← Chapters

တကိုယ်တော်ထွန်းလင်းတောက်ပခြင်း(၉)

Vol. 146 Ch. 2012

တကိုယ်တော်ထွန်းလင်းတောက်ပခြင်း(၉)

Vol. 146 Ch. 2012

အင်ပါယာအတုများ၊ ဩဇာအင်ပါယာများနှင့် ကောင်းကင်ဘုံကလန်၏ မဟာအင်ပါယာများသည်ပင် ဝမ်လင်း၏ ရူးသွပ်ဖွယ်အပြုအမူကို အာရုံစိုက်နေကြ၏။

သည်လိုအရာမျိုးသည် ကောင်းကင်ဘုံကလန်၌ ဖြစ်ခဲပေသည်။ ဩဇာအင်ပါယာမန်တောက်တစ်ယောက်သာ အတိတ်တုန်းက ဒီလိုအာရုံစိုက်မှုမျိုးကို ရခဲ့ဖူးတာ ဖြစ်သည်။

သို့ပေမည့် ယခင်က ထိုသို့သော အာရုံစိုက်မှုကို ဩဇာအင်ပါယာမန်တောက်တစ်ယောက်တည်း မပိုင်ဆိုင်တော့ဘဲ ဝမ်လင်းပေါ်သို့ တစိတ်တပိုင်း ကျရောက်နေခဲ့ပြီ ဖြစ်၏။

ခုချိန်မှစ၍ ကောင်းကင်ဘုံကလန်၏ သမိုင်းတွင် ဝမ်လင်း၏ အမည်သည် ဟိုးလေးတကျော် တောက်ပပေတော့မည်။

မနီးသောအနာဂတ်တွင်ပင် ရှေးကလန်များကလည်း သည်သတင်းကို သိကြတော့မည် ဖြစ်၏။

ကောင်းကင်ဘုံကလန်၏ လေးဆယ့်ကိုးယောက်မြောက်ဩဇာအင်ပါယာ။ ဩဇာအင်ပါယာဖြစ်လာပြီးနောက် သူက ဆယ့်တစ်ခုမြောက်နှင့်ဆယ့်နှစ်ခုမြောက်နန်းတော်တို့ကို ဖြတ်သန်းခဲ့ပြီး ဆယ့်သုံးခုမြောက်နန်းတော်ကိုပါ ဖြတ်သန်းနိုင်ဖို့ ကြိုးစားနေလေပြီ။

အင်ပါယာတောင်ပေါ်ရှိ မဟာအင်ပါယာကျိုးသဲသည် သူ့ရှေ့ရှိ နွေဦးသစ်ရွက်ကို ပျင်းရိပျင်းတွဲ ကြည့်မနေနိုင်တော့ဘဲ အာရုံစိုက်ကာ ကြည့်နေမိပေပြီ။ သူ၏အမူအရာမှာလည်း အလေးအနက် ဖြစ်နေ၏။

သူက စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့်ဆိုလျှင်ပင် ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ပါက ထိုသူမှာ မထိုက်တန်တော့တာ မဟုတ်ဟု သိနေပေ၏။

အင်ပါယာနန်းတော်အတွင်းရှိ ကောင်းကင်ဘုံအင်ပါယာ၏မျက်လုံးထံမှလည်း ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေ၏။ သူက သူ့ရှေ့ရှိ ပုံရိပ်ယောင်ကို ကြည့်ကာ ဝမ်လင်း ဆယ့်သုံးခုမြောက်နန်းတော်ထံ တရကြမ်း ဦးတည်သွားတာအား စောင့်ကြည့်နေသည်။

သူ၏ဘေးတွင် မန်တောက်က ထိုင်နေ၏။ မန်တောက်၏ နတ်ဘုရားအာရုံက သူ့နှဖူးထက်တွင် စုဝေးကာ သူက အင်ပါယာစမ်းသပ်ကွင်းသို့ သွားရောက်ရန် ဟန်ပြင်သည်။

ထိုအခိုက်တွင် အင်ပါယာစမ်းသပ်ကွင်း၌ မဟာအင်ပါယာတောက်ရီက မျက်မှောင်ကြုတ်ကာ သက်ပြင်းချမိတော့၏။ သူက ခုလက်ရှိ ဝမ်လင်းက မုန်တိုင်းထန်စေခဲ့ပြီကို သိ၏။ မဟာအင်ပါယာတစ်ယောက်က ထိုသို့သော ကျင့်ကြံသူကို စည်းရုံးလိုပါက တန်ဖိုးကြီးကြီးမားမား ပေးရတော့မည် ဖြစ်သည်။

