သိမ်းပိုက်ခြင်း
Vol. 188 Ch. 2687
စီဝေ့အင်ပါယာနန်းတော်မှ လူများသည် ထွက်မသွားကြပေ။ သူတို့သည် ရီဖူရှင်းကို စောင့်ဆိုင်းနေဆဲဖြစ်သည်။
အကယ်၍ ရီဖူရှင်းပြန်မလာလျှင် သူတို့သည် မည်သို့ထွက်သွားနိုင်မည်နည်း။
သူတို့သည် ခေါင်းမော့၍ ကောင်းကင်ကို ငေးကြည့်နေကြသည်။ သူတို့အားလုံးသည် မျက်စိ၊ မျက်နှာပျက်နေကြသည်။
“အဆင်ပြေသွားမှာပါ...”
သိမ်းငှက်လေးသည် သူတို့လူစုကို လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သူသည် ကာရူရာမဟာအင်ပါယာအလောင်းကောင်ကို ပြန်သိမ်းလိုက်သည်။ သူသာ ရီဖူရှင်း၏လက်ရှိအခြေအနေကို သိပေသည်။
လူအုပ်သည် သိမ်းငှက်လေးကို ကြည့်လိုက်ကြသည်။ သူတို့သည် ရင်အေးသွားကြသည်။ သိမ်းငှက်လေးက အဆင်ပြေသွားမည်ဟု ဆိုလျှင် သေချာပေါက် အဆင်ပြေပေလိမ့်မည်။ သို့သော် အဘယ်ကြောင့် ရီဖူရှင်းက ပြန်မလာသေးသနည်း။
“အားလုံးပဲ ခဏစောင့်နေကြပါ”
သိမ်းငှက်သခင်သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။ သူ၏မျက်နှာထားသည် အတန်ငယ် အမြင်ကပ်ဖွယ် ကောင်းနေသည်။ ထို့ကြောင့် လူအုပ်သည် ပို၍ပင် စိတ်ဝင်စားလာကြသည်။ မည်သည့်ကိစ္စ ဖြစ်သွားခဲ့ခြင်းနည်း။
ရှီးချီယောင် ပြန်ရောက်လာသည်။ အနောက်အင်ပါယာနန်းတော်မှ လူများသည် အတူတကွ စုဝေးလိုက်ကြသည်။ သူမ၏လှပသောအကြည့်များသည် ကောင်းကင်ထက်သို့ ကြည့်သည်။ သူမ၏မျက်နှာထားသည် ဖြူဖျော့နေပြီး စိုးရိမ်သည့်အရိပ်အယောင်နှင့် ပြည့်နှက်နေသည်။
ရီဖူရှင်းသည် ယခုအထိ ပြန်မရောက်လာသေးပေ။ သူ အန္တရာယ်နှင့် ကြုံနေရခြင်းလော။
“နန်းတော်သခင်မ... ကျုပ်တို့ ပြန်ဆုတ်သင့်ပါတယ်”
အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရှီးချီယောင်အနားတွင် စုဝေး၍ ပြောလိုက်၏။ ယခုတွင် ကောင်းကင်ထက်ရှိ ဖိအားသည် ကြောက်မက်ဖွယ် ကောင်းနေဆဲဖြစ်သည်။ မဟော်ရာဂီသည် သူတို့ကို ဆုတ်ခွာနိုင်ရန် အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ထို့ကြောင့် သူတို့သည် တုံ့ဆိုင်းမနေသင့်ပေ။ မဟုတ်လျှင် မဟော်ရာဂီ စိတ်ပြောင်းသွားပါက သူတို့သည် ယနေ့ ဤနေရာတွင်ပင် အသက်ဆုံးရှုံးသွားပေလိမ့်မည်။
“ရှင်တို့အားလုံး အရင်ဆုံး ဆုတ်ခွာသွားကြပါ”
ရှီးချီယောင်သည် လူအုပ်ကို ပြောလိုက်၏။ သူမသည် အနောက်အင်ပါယာနန်းတော်မှ အခြားကျင့်ကြံသူများကို ထွက်သွားစေလိုနေသည်။
“နန်းတော်သခင်မ...”
