ပေါင်းစည်းခြင်း
Vol. 188 Ch. 2686
ကြောက်မက်ဖွယ်လေဆင်နှာမောင်းကြီးသည် ရီဖူရှင်းကို ကောင်းကင်ထက်သို့ ဆွဲခေါ်သွားသည်။ သူသည် ထိုပြင်းထန်သောလေဆင်နှာမောင်းကြီးထဲ နေရာအနှံ့တွင် ထိပ်သီးကျင့်ကြံသူအနည်းငယ်ကို တွေ့လိုက်ရ၏။ သူတို့ထဲမှ အချို့သည် နတ်ဘုရားတစ်ဝက်အဆင့်သို့ပင် ရောက်နေကြပြီဖြစ်သည်။ ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူများသာ မဟာအင်ပါယာတစ်ပါး၏ ဝိညာဉ်စွမ်းအားကို ခုခံနိုင်ပေလိမ့်မည်။
ထိုဝိညာဉ်စွမ်းအားသည် မဟော်ရာဂီချန်ထားခဲ့သော ဝိညာဉ်စွမ်းအားဖြစ်ပြီး ဤလောကအသေးလေးနှင့် ပေါင်းစည်းနေခြင်းဖြစ်သည်။ ထိုဝိညာဉ်စွမ်းအားကို တောင်တန်းဒေသအတွင်းရှိ မည်သည့်နေရာမှမဆို ခံစားရနိုင်ပေသည်။ ၎င်းသည် ဖျက်ဆီးမခံခဲ့ရရုံသာမက နိုးထလာသည့် လက္ခဏာများပင် ရှိနေလေသည်။
ဝှစ်...
ရီဖူရှင်းသည် အဖျက်အလင်းတစ်ခုက လေဆင်နှာမောင်းပေါ် ဖြာကျလာသည်ကို သတိပြုမိသည်။ ထိုအလင်းသည် လေဆင်နှာမောင်းတွင် အပေါက်တစ်ပေါက် ဖောက်ရန် ကြိုးစားနေသကဲ့သို့ပင်။ သူသည် ထိုသို့ပြုလုပ်လိုက်သူမှာ မည်သူဖြစ်ကြောင်း သိပေသည်။ ထိုသူမှာ ပြင်းထန်သော လေဆင်နှာမောင်းကြီးတွင် အပေါက်တစ်ပေါက်ပြုလုပ်၍ ၎င်းကို ဖျက်ပစ်လိုသော ဓားဧကရာဇ်အရှင်ဖြစ်သည်။
ရီဖူရှင်း၏လက်အတွင်းရှိ ကောင်းကင်တုန်ဟည်းနတ်တူကို ဗုဒ္ဓအလင်းက လွှမ်းခြုံထား၏။ သူ ကောင်းကင်ထက်သို့ ပျံတက်သွားပြီးနောက်တွင် သူ၏မဟာအင်ပါယာအဆင့်လက်နက်သည် လေဆင်နှာမောင်း၏ဗဟိုသို့ ၎င်းဘာသာ အတင်းတိုးသွားပြီး နေရာအနှံ့တွင် ဝရုန်းသုန်းကားဖြစ်နေစေလေသည်။ ထို့ကြောင့် ကောင်းကင်ထက်ရှိ ပြင်းထန်သော လေဆင်နှာမောင်းကြီးသည် အတန်ငယ် လွင့်ပါးသွားသည်။
မည်သို့ပင်ဖြစ်စေ အစောက ခံစားခံကြရသည့် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားမှာမူ ပျောက်ကွယ်မသွားသေးပေ။ ၎င်းနိုးထလာသောအခါ လေဆင်နှာမောင်းကြီးသည် ပို၍ပြန့်ကားလာပြီး ရီဖူရှင်းနှင့် အခြားသူများကို ၎င်းအတွင်း၌ ပိတ်ထားလိုက်လေသည်။
“ဟိုနေရာကို ချိန်ပြီးတိုက်...”
