နတ်မျက်လုံးများ စောင့်ကြည့်ခြင်း
Vol. 188 Ch. 2688
မဟော်ရာဂီ၏ အမွေအနှစ် တည်ရှိသော တောင်တန်းဒေသအပြင်ဘက်တွင် ကျင့်ကြံသူများစွာ စုဝေးနေကြသည်။ သူတို့အားလုံးသည် အပြင်သို့ မောင်းထုတ်ခံခဲ့ရသူများဖြစ်သည်။ ယခုအထိ သူတို့သည် ရင်တုန်နေကြဆဲပင်။ အစောက ဖြစ်ပျက်သွားခဲ့သောအရာအားလုံးသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မဟော်ရာဂီ နိုးထာလာခဲ့ပြီး ထိုနေရာအတွင်းရှိ အရာအားလုံးကို စုပ်ယူသွားခဲ့သည်။ ရုတ်ခြည်းအတွင်းမှာပင် ကျင့်ကြံသူများစွာ အသက်ဆုံးရှုံးခဲ့ရသည်။
သူတို့ထဲတွင် ကလန်များစွာသည် များစွာ ဆုံးရှုံးခဲ့သည်။
“အဲဒါ ပျောက်ကွယ်သွားပြီ”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအား လွင့်ပါးသွားသောအခါ သူတို့သည် ကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအားလည်း ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရ၏။ မဟော်ရာဂီသည် ထပ်မံ၍ အိပ်စက်သွားပြီလော။
ထိုမတိုင်ခင်က အဘယ်ကြောင့် မဟော်ရာဂီသည် သူတို့အားလုံးကို မစုပ်ယူခဲ့သနည်း။
“အဲဒါက မဟော်ရာဂီအသိစိတ်ရဲ့ ဝိညာဉ်စွမ်းအားလား”
တစ်စုံတစ်ယောက်က လေသံတိုးတိုးဖြင့် သုံးသပ်လိုက်သည်။
“အဲဒါကသာ အသိစိတ်ရှိမယ်ဆိုရင် ဘာလို့ ငါတို့ကို သွားခွင့်ပေးခဲ့တာလဲ”
အခြားတစ်ယောက်က မေးလိုက်၏။ သူတို့သည် စိတ်ဝင်စားနေကြသည်။ အဘယ်ကြောင့် မဟော်ရာဂီက သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်ကြောင်း သူတို့နားမလည်နိုင်ဖြစ်နေသည်။
ထိုကိစ္စသည် ပုံမှန်မဟုတ်ပေ။
“ဟမ်...”
ဓားဧကရာဇ်အရှင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။ သူနှင့်အတူ ပခုံးချင်းယှဉ်၍ တိုက်ခိုက်ခဲ့သော ရီဖူရှင်းနှင့် ရှီးချီယောင်တို့ ထွက်လာသည်ကို သူမတွေ့ပေ။ ထိုနှစ်ဦးသည်လည်း သူ့ကဲ့သို့ပင် မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားအတွင်းသို့ဝင်၍ ၎င်းကို တိုက်ခိုက်ခဲ့ကြသည်။ သို့သော် သူတို့ ထိုဝိညာဉ်စွမ်းအားကြောင့် သေဆုံးမသွားနိုင်ပေ။
“စီဝေ့အင်ပါယာနန်းတော်က ကျင့်ကြံသူတွေကရော...”
