← Chapters

ဝါဒတောင်က သိုင်းဆရာသခင်များကို အစွယ်တပ်ပေး

Vol. 42 Ch. 596

ဝါဒတောင်က သိုင်းဆရာသခင်များကို အစွယ်တပ်ပေး

Vol. 42 Ch. 596

အခန်း (၅၉၆) ဝါဒတောင်က သိုင်းဆရာသခင်များကို အစွယ်တပ်ပေး

အားဟူလည်း ပစ္စည်းများထုပ်ပိုးပြင်ဆင်လျှက် ဘိုးဘေးတို့၏ရုပ်ကြွင်းများကို ရွှေ့ပြောင်းရန် ခရီးထွက်ခွာသွားသည်။

ရန်ကျောက်ကဲကတော့ ဝါဒတောင်တွင်နေထိုင်ခဲ့ပြီး လတ်တလော အရေးကြီးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရင်း အစွန်းရောက်ရှစ်ပါးကမ္ဘာအခြေအနေကိုလည်း စိုးရိမ်နေသည်။

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ (၂)ခုလုံး ပျက်ဆီးသွားပြီ ဖြစ်၏။

သက်ဆိုင်ရာဂိုဏ်းများ၏ ဂိုဏ်းချုပ်များနှင့် ထိပ်တန်းအကြီးအကဲများ သေဆုံးသွားကြသည့်တိုင် ဂိုဏ်းသားလက်ကျန်များကို အမြစ်ပြတ်မသုတ်သင်နိုင်ပါက တစ်နေ့တွင် ဂိုဏ်းကိုပြန်လည်တည်ထောင်ရန် အခွင့်အရေး ရရှိကြမည် ဖြစ်သည်။

သိုင်းဂိုဏ်းတည်ရှိရာ တောင်တံခါးတစ်ခုလုံး ပျက်ဆီးသွားလျှင်တောင်မှ သိုင်းလမ်းစဉ်များ ကျန်ရှိနေသရွေ့ ဂိုဏ်းကိုပြန်လည်ထူထောင်ရန် မျှော်လင့်ချက် ရှိနေနိုင်သည်။ သို့ပေသိ အထွတ်ထိပ်အကြီးအကဲများအားလုံး သေကြေပျက်ဆီးသွားပြီး ဂိုဏ်း၏အကာအကွယ်များအားလုံး ဆုံးရှုံးလိုက်ရသော နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမအတွက်တော့ အတော်လေး ရုန်းကန်ရခက်လှသည်။

သဘောထားတင်းမာသူများက လွတ်ရာကျွတ်ရာတွင် ပုန်းအောင်းနေထိုင်ကြသည်။ ဝါဒတောင်က သူတို့ကို လိုက်လံသုတ်သင်ခြင်းမရှိသော်လည်း အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်တို့က တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ လိုက်လံသုတ်သင်နေလေရာ ထိုသူများအတွက် အတော်လေး အခက်တွေ့စေသည်။

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ တပည့်အချို့မှာ ဖိအားများစွာဖြင့် အသက်ရှင်ရသောဘဝကို မခံစားနိုင်တော့ဘဲ အခြားထိပ်သီးသိုင်းဂိုဏ်းကြီးများထံ လက်နက်ချကာ ပြောင်းလဲဝင်ရောက်သွားကြသည်။

ရန်ကျောက်ကဲနှင့် ဝါဒတောင်က သူတို့သိုင်းဂိုဏ်းများ၏ သိုင်းလမ်းစဉ်များကို ဖျက်ဆီးပြီး အမြစ်ပြတ်သုတ်သင်ထားသည်ဖြစ်ရာ သူတို့အနေဖြင့် ဝါဒတောင်တွင် ခိုလှုံသည်အထိတော့ အရေမထူနိုင်ခဲ့ကြပေ။ ထို့ကြောင့် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ တပည့်အများစုသည် လှိုင်းနက်ဂေဟာ ၊ အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော် ထိပ်သီးသိုင်းဂိုဏ်း (၃)ခုဆီသို့ အညံ့ခံကာ ခိုလှုံခဲ့ကြသည်။

ဝါဒတောင်ကလည်း ထိုအချက်ကို အရေးမစိုက်ပေ။

သူတို့အနေဖြင့် ပျက်ဆီးခဲ့ပြီဖြစ်သော ဘိုးဘေးသိုင်းဂိုဏ်းကို ကျောခိုင်းပြီး ဂိုဏ်းအသစ်ပြောင်းသည်မှာ ဖြစ်သင့်ပေသည်။ သို့သော် သစ္စာခိုင်မြဲကြသော နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ အမာခံတပည့်များကတော့ ထိုသို့ ဂိုဏ်းပြောင်းသွားသည်များကို ပြစ်တင်ရှုံ့ချကြသည်။

