အလုပ်ကောင်းတစ်ခု
Vol. 42 Ch. 595
အခန်း (၅၉၅) အလုပ်ကောင်းတစ်ခု
ကောင်းကင်မိုးကြိုးခန်းမ ၊ နေသူတော်စင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်းတို့ကို အနိုင်ယူတိုက်ခိုက်ခဲ့ခြင်းများမှ ရန်ကျောက်ကဲ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ကောင်းကင်မိုးကြိုးခန်းမနှင့် နေသူတော်စင်ဂိုဏ်း ပျက်ဆီးသွားပြီးနောက် ထို သိုင်းဂိုဏ်းကြီး (၂) ဂိုဏ်း နှစ်ပေါင်းများစွာ စုစည်းထားခဲ့သော ရတနာပစ္စည်းများစွာက ရန်ကျောက်ကဲလက်ထဲ ရောက်ရှိလာသည်။
တစ်ကိုယ်တော်သိုင်းကျင့်ကြံသူများနှင့်ယှဉ်လျှင် ထိပ်သီးသိုင်းဂိုဏ်းကြီးများ စုဆောင်းထားသော ရတနာများက အတိုင်းထက်အလွန် ပေါများသည်အမှန်ပင်။ နဂါးသင်္ချိုင်းမှရရှိခဲ့သောရတနာများပြီးလျှင် ယခု နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ ရရှိခဲ့သောရတနာများက အများဆုံးဟု ဆိုနိုင်၏။
ရန်ကျောက်ကဲက ထိုပစ္စည်းများထဲမှ အဆိပ်အတောက်ဖြစ်စေသည်များကို ဖယ်ရှားပြီး ရသမျှအကုန်လုံး စုဆောင်းခဲ့သည်။ ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် (၅)ယောက်စလုံးကို ရန်ကျောက်ကဲ သတ်ဖြတ်ပစ်ခဲ့ပြီး သူတို့ထံမှ မပျက်ဆီးသေးသော အဖိုးတန်ပစ္စည်းများသည်လည်း ရန်ကျောက်ကဲလက်ထဲ ကျရောက်လာခဲ့သည်သာ။
“ပြဿနာက... သူတို့ဆီက ရတနာပစ္စည်းအတော်များများက ပျက်ဆီးသွားတာပဲ”
ရန်ကျောက်ကဲ တွေးလိုက်၏။
တိန့်စန်းနှင့် လျိုဖုန်းတို့က နဂါးနန်းတော်ထဲတွင် မရဏချီစွမ်းအားများပေါက်ကွဲထွက်ကာ သေဆုံးသွားကြပြီး သူတို့နှင့်အတူပါလာသော အထွတ်ထိပ်မှော်ဝင်ပစ္စည်းများလည်း အသင်္ချေနဂါးနန်းတော်ထဲမှာပင် ပျက်ဆီးသွားကြသည်။
လျိုဖုန်းမှာ သူ၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှင့်အတူ ပြာမှုန့်ပင်မကျန်အောင် ပျက်ဆီးသွားခဲ့ပြီး တိန့်စန်းမှာ ဒဏ်ရာများစွာဖြင့် အသက်ရှင်လျှက် လွတ်မြောက်လာသည့်တိုင် သူ၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းသည်လည်း ဖျက်ဆီးခံလိုက်ရသည်။
စွန်းဟောက်သည်လည်း လျိုဖုန်းကဲ့သို့ပင် အငွေ့ပျံလျှက် အသက်ပျောက်သွားခဲ့ပြီး ထူးကဲယန်စည်းတံဆိပ်က လောင်ကျွမ်းပစ်လိုက်သည့်အတွက် သူ့တွင်ပါရှိသော အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်း ပျက်ဆီးသွားခဲ့၏။ ယန်ကျန်းဟွာထံမှ အရုဏ်ဦးနေခြည်သရဖူကိုသာ ရန်ကျောက်ကဲ ရရှိခဲ့ပြီး ကျင်းကျယ်ကတော့ အထွတ်ထိပ်မှော်ဝင်ပစ္စည်း ကိုင်ဆောင်လာခြင်း မရှိပေ။
