြေးအလွှားသွားလိုက်ကြပြီး ထိုအင်ပါယာများ၏ ရတနာများကို ဖွင့်လှစ်၍ အမွေဆက်ခံနိုင်ရန် ကြိုးပမ်းလိုက်ကြသည်။

စီဝေ့အင်ပါယာနန်းတော်နှင့် အ‌နောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူတို့၏ စိတ်လှုပ်ရှားမှုများကို မထိန်းထားနိုင်တော့ပေ။ ရီဖူရှင်း ပြောလိုက်၏။

“သွားပါ...”

“ဟုတ်ကဲ့ပါ နန်းတော်သခင်...”

သူတို့သည် ရုတ်ခြည်းပင် နေရာအသီးသီးသို့ အပြေးအလွှားထွက်သွာကြလေသည်။ အားလုံး၏ကျင့်ကြံခြင်းခရီးသည် ကွဲပြားသဖြင့် သူတို့သည် သူတို့အတွက် အကျိုးရှိနိုင်မည့် အကြွင်းအကျန်များဆီသို့ သွားလိုက်ကြသည်။ သို့သော် ဟွာဂျီယူသည် သူမနေရာမှ မရွေ့‌သေးပေ။ သူမက ရီဖူရှင်ဘေးတွင်ရပ်၍ မေးလိုက်သည်။

“နင် အဲဒါကို အာရုံခံနိုင်လား”

“ငါလည်း မသေချာဘူး”

ရီဖူရှင်းက ပြန်ပြောလိုက်၏။

“ဒီအကြွင်းအကျန်တွေကြားမှာ အမျိုးအမည်မသိစွမ်းအားတစ်ခု ရှိနေတယ်။ ဒီနေရာက မြင်ရသလို မရိုးရှင်းလောက်ဘူး”

ဟွာချင်းချင်းသည် အနောက်မှနေ၍ ရှေ့သို့ တစ်လှမ်းတိုးလာပြီး ကောင်းကင်ထက်သို့ ကြည့်လိုက်ကာ တီးတိုးပြောလိုက်လေသည်။

“ငါလည်း ခံစားနေရတယ်။ ဒီစွမ်းအားက မိစ္ဆာအရင်းအမြစ်တစ်ခုကနေ ထွက်လာတဲ့ပုံပဲ”

ရီဖူရှင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူသည် သူ၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်ပြီး ပြောလိုက်၏။

“ငါတို့လည်း တရားထိုင်ကြတာပေါ့”

ကျင့်ကြံသူအများအပြားသည် သေဆုံးသွားခဲ့သော မဟာအင်ပါယာများထံမှ တစ်စုံတစ်ခုကို ဆက်ခံနိုင်ရန် မျှော်လင့်၍ တရားထိုင်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့သုံးဦးသည်လည်း အရှိန်မြှင့်လိုက်လေသည်။

ရီဖူရှင်းသည် မဟာအင်ပါယာအဆင့်လက်နက်ထံသို့ မသွားလိုက်ဘဲ ကြာပွင့်ဆီသို့ သွားလိုက်သည်။

ရီဖူရှင်းသည် ကြာပွင့်အရှေ့တွင် ရပ်လိုက်ပြီး ၎င်းထံမှ များပြားသောအသက်စွမ်းအင်ကို ခံစားလိုက်ရ၏။ ကြာပန်းသည် အပြည့်အဝဖူးပွင့်နေဆဲဖြစ်သည်။ ၎င်းထံမှ အသက်နတ်အလင်း ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်ကို အလင်းပေးနေလေသည်။ ၎င်းအလင်းသည် အဆုံးမဲ့အာကာပြင်ကိုလည်း ခပ်ရေး‌ရေး ဖောက်ထွင်းနေသည်။ ထိုစက်ကွင်းတစ်ခုလုံးသည် ကြာပွင့်၏ဝိညာဉ်စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသည်။