ဓားဧကရာဇ်အရှင်က အော်ပြောလိုက်၏။ ထိုစဉ်တွင် သူသည် သူ၏ဓားပျံခုတ်ချက်ကို မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ဧရာမပုံရိပ်ကြီးကို ချိန်ရွယ်လိုက်လေသည်။ သို့သော် ဧရာမပုံရိပ်ကြီးသည် မျက်လုံးပွင့်လာသည်။ ၎င်း၏အကြည့်သည် သူတို့တစ်ခါမှ မခံစားခဲ့ဖူးသည့် များပြားသော ဝိညာဉ်စွမ်းအားပမာဏနှင့် ပြည့်နှက်နေလေသည်။ ၎င်းသည် ၎င်း၏ခန္ဓာကိုယ်ကို အောက်ဘက်သို့ အနည်းငယ်ရွှေ့လိုက်သောအခါ စပါးအုံးနတ်ဘုရားသည် ကြောက်မက်ဖွယ် ပါးစပ်ကြီးကိုဟကာ ဓားကို ဝါးမျိုလိုက်ပြီး ဓားသခင်ကိုလည်း ဝါးမျိုရန် ကြိုးပမ်းလိုက်သည်။
သို့သော် ဓားသခင်၏ ထိုက်ရှန့်ဓားအတတ်သည် တောက်ပသော နတ်အလင်းကို ထုတ်လွှတ်လိုက်ပြီး စပါးအုံးနတ်ဘုရား၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို ထွင်းဖောက်သွားသည်။ သူသည် ဝါးမျိုခံရမည့်ဘေးမှ အောင်အောင်မြင်မြင် လွတ်မြောက်သွား၏။ မဟော်ရာဂီသည် ၎င်း၏လက်ကို ထပ်မံဆန့်တန်းလိုက်ရာ နောက်ထပ် စပါးအုံးနတ်ဘုရားသည် သူ့ကို ရစ်ပတ်လိုက်လေသည်။
ထို့နောက်တွင် မဟော်ရာဂီသည် ၎င်း၏ပါးစပ်ကိုဟကာ ဓားဧကရာဇ်အရှင်ကို စုပ်ယူလိုက်သည်။ ဓားသခင်၏ စိတ်ဝိညာဉ်သည် မဟော်ရာဓီ၏ စုပ်အားကြောင့် ၎င်း၏ခန္ဓာအတွင်းမှ အတင်းဆွဲယူခံနေရသည်။ သို့သော် ဓားသခင်သည် သူ၏စိတ်ဝိညာဉ်ကို နတ်ဓားတစ်ချောင်းပုံစံအဖြစ် ပြောင်းလဲလိုက်သည်။ ဓားဝိညာဉ်သည် အထက်သို့ ပျံတက်သွားပြီး မဟော်ရာဂီကို ချိန်ရွယ်တိုက်ခိုက်လိုက်သည်။ နတ်ဘုရားတစ်ဝက်အဆင့်ရှိသော သူတစ်ဦးသည် သွား၍ရှုပ်သင့်သောသူမျိုး မဟုတ်ပေ။
ဝုန်း...