ရန်ကျောက်ကဲက သူ့လက်ထဲမှ အရုဏ်ဦးနေခြည်သရဖူကိုကြည့်ရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။
“ကံကောင်းတာက ဒီထက်များတဲ့ အကျိုးအမြတ်တွေ ရခဲ့တာပဲ”
အရုဏ်ဦးနေခြည်သရဖူအပြင် အခြားအဖိုးတန်ပစ္စည်းတစ်ခုမှာ နေသူတော်စင်ဂိုဏ်းမှ ရရှိခဲ့သော “နတ်ကျီးကန်းငှက်မွှေး” ဖြစ်၏။ ထိုပစ္စည်းက အလွန်တရာရှားပါးသော ရတနာပစ္စည်းတစ်ခုပင်။
‘နတ်ကျီးကန်းငှက်မွှေး’ ဆိုသည်က ဒဏ္ဍာရီလာ နတ်သားရဲတစ်ကောင်ဖြစ်သော ‘ခြေသုံးချောင်းရွှေကျီးကန်း’ ၏ အမွှေးဖြစ်သည်။ ထို့ပြင် ဤငှက်မွှေးက သာမန်ငှက်မွှေးမဟုတ်ဘဲ ရွှေကျီးကန်းဦးခေါင်းထက်ရှိ အထွတ်ထိပ်ငှက်မွှေးသုံးချေင်းအနက်မှ တစ်ခုဖြ်စလေရာ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်လွန်းသည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာများတွင် ရွှေကျီးကန်းအမွှေးမပြောနှင့် ရွှေကျီးကန်းကိုပင် ရန်ကျောက်ကဲ မမြင်ဖူးခဲ့ပေ။
မျောလွင့်ဝိညာဉ်ကမ္ဘာတွင်တော့ ရွှေကျီးကန်းနှင့် သွေးနှောဖြစ်သော မီးကျီးကန်းကို တွေ့ရှိရသည်။ ပင်လယ်ကိုပင် လောင်ကျွမ်းပစ်နိုင်စွမ်းရှိသည့် ရွှေကျီးကန်း၏ အငွေ့အသက်များကို ထို မီးကျီးကန်းတွင် တွေ့မြင်ရသည့်တိုင် ရွှေကျီးကန်းအစစ်နှင့်ယှဉ်လျှင်တော့ အလွန်တရာ နိမ့်ကျနေဆဲပင်။
“ဒီ ရွှေကျီးကန်းငှက်မွှေးကို အထွတ်ထိပ်မှော်ဝင်ပစ္စည်းအသစ်တစ်ခုပြုလုပ်ဖို့ ကွမ်းမင်ဂိုဏ်းက နေသူတော်စင်ဂိုဏ်းကို လက်ဆောင်ပေးထားတာ ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက ရွှေရောင်များထွက်ပေါ်နေသော အနက်ရောင်ငှက်မွှေးကို လက်ဖြင့်အသာပွတ်သပ်ကြည့်လိုက်ရာ စိတ်နှလုံးကိုတုန်လှုပ်စေသည့် အလွန်တရာအစွမ်းထက်သော လျှို့ဝှက်စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
“ဒီငှက်မွှေးနဲ့ပြုလုပ်တဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းက မဟာနေမင်းတိုင်းတာခြင်းပေတံထက်တောင် ပိုပြီး အစွမ်းထက်နိုင်တယ် ၊ ဟွမ်ကွမ်လီက အရှေ့ပင်လယ်က ပြန်ရောက်လာရင် အဲဒါကိုပြုလုပ်ဖို့ စဉ်းစားထားတယ်ထင်တယ်”
ရန်ကျောက်ကဲပြုံးလိုက်ရင်း...
