ကျင့်ကြံသူအုပ်ကြီး
Vol. 188 Ch. 2691
ထိပ်သီးကျင့်ကြံသူများသည် ကောင်းကင်ထက်ရှိ မဟော်ရာဂီထံသို့ ပျံသွားလိုက်ကြသည်။ သူသည် အရေးအကြီးဆုံးပစ်မှတ်ဖြစ်ကြောင်း သူတို့သိပေသည်။
ရီဖူရှင်း ဤနယ်မြေကို ထိန်းချုပ်နိုင်နေခြင်းမှာ သူသည် မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းထားခြင်ကြောင့် ဖြစ်လေသည်။ သူ့ကိုသတ်လိုက်မှသာ သူတို့သည် အမွေအနှစ်နယ်မြေအတွင်းသို့ ဖောက်ဝင်နိုင်မည်ဖြစ်သည်။
အကယ်၍ သူတို့သာ ရီဖူရှင်းကို ဖိအားပေးတိုက်ခိုက်နေပါက ရီဖူရှင်းသည် အောက်ရှိ အခြားကျင့်ကြံသူများကို အာရုံစိုက်ရန် အချိန်ရှိမည်မဟုတ်ပေ။
ထိုစဉ်တွင် မုန်းတိုင်းအတွင်းမှ စုပ်အားတစ်ခုသည် ကျူးကျော်သူအားလုံးကို လွှမ်းခြုံသွားသည်။ သူတို့အားလုံးသည် အန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် သတိကြီးသွားကြသည်။ စုပ်အားအပြင် ကျင့်ကြံသူများစွာသည်လည်း သူတို့ပတ်ပတ်လည်တွင် ထွက်ပေါ်လာ၏။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများဖြစ်သည်။
ထိုစဉ် အခြားတစ်နေရာ၌ မှော်နတ်ကလေးငယ် ပေါ်လာလေသည်။ သူထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်း၏။ သူ၏ခန္ဓာကိုယ်သည် ရွှေဖြင့်ထုစစ်ထားသည်ဟု ထင်ရပြီး လွန်စွာ ဖိအားအငွေ့အသက်ကြီးလေသည်။ သို့သော် သူသည် အလွန်အန္တရာယ်များသော အရှိန်အဝါတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်၏။ သူသည် ရုတ်ခြည်းပင် တစ်ဘက်သို့ လှမ်းကြည့်သည်။ သူ့ကိုယ်မှနေ၍ ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။ သူ့အနောက်တွင် ရှေးဟောင်း ရွှေရောင် မှော်နတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူက လက်အုပ်ချီလိုက်ရာ ဗုဒ္ဓကုန်းမြေ၏ ဧရာမနတ်ချိပ်စည်းတစ်ခု ဖြစ်ပေါ်လာလေသည်။
တလက်လက်တောက်ပနေသော ရွှေရောင်အလင်းတန်းတစ်ခုသည် အာကာပြင်ကို ဖြတ်သန်းသွားသည်။ အလင်းကျဆင်းလာသောအခါ ရုတ်ခြည်းပင် ဗုဒ္ဓကုန်းမြေ နတ်ချိပ်စည်းကို ထွင်းဖောက်သွားသည်။ ကျယ်လောင်သော ထိခတ်သံတစ်သံ ထွက်ပေါ်လာပြီး နတ်ချိပ်စည်းသည် တိုက်ရိုက်ကွဲအက် ပျက်စီးသွားသည်။ အတုမဲ့ရွှေရောင်နတ်အလင်းသည် ဆက်၍ ပျံသန်းနေသည်။ ရုတ်ခြည်းအတွင်းမှာပင် ၎င်းသည် သူ၏ရွှေရောင်နတ်ခန္ဓာကို ဖောက်ထွင်းသွား၏။
ထန်း...