ရီဖူရှင်းမှာလည်း တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူသည် လေကို ခြေဖြင့် ကန်ကာအားပြု၍ မဟော်ရာဂီထံသို့ ပျံဝင်သွားလိုက်သည်။ သူသည် သူ့လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူကိုမကာ သူ့ပြိုင်ဘက်ဆီသို့ တုန်ခါလှိုင်းတစ်ခု ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် နတ်အလင်းတစ်ခုသည် မဟော်ရာဂီပုံရိပ်ကြီးဆီသို့ ပျံဝင်လာသည်ကို တွေ့လိုက်ရ၏။
ထိုအခိုက်တွင် ရီဖူရှင်းသည် အနီးရှိ စွမ်းအားကြီး ဓားဝိညာဉ်စွမ်းအားကို ခံစားလိုက်ရ၏။ ရန်သူထံသို့ ထိုတိုက်ခိုက်မှု ပစ်လွှတ်လိုက်သူမှာ လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားသော ရှီးချီယောင်ဖြစ်ကြောင်း သူအံ့အားသင့်စွာ တွေ့လိုက်ရ၏။ သူမကိုယ်ပေါ်တွင် နတ်အလင်းတောက်ပနေပြီး သူမပတ်ပတ်လည်ရှိ လေထုကို ပြောင်းလဲနေစေလေသည်။ သူမသည် ဧကရီတစ်ပါးကဲ့သို့ပင် ထင်ရ၏။
သူမသည် သူမ၏ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သောအခါ အင်ပါယာ၏ ဝိညာဉ်စွမ်းအားသည် လေထုထဲတွင် ပြည့်နှက်သွားသည်။ မဟာအင်ပါယာ၏နတ်ဓား မွေးဖွားလာသကဲ့သို့ပင် ထင်ရသည်။ သူမသည် မိုးစက်နတ်ဓားကိုသုံး၍ သူမ၏ဓားအတတ်ကို ထုတ်လိုက်သောအခါ ကောင်းကင်ထက်မှနေ၍ မိုးစက်မိုးပေါက်များ စတင်ရွာသွန်းလာသည်။ မရေမတွက်နိုင်အောင် များပြားသော မိုးစက်မိုးပေါက်များသည် အပ်ကဲ့သို့ အမျှင်လေးများဖြစ်သွားပြီး မဟော်ရာဂီ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။
စွမ်းအားကြီးကျင့်ကြံသူသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် မဟော်ရာဂီပုံရိပ်ကြီးသည် ပုံစံအပြည့်အဝ ပြန်မရသေးခင်မှာပင် ပျောက်ကွယ်သွားသည်။ သို့သော် မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားသည် မပျောက်ကွယ်သွားသေးပေ။ လောကအသေးလေးထဲရှိ နေရာအနှံ့တွင် လူအားလုံးသည် ၎င်း၏ စွမ်းအားကြီးအငွေ့အသက်ကို ခံစားနေရသေးလေသည်။ ၎င်းအငွေ့အသက်သည် နေရာအနှံ့တွင် ရှိနေသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် ကောင်းကင်သည် မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျင့်ကြံသူများစွာကို ကောင်းကင်ထက်သို့ ဆွဲစုပ်လိုက်သည်။ သူတို့သည် ဧရာမမျက်နှာကြီး၏ စုပ်ယူမှုကို ခံလိုက်ရသဖြင့် သူတို့၏စိတ်ဝိညာဉ်များသည် သူတို့၏ဝိညာဉ်စွမ်းအားများနှင့်အတူ ပျောက်ကွယ်သွားပြီး မဟော်ရာဂီသည် ၎င်းတို့ကို သူ၏ဝိညာဉ်စွမ်းအားတွင် ပေါင်းစည်းလိုက်သည်ဟု ထင်ရပေသည်။