“နတ်ကျီးကန်းငှက်မွှေးအပြင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ မရှိနိုင်တဲ့ တခြားရတနာပစ္စည်းတွေလည်း နေသူတော်စင်ဂိုဏ်းမှာ အများကြီးတွေ့ရတယ် ၊ ထူးကဲယင်သရဖူကို ပေးအပ်လိုက်ပြီး ထူးကဲယန်စည်းတံဆိပ်ရယူနိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ကွမ်းမင်ဂိုဏ်းက ချီးမြှင့်တဲ့အနေနဲ့ ပေးထားတာလား ၊ ဒါမှမဟုတ် ဟွမ်ကျိအတွက် ပေးထားတာလား မပြောတတ်ဘူး”
“ဒီ သိုင်းသူတော်စင် (၃)ယောက်က တောင်ပိုင်းမြေအောက်နန်းတော်ရဲ့ ပကတိမီးသွေးကြော မူမမှန်တာတွေကို ပြုပြင်ပေးခဲ့တယ် ၊ ပြီးတော့ နေသူတော်စင်ဂိုဏ်းက သိုင်းဆရာသခင်တွေ ကျင့်ကြံခြင်းအဆင့် တစ်ဆို့နေတာတွေကိုလည်း ဖယ်ရှားပေးပြီး သိုင်းသူတော်စင်အဆင့်တက်ရောက်နိုင်အောင်တောင် ကူညီပေးခဲ့တယ်”
“နေသူတော်စင်ဂိုဏ်းကို ထောက်ပံ့ပေးထားတဲ့ ဒီလောက်များတဲ့ ရတနာပစ္စည်းတွေနဲ့ဆိုရင် သူတို့စွမ်းအားက အချိန်တိုအတွင်း တဟုန်ထိုးမြင့်တက်လာပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကို သိမ်းပိုက်နိုင်မှာပဲ ၊ သူတို့က ကွမ်းမင်ဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုလိုမျိုးတောင် ဖြစ်လာနိုင်တယ်”
ရန်ကျောက်ကဲ ခေါင်းခါယမ်းရင်း နတ်ကျီးကန်းငှက်မွှေးကို အသာပွတ်သပ်လိုက်သည်။
“ဒီလောက်အဖိုးတန်တဲ့ပစ္စည်းကို ငါ ဘယ်လိုနေရာမှာ အသုံးပြုရမလဲ... စဉ်းစားစမ်း...”
သူ စဉ်းစားနေစဉ်မှာပင် အလွန်တရာကြီးမားသော အနက်ရောင်ပုံရိပ်ကြီးတစ်ခု တံခါးပေါက်မှတိုးဝင်လာပြီး နံရံများကိုပင်ချိုးဖျက်လုမတတ် ခုန်ပေါက်လျှက် ရန်ကျောက်ကဲ၏ လက်နှစ်ဖက်ကို ခေါင်းဖြင့်ဝင်တိုက်လိုက်သည်။
ရန်ကျောက်ကဲက စိတ်ဆိုးမာန်ဆိုးဖြင့်...
“မင်းရဲ့ အရွယ်အစားကို ချက်ချင်း သေးလိုက်စမ်းပါ..”