ထိုကြာပွင့်သည် ချင်းယွမ်အတွက် သင့်တော်သည်ဟု ရီဖူရှင်း သူ့ဘာသာ တွေးတောလိုက်သည်။ ရှားရှင်းယွန်သည် ဤတစ်ခေါက် ခရီးသွားအဖွဲ့တွင် မပါဝင်ခဲ့ပေ။ သို့သော် သူမသည် ယခင်က နတ်ဘုရားများ၏ အပျက်အစီးများထံသို့ သွားခဲ့စဉ်က ကြာပွင့်တစ်ပွင့်နှင့် တွေ့ကြုံခဲ့ပေသည်။ တစ်ချိန်က မဟာအင်ပါယာတစ်ပါးသည် ထိုကြာပွင့်ပေါ်တွင် တရားထိုင်ခဲ့ပေသည်။

ဤကြာပွင့်သည်လည်း မဟာအင်ပါယာတစ်ပါး၏ ကြာပွင့်တစ်ပွင့် ဖြစ်နိုင်ချေရှိပေသည်။ အကယ်၍ ရှားရှင်းယွန်သာ သူမကိုယ်သူမ ဤကြာပွင့်နှင့် ပေါင်းစည်းနိုင်ခဲ့လျှင် သူမသည် သေချာပေါက် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကြာပွင့်တစ်ပွင့်လုံးကို သူနှင့်အတူ ပြန်ယူသွားချင်နေသည်။

ရီဖူရှင်းသည် သူ၏အာရုံကို အဆုံးအစွန်အထိ ထုတ်လွှတ်လိုက်ပြီးနောက်တွင် ကြာပွင့်နှင့် ဆက်နွယ်နိုင်ရန် ယင်းကြာပွင့်အတွင်းသို့ မဟာလမ်းစဉ်အရှိန်အဝါကို ထည့်သွင်းလိုက်သည်။ သူသည် မျက်လုံးမှိတ်လိုက်ပြီး ကြာပွင့်၏နယ်မြေအတွင်းသို့ ဝင်ရန် ကြိုးစားလိုက်သည်။

သူ့ကိုယ်တွင်းရှိ လောကသစ်ပင်၏စွမ်းအားသည် ကြာပွင့်ကို ဝန်းရံနေပြီး တဖြည်းဖြည်းဖြင့် ကြာပွင့်အတွင်းသို့ စိမ့်ဝင်သွားသည်။ မကြာမီမှာပင် သူနှင့်ကြာပွင့်အကြားတွင် ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာ၏။ ထိုဆက်နွယ်မှုသည် အချိန်ကြာလာသည်နှင့်အမျှ ပို၍အားကောင်းလာပေသည်။

အနီးမှ ကျင့်ကြံသူများသည် ဖြစ်ပျက်နေသည့်အရာများကို မြင်လိုက်သောအခါ ရီဖူရှင်းဘေးမှ ရှောင်ဖယ်သွားကြပြီး ကြာပွင့်ကို သူနှင့်အတူ ပြိုင်လုရန် မကြိုးပမ်းလိုက်ကြတော့ပေ။ သူသည် ဤလမ်းကြောင်းကို ဖွင့်ပေးခဲ့သူပင် မဟုတ်ပါလား။ အားလုံးသည် သူ မည်မျှအင်အားကြီးသည်ကို သိကြပေသည်။ ထို့ကြောင့် သူနှင့် တိုက်ခိုက်လျှင်လည်း အချည်းနှီးသာဖြစ်ပေလိမ့်မည်။

ထို့အပြင် ဤနေရာတွင် မဟာအင်ပါယာများ၏ အကြွင်းအကျန်များစွာ ရှိပေသည်။ ထို့ကြောင့် သူတို့သည် ကြာပွင့်ကို ပြိုင်လုနေရန် အကြောင်းမရှိပေ။

သို့သော် အခြားနေရာများတွင်မူ ပြင်းထန်သော တိုက်ပွဲများ ဖြစ်နေကြလေသည်။ အချို့လူများသည် တရားထိုင်နေကြပြီး အချို့မှာမူ အားသုံး၍ မဟာအင်ပါယာအဆင့်လက်နက်များကို လုယူရန် ကြိုးစားနေကြသည်။ လုယက်ခြင်းများ စတင်လာသည်နှင့်ချက်ချင်း နေရာအနှံ့တွင် တိုက်ပွဲများဖြစ်ပေါ်လာလေသည်။