ရီဖူရှင်းသည် ကျရောက်ဆဲဆဲ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သဖြင့် သူ၏မျက်နှာသည် ဖြူဖျော့သွားသည်။ သူသည် ခေါင်းမော့၍ ကောင်းကင်သို့ ငေးကြည့်လိုက်ရာ လေထုတစ်ခုလုံးတွင် မဟော်ရာဂီ၏မျက်နှာကြီး ပြည့်နှက်နေကြောင်း တွေ့လိုက်ရ၏။ ထိုမျက်နှာကြီးသည် ကောင်းကင်အောက်ရှိ သက်ရှိအားလုံးကို ငုံ့ကြည့်နေ၏။ ၎င်းမျက်နှာကြီးထံသို့ တိုက်ခိုက်မှုတစ်ခု ပစ်လွှတ်ရန် မဖြစ်နိုင်လောက်သကဲ့သို့ပင်။
ဓားဧကရာဇ်အရှင်၊ ရှီးချီယောင်နှင့် ကျန်သူများသည် တစ်စုံတစ်ယောက်က သူတို့ကို ကြည့်နေသည်ဟု ခံစားနေကြရသည်။ မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားသည် ဆက်လက်နိုးထနေပြီး သူတို့သည် ထိုအရာကို ရပ်တန့်ရန် မည်သို့မှ မလုပ်နိုင်ကြပေ။
ထို့နောက်တွင် စုပ်အားသည် ပို၍အားကောင်းလာပြီး လောကအသေးလေးတစ်ခုလုံးတွင် ပရမ်းပတာမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေလေသည်။ မည်သူမှ ထိုမုန်တိုင်းကြီးမှ ပြေးမလွတ်နိုင်ပေ။ ရီဖူရှင်းသည် သူ့နေရာတွင်ပင် ရပ်နေသေးပြီး ကျင့်ကြံသူများစွာ၏ စိတ်ဝိညာဉ်များသည် မဟော်ရာဂီ၏ မျက်နှာကြီး၏ စုပ်ယူမှုကို ခံနေရသည်ကို ကြည့်နေလေသည်။
ထိုစဉ်တွင် သူသည် သူ့ခန္ဓာကိုယ်ကို အားကောင်းသော စုပ်အားတစ်ခုက စုပ်ယူလာကာ ကောင်းကင်ပေါ်သို့ ဆွဲယူနေသည်ကို ခံစားလိုက်ရ၏။ သူသည် ထိုနေရာမှနေ၍ သူ၏ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံးကာ ထွက်ပြေး၍မရသည်ကို သိလိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားသည်။
ရီဖူရှင်းသည် သူ၏စိတ်ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားကို ဆွဲစုပ်နေသော အားကောင်းသည့် စုပ်အားကို ခံစားနေရသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဉ်အရှိန်အဝါအပါအဝင် သူ့ကိုယ်အတွင်းရှိ အရာအားလုံးသည် ထိုစုပ်အား၏ စုပ်ယူခြင်းကို ခံနေရလေသည်။
သူသည် သူ၏မဟာအင်ပါယာအဆင့်လက်နက် ကောင်းကင်တုန်ဟည်းနတ်တူကို ဆုပ်ကိုင်လိုက်ပြီး ၎င်းကို ဗုဒ္ဓအလင်းဖြင့် လွှမ်းခြုံလိုက်သည်။ ထိုအလင်းသည် သူ၏ပတ်ဝန်းကျင်ကို အလင်းပေးနေလေသည်။ သို့သော် သူသည် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားကို ရှေ့သို့ဆက်မတိုးလာစေရန် မတားဆီးနိုင်ပေ။ မကြာခင်တွင် သူသည် ဝိညာဉ်စွမ်းအားလောကထဲတွင် ပိတ်မိသွားသည်ကို သိလိုက်ရ၏။ ထိုလောကအတွင်း၌ မဟော်ရာဂီ၏မျက်နှာ ထွက်ပေါ်လာပြီ ၎င်း၏ဝိညာဉ်စွမ်းအားကို သူ၏ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းရန် ကြိုးစားလိုက်သည်။