အနက်ရောင်ပုံရိပ်ကြီးက ရှေ့လက်သည်းများကို လေထဲသို့မြှောက်လျှက် တစ်ပတ်ကျွမ်းထိုးလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး ကျုံ့ဝင်သေးငယ်သွားပြီး ရန်ကျောက်ကဲ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။
အမွှေးပွပွနှင့် ဘောလုံးတစ်လုံးပမာ ခန္ဓာကိုယ်ဖြင့် ဝိုင်းစက်သောအနက်ရောင်မျက်ဝန်းတစ်စုံက ရန်ကျောက်ကဲကို စိုက်ကြည့်နေသည်။ ထို့နောက် သူက ရန်ကျောက်ကဲရင်ခွင်ထဲ သက်သောင့်သက်သာပင် လဲလျောင်းလိုက်ပြီး မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
ဤသည်က မတွေ့ရသည်မှာကြာပြီဖြစ်သော “ပန်ပန်” သာပင်။
ငရဲကိုးထပ်အက်ကွဲကြောင်းတံခါးကို ပိတ်ဆို့ရန် ရန်ကျောက်ကဲ မြေကမ္ဘာနယ်မြေသို့ ထွက်ခွာလာသည့်အခါ ပန်ပန်ကို ဝါဒတောင်တွင်ထားခဲ့ရသည်။ မြေကမ္ဘာနယ်မြေကိစ္စဖြေရှင်းပြီးသည့်နောက် တောင်ပေါ်သို့မပြန်နိုင်ဘဲ အရှေ့ပင်လယ်သို့ ချက်ချင်း ခရီးဆက်ခဲ့ရ၏။
ထို့နောက် အရှေ့ပင်လယ်တွင် စည်းတံဆိပ်တည်ဆောက်ခဲ့ရာ ထိုစည်းတံဆိပ်၏ စွမ်းအားပေါက်ကွဲမှုကို ရှောင်ရှားရန်အတွက် ဖူအန်းစုနှင့်အတူ သမုဒ္ဒရာကမ္ဘာသို့ ထွက်ခွာလာခဲ့သည်။
ထို့ကြောင့် သူ့အချစ်တော်သားရဲလေး ‘ပန်ပန်’ နှင့် မတွေ့ဆုံရသည်မှာ အချိန်အတော်ကြာပေပြီ။ ရန်ကျောက်ကဲသည်လည်း ထိုသတ္တဝါလေးကို အလွန်တရာလွမ်းဆွတ်နေသည်ဖြစ်ရာ နှာသီးဖျားလေးကို လက်ဖြင့်အသာပုတ်လိုက်၏။
ပန်ပန်က ရန်ကျောက်ကဲ၏လက်ချောင်းများကို ညင်သာစွာ နှာခေါင်းဖြင့်ပွတ်လိုက်ပြီး ခန္ဓာကိုယ်ဖြင့် ရင်ခွင်ထဲသို့ တိုးဝှေ့လိုက်သည်။
ရန်ကျောက်ကဲက ပန်ပန်လေးကို ငုံ့ကြည့်ရင်း...
“မင်းက အရင်ကထက်တောင်ပိုပြီး ဝဖီးလာပါလား”
“သခင်လေး အထိန်းအကွပ်မရှိတော့ ဒီကောင်က ထိန်းမနိုင်သိမ်းမရ မျိုစို့နေတာလေ ၊ သူ့ကို ဆူရင်လည်းမကြိုက်ဘူး ၊ အဲဒီတော့ ဝလာတာပေါ့”
တံခါးဝတွင်ရှိနေသော အရပ်မြင့်မြင့်လူထွားကြီးတစ်ယောက်က ကူရာကယ်ရာမဲ့ဟန်ဖြင့် စကားဆိုသည်။
“ဒီကောင် စားသောက်ပစ်လို့ ကျွန်တော်စုဆောင်းထားတဲ့ ကိုယ်ပိုင်ငွေတွေ အတော်များများ ကုန်သွားပြီ ၊ သခင်လေး ကျွန်တော့်ကို ပြန်ပေးရမယ်နော်”
ထိုလူထွားကြီးက အားဟူဖြစ်ပြီး ဖန်ကျွင်းကို မြေကမ္ဘာနယ်မြေမှ ဝါဒတောင်သို့ ပြန်လည်ခေါ်ဆောင်သွားရန် ရန်ကျောက်ကဲက စေခိုင်းခဲ့သူ ဖြစ်၏။
ထို့နောက် ရန်ကျောက်ကဲက အရှေ့ပင်လယ်သို့ ခရီးဆက်ခဲ့ပြီး သေလား ရှင်လား မသိပျောက်ကွယ်သွားလလေရာ အားဟူ အတော်လေး စိတ်ပူပန်ခဲ့ရသည်။
အားဟူနှင့် ဝါဒတောင်မှလူများ အရှေ့ပင်လယ်တစ်ခွင် မြေလှန်ရှာခဲ့သည့်တိုင် ရန်ကျောက်ကဲကို မတွေ့ရှိခဲ့ကြပေ။ နောက်ဆုံးတော့ လက်လျှော့ကာ တောင်ပေါ်သို့သာ ပြန်လာခဲ့ကြရသည်။
ဤရက်များအတွင်း အားဟူသည် ရန်ကျောက်ကဲအတွက် အလွန်စိုးရိမ်ပူပန်နေရပြီး ယခု ပြန်ရောက်လာတော့မှ စိတ်အေးလက်အေး ဖြစ်နိုင်တော့သည်။
ရန်ကျောက်ကဲအတွက် စိတ်မပူပန်ရတော့သည့်အခါ သူစုဆောင်းထားသော ရှားပါးရတနာပစ္စည်းများ ၊ ငွေကြေးများအားလုံးကို ပန်ပန်ကိုကျွေးမွေးရန် ကုန်ဆုံးသွားရသည်ကို အကြွေးတောင်းရန် သတိရလာသည်။
အားဟူက...