တစ်စုံတစ်ယောက်က မေးလိုက်သည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ပျောက်နေကြောင်းကို သတိပြုမိလိုက်ကြသည်။ သူတို့သည် ထိုသူများကို မတွေ့ရသေးပေ။ ထို့အခြင်းအရာသည် ထူးဆန်းသည်ဟု သူတို့ခံစားနေရသည်။
“ဒါမတိုင်ခင်က စီဝေ့အင်ပါယာနန်းတော်နဲ့ အနောက်အင်ပါယာနန်းတော်က လူတွေ အဆင်ပြေနေတာကို ငါတွေ့လိုက်တယ်။ သူတို့က ရီဖူရှင်းနဲ့ ရှီးချီယောင်တို့ကို စောင့်နေတဲ့ပုံပဲ... ဒါပေမဲ့ သူတို့ အခုထိ ထွက်မလာကြသေးဘူးလား”
ရီဖူရှင်းနှင့် စီဝေ့အင်ပါယာနန်းတော်မှ လူများ မည်သည့်နေရာတွင် ရှိနေသနည်းဆိုသော ကိစ္စသည် သူတို့၏အာရုံကို ဆွဲဆောင်သွားပေသည်။ ရီဖူရှင်းသည် လမ်းဖွင့်ပေးခဲ့သူ မဟုတ်ပါလား။ ယခုတွင် သူသည် ထိုနယ်မြေထဲမှ ပြန်ထွက်မလာနိုင်ခဲ့ပေ။ ထို့ကြောင့် ထိုသူများသည် သံသယဖြစ်နေသည်။
ဓားဧကရာဇ်အရှင်၏မျက်လုံးများသည် တောက်ပသွားပြီး လေထုကို ထွင်းဖောက်ကာ ထိုနယ်မြေအတွင်းသို့ စူးစိုက်ကြည့်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် လင်းလက်သွားကာ ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်တန်းဒေသအတွင်းသို့ ထပ်မံဝင်သွားလိုက်သည်။ သူသည် အဘယ်ကြောင့် ရီဖူရှင်းနှင့် စီဝေ့အင်ပါယာနန်းတော်မှသူများ ယခုအထိ ထွက်မလာသေးကြောင်း သိလိုနေသည်။
‘ဟမ်...’
အခြားကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျက်နှာထားများ ထူးဆန်းသွားကြသည်။ ဓားဧကရာဇ်အရှင်ဝင်သွားပြီးနောက်တွင် အခြားကျင့်ကြံသူများသည် ချီတုံချတုံဖြစ်နေလေသည်။
သူတို့သည်လည်း ဝင်သွား၍ သွားကြည့်သင့်သလော။
ဓားဧကရာဇ်အရှင် တောင်တန်းဒေသအတွင်းသို့ ဝင်သွားပြီး မကြာခင်မှာပင် ကြောက်မက်ဖွယ် မဟော်ရာဂီဝိညာဉ်စွမ်းအားသည် ထပ်မံနိုးထလာသည်။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုပါသော တောင်ကုန်းများသည် အပြင်မှ လူများကို ရင်တုန်သွားစေလေသည်။ သူတို့၏ အစောပိုင်းမှ အတွေးများ ပျောက်ပြယ်သွားသည်။ ဓားဧကရာဇ်အရှင်သည် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်လော။
ယခုတွင် ဓားဧကရာဇ်အရှင်သည် တောင်တန်းများအကြားတွင် ရပ်နေသည်။ သူ၏ခန္ဓာကိုယ်သည် ထက်ရှသောဓားတစ်ချောင်းကဲ့သို့ပင်။ သူသည် ခေါင်းမော့ကာ မဟော်ရာဂီပုံရိပ်ကြီးကို ကြည့်သည်။
ဧရာ မဟော်ရာဂီပုံရိပ်ကြီးသည် ကောင်းကင်ကို ကာရံထားပြီး ဓားဧကရာဇ်အရှင်အထက်တွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
ဓားဧကရာဇ်အရှင်သည် ကြောက်ရွံ့သည့်လက္ခဏာတစ်ခုမှ မပြပေ။ သူ၏အကြည့်သည် စူးရှနေပြီး သူသည် သူ့အထက်ရှိ ဧရာမပုံရိပ်ကြီးကို စိုက်ကြည့်နေလေသည်။ ပတ်ဝန်းကျင်သည် မွန်းကျပ်ဖွယ်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။
“မိတ်ဆွေလေးရီလား...”