မူလအနောက်အင်ပါယာနန်းတော်သခင်သည် ရှီးချီယောင်ကို ခေါ်လိုက်သည်။ သူသည် သူမကိုကြည့်၍ အကြံပြုလိုက်သည်။
“ငါတို့ သွားသင့်တယ်”
“အားလုံးပဲ ချက်ချင်း ပြန်ဆုတ်သွားကြပါ”
ရှီးချီယောင် အမိန့်ပေးလိုက်သည်။ သူမသည် ထွက်သွားရန် ရည်ရွယ်ချက် မရှိပေ။ စီဝေ့အင်ပါယာနန်းတော်မှ လူများသည်လည်း ဤနေရာတွင် ကျန်ခဲ့မည်ဖြစ်သည်။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ မျက်နှာပျက်သွားကြသည်။ ရှီးချီယောင်သည် အနောက်အင်ပါယာနန်းတော်၏ မျှော်လင့်ချက်ဖြစ်သည်။
မူလအနောက်အင်ပါယာနန်းတော်သခင်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်ပုံပင်။ ရှီးချီယောင်ကဲ့သို့ ကောင်းကင်မာနသမီးတော်မျိုးသည် လူအနည်းငယ်ကိုသာ မျက်စိကျနိုင်ပေသည်။ ရီဖူရှင်းသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်ကြောင်း သိသာပေသည်။
ထိုနေရာရှိ အခြားကျင့်ကြံသူများသည် လျင်မြန်စွာ ထွက်သွားကြပြီး စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ချန်ခဲ့လေသည်။ ယခုတွင် မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နေသော ရီဖူရှင်းသည် ထိုအရာအားလုံးကို မြင်ပေသည်။ အောက်ဘက်ရှိ အရာအားလုံးသည် သူ၏မြင်ကွင်းအတွင်း၌သာ ရှိသည်။
“အားလုံးပဲ အထဲဝင်သွားကြပါ”
စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများ၏ နားထဲတွင် အသံတစ်သံ ထွက်ပေါ်လာ၏။ အားလုံး အံ့အားသင့်သွားကြ၏။
“သွားကြစို့...”
သိမ်းငှက်လေးသည် ထိုသို့ပြောလိုက်ပြီး ရှေ့မှ ဦးဆောင်သွားသည်။ သူသည် သူတို့လာလမ်းအတိုင်း လိုက်သွားပြီး မဟော်ရာဂီအိမ်တော်၏ အဓိကအပိုင်းသို့ ဦးတည်သွားလိုက်ကြသည်။ ထိုနေရာတွင် မည်သူမှမတွေ့သေးသော မဟာအင်ပါယာများ၏ အကြွင်းအကျန်များစွာ ရှိပေသေးသည်။
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သိမ်းငှက်လေးအနောက်မှ လိုက်သွားကြ၏။ သူတို့သည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားမလည်ပေ။
သူတို့ ထင်ထားသလိုများ ဖြစ်နေမည်လော။
“နန်းတော်သခင်မတို့လည်း အတူလိုက်လာသင့်တယ်...”
