← Chapters

ရဲတင်း‌‌သော

Vol. 105 Ch. 1465

ရဲတင်း‌‌သော

Vol. 105 Ch. 1465

ကောင်းကင်ဘုံချုပ်နှောင်မန္တန်၊ နဝမမန္တန်၏ ပထမချုပ်စည်း ပေါ်ထွက်လာသည်။ ၎င်းသည် ပုံရိပ်ယောင်ကောက်ကြောင်းတစ်ခုသာ ဖြစ်သော်လည်း ပြည့်စုံ၏။

ချုပ်စည်းကို မန်ဟို၏နတ်ဘုရားအာရုံအများစုဖြင့် ဖွဲ့စည်းထားသည်ဟုပင် ပြောနိုင်သည်။ လောလောဆယ်တွင် ၎င်းကို ထုတ်ဖော်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာလည်း နတ်ဘုရားအာရုံဖြင့်သာ ဖြစ်သည်။

လင်းလက်တောက်ပနေသော ချုပ်စည်းသည် နံရံ၏မျက်နှာထက်၌ ချက်ချင်း ပေါ်လာ၏။

ချက်ချင်းဆိုသလို နံရံမှာ တုန်ခါလာပြီး ဝုန်းခနဲ မြည်ဟည်းသွားသည်။

ဖန်မုနာမည်သည် ပေါ်လာပြီး အခြားနာမည်များကို တွန်းချရင်း ပထမအဆင့်သို့ တန်းတက်သွားလေသည်။ ဖန်မုနာမည်ဘေးရှိ ဂဏန်းကား ၃၀,၀၀၀,၀၀၀ စွန်း၏.....

၎င်းက မူလပထမအဆင့်ထက် အဆပေါင်းရာချီ မြင့်မားလေသည်။

ဖန်မုသည် နာမည်ကိုသော်လည်းကောင်း၊ ဂဏန်းကိုသော်လည်းကောင်း ဂရုမစိုက်။ သို့သော် နံရံက ချုပ်စည်းတစ်ခုထက်ပို၍ ခံနိုင်ရည်ရှိကြောင်း သူ ခံစားလိုက်ရသည်။ သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် လျင်မြန်စွာ ဖော်ပြီးနောက် နံရံအပေါ် ဖိချလိုက်၏။ ဒုတိယချုပ်စည်းက ပျံထွက်သွားပြီး နံရံကို လှုပ်ခတ်သွားစေပြန်သည်။ ကျယ်လောင်သောထစ်ချုန်းသံများ ပဲ့တင်ထပ်နေပြီး ဤတစ်ခေါက် အသံများငြိမ်ကျသွားရန် အချိန်ပို၍ပင် ကြာလေသည်။

ထိုသို့ဖြစ်ပျက်‌သောအခါ ဖန်မုနာမည်ဘေးရှိ ဂဏန်းသည် ... ၃၀,၀၀၀,၀၀၀ မှသည် ... ကြောက်ခမန်းလိလိ ၃၀၀,၀၀၀,၀၀၀ ချက်ချင်း ရောက်ရှိသွား၏။

ကြောက်မက်ဖွယ်ကောင်းသော ထိုဂဏန်းက ပထမဂဏန်းနှင့် နှိုင်းယှဉ်မရလောက်အောင် အလွန်မြင့်မားလွန်း၍ ပါရာဂွန်များပင် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

အာကာပြင်ကျယ်မော်ကွန်းတိုက်၏ စည်းမျဉ်းများအရ ၁၀၀,၀၀၀ သည် ... နတ်ဘုရားစွမ်းရည်က တာအိုနယ်ပယ်ပညာရှင်များအပေါ် သုံးနိုင်သည်အထိ အစွမ်းထက်ကြောင်း ဖော်ပြ၏။ ၁,၀၀၀,၀၀၀ တာအိုသခင်၊ ၁၀,၀၀၀,၀၀၀ တာအိုဥသျှောင်၊ ၁၀၀,၀၀၀,၀၀၀... အနှစ်သာရ ၇ ခုပါရာဂွန်။ ၁၀,၀၀၀,၀၀၀,၀၀၀ အနှစ်သာရ ၈ ခုပါရာဂွန်။ အနှစ်သာရ ၉ ခုကတော့ ၁၀,၀၀၀,၀၀၀,၀၀၀ ထက်ပိုသည်။