ဓားဧကရာဇ်အရှင်သည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သူသည် အတန်ငယ် သံသယဖြစ်နေသောလေသံဖြင့် ပုံရိပ်ကြီးကို မေးလိုက်ခြင်းဖြစ်သည်။
သူသည် စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများ ပျောက်သွားခြင်းမှ ဆက်စပ်တွေးတော၍ ထိုသို့သုံးသပ်ခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်းသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့ပြီး ဤနယ်မြေကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ရမည်ဟု သူသုံးသပ်ခဲ့သည်။
မဟော်ရာဂီ၏ ဧရာမမျက်နှာကြီးသည် ဓားဧကရာဇ်အရှင်ကို စိုက်ကြည့်နေသည်။ ထို့နောက် ပုံရိပ်ကြီးထံမှနေ၍ သွေဖြူရောင်ဆံပင်နှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ပြောလိုက်လေသည်။
“စီနီယာက စူးရှတဲ့မျက်လုံးတွေ ရှိတာပဲ”
ဓားဧကရာဇ်အရှင်သည် ရီဖူရှင်းထွက်ပေါ်လာသည်ကို မြင်လိုက်သောအခါ အတန်ငယ် အံ့အားသင့်သွားသည်။ သူ ပြောလိုက်၏။
“အံ့အားသင့်စရာပဲ... မင်းက မဟော်ရာဂီရဲ့ ဝိညာဉ်စွမ်းအားကို တကယ်ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ငါ အထင်ကြီးသွားပါပြီ”
“စီနီယာ ဝင်လာခဲ့ပါ”
ရီဖူရှင်း ပြောလိုက်၏။ ထို့နောက်တွင် ပုံရိပ်ကြီး ပျောက်ကွယ်သွားပြီး ကောင်းကင်တွင် ရစ်သိုင်းနေသော ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားလည်း ပျောက်ကွယ်သွားသည်။
ဓားဧကရာဇ်အရှင်သည် အမွေအနှစ်နယ်မြေအတွင်းသို့ တစ်ချက်ကြည့်လိုက်ပြီး အတွင်းသို့ ဝင်သွားလိုက်သည်။
ထိုနယ်မြေအပြင်ဘက်တွင် အခြားကျင့်ကြံသူများသည် ဓားဧကရာဇ်အရှင် ပြန်လာမည်ကို မျှော်လင့်နေကြသည်။ သို့သော် ဓားဧကရာဇ်အရှင်သည် အချိန်အတော်ကြာပြီးသည်အထိ ပြန်ထွက်မလာသေးပေ။ ကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအား ပျောက်ကွယ်သွားပြီးနောက်တွင်လည်း ဓားဧကရာဇ်အရှင် ပြန်ရောက်မလာသေးပေ။ ထို့ကြောင့် သူတို့သည် တုန်လှုပ်သွားကြလေသည်။
ဓားဧကရာဇ်အရှင်သည် မဟော်ရာဂီကို ဒေါသထွက်စေခဲ့သဖြင့် မဟော်ရာဂီ၏ စုပ်ယူခြင်းကို ခံခဲ့ရသည်လော။