“ပန်ပန်ကြောင့် ဆုံးရှုံးသွားရတဲ့ ရတနာပစ္စည်းအတော်များများက ကျွန်တော် စုဆောင်းထားတာတွေထဲက အကောင်းဆုံးပစ္စည်းတွေပဲ ၊ သခင်လေးမှာတောင် မရှိနိုင်ဘူး”
အားဟူမျက်နှာက လူပေါင်းတစ်ဒါဇင်ကျော်အား ထမင်းအလကားကျွေးလိုက်ရသည့်ပမာ ငိုတော့မည့်မျက်နှာဖြင့်ဆိုသည်။
ရန်ကျောက်ကဲက သူ့ကိုလှမ်းကြည့်ရင်း...
“အင်း... မင်း အရင်က ငါ့ဆီကယူထားတာတွေလည်း အများကြီးပဲလေ ၊ အခုတော့ ငါ့မှာမရှိတာတွေ မင်းမှာ ရှိနေတယ်ဆိုတာကို ဝန်ခံသွားပြီပေါ့”
အားဟူက သွားဖြဲကာပြုံးလိုက်ရင်း...
“မဟုတ်ပါဘူး သခင်လေးရာ... ကျွန်တော် ပြောချင်တာက...”
ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“ဟေ့ကောင်... ဟေ့ကောင်... ခုမှ မရတော့ဘူးနော် ၊ ငါ့မှာမရှိတာတွေတောင် မင်းမှာရှိတယ်လို့ ပြောတာ ၊ မင်းမှာကျန်နေသေးတဲ့ပစ္စည်းတွေ အခုချက်ချင်း ထုတ်လိုက်စမ်း”
အားဟူက အလွန်တရာ ကြေကွဲသွားသည့် မျက်နှာထားဖြင့်...
“မရှိတော့ဘူးလေ သခင်လေးရယ် ၊ ပန်ပန်လုပ်လို့ ကုန်ပါပြီဆို”
ရန်ကျောက်ကဲက အားဟူကို မျက်လုံးစောင်းကာကြည့်ရင်း...
“တကယ် ကုန်သွားတာလား”
အားဟူက အလျှင်အမြန်ခေါင်းညိတ်ရင်း...
“တကယ် ကုန်သွားပါပြီဆို ၊ မဟုတ်ရင် ကျွန်တော် ဒီလောက်ဝမ်းနည်းနေမလား ပြော...”
ရန်ကျောက်ကဲက ပြုံးရင်း...
“ပြီးရော... ဒီတော့ မင်းကို အလုပ်ကောင်းတစ်ခုလောက် ခိုင်းရတာပေါ့”
သူက ဆက်ပြောသည်။
“ငါတို့ ဝါဒတောင်က အခုဆိုရင် ပင်လယ်လေးစင်းကို လွှမ်းမိုးနိုင်လောင်အောင် မကြွယ်ဝ မချမ်းသာသေးပေမယ့် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးမှာ လိုချင်တာမှန်သမျှ အကုန်ရနိုင်နေပြီ ၊ ရော့... ဒီစာရင်းကိုယူသွားပြီး ရတနာပစ္စည်းတွေ သွားရှာလာခဲ့ ၊ ပြီးရင် ငါ့ဆီပြန်ယူလာ...”