ဤနံရံက နတ်ဘုရားစွမ်းရည်၏ခွန်အားအဆင့်ကို ဖော်ပြ၍ ကျင့်ကြံခြင်းအခြေခံနှင့် မသက်ဆိုင်ပေ။ ထို့ကြောင့် ဖန်မုချုပ်နှောင်မန္တန်၏ ချုပ်စည်းနှစ်စည်းပေါင်းစည်းမှုက အနှစ်သာရ ၇ ခုပါရာဂွန်များကို တုန်လှုပ်စေနိုင်ကြောင်း ထင်ရှား၏။

ထိုခွန်အား၏ ကြောက်ခမန်းလိလိအဆင့်က ဖန်မုကိုပင် တုန်လှုပ်သွားစေပြီး သူ၏မျက်လုံးများအား တောက်ပလာစေသည်။ ဤအခိုက်အတန့်တွင် သူ၏လက်ရှိကောင်းကင်ဘုံချုပ်နှောင်မန္တန်က မယုံနိုင်လောက်အောင် အစွမ်းထက်ကြောင်း သူ သေချာသွားလေပြီ။

ဖန်မုသည် နံရံအပေါ် လက်ထပ်တင်လိုက်၏။ နတ်ဘုရားအာရုံကို အသုံးပြုရင်း တတိယ၊ စတုတ္ထနှင့် ပဉ္မမချုပ်စည်းများအား ဖိချလိုက်သည်။

တတိယချုပ်စည်း နံရံနှင့်တစ်သားတည်းဖြစ်သွားသောအခါ ဖန်မုနာမည်ဘေးရှိ ဂဏန်းသည် ၁,၀၀၀,၀၀၀,၀၀၀ သို့ ထိုးတက်သွား၏။ ထို့နောက် ၂,၀၀၀,၀၀၀,၀၀၀ နောက်ဆုံး ၃,၀၀၀,၀၀၀,၀၀၀ ။ ချုပ်စည်းသုံးခုပေါင်းစည်းမှုက အနှစ်သာရ ၈ ခုပါရာဂွန်ကို တုန်လှုပ်စေနိုင်သည်ဟု ဆိုလိုလေသည်။

စတုတ္ထစည်း ကျန်စည်းများနှင့် ပူးပေါင်းသွားသောအခါ နံရံသည် အက်ရာများထလာသည့်တိုင်အောင် တုန်ခါလာ၏။ အက်ကြောင်းများက ပြန်စေ့ဖို့ ကြိုးစားနေလေသည်။ ဖန်မုနာမည်ဘေးရှိ ဂဏန်းက ကြောက်မက်ဖွယ်အဆင့်သို့ တက်ရင်း ပြောင်းလဲသွားပြန်၏။ ၎င်းက ၃,၀၀၀,၀၀၀,၀၀၀ မှ ၁၀,၀၀၀,၀၀၀,၀၀၀ သို့ ရောက်ရှိသွားသည်။ ထို့နောက် ၂၀,၀၀၀,၀၀၀,၀၀၀ ။ ၃၀,၀၀၀,၀၀၀,၀၀၀ တွင်လည်း မရပ်ဘဲ ၆၀,၀၀၀,၀၀၀,၀၀၀ အထိ တောက်လျှောက်ဆက်တက်သွား၏။

ချုပ်စည်းလေးခုပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသော ထိုကြောက်ခမန်းလိလိဂဏန်းက အဆိုပါနတ်ဘုရားအာရုံသည် လက်ရှိအနှစ်သာရ ၉ ခုပါရာဂွန်တစ်ဝက်ကို သတ်နိုင်သည်ဟု ဆိုလို၏။

ထို့အပြင် ... ချုပ်စည်းလေးခု ပေါင်းစည်းခြင်းမျှသာ ရှိသေးသည်။

ထို့နောက် ... ပဉ္စမချုပ်စည်းပေါ်လာပြီး နံရံ၏မျက်နှာပြင်တစ်လျှောက် အက်ရာများ ဖြာထွက်သွားသည်။ နံရံမှာ လက်ခံနိုင်သည့်နောက်ဆုံး အတိုင်းအတာသို့ ရောက်သွား၍ အုန်းခနဲ ပေါက်ကွဲသွားတော့သည်။

၎င်းမပေါက်ကွဲခင် ဖန်မုနာမည်ဘေးရှိ ဂဏန်းက ၁၀၀,၀၀၀,၀၀၀,၀၀၀ ကျော်လွန်၍ ဆက်တက်နေသည်ကို မြင်ရနိုင်သည်။ သို့သော် နောက်ဆုံးရလဒ်ကို မသိရခင်မှာပဲ နံရံက ပေါက်ကွဲသွားလေပြီ။

ဖန်မုမှာ ပါးစပ်အဟောင်းသားနှင့် အသက်ရှူဖို့ပင် မေ့လျော့သွားသည်။ သူက သူ့လက်သူပြန်ကြည့်ပြီးနောက် မျက်လုံးများတောက်ပလာ၏။

“ကောင်းကင်ဘုံမန္တန်စည်းငါးခုက ... အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ပါရာဂွန်တစ်ယောက်ကိုတောင် သတ်နိုင်လောက်တယ်” ဖန်မုသည် နဝမမန္တန်၏နောက်ဆုံးအသွင်ကို မြင်တွေ့လိုစိတ်များ ပြင်းပြနေလျက် အသက်ပြင်းပြင်းရှူလိုက်၏။

နံရံပြိုကျသွားသောအခိုက်အတန့်တွင် ထစ်ချုန်းသံများနှင့်အတူ တောက်ပသောအရောင်အဝါများ ဖြာထွက်လာသည်။ အာကာပြင်ကျယ်မော်ကွန်းတိုက်၏ ဒသမအထပ်ကား ... ဒသမကောင်းကင်ဘုံ၏ ကျိန်းစပ်သောအလင်းရောင်တို့အား စတင်ထုတ်လွှတ်လိုက်လေပြီ။

အာကာပြင်ကျယ်ကျောင်းတော်၏ သမိုင်းတစ်လျှောက်လုံးတွင် လူတစ်ယောက်တည်းသာ နဝမကောင်းကင်ဘုံကို ဆင့်ခေါ်နိုင်ခဲ့ဖူး၏။ ယခု ဖန်မုက ဒသမကောင်းကင်ဘုံကို ဆင့်ခေါ်နိုင်သည့် ပထမဆုံးလူဖြစ်လာခဲ့ချေသည်။

ယနေ့တွင် နဝမကောင်းကင်ဘုံကြောင့် ခေါင်းလောင်းသံများသည် အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံးတွင် ခြိမ့်ခြိမ့်သဲ ညံနေခဲ့၏။ ထိုခေါင်းလောင်းသံများ တိုးဝင်သွားပြီး လာမည့်နှစ်များတွင် ကျင့်ကြံသူလောကတွင် ပြောစမှတ်တွင်တော့မည်အရာကို လူတိုင်း အံ့ဩမဆုံးကြသေးပေ။

သို့ထိတိုင် ထိုအခိုက်အတန့်မှာပဲ ခေါင်းလောင်းသံများ ထပ်မြည်ပြန်သည်။ ပထမ၊ ဒုတိယ၊ တတိယမှ... နဝမဂိုဏ်းအထိ တစ်လျှောက်လုံး။

“ဘယ်လို... ဘာလို့ခေါင်းလောင်းတွေ ထပ်မြည်နေတာလဲ”

“ပဲ့တင်ရိုက်နေတာမလား။ ငါပဲ နားကြားမှားရော့သလား”

“အခု... ဘာတွေ ဖြစ်နေတာလဲ” ခေါင်းလောင်းသံများမြည်နေစဉ် ‌ခံစားချက်မဲ့သော အေးစက်စက်အသံတစ်သံ ထပ်မံပဲ့တင်ထပ်လာပြန်သဖြင့် ပထမမှ အဋ္ဌမဂိုဏ်းအထိ ဂိုဏ်းသားများမှာ ကြက်သေသေကုန်ကြ၏။

“နဝမဂိုဏ်း ဖန်မု ဒသမကောင်းကင်ဘုံ”

စွန်ရဲလိုရွေးချယ်ခံများ၊ အစွမ်းထက်တာအိုနယ်ပယ်ပညာရှင်များ၊ တာအိုသခင်များနှင့် တာအိုဥသျှောင်များအပါအဝင် လူတိုင်း အသက်မရှူနိုင်တော့ပေ။

တိတ်ဆိတ်မှုက အာကာပြင်ကျယ်ကျောင်းတော်ကို စိုးမိုးသွားသော်လည်း တအောင့်ကြာသ်ော လူတိုင်း မယုံကြည်နိုင်စွာ အော်ဟစ်ကြ‌တော့သည်။

“မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး”

“ဒသမကောင်းကင်ဘုံတဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒသမကောင်းကင်ဘုံ... ဒသမကောင်းကင်ဘုံ ပေါ်လာတယ်ဟုတ်စ။ ဖန်မုက ဘယ်လိုလုပ် ဒသမကောင်းကင်ဘုံကို ဆင့်ခေါ်နိုင်မှာလဲ။ ဒါ... ဒါက မော်ကွန်းအသစ်တင်တာ၊ ဒဏ္ဍာရီအသစ်တစ်ပုဒ် ရေးထိုးလိုက်တာပဲ”

“ငါ မယုံဘူး။ သူ မသမာနည်းသုံးတာပဲဖြစ်မယ်။ မဖြစ်နိုင်ဘူး။ တစ်ခုခုတော့ လွဲကိုလွဲနေပြီ” အော်ဟစ်သံများ အာကာပြင်ကျောင်းတစ်ကျောင်းလုံးတွင် ဆူညံနေရာ အရာအားလုံးကို တသိမ့်သိမ့် တုန်ခါနေစေတော့သည်။

အများစုမှာ ယုံလည်းမယုံနိုင်၊ ယုံလည်းမယုံချင်ကြပေ။ ရွေးချယ်ခံများ၏ မျက်နှာများတွင် သွေးမရှိတော့။ သူတို့ ခံစားလိုက်ရသည့် ထိုးနှက်ချက်က စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် ပြင်းထန်ခဲ့သည်။

ပါရာဂွန်များပင် တုန်လှုပ်နေကြ၏။ အနှစ်သာရ ၇ ခုနှင့် ၈ ခုပါရာဂွန်များ၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး တစ်ချိန်တည်းမှာပင် တရားထိုင်နေသောအနှစ်သာရ ၉ ခုပါရာဂွန်များလည်း မျက်လုံးဖွင့်လာကြသည်။

လက်ရှိအဖြစ်အပျက်က ထိုကဲ့သို့ပုဂ္ဂိုလ်များအတွက်ပင် လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။ နဝမကောင်းကင်ဘုံက ကြီးကျယ်သောဖြစ်ရပ်ဆိုသော်ငြား ဒသမကောင်းကင်ဘုံသည် ... မည်သူမှမရောက်ခဲ့ဖူးသော အထွတ်အထိပ်ဖြစ်၏။

ထိုကဲ့သို့ဂိုဏ်းသားတစ်ဦး ဂိုဏ်းတစ်ဂိုဏ်း၌ ပေါ်ထွန်းလာလျှင် အနှစ်သာရ ၉ ခုပါရာဂွန်များပင် အာရုံစိုက်ရလေသည်။

ဂိုဏ်းချုပ်က နတ်ဘုရားအာရုံဖြန့်ကျက်လိုက်သည့် ပထမဆုံးလူဖြစ်သည်။ သူ၏သံသယများ ထကြွလာရန် တခဏသာကြာလိုက်ပြီး သုံးသပ်ပြီးနောက် သူ့မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်စပေါ်လာကာ သူက အကြည့်လွှဲလိုက်လေသည်။

ရွှေရောင်ဝတ်ရုံနှင့် ကျင်ယွင်ရှန်းအပြင် သဲမုန်တိုင်းရှကျုံတုံးလည်း ထိုနည်းတူ သံသယဝင်နေကြ၍ မသေချာမှုက သူတို့အား တွန့်ဆုတ်သွားစေသည်။

သူတို့သာ အတန်ငယ်ရိပ်စားမိကြသူများ ဖြစ်၏။ ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များကတော့ ဖန်မုအမည်ရှိ ဤရွေးချယ်ခံကို လွန်စွာစိတ်ဝင်စားနေကြလေသည်။

သို့သော် နဝမဂိုဏ်း၏အုပ်စိုးသူက လူမဟုတ်သောနဝမပါရာဂွန်မှန်း မှတ်မိသွားသောအခါ ဖန်မုကို စိတ်မဝင်စားတော့ဘဲ အကုန်လုံး အကြည့်လွှဲသွားကြသည်။

သို့မဟုတ် စိတ်မဝင်စားရဲသည်ဟုဆိုလျှင် ပိုမှန်လိမ့်မည်။

အာကာပြင်ကျယ်ကျောင်းတော်သည် ပို၍ပင်စိတ်လှုပ်ရှားနေ၏။ ဖန်မုဆိုသော နာမည်ကား ယခုတွင် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့လေပြီ။ နဝမဂိုဏ်းအတွင်းတွင် ယန်အာပင်အပါအဝင် လူတိုင်း ထိုနာမည်အား ကြွေးကြော်နေကြသည်။

စိတ်လှုပ်တရှားကြွေးကြော်သံများ ပဲ့တင်ထပ်နေစဉ် ဖန်မုသည် အာကာပြင်ကျယ်မော်ကွန်းတိုက်၏အပေါ်တွင် ပေါ်လာ၏။ ဒသမအထပ်က ပြီးဆုံးသွားပြီဖြစ်ပြီး သူက ဒသမမကောင်းကင်ဘုံကို ဆင့်ခေါ်နိုင်သည့် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့လေပြီ။ ယခု သူကား ထိုဒသမအထပ်၏အပေါ်၌ပင် ရပ်သယောင်ပင်။

အဝတ်စများ လှုပ်ခတ်လျက်၊ ဆံပင်ရှည်များ ပျံ့လွင့်လျက်ရှိသော သူ၏ပုံစံသည် အင်မော်တယ်နတ်မင်းနှင့်တူ၏။ ထို့နောက် သူက အလိပ်လိပ်ထနေသော တိမ်မည်းများကို‌ မော့ကြည့်လိုက်သည်။

ထိုအချိန်တွင် အာကာပြင်ကျယ်မော်ကွန်းတိုက်မှ ကောင်းကင်ဘုံဆယ်ထပ်သည် မှေးမှိန်စပြုလာ၏။ ပထမကောင်းကင်ဘုံမှစ၍ ဖန်မုဆီ ပြေးဝင်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားလေသည်။

အလင်းတန်းဝင်ရောက်လာသောအခါ ဖန်မုမှာ စိတ်နှလုံးတုန်လှုပ်သွားပြီး ထိုအလင်းက ချုပ်စည်းကိုးခုအနက်မှ ပထမစည်း၏အပေါ်တွင် စုဝေးနေကြောင်း ခံစားလိုက်ရသည်။

“ဒါက အာကာပြင်ကျယ်မော်ကွန်းတိုက်က ကံကြမ္မာကောင်းလား။ ပြီးဆုံးသွားတဲ့အတွက် ထပ်တိုးဆုလာဘ်လား...” ဖန်မု သိချင်နေ၏။ တစ်ချိန်တည်းမှာပင် ဒုတိယ၊တတိယနှင့် စတုတ္ထကောင်းကင်ဘုံများလည်း သူ့ဆီ ပြေးဝင်လာသော အလင်းတန်းများဖြစ်ရင် ပျောက်ကွယ်စပြုလာသည်။

၎င်းတို့ သူ့ကိုယ်ထဲ ဝင်လာလေလေ၊ သူ့မှာ စိတ်လှုပ်ရှားလာလေလေပင်။ ပထမစည်းသည် လျင်မြန်စွာ အကောင်အထည်ရှိလာ၏။ ထို့နောက် နဝမနှင့် ဒသမကောင်းကင်ဘုံများက သူ့ကိုယ်ထဲဝင်လာကာ တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေစေသည်။

နောက်ဆုံးတော့ ဖန်မု အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်လုံးများက ဝမ်းသာပျော်ရွှင်မှုတို့ဖြင့် တောက်ပနေ၏။ ချုပ်စည်းကိုးခုအနက် ပထမစည်းမှာ သုံးဆယ်ရာခိုင်နှုန်း အကောင်အထည်ရှိသွားလေပြီ။

၎င်းကို သူ သေချာမလေ့လာနိုင်ခင်မှာပဲ အပေါ်ရှိ တိမ်မည်းများအတွင်း၌ မိုးကြိုးတန်းများ စတင်ပေါ်ပေါက်လာသည်။

တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း

အဆုံးမဲ့ပြစ်ဒဏ်မိုးကြိုးများက သေကြေပျက်စီးစေလိုစိတ်အပြည့်ဖြင့် ဖန်မုဆီ ထိုးဆင်းလာသည်။ အနှစ်သာရ ၇ ခုပါရာဂွန်နှင့် အပေါင်းအပါများက ကူညီပေးနေသည်ကို ရပ်လိုက်ကြ၏။ မိုးကြိုးများသည် ဖန်မုအတွက် ရောက်လာခြင်းဖြစ်၍ သူတစ်ယောက်တည်း ရင်ဆိုင်ဖို့ လိုလေသည်။

သူတို့နောက်ဆုတ်သွားလျှင် ဖန်မု၏မျက်လုံးများသည် တောက်ပလာ၏။ နဝမဂိုဏ်းသားများ စောင့်ကြည့်နေကြစည် ဖန်မုက အာကာပြင်ကျယ်မော်ကွန်း၏အပေါ်ရှိ လေထုထဲ ပျံတက်သွားပြီး ... ပြစ်ဒဏ်မိုးကြိုးများအား တိုက်ခိုက်ဖို့ လက်ဦးမှုယူလိုက်လေသည်။

သူက ‌ခိုင်မာပြတ်သားမှုတို့ မျက်ဝန်းများတွင် တောက်ပနေလျက် အေးစက်စွာ ရယ်ရင်း အကြောက်အလန့်မရှိ ပျံတက်သွားသည်။ သူကား တိုက်ခိုက်ချင်နေကြောင်း ထင်ရှားပေသည်။

အောက်ရှိ ဂိုဏ်းသားများမှာ ထိုအခြင်းအရာကိုမြင်လျှင် တစ်ခဲနက် အားပေးကြွေးကြော်ကြ၏။ ထိုမြင်ကွင်းက သူတို့၏စိတ်ထဲတွင် ဘယ်တော့မှ မေ့ဖျောက်မရအောင် စွဲထင်ကျန်ခဲ့လိမ့်မည်။

ရွေးချယ်ခံများအတွက် ဖန်မုသည် အတိုင်းထက်အလွန် အရှိန်စဖွယ်ကောင်းပြီး အလွန်ရဲတင်းသောပုံစံဖြင့် ပြုမူနေ၏။

All Chapters