သတ္တုချင်း ထိခတ်သံများကို ကြားလိုက်ရ၏။ မှော်နတ်ကလေးငယ်သည် ခေါင်းငုံ့လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ကြည့်သည်။ သူ၏ခန္ဓာကိုယ်သည် ထွင်းဖောက်ခံလိုက်ရပြီဖြစ်ကြောင်း သူတွေ့လိုက်၏။ သူ့ရွှေခန္ဓာပေါ်တွင် အက်ကြောင်းများစွာ ထွက်ပေါ်လာ၏။ သူ့ကို ထိမှန်သွားသော လက်နက်သည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုဖြစ်သော ရွှေလှံပုဆိန်တစ်ခုဖြစ်သည်။ ထိုလက်နက်မှ တောက်ပနေသော နတ်အလင်းသည် မျက်လုံးကျိန်းဖွယ်ပင်။
သူ့ကို တိုက်ခိုက်လိုက်သည့် ကျင့်ကြံသူမှာ ဖန်းစွင်ဖြစ်သည်။ ဖန်းစွင်သည် လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက်ကို ဆွဲကိုင်၍ မှော်နတ်ကလေးငယ်ထံ ပျံဝင်လာသည်။ ပြီးခဲ့သော နှစ်အတွင်း၌ ဖန်းစွင်သည် ရွှေလှံပုဆိန်နှင့် ဆက်နွယ်နိုင်ခဲ့ကာ ၎င်း၏ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရရှိခဲ့ကြောင်း ထင်ရှားပေသည်။
“မဟုတ်ဘူး...”
မှော်နတ်ကလေးငယ်သည် အော်ဟစ်လိုက်၏။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး အဆုံးမဲ့ ရွှေရောင်နတ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်နှင့် သူ၏ဝိညာဉ်သည် ရုတ်ခြည်းပင် ပျောက်ကွယ်သွားပေပြီ။
ဗုဒ္ဓကုန်းမြေသည် ရှေးဟောင်းနတ်ဘုရားကလန်များထဲမှ တစ်ခုဖြစ်သည်။ မှော်နတ်ကလေးငယ်၏လက်ရှိ ကျင့်ကြံခြင်းအဆင့်သည် ကပ်ဘေးအဆင့်တွင် ဖြစ်၏။ သူသည် လွန်စွာ စွမ်းအားကြီးပေသည်။ သူသည် အမွေအနှစ်နယ်မြေတစ်ခုတွင်လည်း အမွေအနှစ်အနည်းငယ်ကို ရရှိခဲ့သည်။ သို့သော် သူသည် တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် ရုတ်ခြည်း အမှုန့်ဖြစ်သွားသည်။
ရှေးဟောင်းနတ်ဘုရားကလန်မှ နတ်ကလေးငယ်သည် လူအားလုံး၏မျက်စိရှေ့တွင် မရှုမလှသေဆုံးသွားခဲ့လေသည်။
ဗုဒ္ဓကုန်းမြေမှ အခြားကျင့်ကြံသူများသည် ဖန်းစွင်ကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ ဖန်းစွင်သည် သူ၏ရွှေလှံပုဆိန်ကို ရှေ့သို့ ချိန်ရွယ်လိုက်၏။ ရုတ်ခြည်းပင် နတ်လှံပုဆိန်ပုံရိပ်များသည် အာကာပြင်ကို ဖောက်ထွင်းကာ ထိုသူတစ်ယောက်ချင်းစီကို ထွင်းဖောက်သွားသည်။ ထိုကျင့်ကြံသူများသည် မှော်နတ်ကလေးငယ်ကဲ့သို့ တူညီသော ကံကြမ္မာနှင့် ရင်ဆိုင်လိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များသည် အမှုန်ဖြစ်သွားသည်။