မည်သူမှ မဆင်မခြင် မပြုမူဝံ့ကြပေ။ သူတို့သည် သံသယများနှင့် ပြည့်နှက်နေသော်လည်း အဆိုးဆုံးအခြေအနေကိုသာ တွေးနေမိလေသည်။ အကယ်၍ စီဝေ့အင်ပါယာနန်းတော်နှင့် ဓားဧကရာဇ်အရှင်သည် မဟော်ရာဂီကို ဒေါသထွက်အောင် လုပ်မိသဖြင့် အမှန်ပင် မဟော်ရာဂီ၏ ဝါမျိုးခြင်းကို ခံခဲ့ရခြင်းဖြစ်ပါက ကျန်သူများသည် ထိုနယ်မြေအတွင်းသို့ ဝင်သွားခဲ့လျှင် သေချာပေါက် သေဆုံးသွားမည်ဖြစ်သည်။
သူတို့သည် အပြင်မှသာ စောင့်နေနိုင်ပေသည်။
တစ်ဘက်တွင်လည်း ဓားဧကရာဇ်အရှင်သည် အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်သွားပြီး ရီဖူရှင်းနှင့် တွေ့ခဲ့သည်။
ထိုမတိုင်ခင်က သူတို့နှစ်ဦးသည် ဓားအင်ပါယာသုံးပါး၏ သင်ကြားမှုများအတွက် တိုက်ခိုက်ခဲ့ဖူးပေသည်။ ရီဖူရှင်းသည် ဓားဧကရာဇ်အရှင်၏ ဓားချက်တစ်ချက်ကို အောင်အောင်မြင်မြင် ခံနိုင်ခဲ့သည်။ ဓားဧကရာဇ်အရှင်သည် သူ၏ကတိအတိုင်း ဓားအင်ပါယာသုံးပါး၏ သင်ကြားမှုများကို လက်လျှော့ခဲ့သည်။ ထို့ကြောင့် ရီဖူရှင်းသည် ဓားဧကရာဇ်အပေါ်တွင် ကောင်းသောအမြင်ရှိနေသည်။ ဓားဧကရာဇ်အရှင်သည် မဟာအင်ပါယာများ၏ အမွေအနှစ်ကို ရနိုင်မည့် ဆွဲဆောင်မှုနှင့် ရင်ဆိုင်နေရသည်ပင် သူ၏ကတိကို တည်ခဲ့ပေသည်။ ထိုကဲ့သို့သော အပြုအမူမျိုးသည် သာမန်အပြုအမူမျိုးမဟုတ်ပေ။ အကယ်၍ ဓားဧကရာဇ်အရှင်သာ သူ့စကားကိုမတည်ဘဲ သင်ကြားမှုများကို အတင်းရယူလိုခဲ့ပါက ရီဖူရှင်းတို့အုပ်စုသည် သူ့ကို အနိုင်ယူနိုင်ရန် ခက်ခဲခဲ့မည် မဟုတ်ပါလား။
“စီနီယာ...”
ရီဖူရှင်းသည် ပြုံး၍ နှုတ်ဆက်လိုက်သည်။
“မင်းက ငါ့ကို အံ့အားသင့်စေခဲ့တာပဲ”
ဓားဧကရာဇ်အရှင်သည် ရီဖူရှင်းအနားသို့ လျှောက်သွားပြီး ပြောလိုက်၏။
“ငါ အရင်က မဟော်ရာဂီရဲ့ ဝိညာဉ်စွမ်းအားကို အာရုံခံခဲ့ဖူးတယ်။ အဲဒါကို အနိုင်ယူနိုင်ဖို့ မလွယ်ဘူး... ဒါပေမဲ့ မင်းက အဲဒါကို တကယ်အနိုင်ယူနိုင်ခဲ့တာပဲ။ ငါ အရင်က မင်းနာမည်ကို ကြားခဲ့ဖူးပေမယ့် မင်းကို သိပ်ပြီး အရေးမစိုက်ခဲ့ဘူး။ အခု ကြည့်ရတာပေါ့ မင်းရဲ့အရည်အချင်းတွေက အကန့်အသတ်မဲ့တဲ့ပုံပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လောကကြီးကလည်း အခု ပြောင်းလဲမှုတွေနဲ့ ကြုံနေရာတယ်... မင်း မဟာအင်ပါယာတစ်ပါး ဖြစ်လာဖို့ အခွင့်အရေး ရှိလာနိုင်တယ်”