သိမ်းငှက်လေးသည် ရှီးချီယောင်တို့လူစုကိုကြည့်ကာ ပြောလိုက်၏။ ရှီးချီယောင်၏မျက်နှာထားသည် ထူးဆန်းသွားပြီး မေးလိုက်သည်။
“နန်းတော်သခင်ရီ ဘယ်လိုအခြေအနေရှိလဲ”
“ကျုပ်နဲ့အတူ လိုက်လာရင် သိရမှာပါ”
သိမ်းငှက်လေးက ပြောလိုက်၏။ သူသည် ဆက်၍ ရှင်းပြမနေတော့ဘဲ ရှေ့သို့ ဆက်သွားလိုက်သည်။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထူးဆန်းသောမျက်နှာထားများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။ ထို့နောက် သူတို့သည် ရှီးချီယောင်က စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအနောက်သို့ လိုက်သွားကြောင်း တွေ့လိုက်ရ၏။
အစောက အသံသည် သူတို့ကိုသာ ဦးတည်၍ ပြောလိုက်သော အသံလော။
မဟော်ရာဂီက သူတို့ကို ပြောခဲ့ခြင်းလော။
ရှီးချီယောင်သည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ တုံ့ပြန်မှုကို တွေ့သောအခါ ရီဖူရှင်းက အဆင်ပြေကြောင်း သိခဲ့ပေသည်။ မဟုတ်လျှင် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုမျှတည်ငြိမ်နေကြမည်မဟုတ်ပေ။ အထူးသဖြင့် ရီဖူရှင်း၏စီးတော်ယာဉ် ဒီမွန်းသားရဲသည် ပြာယာခတ်နေမည်ဖြစ်သည်။ သို့သော် ထိုသားရဲသည် စစ်ထွက်တော့မည့် စစ်သူကြီးတစ်ဦးကဲ့သို့ ဝင့်ဝါကာ စိတ်ကြီးဝင်နေလေသည်။ သူ့ထံတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခုပင် ရှိမနေပေ။
သူမသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး ဖြစ်နိုင်ချေတစ်ခုကို တွေးလိုက်သည်။ သူမ၏လှပသောမျက်ဝန်းများထဲတွင် ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာလေသည်။ ထိုကဲ့သို့ မဖြစ်နိုင်သည် မဟုတ်လော။
မကြာခင်မှာပင် သူတို့သည် အမွေအနှစ်များရှိသောနေရာသို့ ပြန်ရောက်သွားသည်။ ကောင်းကင်ထက်ရှိ ကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအားသည် တဖြည်းဖြည်း လွင့်ပါးနေသည်။ ဧရာမ မဟော်ရာဂီပုံရိပ်ကြီးသည် ခြေရာလက်ရာတစ်ခုပင် မကျန်ဘဲ ပျောက်ကွယ်သွားသည်။ ၎င်းသည် ဟင်းလင်းပြင်ထဲတွင် ပျော်ဝင်သွားသကဲ့သို့ပင်။ ထို့နောက်တွင် သူတို့လူစုသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြပြီး ကောင်းကင်မှနေ၍ လူတစ်ယောက် ဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။ ထိုသူမှာ ရီဖူရှင်းပင်။
‘ဒါက...’
အောက်မှ လူများသည် အပြင်းအထန် ရင်ခုန်သွားကြသည်။ မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအား ပျောက်ကွယ်သွားပြီးနောက်တွင် ရီဖူရှင်းက ပြန်ရောက်လာခဲ့သည်။ သူတို့၏ ခန့်မှန်းမှုများသည် မှန်နေမည်လော။
“ဘာတွေဖြစ်နေတာလဲ...”
သခင်ချန်က မေးလိုက်သည်။ သူသည် ရီဖူရှင်းကို မျှော်လင့်တကြီး ကြည့်နေလေသည်။ အကယ်၍ သူခန့်မှန်းထားသည့်အတိုင်းသာ မှန်ပါက စီဝေ့အင်ပါယာနန်းတော်သည် ဤနယ်မြေကို အပြည့်အဝထိန်းချုပ်နိုင်ကာ ဤနေရာရှိ မဟာအင်ပါယာများ၏ အမွေအနှစ်များကို သိမ်းပိုက်နိုင်ပေလိမ့်မည်။
ဤနေရာတွင် မဟာအင်ပါယာများ၏ အမွေအနှစ်များစွာ ရှိပေသည်။
ထိုမဟာအင်ပါယာများ၏ အမွေအနှစ်များတွင် မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများ ပါဝင်သည်။ ထိုမဟာအင်ပါယာများသည် တစ်ချိန်က မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို ချိပ်ပိတ်ရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။
“နောက်ကျရင် ဒီရှေးဟောင်းကုန်းမြေပေါ်မှာ ဒီနယ်မြေက စီဝေ့အင်ပါယာနန်းတော်ရဲ့ အခြေစိုက်စခန်းဖြစ်လာလိမ့်မယ်”
ရီဖူရှင်း ကြေညာလိုက်သည်။ သူသည် ရလဒ်ကို တိုက်ရိုက်မပြောလိုက်သော်လည်း ရလဒ်သည် ထင်ရှားပေသည်။ သူတို့သည် ထိုရလဒ်ကို သူတို့ဘာသာ တွေးကြည့်နိုင်ပေသည်.
အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း လွန်စွာ အံ့အားသင့်သွားသည်။ ယခုတွင် ရီဖူရှင်းသည် မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နေပြီလော။
ထို ပါရမီရှင်သည် အမြဲပင် ထိုကဲ့သို့ အံ့အားသင့်ဖွယ် အရည်အချင်းများကို ထုတ်ပြတတ်ပေသည်။ ယခုတွင် သူသည် ကျင့်ကြံခြင်းလောက၌ ထိပ်ဆုံးတွင် ရပ်တည်နိုင်နေပေပြီ။ သူသည် ဤနတ်ဘုရားသင်္ချိုင်းတွင်လည်း ပြောင်မြောက်စွာ စွမ်းဆောင်နိုင်၏။ မဟော်ရာဂီသည် ဤနယ်မြေအတွင်းရှိ အရာအားလုံးကို စုပ်ယူလိုခဲ့သော်လည်း ရီဖူရှင်း၏ ထိန်းချုပ်မှုကိသာ ခံခဲ့ရလေသည်။
ရီဖူရှင်းသည် ထိုကဲ့သို့ အောင်မြင်မှုကိုရရှိရန် မည်သို့လုပ်ဆောင်ခဲ့ခြင်းနည်း။
ယခုတွင် ရီဖူရှင်း၏ ခွင့်ပြုချက်သာမရှိလျှင် အခြားသူများသည် ဤနေရာသို့ လာနိုင်တော့မည် မဟုတ်ပေ။
အနောက်အင်ပါယာမှ ကျင့်ကြံသူများသည် ရှီးချီယောင်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူတို့သည် ရီဖူရှင်းနောက်သို့ လိုက်ခဲ့သောကြောင့်သာ ဤအခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်သည်။ ထင်ထားသကဲ့သို့ပင် ယခုတွင် ရီဖူရှင်းသည် တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ တစ်ခုဖြစ်သည့် မဟော်ရာဂီအိမ်တော်၏ နယ်မြေကို ထိန်းချုပ်ထားနိုင်နေပြီဖြစ်သည်။ ဤနေရာရှိ အမွေအနှစ်အားလုံးသည် သူတို့အပိုင်ဖြစ်သွားပေပြီ။
ရီဖူရှင်းသည် သူတို့ကို ဤနေရာတွင် နေခွင့်ပြုခဲ့သဖြင့် သူတို့သည် ဤနေရာတွင် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့်အတူ ကျင့်ကြံနိုင်ပေသည်။
“ကျုပ်တို့ ဒီနေရာကို စီဝေ့အင်ပါယာနန်းတော်နဲ့ ဆက်သွယ်လိုက်လို့ရပါတယ်။ နောက်ကျရင် စီဝေ့အင်ပါယာနန်းတော်က ကျင့်ကြံသူတွေက ရှေးဟောင်းကုန်းမြေကို လာပြီး ကျင့်ကြံနိုင်တော့မယ်”
သခင်ချန်က ပြောလိုက်၏။ သူသည် အနာဂတ်အတွက် မျှော်လင့်ချက်ကြီးနေသည်။
“အင်း...”