ဖန်းစွင်သည် မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသူတစ်ဦးဖြစ်ပြီး မဟာအင်ပါယာတစ်ပါး၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရရှိထားပေသည်။ ထို့အပြင် ယခုတွင် သူသည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကိုလည်း ကိုင်ဆောင်ထားပြီဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန်များမှ ကျင့်ကြံသူများသည် သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။
ထိုအခိုက်တွင် ဖန်းစွင်အထက်တွင် အတုမဲ့ဖိအားတစ်ခု ရစ်သိုင်းလာသည်။ သူသည် ခေါင်းမော့၍ ကြည့်လိုက်ရာ သူ့အထက်တွင် ဗုဒ္ဓကုန်းမြေနတ်ချိပ်စည်းတစ်ခု ဝဲနေသည်ကို တွေ့လိုက်ရ၏။ ဖန်းစွင်သည် သူ၏ရွှေလှံပုဆိန်ကို မြှောက်လိုက်ပြီး အထက်သို့ ပျံတက်သွားလိုက်သည်။ သို့သော် ကျယ်လောင်သောထစ်ချုန်းသံကြီးတစ်သံနှင့်အတူ ဗုဒ္ဓကုန်းမြေနတ်ချိပ်စည်းသည် ကျဆင်းလာပြီး ဖန်းစွင်ကို တိုက်ရိုက်ဖိနှိပ်လိုက်သည်။ အာကာသနတ်အလင်းများ တောက်ပလာပြီး သူသည် သူ၏မူလနေရာမှနေ၍ ချက်ချင်း ပျောက်ကွယ်သွားကာ အခြားတစ်နေရာတွင် ပြန်ပေါ်လာ၏။
ဖန်းစွင်က မော့ကြည့်လိုက်ပြီး သူ့ကိုတိုက်ခိုက်လိုက်သော ကျင့်ကြံသူကို ကြည့်သည်။ ထိုသူသည် ဗုဒ္ဓကုန်းမြေမှ အကြီးအကဲတစ်ဦးဖြစ်သည်။ သူ၏အရှိန်အဝါသည် များပြားကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် နတ်ဘုရားတစ်ဝက်ဖြစ်သည်။ သူက လက်ရှိ ဗုဒ္ဓကုန်းမြေအရှင်သခင် မဟုတ်ဘဲ ဗုဒ္ဓကုန်းမြေအရှင်သခင်ဟောင်းဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ အခန်းအောင်ကျင့်ကြံနေခြင်းမှ ထွက်မလာခဲ့ပေ။ သူသည် ဗုဒ္ဓကုန်းမြေတွင် တိတ်တဆိတ်ကျင့်ကြံနေခဲ့ပြီး လောကရေးရာများကို အာရုံမစိုက်ခဲ့ပေ။
သူသည် နတ်ဘုရားများ၏အမွေအနှစ်များ ထွက်ပေါ်လာတော့မှသာ အခန်းအောင်ကျင့်ကြံခြင်းက ထွက်လာခဲ့ခြင်းဖြစ်သည်။ အားလုံးသည် ဤနေရာသို့ လာခဲ့ကြ၏။ သူသည်လည်း အမွေအနှစ်များကို ရှာရန် ဤနေရာသို့ လာခဲ့သည်။ နောက်ဆုံးတွင် သူသည် ဤကုန်းမြေပေါ်၌ သူနှစ်ပေါင်း(၁,၀၀၀)လောက် အခက်ကြုံနေခဲ့ရသော အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့လေသည်။ ယခုတွင် သူ၏ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ဖန်းစွင်သည် ထိုအကြီးအကဲထံမှ ကြောက်မက်ဖွယ်အရှိန်အဝါကို အာရုံခံမိလိုက်သောအခါ သူ၏အရှိန်အဝါသည် လှုပ်ရှားသွားသည်။ သူသည် ထိုအကြီးအကဲကို စိုက်ကြည့်နေ၏။ ထိုအကြီးအကဲသည် မည်မျှစွမ်းအားကြီးကြောင်း သူ ကောင်းစွာသိပေသည်။ ဖန်းစွင်သည် မဟာအင်ပါယာအဆင့်လက်နက်နှင့်ပင် ထိုအကြီးအကဲကို အနိုင်ယူနိုင်ရန် မသေချာပေ။
“မင်းက သေသင့်တယ်”