“စီနီယာက ကျုပ်ကို အထင်ကြီးလွန်းနေပါပြီ”
ရီဖူရှင်းက ပြန်ပြောလိုက်၏။
“ဒီနေရာမှ အမွေအနှစ်တွေ အများကြီး ရှိပါတယ်။ စီနီယာနဲ့ ကိုက်ညီမယ့် အမွေအနှစ်ကို စီနီယာ ရှာတွေ့လိမ့်မယ်လို့ ကျုပ် အတပ်ပြောနိုင်ပါတယ်။ စီနီယာ ပြောသလိုပဲ အခု လောကကြီးက ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံနေရပါတယ်။ ဒီရှေးဟောင်းကုန်းမြေပေါ်လာတော့ နတ်ဘုရားတွေရဲ့ ဝိညာဉ်စွမ်းအားတွေက သူတို့ရဲ့ ဆက်ခံသူကို ရှာတွေ့သွားကြမှာပါပဲ... စီနီယာလည်း မဟာအင်ပါယာတစ်ပါးရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခွင့်ရပြီး နောက်ဆုံးတစ်ဆင့်ကို တက်လှမ်းနိုင်ပါစေလို့ ကျုပ် မျှော်လင့်ပါတယ်”
“မင်း ငါ့ကို ဘာလို့ ဝင်ခွင့်ပေးခဲ့တာလဲ”
ဓားဧကရာဇ်အရှင်က မေးလိုက်သည်။ သူ ဤနေရာသို့ ဝင်လာနိုင်ခဲ့လျှင် အနည်းဆုံး မဟာအင်ပါယာအဆင့် အမွေအနှစ်တစ်ခုကို သိမ်းပိုက်နိုင်မည်မှာ အသေအချာပင် ဖြစ်သည်။
ရီဖူရှင်းသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်နေပြီဖြစ်သည်။ အကယ်၍ ရီဖူရှင်းသာ ဓားဧကရာဇ်အရှင်ကို ပစ်မှတ်ထားရန် ရွေးချယ်ခဲ့လျှင် ဓားဧကရာဇ်အရှင်သည် ဤနယ်မြေအတွင်းသို့ ခြေမချနိုင်လောက်ပေ။
“ကျုပ်တို့ရဲ့ ဆက်ဆံရေးက အတော်လေး အဆင်ပြေတယ်လေ။ ကျုပ်က စီနီယာရဲ့ ဆုံးဖြတ်ချက်ပြတ်သားတာကို လေးစားပါတယ်။ ဒီပရမ်းပတာခေတ်ကြီးထဲမှာ ကျုပ်က မိတ်ဆွေတွေ ပိုရနိုင်ဖို့ မျှော်လင့်ပါတယ်”
ရီဖူရှင်း ပြောလိုက်၏။ သူသည် ဓားဧကရာဇ်အရှင်ကို မျက်နှာလိုမျက်နှာရလုပ်ရသည်ကို မရှက်ပေ။
“မင်းက စကားပြောတော့ ကောင်းသားပဲ”
ဓားဧကရာဇ်အရှင်သည် ခေါင်းညိတ်၍ ပြောလိုက်၏။
“မင်းက ဒီလိုပြောနေမှတော့ ငါမင်းနဲ့ မိတ်ဆွေဖွဲ့ပါမယ်။ ငါကမင်းထက် အများကြီး ကြီးတယ်ဆိုတော့ ငါမင်းကို ‘မိတ်ဆွေလေးရီ’ လို့ ခေါ်ရင် မင်းလက်ခံနိုင်တယ်မလား...”
“လက်ခံနိုင်တာပေါ့...”
ရီဖူရှင်းက ပြုံး၍ သဘောတူလိုက်သည်။
“စီနီယာ ဒီနေရာမှာ စိတ်ကြိုက် ရှာနိုင်ပါတယ်”
“အင်း...”