ရီဖူရှင်းသည် မည်သည့်အရာကြောင့်မှ အနှောင့်အယှက်အဖြစ်မခံဘဲ သူနှင့်ကြာပွင့်၏ ဆက်နွယ်မှု အားကောင်းလာစေရန်သာ တိတ်တဆိတ် အာရုံစိုက်နေသည်။ မကြာခင်တွင် သူ၏အာရုံအားလုံးသည် ကြာပွင့်လောကအတွင်းသို့ ရောက်ရှိသွားသည်။ ထိုလောကထဲတွင် ကြာပွင့်၏ နတ်အလင်းများ တလက်လက် ‌‌တောက်ပနေ၏။ မရေအတွက်နိုင်အောင် များပြားသော အလင်းတန်းများသည် လေထုထဲတွင် ဖြန့်ကျက်နေပြီး အကန့်အသတ်မဲ့ အာကာပြင်ကို လွှမ်းခြုံထားသည်။ သူသည် ၎င်း၏စက်ကွင်း၏ အဝန်းအဝိုင်းသည် မဟာအင်ပါယာအဆင့်လက်နက်များနှင့် မဟာအင်ပါယာများ၏အခြားအကြွင်းအကျန်များအထိ ရောက်နေကြောင်း ချက်ချင်း သတိပြုမိသည်။ ထို့အပြင် ၎င်းတို့သည် ဆက်စပ်နေသည်။

ရီဖူရှင်းသည် အလင်းတန်းများစွာကို မြင်လိုက်ရ၏။ အလင်းတန်းတစ်ခုစီသည် မဟာအင်ပါယာများ၏ အကြွင်းအကျန်တည်ရှိရာ နေရာတစ်ခုစီကို ကိုယ်စားပြုပေသည်။ ၎င်းတို့သည် ကျပန်းရှိနေကြသည်မဟုတ်ဘဲ ဧရာမနတ်ဝင်္ကပါကြီးတစ်ခုကို ပြုလုပ်ရန် တိကျသောနေရာများတွင် နေရာချထားခံရခြင်းဖြစ်သည်။

ရီဖူရှင်း ရင်တုန်သွားသည်။ သူသည် ဤနယ်မြေအတွင်းသို့ ဝင်လာကတည်းက နမိတ်မကောင်းသောခံစားချက်တစ်ခုကြောင့် စိတ်လေးနေခဲ့ပေသည်။ ယခု မြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် အန္တရာယ်အငွေ့အသက်ကို ပို၍ပင် ခံစားလာရသည်။

ထိုအခိုက်တွင် အခြားကျင့်ကြံသူများသည် မဟာအင်ပါယာများ၏ အကြွင်းအကျန်များမှ ရတနာများကို လုယူရန် တိုက်ခိုက်နေကြသည်။ သူတို့၏တိုက်ခိုက်မှုများသည် အားလျော့နေပြီဖြစ်သော နတ်ဝင်္ကပါကို ပို၍ပင် မတည်မငြိမ်ဖြစ်လာစေပြီး ကွဲအက်လာစေလေသည်။

ရုတ်တရက် ရီဖူရှင်း၏ အာရုံအတွင်းတွင် အကောင်အထည်မရှိသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်ပုံရိပ်သည် ထည်ဝါသောဟန်ပန်ရှိသည့် ဧကရီတစ်ပါး၏ပုံရိပ်ဖြစ်ပြီး ဤကြာပွင့်၏ပိုင်ရှင် နတ်မိမယ်တစ်ပါးဟုလည်း ထင်ရပေသည်။

“ဝင်္ကပါကို မဖျက်ဆီးပစ်ပါနဲ့”

ရီဖူရှင်းသည် စိတ်ချင်းဆက်သွယ်၍ သူ့အတွေးထဲသို့ ပြောလိုက်သော အသံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံသည် ထိုအခိုက်အထိ ကြာပွင့်ထဲတွင် သူမ၏ အသိစိတ်အနည်းငယ်ကိုချန်ခဲ့သော နတ်မိမယ်၏အသံဖြစ်သည်။