အကြီးအကဲသည် မုန်တိုင်းကြားမှ ဖန်းစွင်ကို စိုက်ကြည့်ကာ ပြောလိုက်၏။ လွှမ်းမိုးအားကြီးသော အရှိန်အဝါတစ်ခု ကျဆင်းလာသည်။ အကြီးအကဲသည် အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။ ထိုတိုက်ခိုက်မှုတွင် ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအား ပါဝင်ပေသည်။ ထိုနတ်စွမ်းအားကို ဖျက်ဆီး၍လည်းမရသလို ခုခံ၍လည်းမရပေ။ အကယ်၍ ဖန်းစွင်ကိုသာ ထိုတိုက်ခိုက်မှု ထိမှန်သွားပါက သူ့ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားမည်ဖြစ်သည်။
ဖန်းစွင်က ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူသည် ကြောက်မက်ဖွယ်အားတစ်ခုကြောင့် ထိုနေရာတွင်သာ ခြေချုပ်မိနေကြောင်း သိလိုက်ရ၏။ သူသည် သူ့ထံသို့ ဝင်လာသည့် တိုက်ခိုက်မှုကို ကြည့်နေစဉ်တွင် သူ့အရှေ့၌ ပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။ ရှီးချီယောင်သည် သူမ၏ဓားဖြင့် ခုတ်ချလိုက်သည်။ သူမ၏မိုးစက်နတ်ဓားသည် မိုးစက်များကို အရှေ့သို့ ပျံထွက်သွားစေပြီး အကြီးအကဲ၏ တိုက်ခိုက်မှုနှင့် ထိခတ်သွားစေလေသည်။ အကြီးအကဲ၏တိုက်ခိုက်မှုသည် မိုးစက်များနှင့် ထိခတ်သွားသောအခါ ပျောက်ကွယ်သွားသည်။
“အနောက်အင်ပါယာနန်းတော်... မင်းတို့က သေချင်နေတာပဲ”
ဗုဒ္ဓကုန်းမြေမှ အကြီးအကဲအိုကြီးက အေးစက်စွာ သတိပေးလိုက်သည်။
ရှီးချီယောင်သည် နတ်ဓားတစ်ချောင်းကို ဆွဲကိုင်ထားပြီး သူမ၏မျက်ဝန်းများသည် ကြောက်မက်ဖွယ်ကောင်းနေသည်။ ထိုအကြီးအကဲကို ကြည့်နေသော သူမ၏အကြည့်သည် အနောက်အင်ပါယာ၏အကြည့်နှင့် ဆင်တူ၏။ အနောက်အင်ပါယာနန်းတော်နှင့် စီဝေ့အင်ပါယာနန်းတော်တို့သည် အမြဲပင် မဟာမိတ်များ ဖြစ်ခဲ့သည်။ အနောက်အင်ပါယာနန်းတော်သည် ဤပရမ်းပတာခေတ်ထဲတွင် စီဝေ့အင်ပါယာနန်းတော်ဘက်မှနေရန် ရွေးချယ်ခဲ့သည်။ အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို ရှီးချီယောင် မသိပေ။ သို့သော် အနည်းဆုံးတော့ သူမသည် သူမ၏ကိုယ်ပိုင်ရွေးချယ်မှုအတွက် တာဝန်ယူမည်ဖြစ်သည်။
“ဒီနေရာမှာ ဗုဒ္ဓကုန်းမြေက စီနီယာနဲ့ တွေ့ရလိမ့်မယ်လို့ ကျုပ်မထင်ခဲ့ဘူး။ ကျုပ်ကို စီနီယာနဲ့ နည်းနည်းလောက် လက်ရည်ဖလှယ်ခွင့်ပြုပါ”
မူလအနောက်အင်ပါယာနန်းတော်သခင်သည် ရှေ့သို့ထွက်လာကာ ပြောလိုက်၏။ သူ၏အရှိန်အဝါသည် အားကောင်းနေပြီး သူ၏ပြိုင်ဘက်အနီးသို့ ချဉ်းကပ်သွားသည်။ ရုတ်ခြည်းအတွင်းမှာပင် သူ့ပတ်ပတ်လည်တွင် မဟာလမ်းစဉ်နတ်အလင်း လည်ပတ်လာပြီး သူတို့၏ပတ်ဝန်းကျင်တွင် စက်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ဗုဒ္ဓကုန်းမြေမှ အကြီးအကဲအိုကြီးသည် မျက်မှောင်ကြုတ်သွားသည်။