ထိုသို့ ခံနေရသူမှာ သူတစ်ဦးတည်းမဟုတ်ပေ။ အခြားကျင့်ကြံသူများသည်လည်း တူညီသော ကံကြမ္မာနှင့် ရင်ဆိုင်နေရလေသည်။ သူတို့သည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအား ကျူးကျော်လာမှုကို အစွမ်းရှိသမျှ တောင့်ခံနေကြသည်။ နေရာအသီးသီးတွင် နတ်အလင်းတန်းများ လင်းလက်လာ၏။ ဓားဧကရာဇ်အရှင်သည် သူ၏ဝိညာဉ်စွမ်းအားကို မဟာလမ်းစဉ်အဖြစ် ပြောင်းလဲလိုက်သည်။ ရှီးချီယောင်သည် သူမ၏ဝိညာဉ်စွမ်းအားကို မိုးစက်နတ်ဓားနှင့် ပေါင်းစည်းလိုက်ပြီး သူမကို စုပ်ယူရန် ကြိုးစားနေသည့် ဝိညာဉ်စွမ်းအားကို ဖျက်ဆီးနေလေသည်။ အခြားကျင့်ကြံသူများစွာသည်လည်း ခုခံရန် သူတို့အဆင့်တွင် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားနေကြသည်။
ရီဖူရှင်း၏လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူသည် လင်းလက်လာပြီး သူသည် သူ၏ဝိညာဉ်စွမ်းအားကို ၎င်းအတွင်းသို့ ရွှေ့လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ လောကသစ်ပင်သည် ဗုဒ္ဓစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး သူ၏လက်နက်အတွင်းသို့ စီးဝင်သွားသည်။
ကောင်းကင်တုန်ဟည်းနတ်တူ ပတ်ပတ်လည်ရှိ ဗုဒ္ဓအလင်းသည် ရုတ်ခြည်းပင် ယခင်ကထက် ပို၍တောက်ပလာပြီး စွမ်းအားကြီးသော တုန်ခါလှိုင်း အမြောက်အမြားကို ထုတ်လွှတ်လိုက်သည်။ လောကသစ်ပင်၏စွမ်းအင် ကောင်းကင်တုန်ဟည်းနတ်တူအတွင်းသို့ စီးဝင်သွားပြီးနောက်တွင် လက်နက်ပတ်ပတ်လည်တွင် တောက်ပနေသော နတ်သစ်ပင်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။ နတ်သစ်ပင်ကို ဗုဒ္ဓအလင်းက လွှမ်းခြုံထားပြီး ၎င်းသစ်ပင်သည် ဗောဓိနတ်သစ်ပင်နှင့် ဆင်တူနေလေသည်။
အဖျက်တုန်ခါလှိုင်းများသည် ၎င်းတို့၏ လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးနေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားက သူ၏တိုက်ခိုက်မှုများကို ကြောက်သည့်အလား ပြန်ဆုတ်သွားသည်ကို သတိပြုမိသည်။ မဟော်ရာဂီသည် ယခုမှ ပထမဆုံးအကြိမ် ပြန်ဆုတ်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။
သူတို့ ဒီမွန်းနယ်မြေထဲတွင် ရှိခဲ့စဉ်ကလည်း တူညီသောအဖြစ်ပျက်တစ်ခု ဖြစ်ပျက်ခဲ့ဖူးပေသည်။ ကာရူရာ၏ဝိညာဉ်စွမ်းအားသည် လောကသစ်ပင်၏ စွမ်းအားကို ကြောက်ရွံ့ခဲ့သည်။
ထိုစဉ်တွင် ရီဖူရှင်း၏ခေါင်းထဲတွင် အတွေးတစ်ချက်လက်သွားသည်။ မဟော်ရာဂီသည် ဗုဒ္ဓစွမ်းအားကို ကြောက်ခြင်းမဟုတ်ဘဲ လောကသစ်ပင်၏စွမ်းအားကို ကြောက်ရွံ့ခြင်းဖြစ်နိုင်ပေသည်။