သို့သော် တိုက်ပွဲများသည် နေရာအနှံ့တွင် ဖြစ်ပေါ်နေပေပြီ။ သူတို့ထဲမှအချို့သည် မဟာအင်ပါယာအဆင့်လက်နက်များကို မြေကြီးအတွင်းမှ အတင်းနုတ်ယူနေကြသည်။

ရီဖူရှင်းသည် ချက်ချင်းပင် မျက်နှာပျက်သွားသည်။ သူသည် သူ၏အသိစိတ်ကို ကြာပွင့်၏လောကအတွင်းမှ ပြန်ထုတ်လိုက်ပြီး တိုက်ပွဲပြင်တစ်ခုလုံးကို ကြည့်ကာ အော်ပြောလိုက်၏။

“တိုက်ခိုက်နေတာကို ရပ်လိုက်ကြ”

သူ၏အသံသည် မိုးခြုန်းသံတစ်သံကဲ့သို့ ကျယ်လောင်ပြီး ကျင့်ကြံသူများစွာ၏ နားများကို အူသွားစေသည်။ သို့သော် သူတို့အများစုသည် တိုက်ခိုက်မှုကို မရပ်လိုက်ကြပေ။ သို့သော် ထိုတုံ့ပြန်မှုသည် သဘာဝကျပေသည်။ မဟာအင်ပါယာအဆင့်လက်နက်များသည် လက်တစ်ကမ်းအကွာတွင် ရှိနေချိန်၌ မည်သူသည် တိုက်ခိုက်မှုကို ရပ်တန့်မည်နည်း။

သန်မာသောကျင့်ကြံသူများသည် ရီဖူရှင်း၏သတိပေးမှုကို အရေးမစိုက်လိုက်ကြပေ။ သူတို့သည် မည်သည်ကိုမှ ဂရုမစိုက်ဘဲ အရာအားလုံးကို ဆက်၍ဖျက်ဆီးနေလေသည်။

ထိုစဉ်တွင် ရီဖူရှင်းသည် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်ပြီး မွန်းကြပ်ဖွယ်ဖိအားသည် ပို၍ပင် ဆိုးဝါးလာသည်ကို ခံစားလိုက်ရ၏။

ဂျွတ်...ဂျွတ်...ဂျွတ်...

အကောင်အထည်မရှိသော အဟန့်အတားများ အစိတ်စိတ်ကွဲအက်လာသကဲ့သို့ နမိတ်မကောင်းသောအသံများထွက်ပေါ်လာ၏။ ၎င်းအသံများသည် ကောင်းကင်နှင့်ဆက်နွယ်နေသော မဟာအင်ပါယာလက်နက်များအားလုံးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အစောက ရီဖူရှင်းသည် နတ်အလင်းတန်းများ ကောင်းကင်ကို ဖောက်ထွင်းသွားသည်ကို တွေ့ခဲ့ရသည်။ သို့သော် ၎င်းတို့အားလုံးသည် စတင်ပျက်စီးလာပေပြီ။

မည်သို့ပင်ဖြစ်စေ မဟာအင်ပါယာများ၏ အကြွင်းအကျန်များအတွက် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြသော ထိုကျင့်ကြံသူများမှာမူ မည်သည့်မူမမှန်သည်ကိုမှ ခံစားမနေကြရပေ။ သူတို့သည် မည်သည့်ပြောင်းလဲမှုကိုမှ သတိမပြုမိကြပေ။

ကောင်းကင်အောက်ရှိ အာကာပြင်ကို မမြင်ရသော အရှိန်အဝါတစ်ခုက လွှမ်းခြုံထားပေသည်။ ရီဖူရှင်းသည် တိမ်များအထက်ရှိ အရှိန်အဝါကြီးသောတည်ရှိမှုတစ်ခုကို ရှင်းရှင်းလင်းလင်း အာရုံခံမိနေသည်။ ၎င်းသည် လေထုအတွင်းရှိ အရာအားလုံးကို ဖြည်းဖြည်းချင်း ဝါးမျိုနေလေသည်။