“မင်းက နောက်တစ်ဆင့်တောင် တက်သွားပြီပေါ့လေ။ အဲဒီလိုဆိုမှတော့ မင်းက ဘာလို့ မိုးစက်နတ်ဓားကို သူ့ကို ပေးလိုက်ရတာလဲ”
အကြီးအကဲအိုကြီးက မေးခွန်းထုတ်လိုက်၏။ သူသည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသည်။ အနောက်အင်ပါယာနန်းတော်၏ မူလနန်းတော်သခင်သည် သူ၏ဂျူနီယာဖြစ်သော်လည်း ထိုဂျူနီယာသည် ကျင့်ကြံခြင်းအတားအဆီးများကို ဖြတ်ကျော်ကာ နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်သွားပြီဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန်များမှ ခေါင်းဆောင်အားလုံးသည် နောက်တစ်ဆင့်သို့ မတက်လှမ်းနိုင်ကြသေးပေ။ မူလအနောက်အင်ပါယာနန်းတော်သခင်သည် ထိုကဲ့သို့ အောင်အောင်မြင်မြင်အဆင့်တက်နိုင်ခဲ့သော တစ်ဦးတည်းသောသူဖြစ်သည်။
မူလအနောက်အင်ပါယာနန်းတော်သခင်သည် ငယ်ရွယ်စဉ်က ထင်ရှားကျော်ကြားခဲ့သူတစ်ဦး ဖြစ်ပေသည်။ သို့သော် သူ နန်းတော်သခင်ရာထူးကို ဆက်ခံပြီးနောက်တွင် လူကြားသူကြား၌ ပေါ်လာခဲ၏။ သူသည် ထိုနှစ်များအတွင်း၌ သူ၏ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ အမှန်တွင် သူသည် ဤအမွေအနှစ်ကုန်းမြေသို့ မလာခင်ကပင် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်နေခြင်းဖြစ်သည်။ သို့သော် သူသည် သူ၏စွမ်းရည်ကို လျှို့ဝှက်ထားခဲ့ပြီး ရှီးချီယောင်ကိုသာ သူတို့အုပ်စုကို ဦးဆောင်စေခဲ့သည်။
ရှီးချီယောင်ကို မိုးစက်နတ်ဓားလွှဲပြောင်းပေးအပ်ခဲ့ခြင်းမှာမူ မဟာအင်ပါယာက ထိုသို့လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မူလအနောက်အင်ပါယာနန်းတော်သခင်သည် သူ၏ရာထူးအဆင့်အတန်းမှ ဆင်းပေးရန်မလိုပေ။ သို့သော် သူသည် ရှီးချီယောင်တစ်ယောက် အတွေ့အကြုံရကာ တိုးတက်လာစေရန်အတွက် သူမအား နန်းတော်သခင်ရာထူးကိုပါ လွှဲပေးခဲ့ခြင်းဖြစ်သည်။
သူ နန်းတော်သခင်ရာထူးမှ ဆင်းပေးခဲ့ခြင်းသည် သူနောက်တစ်ဆင့်သို့ တက်နိုင်သွားခဲ့သည့် ကိစ္စနှင့်လည်း ပတ်သတ်မှု ရှိပေသည်။ မူလအနောက်အင်ပါယာနန်းတော်သခင်သည် ရီဖူရှင်း ဖော်စပ်ခဲ့သော ဆေးလုံးများ၏အကူအညီဖြင့် အခွင့်ကောင်းတစ်ခုရခဲ့ကာ ကျင့်ကြံခြင်းအတားအဆီးများကို ဖြတ်ကျော်နိုင်ခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် အနောက်အင်ပါယာနန်းတော်သာ ရီဖူရှင်းနှင့် ပူးပေါင်းခဲ့လျှင် ပို၍အင်အားကြီးလာမည်ဖြစ်ကြောင်း သူသဘောပေါက်သွားခဲ့သည်။ ရှီးချီယောင်သည် ရီဖူရှင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဖြစ်ရာ မူလအနောက်အင်ပါယာနန်းတော်သခင်သည် ရာထူးမှဆင်းပေးပြီး ရှီးချီယောင်ကို ဦးဆောင်ခွင့် ပြုလိုက်ခြင်းဖြစ်ပေသည်။ သူသည် သူမ၏အကြံပေးရာထူးကိုသာ ယူခဲ့လေသည်။