သူတို့တွင် မကောင်းသောရည်ရွယ်ချက်များ ရှိနိုင်သည့်တိုင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ နယ်မြေများကို ထိပ်သီးသိုင်းဂိုဏ်းကြီးများက ခွဲဝေထိန်းသိမ်းထားကြသဖြင့် သူတို့အတွက် ပြန်လည်ရှင်နိုင်ခြေမှာ သုညရာနှုန်းနီးပါး ဖြစ်၏။

ဝါဒတောင်မှ တန်ခိုးစွမ်းအားမြင့်မားသူများ အများအပြားဆင်းသက်လာပြီး ဝါဒတောင်ကို ဖျက်ဆီးကာ နေသူ‌တော်စင်ဂိုဏ်းကို ပြန်လည်တည်ထောင်ပေးမည် မဟုတ်ပေ။ အကယ်၍ ကွမ်းမင်ဂိုဏ်းမှလူများ ဆင်းသက်လာမည်ဆိုဦးတော့ နေသူတော်စင်ဂိုဏ်းကို ပြန်လည်တည်ထောင်မည့်အစား သူတို့၏လက်ကိုင်တုတ်အဖြစ် ကျန်ရှိသော ထိပ်သီးသိုင်းဂိုဏ်း (၃)ခုမှ တစ်ခုကိုသာ အသစ်ရွေးချယ်နိုင်ဖွယ်ရှိ၏။

ဤရက်ပိုင်းအတွင်း ရန်ကျောက်ကဲက ထိုသို့သောဖြစ်နိုင်ခြေများကိုတားဆီးရန် အာရုံစိုက်နေသည်။ တစ်ချိန်တည်းမှာပင် ဝါဒတောင်တစ်ခုလုံးသည်လည်း ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် လှုပ်ရှားလျှက် ရှိကြသည်။

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ ရရှိခဲ့သော အဖိုးတန်ပစ္စည်းများကိ အသုံးပြုပြီး ဝါဒတောင်က အလွန်တရာ အင်အားကြီးမားလာသည်။ သူတို့အနေဖြင့် ရန်သူများအပေါ် တိုက်ခိုက်ရန်ပင်မလိုဘဲ စကားလုံးအနည်းငယ်ဖြင့် ပြဿနာကို ဖြေရှင်းနိုင်သည်။ သို့သော် သီးခြားလုပ်ငန်းတာဝန်များစွာနှင့် ရေရှည်လုပ်ငန်းစဉ်များအတွက် ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်၏။

ယခုအခါ အသင်္ချေနဂါးနန်းတော်သည် ဝါဒတောင်အနောက်ဘက် တောင်တန်းများရှိ ‘ရေစင်တောင်ထွတ်’ တွင် တည်ရှိနေပြီး ရန်ကျောက်ကဲကိုယ်တိုင် ထိုနေရာတွင် နေထိုင်သည်။

ရန်ကျောက်ကဲနှင့် အသင်္ချေနဂါးနန်းတော်တည်ရှိနေသည့်အတွက် ရေစင်တောင်ထွတ်အောက်ခြေတွင်ရှိသော ကောင်းကင်ချုပ်လှောင်‌ချောက်နက်အား ထိန်းချုပ်ပြီးသားဖြစ်သွားသဖြင့် စိတ်ပူစရာမရှိတော့ပေ။ ထို့ကြေင့် ကောင်းကင်ချုပ်လှောင်ချောက်နက် အကြီးအကဲ ဖြစ်သော အကြီးအကဲ’ကုန်း’ အနေဖြင့် အခြားနေရာများသို့ ခရီးထွက်ပြီး ဝါဒတောင်အတွက် လုပ်စရာရှိသည်များကို လုပ်ဆောင်နိုင်သည်။

ဝါဒတောင်၏လက်ရှိအင်အားက မကြုံစဖူး မြင့်မားပြင်းထန်လာပြီး ပြိုင်ဘက်မရှိ သြဇာလွှမ်းမိုးနိုင်စွမ်း ရှိနေသော်လည်း တိုက်ပွဲများစွာ ရင်ဆိုင်ခဲ့ရပြီးနောက် ဝါရင့်အကြီးအကဲများ သိပ်မကျန်တော့ပေ။ ထို့ကြောင့် နှုတ်မှုရေးရာနှင့်ပတ်သက်သည်များတွင် အကျိုးရှိစွာ တာဝန်ထမ်းဆေင်ရန်အတွက်  အကြီးအကဲ’ကုန်း’ ကဲ့သို့ သြဇာလွှမ်းမိုးနိုင်စွမ်းရှိသော ဝါရင့်အကြီးအကဲများ လိုအပ်ပေသည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကတော့ ထိုကိစ္စကို အလျင်စလို မရှိခဲ့ပေ။