“စီဝေ့အင်ပါယာနန်းတော်နဲ့ အနောက်အင်ပါယာနန်းတော်က လူတွေအားလုံး အခုချက်ချင်း နောက်ပြန်ဆုတ်ကြ”

ရီဖူရှင်း ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

သူသည် အခြားသူများကို မရပ်တန့်နိုင်သော်လည်း စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်နန်းတော်တို့မှ ကျင့်ကြံသူများအပေါ်တွင်မူ ဩဇာသက်ရောက်နိုင်ပေသည်။ စီဝေ့နန်းတော်မှ အုပ်စုသည် သူ့အမိန့်အတိုင်း ချက်ချင်း ပြန်လာကြသည်။ ရှီးချီယောင်သည်လည်း ထိုအမိန့်ကို ကြားသောအခါ အနောက်အင်ပါယာနန်းတော်မှ လူများကို ထပ်ဆင့်အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် အနောက်အင်ပါယာနန်း‌တော်မှ လူများသည်လည်း သူရှိနေသော နေရာသို့ ပြန်လာခဲ့ကြ၏။

“ဘာဖြစ်တာလဲ...”

ရှီးချီယောင် မေးလိုက်သည်။

ရီဖူရှင်းက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်၍ ပြောလိုက်၏။

“အခု အမျိုးအမည်မသိတဲ့ အားတစ်ခု နိုးထလာပြီ။ ဒီနေရာက အကြွင်းအကျန်တွေက နတ်ဝင်္ကပါတစ်ခုကို ဆင်ထားတာပဲ။ အဲဒီစွမ်းအားနှစ်ခုက တစ်ခုကိုတစ်ခု ချိပ်ပိတ်ထားပြီး အချင်းချင်းထိန်းထားကြတာပဲ။ ဒါပေမယ့် ကျုပ်တို့ ရောက်လာပြီးတော့ နတ်ဝင်္ကပါကို ဖျက်ဆီးလိုက်ပြီး အဲဒီစွမ်းအားတွေရဲ့ မျှချေကို ပျက်စီးသွားစေမိလိုက်တယ်”

သူ ထိုသို့ပြောလိုက်ပြီးနောက်တွင် မဟာအင်ပါယာအဆင့်လက်နက်များနှင့် အကြွင်းအကျန်များရှိနေသော မြေပြင်သည် မဟာအင်ပါယာများ၏ နတ်အလင်းများနှင့် ‌တောက်ပလာသည်။ ထိုအခိုက်မှပင် အခြားကျင့်ကြံသူများသည် တစ်စုံတစ်ခု မူမမှန်ဖြစ်ကြောင်း အာရုံခံမိလိုက်ကြသည်။ ရီဖူရှင်းက သူ၏လက်အောက်ငယ်သားများကို ပြန်ဆုတ်ရန် အမိန့်ပေးခဲ့ခြင်းက သူတို့ကို ပို၍သံသယဝင်လာစေလေသည်။

ရီဖူရှင်းသည် အတည်ပြောနေကြောင်း သူတို့သိပေသည်။ မဟုတ်လျှင် သူသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ရတနာများကို လုယူနေခြင်းမှနေ၍ ပြန်ဆုတ်ခိုင်းမည်မဟုတ်ပေ။

သဘာဝစွမ်းအားနှင့် မဟာလမ်းစဉ်အရှိန်အဝါတို့သည် အောက်ဘက်မြေပြင်မှနေ၍ ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွားသည်။ မည်းမှောင်နေသောကောင်းကင်သည် ၎င်း‌အောက်ရှိ သဘာဝစွမ်းအားကို အောက်ခြေမဲ့တွင်းကြီးတစ်တွင်းကဲ့သို့ ဝါးမျိုလိုက်သည်။ ထိုနေရာရှိ လူအားလုံး ပြန်၍အသိကပ်လာကြပြီး ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် သူတို့သည် အပြင်းအထန် ရင်ခုန်နေကြလေသည်။