အကြီးအကဲအိုကြီးနှင့် မူလအနောက်အင်ပါဘာနန်းတော်သခင်တို့အပြင် ပတ်ဝန်းကျင်နေရာအနှံ့တွင်လည်း တိုက်ပွဲများ ဖြစ်ပေါ်နေသည်။ စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများသည် မုန်တိုင်းကြားမှနေ၍ သူတို့၏ ပြိုင်ဘက်များကို အလစ်ဝင်တိုက်ခဲ့ပြီး ကျင့်ကြံသူ တော်တော်များများကို သတ်ပစ်နိုင်ခဲ့လေသည်။
ယခုတွင် ကောင်းကင်ထက်၌ ပျံသန်းနေသော ရှန်းယန်ဗုဒ္ဓအရှင်ကိုယ်ပေါ်တွင် ကျန့်(၁,၀၀၀)ဗုဒ္ဓအလင်း တောက်ပနေလေသည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် နတ်မျက်လုံးတစ်စုံ ထွက်ပေါ်လာ၏။ နတ်မျက်လုံးများသည် အမွေအနှစ်နယ်မြေဆီသို့ ကြောက်မက်ဖွယ် နတ်ရောင်ဝါများကို ထုတ်လွှတ်လိုက်သည်။ ရုတ်ခြည်းပင် အရာအားလုံးသည် နေ့အလင်းအောက်သို့ ရောက်သွားသကဲ့သို့ ထင်ရှားသွားသည်။ အမှောင်ထဲတွင် ပုန်းအောင်းနေသော ကျင့်ကြံသူများ၏ တည်နေရာများလည်း ပေါ်သွားသည်။
မုန်တိုင်းအတွင်းရှိ စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများကို တွေ့မြင်လာရသည်။
“အားလုံးပဲ သူတို့ကို အရင်ရှင်းပစ်ကြပါ”
ရှန်းယန်ဗုဒ္ဓအရှင်က ပြောလိုက်၏။ နတ်မျက်လုံးများနှင့်သာဆိုလျှင် သူတို့၏ ရန်သူများသည် မုန်တိုင်းထဲတွင် ပုန်းအောင်းနေနိုင်တော့မည် မဟုတ်ချေ။ နှစ်ဘက်စလုံးသည် ကြောက်မက်ဖွယ် မုန်တိုင်းအတွင်း၌ ရှိနေ၏။ သို့သော် အပြင်မှ ကျူးကျော်လာသည့် လူများသာ ကြောက်မက်ဖွယ်စုပ်အားကို ခုခံနေရပြီး စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုစုပ်အားကို ခုခံနေရန် မလိုပေ။
ထိုစဉ်တွင် လွန်စွာအားကောင်းသော ဖိအားတစ်ခု ကျဆင်းလာသည်။ အထက်ကောင်းကင်တွင် ဧရာမ မဟော်ရာဂီပုံရိပ်ကြီး ထပ်မံပေါ်ပေါက်လာသည်။ ယခုတွင် မဟော်ရာဂီသည် အမှန်ပင် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုဖြစ်သော ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ထားလေသည်။ ကောင်းကင်တုန်ဟည်းနတ်တူသည် တဖြည်းဖြည်း ကြီးမားလာပြီး ကောင်းကင်ကို ကာရံသွားသည်။ ၎င်းအတွင်းမှနေ၍ ကြောက်မက်ဖွယ် နတ်ရောင်ဝါများ ထွက်ပေါ်နေသည်။
မဟော်ရာဂီသည် ကောင်းကင်တုန်ဟည်းနတ်တူကို မြှောက်လိုက်ပြီး ရှန်းယန်ဗုဒ္ဓအရှင်ဘက်သို့ ထုချလိုက်သည်။