ယခု သူက အသင်္ချေနဂါးနန်းတော်ထဲတွင်ထိုင်နေပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည်။ သူတို့ရှေ့တွင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုရှိနေပြီး မီးပြင်းဖိုက တုန်ခါလျှက်ရှိသည်။

အတန်ကြာပြီးနောက် မီးပြင်းဖိုအဖုံးပွင့်သွားပြီး အတွင်းထဲမှ တောက်ပသောဝိညာဉ်စွမ်းအားအလင်းတန်းများထွက်ပေါ်လာကာ အသင်္ချေနဂါးနန်းတော်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

နန်းတော်တံခါးပိတ်ထားခြင်းမရှိသဖြင့် တောက်ပသော ဝိညာဉ်စွမ်းအားအလင်းတန်းများ အပြင်ဘက်ထိတိုင် ထွက်ပေါ်လာပြီး တစ်နှစ်ပတ်လုံး နေ့အလင်းရောင် တွေ့မြင်ရခြင်းမရှိဘဲ မှောင်မိုက်နေသော ကောင်းကင်ချုပ်လှောင်ချောက်နက်ကြီးအတွင်းသည်ပင် တောင်ပလင်းထိန်သွားသည်။

အနောက်ဘက်တောင်တန်းတစ်ခုလုံး အလင်းတန်းများ လွှမ်းခြုံဖြာလင်းနေသည်ကိုတွေ့ရသည့်အခါ တောင်ပေါ်တွင်ရှိနေသော ဝါရင့်အကြီးအကဲများအားလုံး အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။

“အောင်မြင်သွားပြီ... ကျောက်ကဲ အောင်မြင်သွားပြီ...”

ရန်ကျောက်ကဲအနားတွင် မတ်တတ်ရပ်နေသော ဖန်းယွင်ရှန်းက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲမှ ထွက်ပေါ်လာသောအလင်းတန်းများကို ကြည့်ရင်း သူမမျက်နှာက ပျော်ရွှင်မှုဖြင့် ပြည့်နက်နေသည်။

“အဆင့်မြင့်မှော်ဝင်ပစ္စည်းတွေ ပြုလုပ်ဖို့ ဒီလောက်လွယ်ကူတာ တစ်ခါမှ မတွေ့ဖူးဘူး”

စစ်ခုန်ချင်းနှင့် ယင်လုန်ထူတို့သည်လည်း နန်းတော်ထဲတွင် မတ်တတ်ရပ်နေကြပြီး အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို အံ့အားသင့်စွာ ကြည့်နေကြသည်။

သူတို့ရှေ့တွင် မြင်နေရသည့်အရာက ဘာကိုဆိုလိုမှန်း လူတိုင်းသိရှိသည်။ ဝါဒတောင်သည် အဆင့်မြင့်မှော်ဝင်လက်နက် အမြောက်အမြားထုတ်လုပ်နိုင်ပြီ မဟုတ်လား။

ဤသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကိစ္စဖြစ်သည်။ အချိန်ကာလတစ်လျှောက်လုံးတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများက ရှားပါးသလို အဆင့်မြင့်မှော်ဝင်ပစ္စည်းများသည်လည်း ရှားပါးသည်ပင်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်ရန် အလွန်ခက်ခဲသလို အဆင့်မြင့်မှော်ဝင်ပစ္စည်းပြုလုပ်ရန်မှာလည်း ခက်ခဲသည်ဟု ဆိုနိုင်၏။

ထိပ်သီးသိုင်းဂိုဏ်းကြီးများသည်ပင် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်နှင့် အမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင်များအတွက်သာ တစ်ခုစီ ခွဲဝေပေးနိုင်ကြသည်။

ယခုတော့ ဝါဒတောင်က သူတို့၏ အမတလက်ဖွဲ့သိုင်းဆရာသခင်များအားလုံးကို အစွယ်တပ်ပေးနိုင်ခဲ့ပေပြီ။