ကာရူရာနှင့် ကြုံခဲ့ရစဉ်ကလည်း တူညီသော အဖြစ်အပျက် ဖြစ်ပျက်ခဲ့သဖြင့် သူ၏ယူဆချက်သည် မှန်ကန်လောက်ပေသည်။ မဟော်ရာဂီနှင့် ကာရူရာတို့သည် ကောင်းကင်လမ်းစဉ်အောက်ရှိ တပ်ဖွဲ့ရှစ်ဖွဲ့မှ ဖြစ်သည်။ မဟော်ရာဂီမျိုးနွယ်၏ ဘုရင်တစ်ဦးအနေဖြင့် အဘယ်ကြောင့် ဗုဒ္ဓစွမ်းအားကို ကြောက်ရွံ့ရမည်နည်း။
ရီဖူရှင်း သုံးသပ်ပြီးသောအခါ သူ့ပတ်ပတ်လည်တွင် နတ်အလင်းတောက်ပလာသည်။ လောကသစ်ပင်၏ ဝိညာဉ်စွမ်းအားသည် မမြင်နိုင်သော လေလှိုင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခွင်လုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ထိုအားသည် မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားနှင့် ထိတွေ့သောအခါ ပေါင်းစည်းလိုက်သည်။ ၎င်းသည် ဝါးမျိုမခံလိုက်ရပေ။ ထိုပေါင်းစည်းမှုကို စတင်ခဲ့သည့်စွမ်းအားမှာ မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားမဟုတ်ဘဲ လောကသစ်ပင်၏ဝိညာဉ်စွမ်းအားဖြစ်ကြောင်းကို တွေ့လိုက်ရသောအခါ ရီဖူရှင်းသည် ဝေခွဲမရဖြစ်သွားသည်။
ထိုသို့သိလိုက်ရသောအခါ ရီဖူရှင်းသည် အံ့အားသင့်နေသည်။ သူ တွေးလိုက်၏။ လောကသစ်ပင်၏စွမ်းအားသည် တပ်ဖွဲ့ရှစ်ဖွဲ့ထက် ပို၍အရေးပါသဖြင့် ၎င်းတို့သည် လောကသစ်ပင်၏စွမ်းအားကို ကြောက်ရွံ့ခြင်းလော။
အစောက နိုးထလာသော မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားသည် ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားများအပါအဝင် ဤလောကအတွင်းရှိ အရာအားလုံးကို စုပ်ယူနိုင်စွမ်းရှိပေသည်။ ၎င်းသည် ၎င်း၏ဝိညာဉ်စွမ်းအားနှင့် ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားကို ပေါင်းစည်းပစ်ကာ ၎င်းကိုယ်၎င်း အင်အားကြီးလာအောင် လုပ်နေခဲ့သည်။
သို့သော် ၎င်းသည် လောကသစ်ပင်၏ ဝိညာဉ်စွမ်းအားအရှေ့တွင်မူ အစွယ်ကျိုးသွားခဲ့ပေပြီ။
ထိုသို့ဖြစ်ရခြင်း၏ နောက်ကွယ်တွင် မည်သည့်အကြောင်းရှိသနည်း။
သို့သော် ရီဖူရှင်းသည် သတိလက်လွတ်အဖြစ်မခံခဲ့ပေ။ မနှစ်မြို့ဖွယ်အတွေ့အကြုံသည် သူ့စိတ်ထဲတွင် လတ်ဆတ်နေဆဲ မဟုတ်ပါလား။ ကာရူရာသည် နောက်ဆုံးအချိန်အထိ သူ၏ဝိညာဉ်စွမ်းအားကို ဝါးမျိုရန် ကြိုးစားခဲ့ဖူးပေသည်။ မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားသည်လည်း ထိုသို့ လုပ်မည်လော။
ထိုအခိုက်တွင် သူ့၌ ရွေးချယ်စရာမရှိပေ။
လောကသစ်ပင်၏ ဝိညာဉ်စွမ်းအားသည် ၎င်း၏ လွှမ်းမိုးမှုကို ဆက်၍ ဖြန့်ကျက်နေပြီး ကောင်းကင်ထဲတွင် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းနေလေသည်။ ရီဖူရှင်းသည် လောကသစ်ပင်၏ဝိညာဉ်စွမ်းအားက ပေါင်းစည်းမှုကို ဦးဆောင်နေကြောင်း သတိပြုမိသဖြင့် ထိုဖြစ်စဉ်ကို မတားဆီးလိုက်ဘဲ ၎င်းအလုပ်ကို ၎င်းလုပ်စေလိုက်သည်။