ထိုနယ်မြေအတွင်းမှ လူများသာ ထိုအား၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်မဟုတ်ပေ။ တောင်တန်းဒေသသို့ ခြေချခါစလူများသည်လည်း လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးသော အားတစ်ခုနိုးထလာသည်ကို သတိပြုမိလိုက်ကြသည်။ သူတို့သည် သွေးဆာနေသော မျက်လုံးအကြည့်များရှိသည့် စပါးအုံးများ အလွန်များပြားစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်သောအခါ သူတို့နေရာတွင်ပင် ခြေထောက်အမြစ်တွယ်သွားကြသည်။

သူတို့သည် အဝေးရှိ ကြောက်မက်ဖွယ်မြင်ကွင်းကို လှမ်းမျှော်ကြည့်နေကြသည်။ ကောင်းကင်ထက်တွင် ဧရာမပုံရိပ်ကြီးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာ၏။

ရီဖူရှင်းနှင့် အခြားသူများ ရပ်နေသောနေရာရှိ စုပ်အားသည် အချိန်ကြာလာသည်နှင့်အမျှ ပို၍အားကောင်းလာလေသည်။ သူတို့သည် ထိတ်လန့်ဖွယ် မုန်တိုင်းကြီးအတွင်းရှိ နတ်ဘုရားကဲ့သို့ ပုံရိပ်တစ်ခုကို ခပ်ရေးရေးမြင်နေရပေသည်။ ဧရာမပုံရိပ်ကြီးသည် လူဦးခေါင်းနှင့် မြွေခန္ဓာကိုယ်ရှိပေသည်။

၎င်းသည် ဒီမွန်းအားလုံး၏ နတ်ဘုရားကဲ့သို့ ကြောက်ရွံ့ဖွယ်ကောင်းလှသည်။ ထိုမြင်ကွင်းသည် တုန်လှုပ်ဖွယ် မြင်ကွင်းပင်။

“အဲဒါက အပြည့်အဝ နိုးထမလာသေးဘူး”

ရီဖူရှင်း ရေရွတ်လိုက်သည်။

“ပြန်ဆုတ်ကြစို့...”

သူသည် ထိုသို့ပြောလိုက်ပြီးနောက်တွင် သူတို့လူစုကို ဦးဆောင်ကာ ထိုနေရာမှ ထွက်သွားသည်။ သို့သော် ပြင်းထန်သော လေဆင်နှာမောင်းကြီးသည် ထိုအခိုက်တွင် လျင်မြန်စွာ ပြန့်ကားလာသည်။ စုပ်အားသည် ပို၍ပြင်းထန်လာရာ ကျင့်ကြံသူများ၏ စူးစူးဝါးဝါး အော်လိုက်သံများကို ကြားလာရသည်။

သူတို့၏ခန္ဓာကိုယ်များသည် လေဆင်နှာမောင်းအတွင်းသို့ စုပ်ယူခံနေရသည်။ သူတို့၏ စိတ်ဝိညာဉ်အချို့ကိုလည်း သူတို့၏ခန္ဓာကိုယ်အတွင်းမှ စုပ်ယူနေလေသည်။

ရီဖူရှင်းသည် သူ့ကိုယ်ပေါ်တွင် ဗုဒ္ဓအလင်းတောက်ပလာစေလိုက်ပြီး သူ့ပတ်ပတ်လည်မှ ကျင့်ကြံသူအားလုံးကို ဗုဒ္ဓအလင်းဖြင့် လွှမ်းခြုံပေးထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ကြောက်မက်ဖွယ် စုပ်အားကြီးသည် စက္ကန့်နှင့်အမျှ တဖြည်းဖြည်း ပို၍အားကောင်းလာသည်ကိ ခံစားနေရဆဲပင်။