အမတလက်ဖွဲ့သိုင်းဆရာသခင်များ နည်းပါးလျှင်လည်း အမတဝိညာည်အဆင့်သိုင်းဆရာသခင်များကို အဆင့်မြင့်မှော်ဝင်ပစ္စည်းများ ပေးအပ်နိုင်ခြင်းက မိုးမြေပြောင်းပြန်လှန်နိုင်သည့်အလား စွမ်းအားမြင့်မားလာစေမည် ဖြစ်၏။

ဤနည်းအားဖြင့် အနာဂတ်မျိုးဆက်သစ်များစွမ်းအားမြင့်မားလာပြီး ဝါရင့်အကြီးအကဲများ ဆုံးရှုံးရသည့်တိုင် ဝါဒတောင်အနေဖြင့် ချောမွေ့စွာ အသွင်ကူးပြောင်းမှုတစ်ခုအား အပြည့်အဝ ပြုလုပ်နိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲက...

“တကယ် အောင်မြင်သွားပြီပဲ...”

သူက စစ်ခုန်ချင်းကို ပြုံးကာ ကြည့်ရင်း...

“ဟိုးအရင်တုန်းက မင်းတို့ကို ငါပေးခဲ့ကတိ အခု ပြည့်စုံသွားပြီ...”

ထိုစကားကိုကြားတော့ စစ်ခုန်ချင်း မှင်တက်သွားသည်။

ဟိုစဉ်တစ်ချိန် ၊ အရှေ့ထန်တိုက်ပွဲမတိုင်ခင်က ရန်ကျောက်ကဲ သူတို့အားလုံးရှေ့တွင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ပြသခဲ့သည်ကို သတိရသွားမိသည်။ ထိုစဉ်အချိန်က ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့ကတော့ တောင်ပေါ်သို့ ရောက်မလာကြသေးပေ။

အမြဲတမ်းအေးစက်စွာနေတတ်သော စစ်ခုန်ချင်းက အတိတ်ကိုတွေးမိတော့ ခံစားချက်ရှိလာဟန်ပင်။

သူမက...

“မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန် (၄)နှစ်ကျော် ကုန်ဆုံးသွားခဲ့ပြီနော်”

ထို့နောက် သူမက ရန်ကျောက်ကဲကို လေးစားသဘောကျစွာဖြင့် ကြည့်လိုက်ရင်း...

“အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနဲ့ တခြားကိစ္စတွေကို အသာထား ၊ အခုနှစ်တွေအတွင်း ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ရဲ့ ကျင့်ကြံခြင်းအဆင့် မဟုတ်ထိုးမြင့်တက်လာတာကတော့ တကယ့်ကို အံ့မခန်းပဲနော်”

ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...

“ဟုတ်ပ... အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့်တဲ့ ၊ ဒီလောက်အဆင့်တက်မြန်တာ တစ်ခါမှ မကြုံဖူးဘူး”

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်းတို့နှစ်ယောက်လည်း တော်ကြပါတယ်... ယွင်ရှန်း ... မင်းက အသက် (၂၂)နှစ်ပြည့်ဖို့ ရက်ပိုင်းပဲလိုတော့တယ် ၊ ရှန်ထျန်း နှောင်းပိုင်းအဆင့် သိုင်းပညာရှင်ဖြစ်နေပြီ ၊ မင်း ထွက်ပြေးနေခဲ့တဲ့အချိန် (၂)နှစ်က အလကားဖြစ်သွားတာတောင်မှ အခု မန်ဝမ်နဲ့ ကျင့်ကြံခြင်းအဆင့် တူညီနေပြီ”

သူက စစ်ခုန်ချင်းကို ကြည့်ရင်း...

“ဂိုဏ်းတူညီမလေး’စစ်ခုန်’ က အခု အသက် (၂၁)နှစ်နဲ့ ရှန်ထျန်း အလယ်ဆင့်ကို ရောက်နေပြီ မဟုတ်လား”

ထို့နောက် ရန်ကျောက်ကဲက ယင်လုန်ထူ၏ပခုံးကို ပုတ်လိုက်ရင်း...

“မင်းက ငါ့အဖေရဲ့ အသက်အငယ်ဆုံး သိုင်းပညာရှင်ဆိုတဲ့ စံချိန်ကို ချိုးခဲ့တဲ့သူပဲ ၊ အဖေရော မင်းရော သိုင်းပညာရှင်အဆင့်တက်ရောက်တာ ငါ့ထက်အများကြီးစောကြတယ် ၊ တကယ်လို့ မင်းသာ ကျင့်ကြံခြင်းတစ်ဆို့တာကို နှစ်ပေါင်းများစွာ မခံစားရဘူးဆိုရင် သိုင်းဆရာသခင်အဆင့်တက်တာလည်း ငါ့ထက်စောမှာပဲ”

စစ်ခုန်ချင်းက...