ထို့နောက်တွင် သူ၏ဝိညာဉ်စွမ်းအားသည် စတင်တိုးပွားလာပြီး ကောင်းကင်ထဲရှိ ဧရာမဝိညာဉ်ပုံရိပ်ကြီးကို လွှမ်းမိုးနိုင်လာသည်။ မကြာမီမှာပင် သူသည် ကောင်းကင်အောက်ရှိ အရာအားလုံးကို ထင်ထင်ရှားရှား အာရုံခံနိုင်လာသည်။ သူသည် တောင်တန်းဒေသအပြင်ဘက်ကိုပါ မြင်နိုင်လာသည်။ သူသည် မဟော်ရာဂီ၏ မျက်လုံးနှင့် ကြည့်နေသကဲ့သို့ပင်။
ပေါင်းစည်းမှုသည် အနှောင့်အယှက်မရှိဘဲ ဆက်လက်ဖြစ်ပွားနေသည်။ ခေတ္တကြာပြီးနောက်တွင် မဟော်ရာဂီ၏ ဝိညာဉ်ပုံရိပ်ကြီးသည် ကောင်းကင်ထဲတွင် စတင် အကောင်အထည်ရှိလာသည်။ သို့သော် ပြင်းထန်သောမုန်တိုင်းမှာမူ ပျောက်ကွယ်သွားပေပြီ။ ရီဖူရှင်းသည် မျက်လုံးမှိတ်လိုက်ပြီး သူ၏ဝိညာဉ်စွမ်းအား၏ အာရုံများကို မြှင့်တင်လိုက်သည်။ မကြာခင်မှာပင် သူသည် နတ်ဘုရားတစ်ပါး၏ ပုံရိပ်တစ်ခု၏ဖြစ်တည်မှုကို သတိပြုမိသည်။ ၎င်းသည် ဧရာမနတ်ဘုရားပုံရိပ်ကြီးတစ်ခုဖြစ်ပြီး ၎င်းကို စပါးအုံးနတ်ဘုရားတစ်ပါးက ဝန်းရံထားလေသည်။
“အဲဒါ မဟော်ရာဂီပဲ”
ထိုပုံရိပ်သည် တပ်ဖွဲ့ရှစ်ဖွဲ့မှ မဟော်ရာဂီဖြစ်ကြောင်း ရီဖူရှင်းသိပေသည်။ ၎င်းသည် အသိစိတ်မရှိပေ။ ၎င်းသည် လောကထဲတွင် ကျန်ရှိခဲ့သော ဝိညာဉ်စွမ်းအားတစ်ခုသာ ဖြစ်သည်။ ထိုဖြစ်စဉ်သည် မဟာအင်ပါယာစီဝေ့၏ဖြစ်စဉ်နှင့် ဆင်တူပေသည်။ ၎င်းသည် ၎င်း၏ဝိညာဉ်စွမ်းအားကို ဤလောကအသေးလေးနှင့် ပေါင်းစည်းခဲ့ပြီး နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက်တွင်ပင် ၎င်း၏နယ်မြေအတွင်းသို့ ကျုးကျော်လာသည့် ကျင့်ကြံသူတိုင်းကို ဆက်၍စုပ်ယူနေခဲ့ခြင်းပင်။
ရီဖူရှင်း၏ဝိညာဉ်စွမ်းအားသည် မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားနှင့် အနှောင့်အယှက်မရှိ ချောချောမွေ့မွေ့ ပေါင်းစည်းနိုင်ခဲ့လေသည်။ ထိုအခိုက်တွင် အကန့်အသတ်မဲ့ ကောင်းကင်တွင် တုန်ခါမှုတစ်ခု ဖြစ်သွားသည်။ အားလုံးသည် အမျိုးအမည်မသိစွမ်းအားတစ်ခု ဖြည်းဖြည်းချင်း နိုးထလာသည်ကို ခံစားလိုက်ရ၏။
မဟော်ရာဂီ၏ပုံရိပ်သည် ၎င်း၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ၎င်းသည် အပြည့်အဝ နိုးထလာသည့်ပုံပင်။ ထို့ကြောင့် ရှီးချီယောင်သည်ပင် ကြောက်ရွံ့တုန်လှုပ်သွားသည်။
မဟော်ရာဂီ အပြည့်အဝ နိုးထာပြီဆိုလျှင် ၎င်းကို မည်သူက ယှဉ်နိုင်မည်နည်း။
သူမတို့သည် သေချာပေါက် သေဆုံးရတော့မည်ဖြစ်သည်။
“ဒီနေရာက ထွက်သွားကြ...”