ရုတ်ခြည်းအတွင်းမှာပင် အာကာပြင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်။ မရေမတွက်နိုင်အောင် များပြားသော တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး ၎င်းတို့၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။ အောက်ဘက်ရှိ အရာအားလုံးနီးပါးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
နတ်အလင်းတစ်ခုသည် ရုတ်ခြည်းပင် ရှန်းယန်ဗုဒ္ဓအရှင်ထံသို့ ပျံထွက်သွားသည်။ ရှန်းယန်ဗုဒ္ဓအရှင်သည် သူ၏ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် လေးလံလာကြောင်း ခံစားလိုက်ရ၏။ သူ့မျက်ဝန်းများထဲမှ အတုမဲ့ နတ်ရောင်ဝါများ ထွက်လာသည်။ သူ့ကိုယ်တွင်းမှနေ၍ ဗုဒ္ဓနတ်ဓားတစ်ချောင်း ထွက်ပေါ်လာ၏။ ၎င်းသည် ဒီမွန်းအားလုံးကို သတ်ပစ်နိုင်ပြီး မဟာအင်ပါယာအဆင့်လက်နက်တစ်ခုလည်း ဖြစ်ပေသည်။ ဤအမွေအနှစ်ကုန်းမြေတွင် အနောက်ဘက်ကောင်းကင်မှ လူများသည်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း ထင်ရှားပေသည်။
ရှန်းယန်ဗုဒ္ဓအရှင်နှင့် ထုံချန်းဗုဒ္ဓအရှင် နှစ်ပါးစလုံးသည် မဟာအင်ပါယာအဆင့်လက်နက်များ ယူဆောင်လာကြသည်။ သူတို့သည် ကျင့်ကြံခြင်းအဆင့်လည်း တက်သွားကြသည်။
ဝုန်း...
ကြောက်မက်ဖွယ် မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာ၏။
တိုက်ခိုက်မှုများ ထိခတ်သွားသည်။ နတ်ဓားသည် နောက်သို့လွင့်သွားပြီး ရှန်းယန်ဗုဒ္ဓအရှင်၏ခန္ဓာကိုယ်သည် အောက်သို့ လျင်မြန်သောအရှိန်ဖြင့် ပြုတ်ကျသွားသည်။ ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ သူ့တစ်ကိုယ်လုံးသည် မြေကြီးအတွင်းသို့ နစ်ဝင်သွားသည်။ ကြီးမားနက်ရှိုင်းသော အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာ၏။ အထက်ကောင်းကင်ရှိ နတ်မျက်လုံးကြီးတစ်စုံလည်း ပျောက်ကွယ်သွားသည်။ ၎င်းမျက်လုံးများသည် တုန်ခါလှိုင်းများ၏ ဖျက်ဆီးမှုကို ခံခဲ့ရခြင်းပင်။
“အားလုံးပဲ အင်အားပူးပေါင်းကြစို့...”
ထုံချန်းဗုဒ္ဓအရှင်က ပြောလိုက်၏။ သူသည် အခြားကျင့်ကြံသူများနှင့်အတူ ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်များမှနေ၍ အံ့အားသင့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာ၏။ ရီဖူရှင်းထံမှ တိုက်ခိုက်မှုတစ်ခုသည် ရှန်းယန်ဗုဒ္ဓအရှင်ကို လွင့်သွားစေလေသည်။ ရီဖူရှင်းသည် မဟော်ရာဂီ၏စွမ်းအားကြောင့် ဗုဒ္ဓအရှင်များထက် ပို၍စွမ်းအားကြီးနေကြောင်း ထင်ရှားပေသည်။ သူတို့အနေဖြင့် သူ့ကို သတ်နိုင်ရန်မဆိုထားနှင့် တစ်ယောက်ချင်း ယှဉ်နိုင်စွမ်းပင် မရှိချေ။ သူတို့သည် အင်အားပူးပေါင်း၍သာ တိုက်ခိုက်ရပေလိမ့်မည်။
***