ရီဖူရှင်းသည် ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။ ဤနေရာမှ အခြေအနေတည်ငြိမ်သွားလျှင် ကျင့်ကြံသူများစွာသည် ရှေးဟောင်းကုန်းမြေသို့လာ၍ ကျင့်ကြံလိုကြမည်ဖြစ်သည်။ အချိန်ကျလာလျှင် စီဝေ့အင်ပါယာနန်းတော်သည် လမ်းကြောင်းတစ်ခု ဖွင့်၍ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ဤနေရာသို့ လာစေ၍ ကျင့်ကြံခိုင်းနိုင်ပေသည်။
သို့သော် ထိုကိစ္စကို စဉ်းစာရန် စောလွန်းပေသေးသည်။ ဤရှေးဟောင်းကုန်းမြေသည် အချိန်တစ်ခုအထိ တည်ငြိမ်ဦးမည်မဟုတ်ပေ။ လောကအတွင်းတွင် တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခြင်းသည် နောင်တွင်ဖြစ်လာမည့်ကိစ္စများ၏ အစသာ ဖြစ်နိုင်ပေသည်။
“စပြီး ကျင့်ကြံကြတော့”
ရီဖူရှင်း ပြောလိုက်၏။ သူတို့အားလုံးသည် ခေါင်းညိတ်လိုက်ပြီး နေရာအသီးသီးသို့ ချက်ချင်း ထွက်သွားကြသည်။
“ကျုပ် ရွှေလှံပုဆိန်ကို လိုချင်တယ်”
ဖန်းစွင်က ပြောလိုက်၏။ သူသည် ထိုသို့ပြောလိုက်ပြီးနောက်တွင် မြေပြင်တွင် စိုက်ဝင်နေသော ရွှေလှံပုဆိန်ထံသို့ သွားလိုက်သည်။ ရီဖူရှင်းသည် ထိုဘက်သို့ လှမ်းကြည့်သည်။ ဖန်းစွင်သည် အမြင်ရှိပေသည်။ သူ၏စွမ်းရည်သည် အမှန်ပင် ထိုရွှေလှံပုဆိန်နှင့် ကိုက်ညီသည်။ သူသည် ၎င်းလက်နက်နှင့်ဆိုလျှင် စွမ်းအားကြီးအရှိန်အဝါကို ထုတ်နိုင်ပေလိမ့်မည်။
ဖန်းစွင်သည် အရေးကြီးသောအခိုက်များတွင်လည်း နောက်မဆုတ်ခဲ့ပေ။ သူသည် ရွှေလှံပုဆိန်ကိုသာ လိုချင်ခဲ့သည်။ ဤနေရာတွင် မဟာအင်ပါယာများ၏ အမွေအနှစ်များစွာ ရှိသော်လည်း မဟာအင်ပါယာအဆင့်လက်နက်နှင့် မဟာအင်ပါယာများ၏ သင်ကြားမှုများကို ရရှိရန် မလွယ်ကူပေ။ ဤအချိန်သည် နှိမ့်ချနေရမည့်အချိန် မဟုတ်ပေ။
“အဲဒါက မင်းရဲ့စွမ်းရည်အပေါ်မှာပဲ မူတည်တယ်။ မင်းသာ အဲဒီလက်နက်ကို အရင်သိမြင်နားလည်နိုင်ခဲ့ရင် အဲဒီလက်နက်ကို မင်းပိုင်မှာပေါ့။ တကယ်လို့ တခြားသူတွေက မင်းထက်အရင် သိမြင်နားလည်ခဲ့တယ်ဆိုရင်တော့ မင်းကိုယ်မင်း ပြန်သုံးသပ်ကြည့်ရမှာပဲ”
ရီဖူရှင်းသည် ဖန်းစွင်ကိုကြည့်၍ ပြောလိုက်၏။ ဖန်းစွင်သည် သူ၏တပည့်ဖြစ်သော်လည်း စီဝေ့အင်ပါယာနန်းတော်မှ လူအားလုံးသည် သူနှင့်ရင်းနှီးသူများဖြစ်သည်။ ထို့ကြောင့် သူသည် ဘက်လိုက်မည်မဟုတ်ပေ။ သူသည် အခြားသူများကို မဟာအင်ပါယာအဆင့်လက်နက်ကို တိုက်ရိုက်တောင်းဆိုခွင့်ပြုမည် မဟုတ်ပေ။
“မပူပါနဲ့ ဆရာ... အဲဒီလက်နက်က သေချာပေါက် ကျုပ်ဟာဖြစ်လာမှာပါ”