အားဟူက ရန်ကျောက်ကဲပေးသော စာရင်းစာရွက်ကို သေသေချာချာ ကြည့်ရင်း...
“သခင်လေး... သခင်လေးနဲ့ လက်ရှိဝါဒတောင်အခြေအနေက အရမ်း စွမ်းအားမြင့်မားနေတာ ၊ သခင်လေးသာ လိုချင်တယ်လို့ပြောလိုက်ရင် ဘယ်ပစ္စည်းမဆို ထိပ်သီးသိုင်းဂိုဏ်းကြီးတွေက ရှာဖွေပေးပြီး ကောင်းကင်နယ်မြေအရောက် ပို့ပေးကြမှာပဲလေ ၊ ကျွန်တော့်ကို ဘာလို့ ခိုင်းနေသေးလဲ”
ရန်ကျောက်ကဲအတွက် ရတနာပစ္စည်းများရှာဖွေရင်း သူ့အတွက်လည်း အကျိုးအမြတ်ရှိမည်ဖြစ်ရာ ဤအလုပ်က တကယ့် အလုပ်ကောင်းတစ်ခုဖြစ်သည်အမှန်ပင်။ သူ ရတနာပစ္စည်းများရှာဖွေယူငင်သည်ကို ရန်ကျောက်ကဲမျက်နှာဖြင့် မည်သူကမှ တားဆီးပိတ်ပင်ကြမည် မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲအနေဖြင့် အားဟူကို ရှာဖွေခိုင်းစရာမလိုဘဲ သူ့နည်းသူ့ဟန်ဖြင့်လည်း ထိုပစ္စည်းများကို ရရှိနိုင်ပေသည်။
ရန်ကျောက်ကဲက...
“မိုးကြိုးနယ်မြေ ကျောက်ကျိုးနယ်မှာလည်း လုပ်စရာကိစ္စလေးနည်းနည်းပါးပါး ရှိသေးတယ်”
အားဟူ အနည်းငယ် အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲသည် မိုးကြိုးနယ်မြေမှ ‘ရန်’ အိမ်တော်ကို နင်းချေခဲ့သည်ဖြစ်ရာ ကျောက်ကျိုးနယ်သို့သွားရောက်ရန် ကြောက်ရွံ့သဖြင့် သူ့ကို စေလွှတ်ခြင်းတော့ မဖြစ်နိုင်ပေ။
သို့သော် ရုတ်တရက် သူ နားလည်သွားသည်။
“သခင်လေး...”
အမှန်တော့ အားဟူ၏ မွေးရပ်မြေသည်လည်း မိုးကြိုးနယ်မြေ ၊ ကျောက်ကျိုးနယ် ဖြစ်၏။
အားဟူက ငယ်စဉ်ကပင် ရန်ကျောက်ကဲနှင့်အတူ အလယ်ပိုင်းကောင်းကင်ဒေသတွင် ကြီးပြင်းခဲ့သူဖြစ်သဖြင့် သူ၏မွေးရပ်မြေနှင့်ပတ်သက်ပြီး ခံစားချက်သိပ်မရှိပေ။ သို့သော် ရန်တိထံတွင် အမှုထမ်းခဲ့သော သူ့အဘိုးက ရန်တိနှင့် ရန်ကျောက်ကဲတို့လိုပင် ကျောက်ကျိုးဇာတိ ဖြစ်၏။
ထို့ကြောင့် အားဟူ၏အဘိုးနှင့် အဖေတို့က မွေးရပ်မြေတွင်သာ သူတို့ကို သဂြိုဟ်မြှုပ်နှံစေလိုကြသည်။
ရန်ကျောက်ကဲက အားဟူပခုံးကို အသာပုတ်ရင်း...
“အရင်က အဆင်မပြေပေမယ့်... အခုတော့ သူတို့ထာဝရအနားယူချင်တဲ့နေရာကို ပို့ပေးလို့ရပြီလေ”
အားဟူ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
သူ့မျက်နှာထက်မှအပြုံးသည်လည်းပျောက်ကွယ်သွားပြီး ရန်ကျောက်ကဲကိုကြည့်ရင်း တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေး”