ဂိုဏ်းကိုးဂိုဏ်းရှိ ခေါင်းလောင်းမြည်သံ
Vol. 105 Ch. 1464
ဤအခိုက်အတန့်တွင် အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ ဂိုဏ်းကိုးဂိုဏ်းလုံးတွင် ခေါင်းလောင်းသံများ တဒေါင်ဒေါင် ပဲ့တင်ထပ်နေလေသည်။ အာကာပြင်ကျယ်ကျောင်းတော်ရှိ ကျင့်ကြံသူအားလုံး လုံးလုံးလျားလျား တုန်လှုပ်သွားကြပြီး ဂိုဏ်းသားမဟုတ်သော်လည်း တိုက်တိုက်ဆိုင်ဆိုင် အာကာပြင်ကျယ်ဂြိုဟ်အပေါ် ရောက်နေသော ကျင့်ကြံသူများပင် ရှေးဆန်သောခေါင်းလောင်းသံကို ကြားလိုက်ကြရသည်။
“ဘာဖြစ်နေတာလဲ”
“ခဏနေပါဦး ... အာကာပြင်ကျယ်ကျောင်းတော်မှာ ခေါင်းလောင်းသံတွေ မြည်နေတာလား။ ကြည့်ရတာ ထူးထူးခြားခြားတစ်ခုခု ဖြစ်နေပြီထင်တယ် ...”
ခေါင်းလောင်းသံများသည် အာကာပြင်ကျယ်ကျောင်းတော်ကို ဖွဲ့စည်းထားသော ဂိုဏ်းကိုးဂိုဏ်းလုံးမှ လာနေခြင်းဖြစ်ကြောင်း အမှန်တကယ် သဘောပေါက်သူများကတော့ အနည်းအကျဉ်းသာ ရှိသေး၏။
သို့သော် ရေခဲတမျှအေးစက်ပြီး ခံစားချက်မဲ့သောအသံတစ်သံက ပထမဂိုဏ်းတွင် ဟိန်းထွက်လာသည်။ ထို့နောက် ဒုတိယဂိုဏ်း.... နဝမဂိုဏ်းအထိ တစ်လျှောက်လုံးပင်။ အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး၌ အသံတစ်သံတည်းသာ ပဲ့တင်ထပ်နေ၏။
“နဝမ ဂိုဏ်း ၊ ဖန်မု၊ နဝမ ကောင်းကင်ဘုံ”
စကားလုံးခြောက်လုံးသာ....
သို့သော် ထိုစကားလုံးခြောက်လုံးသည် အာကာပြင်ကျယ်ကျောင်းတော်ကို အပေါ်မှ ဖိနှိပ်နေသော မမြင်ရသည့် ဧရာမလက်ကြီးနှင့်တူသည်။ ဂိုဏ်းကိုးဂိုဏ်းလုံးကား သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်ကျသွားလေသည်။
အသက်ရှိုက်စာအနည်းငယ်ကြာသော် အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး ဝုန်းခနဲ ဆူညံပွက်လောရိုက်ကုန်တော့သည်။
“ဖန်မု၊ နဝမဂိုဏ်းက ဖန်မု၊ နဝမကောင်းကင်ဘုံကို သူ တကယ်ကြီး ဆင့်ခေါ်နိုင်ခဲ့တာလားဟ... ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း”
“မှားများမှားသလား။ နဝမကောင်းကင်ဘုံကို ဆင့်ခေါ်နိုင်ခဲ့ဖူးတဲ့သူ မရှိသလောက်ပဲလေ။ မဖြစ်နိုင်တာကြီး”
“ဘယ်လိုလုပ်မှားနိုင်မှာတုန်းကွ။ ဂိုဏ်းကိုးဂိုဏ်းလုံးမှာ ခေါင်းလောင်းသံတွေ မြည်နေပြီလေ။ ဖန်မု... ငါ သူ့ကို မှတ်မိတယ်။ သူက ဆယ်နှစ်အတွင်း သေမျိုးအဖြစ်ကနေ အင်မော်တယ်အဆင့်တက်သွားတဲ့ လူပဲ” စကားသံများက တစ်ဂြိုဟ်လုံးအား တုန်ခါနေစေတော့သည်။
နဝမကောင်းကင်ဘုံကား .... အာကာပြင်ကျယ်ကျောင်းတော်၏ သမိုင်းတစ်လျှောက်လုံးတွင် တစ်ကြိမ်သာ မြင်ခဲ့ရဖူးသော အရာ ဖြစ်ချေသည်။
မရေမတွက်နိုင်သောလူများ အံ့အားသင့်နေကြသည်။ ဤသို့ဖြင့် ဖန်မုနာမည်က အာကာပြင်ကျယ်ကျောင်းတော်သားအားလုံး၏ နားထဲ ဝင်ရောက်လာခဲ့လေပြီ။ ထို့နောက် ခေါင်းလောင်းသံများအား အာကာပြင်ကျယ်ဂြိုဟ်၏ နေရာတိုင်းလိုလိုမှ ကြားနေရကြောင်း လူတိုင်း သတိထားမိလိုက်သဖြင့် .... အံ့ဩခြင်းတို့ ဆထက်တိုးသွားကြသည်။
“ဂိုဏ်းကိုးဂိုဏ်းလုံး၊ အာကာပြင်ကျယ်ဂြိုဟ်တစ်ဂြိုဟ်လုံးမှာ ခေါင်းလောင်းသံတွေ မြည်နေပြီ” ဤအချက်က မည်သူ့ကိုမဆို ပင့်သက်ရှိုက်လိုက်ရစေသည်။ နာမည်ကျော်ကြားစေနိုင်မည့် တခြားနည်းလမ်းကောင်းများ ရှိကောင်းရှိလိမ့်မည်။ သို့သော် ယခု ဖန်မု၏နည်းလမ်းမှာတော့ တစ်ခါမှမမြင်ခဲ့ဖူးသောနည်းလမ်းပင်။
‘ဖန်မု’ ဆိုသော နာမည်က အားလုံး၏စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့လေပြီ။
တာအိုနယ်ပယ်ပညာရှင်များ၊ တာအိုသခင်များ၊ တာအိုဥသျှောင်များနှင့် ပါရာဂွန်များပင်အပါအဝင် အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ လူတိုင်းလူတိုင်း မျက်လုံးပြူးလျက် အံ့အားသင့်နေကြသည်။
နဝမကောင်းကင်ဘုံကြောင့် ..... မတုန်လှုပ်ဘဲ နေနိုင်ဖို့ကား မဖြစ်နိုင်သည်သာ။
ဂိုဏ်း၏သမိုင်းတစ်လျှောက်လုံးတွင် နဝမကောင်းကင်ဘုံကို ဆင့်ခေါ်နိုင်ခဲ့သူ တစ်ယောက်သာ ရှိခဲ့ဖူးသည်... ယခုတော့ နှစ်ယောက် ရှိသွားလေပြီ။
လောလောဆယ်တွင် ပထမဂိုဏ်းမှ နတ်ဘုရားအာရုံစီးကြောင်းများစွာ ဖြာထွက်လာနေ၏။ အထွတ်အမြတ်တောင်ထက်၌ ကျင့်ကြံခြင်းဂူတစ်ဂူ ရှိသည်။ ပွင့်နေသောဂူတံခါးဝတွင် ဝတ်ရုံရှည်ဝတ်ဆင်ထားသော ခပ်ချောချာလူငယ်တစ်ယောက်အား မြင်ရနိုင်၏။ သူ၏အရှိန်အဝါနှင့်ပတ်သက်၍ တစ်စုံတစ်ခုက ထူးခြားပြီး သူက တောက်ပနေသောမျက်လုံးများဖြင့် နဝမဂိုဏ်းရှိရာဘက်သို့ လှမ်းကြည့်ရင်း တိတ်ဆိတ်စွာ လမ်းလျှောက်ထွက်လာသည်။
သူသည် ရွေးချယ်ခံတစ်ဦးဖြစ်ပြီး ပထမဂိုဏ်းအတွင်း၌ ပထမဂိုဏ်း၏ သန့်ရှင်းသောသမီးတော်နှင့် တူညီသောအဆင့်အတန်းကို ပိုင်ဆိုင်ထား၏...သူကား ပထမဂိုဏ်း၏ သန့်ရှင်းသောသားတော်ပင်။ ထိုမျှသာမက ပထမဂိုဏ်း၏အာကာပြင်ကျယ်မော်ကွန်းတိုက်တွင်လည်း ပထမအဆင့်ရထားသည်။
ဂိုဏ်းအားလုံးတွင် ထိပ်ဆုံး ၁၀ ဝင်ကျင့်ကြံသူများသည် အတိုင်းထက်အလွန် အရေးပါအရာရောက်သော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။
ဒုတိယဂိုဏ်း၌လည်း အလားတူပင်။ မာန်အပြည့်ဟိန်းဟောက်သံနှင့်အတူ အေးစက်နက်ရှိုင်းသော ရေကန်တစ်ကန်အောက်မှ ရေပန်းကြီး ပန်းထွက်လာသည်။ အပေါ်ပိုင်းအဝတ်ဗလာနှင့် ခပ်ထွားထွားလူတစ်ယောက်က ခံပြင်းပြီး မလိုလားသောအမူအရာဖြင့် ပျံထွက်လာ၏။
“ဖန်မု...” သူက နဝမဂိုဏ်းရှိရာဘက် လှမ်းကြည့်ရင်း ရေရွတ်သည်။
တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် ... အဋ္ဌမဂိုဏ်းအထိတစ်လျှောက်လုံး ရွေးချယ်ခံတစ်ယောက်မှ ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ သိပ်ကျေနပ်ကြပုံမပေါ်ပေ။ အထူးသဖြင့် ထိပ်ဆုံးဆယ်ယောက်ဖြစ်၏။ ယခုတွင် သူတို့အားလုံးက ‘ဖန်မု’ ဆိုသောနာမည်အား မမေ့အောင် မှတ်ထားလိုက်ကြလေပြီ။ သူတို့သည် ဖန်မုကို လက်ခံလိုစိတ်မရှိသည်သာမက တိုက်လည်းတိုက်ခိုက်ချင်နေကြ၏။
ရွေးချယ်ခံတို့သည် ဂိုဏ်းအတွက် အဖိုးတန်ပတ္တမြားများသဖွယ်ပင်။ သူတို့က အခြားသူများ စိတ်ကူးဖြင့်ပင် မမှန်းကြည့်နိုင်သည့် ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိကြ၏။ အစတုန်းကတော့ သူတို့သည် မာနကြီးပြီး မောက်မာထောင်လွှားသောလူများ ဟုတ်ခဲ့ချင်မှ ဟုတ်ခဲ့လိမ့်မည်။ ဤအဆင့်သို့ ရောက်လာပြီးနောက် လက်ကလေးလှန်သလို ပြိုင်ဘက်များအား လွယ်ကူစွာ ကျော်တက်နိုင်ခဲ့ကြသည်။ မကြာမီ နောက်လှည့်ကြည့်လိုက်သောအခါ သူတို့လမ်းတွင် မည်သူ့ကိုမှမတွေ့တော့သည်အထိ အဝေးရောက်လာခဲ့ကြ၏။ တခြားသူများ မော့ကြည့်ရသည့်လူများ ဖြစ်လာခဲ့ကြသည်။
သူတို့သည် မိုးကောင်းကင်ရှိ တိမ်တိုက်များအထက်၌ ခံ့ခံ့ညားညား ပျံဝဲနေသော အဖော်မဲ့စွန်ရဲများနှင့် တူ၏။ တိမ်တိုက်များအောက်တွင်တော့ သာမန်ငှက်များသာ ပျံသန်းနေသည်။
ထိုကဲ့သို့လူများကို စွန်ရဲများအဖြစ် သတ်မှတ်လျှင် ဤအခိုက်အတန့်၌ သိမ်းငှက်တစ်ကောင် ပေါ်လာခဲ့လေပြီ။ ယခု သူတို့မှာ သက်ရောက်နေသောဖိအားကို လက်မခံနိုင်တော့၍ တိုက်ခိုက်လိုစိတ်များ ထကြွလာတော့သည်။
လေပြင်းတစ်ချက်သည် ဂိုဏ်းကိုးဂိုဏ်းလုံးကို အုံးအုံးကြွက်ကြွက်ဆူညံနေစေပြီး ရွေးချယ်ခံများ၏သွေးတို့ကို ဆူပွက်လာစေရင်း အာကာပြင်ကျယ်ကျောင်းတော်တစ်ခွင် တိုက်ခတ်သွား၏။
ဟန်ပေ့ပင် ပေါ်လာသည်။ လေပေါ်တွင် ပျံဝဲလျက် ခေါင်းလောင်းသံများကို နားထောင်နေစဉ် သူမသည် ပထမဂိုဏ်းထဲရှိ အုတ်အုတ်ကျက်ကျက်ဆူညံသံများကို ကြားလိုက်ရပြီး တအံ့တဩပျံထွက်လာသော ကျင့်ကြံသူများကိုလည်း မြင်လိုက်ရ၏။ လူတိုင်း အရပ်မျက်နှာတစ်ဖက်သို့ အလိုအလျောက် လှည့်ကြည့်မိလိုက်ကြသည်။
နဝမကုန်းမြေ၊ နဝမဂိုဏ်း
လောလောဆယ်တွင် ဟန်ပေ့သည် အာကာပြင်ကျယ်ဂြိုဟ်တစ်ဂြိုဟ်လုံးတွင် အတည်ငြိမ်ဆုံးလူ ဖြစ်လိမ့်မည်။ သူမက ‘ဖန်မု’ဆိုသော နာမည်အား ကြားရသည်ကို နည်းနည်းလေးမှ အံ့ဩပုံမရပေ။
“အနှစ်သာရ ၉ ခုပါရာဂွန်ဖြစ်တာတောင် ကလေးတွေကို အနိုင်ကျင့်နေတယ်။ ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ” သူမက အေးစက်စွာ နှာမှုတ်လိုက်သည့်တိုင် မန်ဟို သူ့ကိုယ်ပွားနှင့်ပတ်သက်၍ လုပ်နေသောအရာကို သံသယဝင်နေသေးလေသည်။ အရေးကြီးသောအစီအစဉ်တစ်ခု ရှိကြောင်း သူမ ခံစားနေရသည်။
ကျန်ဂိုဏ်းရှစ်ဂိုဏ်း အုတ်အော်သောင်းနင်းဖြစ်နေစဉ် နဝမဂိုဏ်းလည်း အလားတူ တုန်လှုပ်နေကြသည်။ ထိုခံစားချက်မဲ့သော ရှေးစကားသံ ပဲ့တင်ထပ်နေစဉ် နဝမဂိုဏ်းသား၏မျက်နှာများအပေါ်၌ ဝမ်းသာမှု၊ စိတ်လှုပ်ရှားမှုနှင့်အတူ လေးစားကြည်ညိုမှုတို့ ထင်ဟပ်လာကြသည်။
“အစ်ကိုကြီးဖန်မု” မည်သူ ပထမဆုံးဟစ်အော်လိုက်မှန်း မပြောနိုင်သော်လည်း မကြာခင် အော်သံသည် တစ်ခဲနက် ပဲ့တင်ထပ်နေသည့် ကြွေးကြော်သံဖြစ်လာ၏။
“အစ်ကိုကြီးဖန်မု”
“အစ်ကိုကြီးဖန်မု”
များသောအားဖြင့် ‘အစ်ကိုကြီး’ဆိုသော ဘွဲ့သည့် အဖွဲ့တစ်ဖွဲ့အတွင်း၌ ဝါရင့်မှုကို ဖော်ပြသော အသုံးဖြစ်၏။ သို့သော် ဤကိစ္စတွင်တော့ နဝမဂိုဏ်းအတွင်းရှိ ဂိုဏ်းသားအားလုံး၏ အသိအမှတ်ပြုမှုနှင့် လေးစားမှုကို ကိုယ်စားပြုလေသည်။
ထိုသို့မပြောသည့် တစ်ယောက်တည်းသောလူမှာတော့ ယန်အာပင်။ သူမမှာ ရုတ်တရက် ဂိုဏ်းတူဦးလေး၊ ဒေါ်လေးများစွာ ရလိုက်ပုံပေါ်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်လုံးလေးများပြူးကျယ်နေ၏....
နဝမဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတိုက်မှ နဝမကောင်းကင်ဘုံ၏ ခမ်းနားထည်ဝါသောအရောင်အဝါကို ဖြန့်ကျက်နေသည်။ ကောင်းကင်ထက်တွင် တိမ်မည်းများ အလိပ်လိပ်ထနေပြီး ဒေါသတကြီးဟိန်းဟောက်နေသကဲ့သို့ အသံကြီးတစ်သံ ပဲ့တင်ထပ်နေသည်။ မိုးကြိုးများ ပိုမိုစုဝေးလာသည့်တိုင် အနှစ်သာရ ၇ ခုပါရာဂွန်က ပြုံးရုံသာပြုံး၍ ဖန်မု ပြစ်ဒဏ်မိုးကြိုးအား ကျော်လွှားနိုင်အောင် ကူညီဖို့ ကျန်အစွမ်းထက်ပညာရှင်များကို ဦးဆောင်နေသည်။
“ဖန်မု” သူက ကျယ်လောင်စွာ ပြောသည်။ “ငါ့ကို စိတ်မပျက်စေနဲ့။ နဝမဂိုဏ်းအတွက် ဒသမကောင်းကင်ဘုံကို မင်း ဆင့်ခေါ်နိုင်မလား ကြည့်ရသေးတာပေါ့”
သူ့စကားကြောင့် နဝမဂိုဏ်းရှိ ကျင့်ကြံသူများထံမှ ပင့်သက်ရှိုက်သံများအား ကြားလိုက်ရသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက်၏မျက်လုံးများ လင်းလက်တောက်ပလာတော့သည်။
နဝမကောင်းကင်ဘုံမှာ တစ်ခါမှမကြားခဲ့ဖူးသောအရာ မဟုတ်သလို၊ တစ်ယောက်မှ မကျော်ဖြတ်နိုင်ခဲ့ဖူးသောအရာလည်း မဟုတ်ပေ။ ဆန့်ကျင်ဘက်၌ ... ဒသမကောင်းကင်ဘုံကတော့ ဟုတ်သည်။ တစ်ယောက်ယောက်သာ ဒသမကောင်းကင်ဘုံကို ဆင့်ခေါ်နိုင်လျှင် ပထမဆုံးအောင်မြင်သူ ဖြစ်လာလိမ့်မည်။
၎င်းက နှစ်သိန်းသန်းပေါင်းများစွာ တည်တံ့မည့် ဂုဏ်ကျက်သရေဖြစ်ပြီး နဝမဂိုဏ်းအတွင်း၌လည်း အမြဲတည်မြဲနေလိမ့်မည်။
“ဒသမကောင်းကင်ဘုံ.... အစ်ကိုကြီးဖန်မု ဒသမကောင်းကင်ဘုံကို ဆင့်ခေါ်ပါဗျို့”
“အစ်ကိုကြီး ဒသမကောင်းကင်ဘုံကို ရအောင် လုပ်ပေးပါဗျို့”
လူအုပ်ကြီး ဟစ်အော်နေစဉ် ယန်အာလည်း အော်သည်။ “ဆရာ ဒသမကောင်းကင်ဘုံကို ရအောင် ဆင့်ခေါ်နော်....”
နဝမဂိုဏ်းမှရွေးချယ်ခံများအနက် ကျောက်တိုင်ထက်၌ ပထမအဆင့်ရထားသော်လည်း လက်လွှတ်ဖို့ စိတ်ပြင်ဆင်ထားပြီးသော ရွေးချယ်ခံများပင် စိတ်နှလုံးတုန်လှုပ်သွားသည်။ သူတို့က ခံစားချက်များကို မြှုပ်နှံ၍ သက်ပြင်းချပြီးနောက် မျက်လုံးများ တောက်ပလာကြ၏။
မင်းက သိမ်းငှက်ဆိုလည်း ငါတို့စွန်ရဲတွေကို အနိုင်မကျင့်နဲ့။ ကျန်တဲ့ငှက်တွေကိုသာ သွားအနိုင်ကျင့်ပေတော့....
ယင်းက လက်ရှိပထမအဆင့်ပိုင်ရှင်များ တွေးနေသောအရာဖြစ်သလို၊ ကျန်ရွေးချယ်ခံများ၏ စိတ်ထဲတွင်လည်း အလားတူအတွေးများ ဖြတ်ပြေးနေသည်။
အာကာပြင်ကျယ်မော်ကွန်းတိုက်၏ နဝမအထပ်တွင် စွန်ရဲများကို အနိုင်ကျင့်ဖို့အတွေးမှာ ဖန်မုစိတ်ထဲ ပေါ်ပင်ပေါ်မလာပေ။ သူသည် ဤအာကာပြင်ကျယ်မော်ကွန်းတိုက်ကို လွန်စွာစိတ်ဝင်စားနေ၏။ သူက အင်္ကျီလက်စခါလျက် နဝမအထပ်မှ အပြိုအပျက်များကို ဖယ်ရှားလိုက်ရာ ဒသမအထပ်သို့ ဝင်ပေါက် ပေါ်လာသည်။