ဧရာမဒီမွန်းနတ်ဘုရားပုံရိပ်ကြီးတစ်ခုသည် သူတို့ခေါင်းများအထက်ရှိ ကောင်းကင်ထဲတွင် ထွက်ပေါ်လာ၏။ ၎င်း၏အရွယ်အစားသည် လွန်စွာကြီးမားပြီး တောင်တစ်လုံးကိုပင် လွှမ်းခြုံထားနိုင်လေသည်။ ၎င်း၏လက်ထဲမှ မည်မျှ ထွက်ပြေး၍ မရနိုင်ဟုပင် ထင်ရသည်။

“အဲဒါက မဟော်ရာဂီပဲ”

ထိုနေရာရှိ ကျင့်ကြံသူအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ အလျင်အမြန် ထွက်ပြေးကြလေသည်။ သူတို့သည် ထိုပုံရိပ်မှာ ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့မှ တစ်ဖွဲ့ဖြစ်သော မဟော်ရာဂီအိမ်တော်၏ ဒဏ္ဍာရီလာမဟော်ရာဂီဖြစ်ကြောင်း သိရှိသွားသောအခါ အလွန်အမင်း ရင်ခုန်သွားကြသည်။ ၎င်းသည် ၎င်း၏နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ကျင့်ကြံသူများကို ဝါးမျိုရင်းဖြင့် ဖြည်းဖြည်းချင်း အသိစိတ်ပြန်ရလာနေသည်။

၎င်း၏ဝိညာဉ်စွမ်းအားသည် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းနေဆဲကို မယုံနိုင်ဖြစ်နေကြသည်။

လူများစွာသည် မြေပေါ်မှနေ၍ တစ်ယောက်ပြီးတစ်ယောက် လေဆင်နှာ‌မောင်းထဲသို့ စုပ်ယူခံလိုက်ရ၏။ ကပ်ဘေးအဆင့်အောက်မှ ကျင့်ကြံသူများသည် ထိုစုပ်အားကို တောင့်မခံနိုင်ပေ။ သူတို့၏ ဝိညာဉ်အချို့သည် သူတို့၏ခန္ဓာကိုယ်အတွင်းမှ အတင်းစုပ်ယူခံလိုက်ရပြီး ၎င်း၏ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။ ထိုတစ်နေရာလုံးသည် လုံးဝပရမ်းပတာဖြစ်နေသည်။

‌နေရာအသီးသီးမှ စွမ်းအားကြီးကျင့်ကြံသူများသည် သူတို့၏တိုက်ပွဲဝင်ပုံစံများအတွင်းမှနေ၍ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှုများသည် ကျယ်ပြောသောနေရာကို ဖြတ်သန်းသွားကြပြီး မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ဧရာမပုံရိပ်ကြီးကို ထိမှန်သွားကြသည်။

“ကျုပ်တို့ ဒီက အချိန်မီ ထွက်နိုင်မှာမဟုတ်ဘူး”

ရီဖူရှင်းသည် စုပ်အားက ပို၍အားကောင်းလာသည်ကို ခံစားလိုက်ရသောအခါ ရပ်တန့်လိုက်သည်။ ထို့နောက် သူပြောလိုက်၏။

“သိမ်းငှက်လေး... အားလုံးကို ကာကွယ်ပေးလိုက်”

“ဟုတ်ကဲ့ပါ”

သိမ်းငှက်လေးသည် လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူသည် ကာရူရာ၏နတ်ခန္ဓာကို ထုတ်လိုက်ကာ ၎င်းထဲတွင် သူ၏အသိစိတ်ကို ပေါင်းစည်းလိုက်သည်။ ယင်းနောက် ဧရာမကာရူရာကြီးသည် ၎င်း၏အတောင်များကို ဖြန့်လိုက်ပြီး အားလုံးကို စုပ်အား၏ စုပ်ယူမှုကို မခံရစေရန် အတောင်ဖြင့် ကွယ်ပေးထားလိုက်သည်။

ထိုအခါမှ ရီဖူရှင်းသည် သူ၏မဟာအင်ပါယာအဆင့်လက်နက်ကို လက်ထဲတွင် ဆွဲကိုင်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်ပြီး လေဆင်နှာမောင်းကြီး၏ အလယ်သို့ ဦးတည်ပျံသွားလိုက်လေသည်။

***

All Chapters