“ဒါပေမဲ့ သိုင်းပညာရှင်အဆင့်တက်ရောက်ပြီးမှ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ အဆင့်တက်တာ ဂိုဏ်းချုပ်ထက် မြန်လာတာလေ ၊ (၃)နှစ်တောင်မပြည့်သေးတဲ့အချိန်အတွင်း အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ ၊ စိတ်ကူးကြည့်လို့ မရလောက်အောင်ပါပဲ”

သူမက ဆက်ပြောသည်။

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က အခုမှ အသက် (၂၅)နှစ်ပဲ ရှိသေးတာ မဟုတ်လား”

ရန်ကျောက်ကဲက ပြုံးကာ ခေါင်းခါယမ်းရင်း...

“ငါ့အသက် (၂၇) လောက်ရှိပြီ... အစွန်းရောက်ရှစ်ပါးကမ္ဘာက နှစ်လကျော်ပျောက်သွားတဲ့ကာလမှာ သမုဒ္ဒရာကမ္ဘာမှာ အချိန် (၁)နှစ်ကြာခဲ့တယ် ၊ နဂါးသင်္ချိုင်းထဲက ခန့်မှန်းလို့မရအောင် နှေးလိုက်မြန်လိုက်နဲ့ ပြန့်ကျဲနေတဲ့ အချိန်စီးကြောင်းအတိုင်းဆိုရင် (၂)နှစ်လောက်ကြာသွားတယ်လို့ ယူဆသင့်တယ်လေ...”

ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်ကြသည်။

ဖန်းယွင်ရှန်းက...

“ဘာပဲဖြစ်ဖြစ် ဒါက မယုံနိုင်လောက်အောင် မြန်နေဆဲပဲ ၊ ပြီးတော့ အချိန်စီးဆင်းမှု ပြောင်းလဲတာကို အသာထား... သာမန်ဆိုရင် ရှင်က အသက် (၂၅)နှစ်ပဲ ရှိရမှာလေ ၊ အဲဒီအသက်အရွယ်က ထိပ်သီးသိုင်းဂိုဏ်းတွေက ပါရမီရှင်ကျင့်ကြံသူတွေတောင် ကျွန်မတို့နဲ့ အဆင့်အတူတူလောက်ပဲ ရှိကြသေးတာ”

စစ်ခုန်ချင်းက...

“ဟုတ်တယ် ဟုတ်တယ်... အသက် (၄၀)အောက် အမတလက်ဖွဲ့သိုင်းဆရာသခင် နှောင်းပိုင်းအဆင့်ဆိုတာ ဂိုဏ်းချုပ်ကလွဲပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ တစ်ခါမှ မရှိခဲ့ဘူး ၊ ဒါတောင်မှ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ကို အသက် (၄၀) အောက်လို့ ပြောလို့မရဘူး ၊ အသက် (၃၀) အောက်လို့ ပြောရမှာ”

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်းတို့တွေ ဒီလိုပြောနေတော့ ငါ မနေတတ်တော့ဘူးနော်”

ရန်ကျောက်ကဲမျက်နှာထက်တွင် သူ့ကိုယ်သူဂုဏ်ယူနေဟန် မချိုမချဉ်အပြုံးကို တွေ့ရသည့်အခါ ဖန်းယွင်ရှန်းက အော်ဟစ်ရယ်မောလိုက်ပြီး စစ်ခုန်ချင်းက ခေါင်းခါယမ်းလျှက် ယင်လုန်ထူကတော့ အလွန်တရာ လေးစားအားကျသည့်မျက်ဝန်းများဖြင့် ကြည့်နေလေသည်။

ထို့နောက် ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို ကျော်လွန်လျှက် အရှေ့အရပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။

“မင်းတို့ ဂိုဏ်းချုပ်အကြောင်းပြောလို့ ငါလည်း သတိရသွားပြီ ၊ အချိန်နည်းနည်းလောက်စောင့်ပြီးရင် ငါ အရှေ့ပင်လယ်ကိုသွားရမယ် ၊ အရှေ့ပင်လယ်မှာချိတ်ပိတ်ထားတဲ့စည်းတံဆိပ်ကို မြန်မြန်ဆန်ဆန် ခိုင်မာအောင်လုပ်ပြီး အဖေနဲ့ တခြားသိုင်းသူတော်စင်တွေ အချိန်စောပြီး အပြင်ထွက်လို့ရအောင် လုပ်ပေးရမယ်”

All Chapters