ဓားဧကရာဇ်အရှင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
“အင်ပါယာအဆင့်အင်အားစုတွေက မဟုတ်တဲ့ ငါတို့လို ကျင့်ကြံသူတွေက အမြဲ တစ်ပမ်းရှုံးနေခဲ့တာပဲ။ ကောလာဟလတွေအရတော့ အင်ပါယာအဆင့်အင်အားစု ခုနစ်စုက တပ်ဖွဲ့ရှစ်ဖွဲ့ရဲ့ အမွေအနှစ်နယ်မြေတစ်ခုစီကို တွေ့သွားကြပြီတဲ့။ သူတို့ရဲ့ စွမ်းရည်တွေက သေချာပေါက် ပိုပြီးတိုးတက်လာတော့မှာပဲ။ မိတ်ဆွေလေးရီက တပ်ဖွဲ့ရှစ်ဖွဲ့ရဲ့ အမွေအနှစ်နယ်မြေတွေထဲက မဟော်ရာဂီရဲ့ အမွေအနှစ်နယ်မြေကို သိမ်းပိုက်နိုင်ခဲ့တာ အတော်လေး ကံကောင်းတယ်လို့ဆိုရမယ်။ မင်း အချိန်မဖြုန်းဘဲ ကျင့်ကြံသင့်တယ်”
“စီနီယာ ပြောတာ အမှန်ပါပဲ”
ရီဖူရှင်း ခေါင်းညိတ်လက်ခံလိုက်သည်။
“မိုးနဲ့မြေရဲ့ ပြောင်းလဲမှုတွေက နီးကပ်လာပါပြီ။ ကျုပ်တို့မှာ အချိန်မရှိတော့ပါဘူး”
“ကျင့်ကြံကြတာပေါ့...”
ဓားဧကရာဇ်အရှင်သည် တစ်ဘက်သို့ ထွက်သွားပြီး ပြောလိုက်၏။ ရီဖူရှင်းသည် ဓားဧကရာဇ်အရှင် ထွက်သွားရာဘက်သို့ ကြည့်သည်။
လက်ရှိတွင် ဤနေရာကို စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများနှင့် ဓားဧကရာဇ်အရှင်တို့က သိမ်းပိုက်ထားလေသည်။ သူတို့၏ အင်အားသည်လည်း အတော်လေး ကြီးပေသည်။ ထိုအင်အားသည် အင်ပါယာအဆင့်အင်အားစုများနှင့်မူ မယှဉ်နိုင်သေးသော်လည်း ရီဖူရှင်းသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအား၏ အကူအညီကိုရထားသဖြင့် ဤနယ်မြေကို သူတို့သိမ်းပိုက်ထားနိုင်လိမ့်မည်ဟု ယုံကြည်မှုရှိလေသည်။ သို့ပေသည့် မဟာအင်ပါယာအဆင့်အင်အားစုများ သူတို့ထံ လာရောက်ကျူးကျော်ရန် ရွေးချယ်ခဲ့လျှင်မူ အခြေအနေတစ်မျိုး ပြောင်းသွားနိုင်ပေသည်။
*****
မဟော်ရာဂီအမွေအနှစ်နယ်မြေအပြင်ဘက်တွင် အလွန်တိတ်ဆိတ်နေသည်။ မည်သည့်ကျင့်ကြံသူမှ ထိုနယ်မြေအတွင်းသို့ ခြေမချဝံ့ကြပေ။ သူတို့သည် အခွင့်အရေးများကို ရှာရန် အခြားနေရာများသို့သာ သွားနိုင်ပေသည်။ သူတို့အတွက် ကျင့်ကြံရန်သင့်တော်သည့် အခြားနေရာများ ရှိပေသေးသည်။ အင်ပါယာအဆင့်အင်အားစုများသည် တစ်စုပြီးတစ်စု တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်နယ်မြေများကို ရှာတွေ့ခဲ့ကြသည်။ သူတို့သည် တခြားအင်အားစုများမှ ကျင့်ကြံသူများကို ထိုနယ်မြေများအတွင်း၌ ကျင့်ကြံခွင့် ပြုကြ၏။ ထိုနယ်မြေများ၏ အဓိကအပိုင်းများကိုမူ အင်ပါယာအဆင့်အင်အားစုများက လက်ဝါးကြီးအုပ်ထားသည်ဆိုသော်လည်း အစွန်အဖျားအပိုင်းများတွင် မဟာအင်ပါယာများ၏ အမွေအနှစ်အချို့ကို ရှာတွေ့နိုင်ပေသေးသည်။
ထို့အပြင် ဤရှေးဟောင်းကုန်းမြေပေါ်တွင် အခြားသူများ မသိမ်းပိုက်ရသေးသော အမွေအနှစ်နယ်မြေများ ရှိနေသေးသည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်နယ်မြေအားလုံးသည် သိမ်းပိုက်ခံလိုက်ရပြီဖြစ်သည်။ ထင်ထားသကဲ့သို့ပင် ထိုနယ်မြေများကို မဟာအင်ပါယာအဆင့် အင်အားစုများက သိမ်းပိုက်သွားကြသည်။ ကောင်းကင်ဘုံအင်အားစုသည် ဒီဗာအိမ်တော်၏ အမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားသည်။ ထိုနယ်မြေသည် ရှေးဟောင်းကောင်းကင်နန်းတော်၏ အပျက်အစီးများရှိရာနေရာဖြစ်ပြီး ထိုနယ်မြေ၏မြင်ကွင်းသည် လွန်စွာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကျင့်ကြံသူတော်တော်များများသည် ထိုနေရာတွင် ကျင့်ကြံလိုခဲ့ကြသော်လည်း သူတို့သည် ကောင်းကင်ဘုံမှ ကျင့်ကြံသူများ၏ ပိတ်ဆို့တားဆီးမှုကို ခံခဲ့ကြရသည်။ ကျင့်ကြံသူများစွာသည် အသတ်ပင်ခံခဲ့ရလေသည်။
နတ်ဆိုးလောကသည် ကာရူရာအိမ်တော်၏ အမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားသည်။ ဒီမွန်းအရှင်သခင်၏ အမွေအနှစ်သည် ထိုနေရာတွင် ရှိပေသည်။
မှော်နက်လောကသည် အသူရာအိမ်တော်၏ အမွေအနှစ်နယ်မြေကို ရှာတွေ့ခဲ့သည်။
လူသားဘုံသည် ဂီတနတ်ဘုရားဂဒ္ဒပါ၏ အမွေအနှစ်နယ်မြေကို အုပ်စိုးထားသည်။
ကောင်းကင်ဒေသမှာမူ နာဂါအိမ်တော်၏ အမွေအနှစ်နယ်မြေကို တွေ့ရှိခဲ့သည်။
ဗလာနတ္တိဘုံသည် ယက္ကစာအိမ်တော်၏ အမွေအနှစ်နယ်မြေတွင် အခြေချနေကြသည်။
ဗုဒ္ဓလောကသည် ကန္နရာအိမ်တော်၏ အမွေအနှစ်နယ်မြေကို တွေ့ခဲ့လေသည်။
နောက်ဆုံး မဟော်ရာဂီအိမ်တော်၏ အမွေအနှစ်နယ်မြေကိုမူ မည်သည့်အင်ပါယာအဆင့် အင်အားစုကမှ သိမ်းပိုက်မထားပေ။ ကောလာဟလများက မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအား နိုးထလာခြင်းကြောင့် မည်သည့်အင်အားစုကမှ ထိုနယ်မြေကို မသိမ်းပိုက်နိုင်ခဲ့ဟု ဆိုကြပေသည်။
အခြားကျင့်ကြံသူများ မသိသော်လည်း ယခုတွင် တပ်ဖွဲ့ရှစ်ဖွဲ့၏ နောက်ဆုံးနယ်မြေကို စီဝေ့အင်ပါယာနန်းတော်က သိမ်းပိုက်ထားလေသည်။