ထို့နောက် တွန့်မဆုတ်မနေဘဲ အာကာပြင်ကျယ်ကျောင်းတော်၏ အမြင့်ဆုံးအထပ်.... ဒသမအထပ်ဆီ တက်သွားလေသည်။
သူ ခြေချလိုက်လျှင်ချင်း သူ့မျက်နှာအမူအရာက တစ်မျိုးတစ်မည်ဖြစ်သွားသည်။ ... ကလေးများကို အနိုင်ကျင့်နေကဲ့သို့ သူ အမှန်တကယ် ခံစားလိုက်ရလေသည်။
ဒသမအထပ်၏စစ်ဆေးမှုတွင် အံ့မခန်းလိလိမှော်ဂယက်များ ထနေသော နံရံတစ်ခုအပြင် တခြားမရှိ။
ထိုနံရံထက်တွင် ဤအာကာပြင်ကျယ်မော်ကွန်း၏ အဆင့် ၁ မှ ၁၀ ဝင်သော ရွေးချယ်ခံများ၏ နာမည်များကို ဖော်ပြထားသည်။
နာမည်တစ်ခုစီဘေးတွင် ဂဏန်းတစ်ခု ရှိသည်။ ပထမအဆင့်၏အနောက်ရှိ ဂဏန်းမှာ ၇၀၀၀၀ ထက် အတန်ငယ်ပို၏။ အောက်ရောက်လေလေ၊ နည်းသထက် နည်းလာလေလေဖြစ်ပြီး အောက်ဆုံးအဆင့် ၁၀ တွင်တော့ ၄၀၀၀၀ ဝန်းကျင်ဂဏန်း ရှိသည်။
ဖန်မုပြောနိုင်သလောက် အာကာပြင်ကျယ်မော်ကွန်းတိုက်၏ နဝမနှင့် ဒသမအထပ်များသည် ဆက်စပ်နေခြင်းဖြစ်မည်။ နဝမအထပ်တွင် ဂိုဏ်းသားသည် နတ်ဘုရားစွမ်းရည်တစ်ခု ဖန်တီးရပြီး ဒသမအထပ်ရောက်သည့်အခါ အဆိုပါစွမ်းရည်၏ခွန်အားကို ဆုံးဖြတ်ပေးလိမ့်မည်။ ရလဒ်ကတော့ ဂဏန်းတစ်ခုပင်။ ဂဏန်းမြင့်လေလေ၊ နတ်ဘုရားစွမ်းရည် အားကောင်းလေလေဖြစ်ကာ အဆင့်လည်း မြင့်လာမည်။
သို့သော် နဝမအထပ်ရှိ ကျောက်တိုင်မှာ ပေါက်ကွဲသွားခဲ့လေပြီ... ကျောက်တိုင်က နတ်ဘုရားစွမ်းရည်၏ခွန်းအားကို တိုင်းတာဖို့ ပြုလုပ်ထားခြင်းမဟုတ်ဘဲ ဂိုဏ်းသား နတ်ဘုရားစွမ်းရည်ကို သန့်စင်၍ ပြည့်စုံအောင် လုပ်ဖို့ ကူညီပေးရန် ရည်ရွယ်လေသည်။ ကံဆိုးသည်က .. ထိုကျောက်တိုင် မရှိတော့။
အာကာပြင်ကျယ်ကျောင်းတော်မှ အာကာပြင်ကျယ်မော်ကွန်းတိုက်ကို တည်ဆောက်ခဲ့တုန်းက နဝမအထပ်ရှိ ကျောက်တိုင်ကို ပေါက်ကွဲသွားစေမည့် နတ်ဘုရားစွမ်းရည်အား တစ်ယောက်ယောက် ဖန်တီးနိုင်လိမ့်မည်ဟု တစ်ယောက်မှ စိတ်မကူးခဲ့ကြပေ။
“စမ်းကြည့်ဦးမှပဲ” ဖန်မုက တွေးသည်။ “ဒီကျောက်တိုင်က နတ်ဘုရားစွမ်းရည်ရဲ့ခွန်အားကို စစ်ဆေးပေးမယ့် အထူးကျောက်တိုင်ဆိုတော့ အရင်တစ်ခုလိုတော့ မပေါက်ကွဲလောက်ပါဘူး” တခဏတွန့်ဆုတ်နေပြီးနောက် သူ၏မျက်လုံးများက တောက်ပလာပြီး သူသည် လက်လှမ်းလိုက်၏။ သူ နံရံအပေါ် လက်ညှိုးထိုးလိုက်သည့်အခါ ကောင်းကင်ဘုံချုပ်နှောင်မန္တန်၏ ချုပ်စည်းကိုးခုက သူ့ကိုယ်ထဲတွင် တောက်ပစွာ လင်းလက်လာတော့သည်။