မြင့်မြတ်ခံ့ညားသော အသံတစ်သံသည် ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံနှင့်အတူ စုပ်အားသည်လည်း လုံးဝပျောက်ကွယ်သွားသည်။ သို့သော် အားကောင်းသော ဖိအား ကျန်ရစ်နေပေသေးသည်။ အားလုံးသည် သူတို့ ခေါင်းအထက်မှ ကောင်းကင်ရှိ ကြောက်ရွံ့ဖွယ်ပုံရိပ်ကြီးကို မော့ကြည့်လိုက်ကြသည်။ ထိုပုံရိပ်သည် ပါးစပ်သာဖွင့်လိုက်ပါက သူတို့အားလုံးကို ဝါးမျိုသွားနိုင်သည်ဟုပင် ထင်ရသည်။
ကျင့်ကြံသူများစွာသည် သူတို့၏အသက်အတွက် ထိုနေရာမှ အသည်းအသန်ထွက်ပြေးသွားကြသည်။ သူတို့သည် ၎င်းက သူတို့ကို လွှတ်ပေးလိုက်ခြင်းကို ပြန်နောင်တရသွားမည်ဆိုးသဖြင့် အလွန် ရင်တုန်ပန်းတုန်ဖြင့် ခပ်သုတ်သုတ် ထွက်ပြေးသွားကြခြင်းဖြစ်သည်။
တပ်ဖွဲ့ရှစ်ဖွဲ့၏ မဟော်ရာဂီသည် နိုးထလာပေပြီ။ အားလုံးသည် ခေါင်းထဲ၌ ထိုအတွေးကို တွေးနေကြသည်။ သူတို့သည် စကားမပြောနိုင်လောက်အောင်ပင် အံ့အားသင့်နေကြသည်။ ၎င်းနိုးထလာပြီးနောက်တွင် ရှေးခေတ်မှ မဟာအင်ပါယာ ပြန်လည်ရှင်သန်လာမည်လော။
ထိုသို့သာဖြစ်ခဲ့လျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။
ဓားဧကရာဇ်အရှင်ကဲ့သို့ စွမ်းအားကြီးကျင့်ကြံသူတစ်ဦးသည်ပင် သက်ပြင်းရှည်ရှည်တစ်ချက် ချလိုက်ပြီး ကောင်းကင်ထက်ရှိ ကြောက်မက်ဖွယ်ပုံရိပ်ကြီးကို ခေါင်းမော့ကြည့်ကာ ထွက်သွားသည်။ သူ၏စိတ်ထဲတွင် သေဘေးမှ သီသီလေးလွတ်ခဲ့သည့် အဖြစ်အပျက်သည် လတ်ဆတ်နေသေးဆဲဖြစ်ရာ သူက လက်လျှော့၍ ဤနေရာမှ ထွက်ပြေးရန်သာ တတ်နိုင်ပေသည်။ မဟာအင်ပါယာများ၏ အကြွင်းအကျန်များတွင် မရေမတွက်နိုင်အောင် များပြားသော ရတနာများကျန်ခဲ့သည်ဖြစ်ရာ ဤနေရာမှ ထွက်ခွာသွားရခြင်းသည် နှမြောစရာကောင်းလေသည်။
***