ထပ်သီးအင်အားစု အားလုံးသည် အမွေအနှစ်နယ်မြေတစ်ခုစီကို သိမ်းပိုက်ထားကြသဖြင့် ထိုအခိုက်တွင် သူတို့သည် သူတို့သိမ်းပိုက်ထားသော နယ်မြေအတွင်းရှိ သင်ကြားမှုများကို လေ့လာကျင့်ကြံရင်းဖြင့် အလုပ်များနေကြပေသည်။ ထို့ကြောင့် သူတို့သည် အခြားအမွေအနှစ်နယ်မြေများကို ကျူးကျော်ရန် အချိန်မရှိကြပေ။ သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ကျင့်ကြံခြင်းလောကမှ အခြားကျင့်ကြံသူများ ထပ်မံရောက်ရှိလာကြပြီး ထိုရှေးဟောင်းကုန်းမြေပေါ်တွင် ခြေချင်းလိမ်နေကြလေသည်။ အမွေအနှစ်များအားလုံးသည် တဖြည်းဖြည်းဖြင့် ၎င်းတို့၏ဆက်ခံသူများကို တွေ့လာကြသည်။ သို့သော် အတင်းလုယူခံခဲ့ရသည်များလည်း ရှိပေသည်။
သို့ရာတွင် အင်ပါယာအဆင့်အင်အားစုများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်မစောင်ကြပေ။ သူတို့သည် အခြားနေရာများကို မကျူးကျော်မီ သူတို့၏ ကိုယ်ပိုင်အမွေအနှစ်နယ်မြေအတွင်း၌ တွေ့ရှိခဲ့သော သင်ကြားမှုများကို လေ့လာရန် အချိန်လိုအပ်သည် မဟုတ်ပါလား။
ထိုကဲ့သို့သော တည်ငြိမ်မှုသည် တစ်နှစ်ခံခဲ့ပေသည်။ တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်နယ်မြေများကို တွေ့ရှိသွားပြီးနောက်တွင် အင်ပါယာအဆင့်အင်အားစုများကြားတွင် သင့်တင့်သော မျှခြေတစ်ခု ဖြစ်ပေါ်ခဲ့လေသည်။
သို့သော် ရှေးဟောင်းကုန်းမြေတစ်ခွင်တွင် ကြောက်မက်ဖွယ် တိုက်ပွဲကြီးများ ဖြစ်ပျက်နေဆဲဖြစ်သည်။ ထိုကုန်းမြေပေါ်တွင် တစ်ခါမှ အမှန်တကယ် မငြိမ်းချမ်းခဲ့ပေ။
ထိုနေ့တွင် စွမ်းအားကြီးကျင့်ကြံသူတစ်ဦးသည် မဟော်ရာဂီ၏ အမွေအနှစ်နယ်မြေအနီးသို့ ချဉ်းကပ်လာသည်။ ထိုကျင့်ကြံသူကို ဗုဒ္ဓအလင်းက လွှမ်းခြုံထားပြီး သူ၏ကျင့်ကြံခြင်းသည် နက်နဲပေသည်။ သူသည် ဗုဒ္ဓလောက၏ အနောက်ဘက်ကောင်းကင်ရှိ ဗုဒ္ဓများထဲမှတစ်ပါးဖြစ်သော ရှန်းယန်ဗုဒ္ဓအရှင်ဖြစ်လေသည်။
သူသည် အမွေအနှစ်နယ်မြေအပြင်ဘက်တွင် ရပ်လိုက်၏။ သူ၏မျက်လုံးသူငယ်အိမ်အတွင်းမှ နတ်အလင်းများ ထွက်ပေါ်လာ၏။ အထက်ကောင်းကင်တွင်လည်း မျက်ဝန်းတစ်စုံ ထွက်ပေါ်လာ၏။ ထိုမျက်လုံးများ၏အကြည့်သည် တုန်လှုပ်ဖွယ်ကောင်းပြီး ကျယ်ပြောသောအာကာပြင်ကို ဖြတ်သန်းကာ အမွေအနှစ်နယ်မြေအတွင်းပိုင်းကို စူးစမ်းနေလေသည်။ ရှန်းယန်ဗုဒ္ဓအရှင်သည် ဤအမွေအနှစ်နယ်မြေအတွင်း၌ မည်သည့်အရာကို ဖုံးကွယ်ထားကြောင်းကို စုံစမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်ပေသည်။
***