ဖန်းစွင်သည် နောက်လှည့်၍ပင် မကြည့်ဘဲ ပြောလိုက်၏။ သူသည် ရွှေလှံပုဆိန်အရှေ့သို့ ရောက်နေပေပြီ။
တစ်ဘက်တွင်လည်း သောယွီသည် အဖျက်လှံတစ်ချောင်းဆီသို့ လျှောက်သွားနေသည်။ လှံသည် သူနှင့် ပိုသင့်တော်ပေသည်။ အခြားကျင့်ကြံသူများသည်လည်း သူတို့၏ကျင့်ကြံခြင်းနှင့် ကိုက်ညီသော အမွေအနှစ်များကို ရှာတွေ့ခဲ့ပြီး လေ့လာကျင့်ကြံရန် ပြင်ဆင်နေကြပြီဖြစ်သည်။
ရီဖူရှင်းသည် အစိမ်းရောင်ကြာပွင့်ထံသို့ ထပ်မံသွားလိုက်သည်။ သူ၏ဝိညာဉ်စွမ်းအားသည် အစိမ်းရောင်ကြာပွင့်အတွင်းသို့ ဝင်ရောက်ပေါင်းစည်းသွားသည်။ သူသည် အမျိုးသမီး မဟာအင်ပါယာ၏ ပုံရိပ်ကို ထပ်မံတွေ့လိုက်ရ၏။
“စီနီယာ... အခု အပြင်မှာ အရာအားလုံး အေးဆေးသွားပါပြီ”
ရီဖူရှင်း ပြောလိုက်၏။
“အင်း... မင်းက ငါ့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစည်းချင်တာလား”
အမျိုးသမီးမဟာအင်ပါယာသည် ရီဖူရှင်းကို မေးလိုက်သည်။
“ကျုပ်မှာ စီနီယာရဲ့ စွမ်းရည်နဲ့ ဆင်တူတဲ့စွမ်းရည်ရှိတဲ့ မိတ်ဆွေကောင်းတစ်ယောက် ရှိပါတယ်။ သူ့ကို စီနီယာရဲ့ ဝိညာဉ်စွမ်းအားကို ဆက်ခံခွင့်ပြုဖို့ ကျုပ် မျှော်လင့်ပါတယ်”
ရီဖူရှင်းက ပြန်ပြောလိုက်၏။ သူသည် ရှားရှင်းယွန်ကို ရည်ညွှန်းနေခြင်းဖြစ်ပေသည်။
“ကောင်းပြီ... ငါ အိပ်ပျော်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အခု မင်းက ငါ့ကို နှိုးလိုက်ပြီဆိုတော့ ငါ့မှာ အချိန်အများကြီး မကျန်တော့ဘူး”
အမျိုးသမီးမဟာအင်ပါယာက ပြောလိုက်၏။ ထို့နောက်တွင် သူမ၏ပုံရိပ်သည် လွင့်ပြယ်လာကာ ထပ်မံဝေဝါးသွားသည်။ အစိမ်းရောင်ကြာပွင့်သည် အပေါ်သို့ ပျံတက်သွားသည်။ ရီဖူရှင်းသည် သူ၏လက်ကို ဆန့်တန်းလိုက်၏။ အစိမ်းရောင်ကြာပွင့်သည် သူ့လက်ဝါးပေါ်တွင် ဆင်းသက်လိုက်သည်။ ၎င်းတွင် လွန်စွာ များပြားသော အသက်ဝိညာဉ်အရှိန်အဝါ ရှိပေသည်။
ရီဖူရှင်း၏ခန္ဓာကိုယ်မှနေ၍ မဟာလမ်းစဉ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အစိမ်းရောင်ကြာပွင့်ကို လွှမ်းခြုံလိုက်သည်။ ထို့နောက်တွင် အစိမ်းရောင်ကြာပွင့် ပျောက်ကွယ်သွားပြီး ရီဖူရှင်း၏ အသက်နန်းတော်လောကအတွင်းသို့ စုပ်ယူခံလိုက်ရလေသည်။
ဤနေရာတွင် လူတိုင်းသည် မဟာအင်ပါယာများ၏ သင်ကြားမှုများကို ရရှိနိုင်၏။ သို့သော် သူသည် ဤအစိမ်းရောင်ကြာပွင့်ကို ရှားရှင်းယွန်အတွက် ဖယ်ပေးထားခဲ့ပေသည်။
***