သို့သော် မည်မျှ တန်ဖိုးကြီးမားပါစေ ဤသည်က ထိုက်တန်ပေ၏။ သည်လူကသာ မဟာအင်ပါယာ ဖြစ်လာသည်နှင့် စည်းရုံးဖို့ ပေးခဲ့ရသော တန်ကြေးက ကောင်းကောင်းထိုက်တန်နေပြီ မဟုတ်လား။ နောက်ထပ်မဟာအင်ပါယာတစ်ယောက်ကို မိတ်ဆွေအဖြစ် ပိုင်ဆိုင်ခြင်းက မဟာအင်ပါယာတိုင်း၏ အဆင့်အတန်းကို မြင့်မားသွားစေဖို့ရာ အကူအညီ ဖြစ်စေနိုင်သည် မဟုတ်လား။

မဟာအင်ပါယာဝူဖန်ကလည်း သက်ပြင်းချမိ၏။

အင်ပါယာစမ်းသပ်ကွင်းမှာ လုံးဝ ငြိမ်သက်တိတ်ဆိတ်နေ၏။ အင်ပါယာအတုအားလုံးက ကောင်းကင်ထက်သို့ ငြိမ်သက်စွာ မော့ကြည့်နေသည်။ သည်တနေ့ထဲ၌ သူတို့နှင့်ဝမ်လင်းကြား ကွာခြားချက်က ကြီးမားလွန်းသွားပြီဟု သူတို့ ခံစားမိကြရသည်။

အခုအခါ၌ သူတို့သည် ကောင်းကင်ထက်ရှိ ပုံရိပ်ကို မော့ကြည့်နေရုံသာ တတ်နိုင်တော့သည်။

နှင်းမိုးနှင့် တခြားသူများသည်ပင် ငြိမ်သက်စွာ စဉ်းစားနေ၏။ သို့သော် သူတို့၏ ရှုပ်ထွေးသောခံစားချက်များက အတော်လေး လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။ တကယ်တော့ ကွာခြားမှုက ကြီးမားသဖြင့် သူတို့၏ တခြားအတွေးများကို ပယ်ဖျက်ပစ်ဖို့ရာ လုံလောက်နေသည် မဟုတ်လား။

“အတိတ်တုန်းက ဩဇာအင်ပါယာမန်တောက်ဟာ ဆယ့်သုံးခုမြောက်နန်းတော်မှာ ရပ်တန့်ခဲ့ရတယ်။ ဒီလူက သူ့ကို ဖိနှိပ်နိုင်မလား ငါ သိချင်မိတယ်…”

“သူသာ ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင် သူဟာ အတိတ်တုန်းက မန်တောက်ကို ဖိနှိပ်နိုင်သွားပြီး ဖြစ်လာခါစ ဩဇာအင်ပါယာထဲမှာ အသန်မာဆုံးသူ ဖြစ်သွားလိမ့်မယ်။ သူဟာ ဆယ့်ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းပြီးဖြစ်တဲ့ ခုလက်ရှိ မန်တောက်ကို မယှဉ်နိုင်သေးပေမယ့်လည်း သူ သိပ်လိုတော့မှာ မဟုတ်ဘူး…”

နှင်းမိုးနှင့်တခြားသူများနှင့်အတူ သည်နေရာသို့ ရောက်လာကြသော ဩဇာအင်ပါယာနှစ်ဆယ်ကျော် ရှိနေကြ၏။ သူတို့က အင်ပါယာစမ်းသပ်ကွင်း အနှံ့အပြားတွင် ရှိကာ သည်အဖြစ်အပျက်ကို ကိုယ်တိုင်မြင်ရရန် မော့ကြည့်နေသည်။

“သူ ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်မလား ငါ သိချင်မိတယ်…”

“ဆယ့်သုံးခုမြောက်နန်းတော်။ သူ ဒါကိုတော့ မဖြတ်သန်းနိုင်လောက်ဘူး။ အဆုံးမှာတော့ သူ့မှာလည်း အကန့်အသတ် ရှိနေတုန်း မဟုတ်လား…”

အသိမိတ်ဆွေများ ဖြစ်ကြသော အချို့ဩဇာအင်ပါယာများက တစ်ယောက်နှင့်တစ်ယောက် နတ်ဘုရားအာရုံဖြင့် ပြောဆိုနေကြပေသည်။ သူတို့က တိမ်စိုင်များကြား ကွယ်ဖုံးနေသော ဆယ့်သုံးခုမြောက်နန်းတော်ထံ မော့ကြည့်နေသည်။

ဆယ့်သုံးခုမြောက်နန်းတော်အတွင်း၌ ဝမ်လင်း၏မျက်နှာက ဖြူရောနေ၏။ သူ ဝင်ရောက်လာသည့်အခါ မြူများဝေ့သီနေသော ကြယ်အဖွဲ့အစည်းတစ်ခုက သူ့ရှေ့တွင် ထပ်မံပေါ်လာသည်။ သည်နေရာရှိ မြူတို့က ပြီးခဲ့သောနန်းတော်နှစ်ခုထက် ပို၍ သိပ်သည်းပေသည်။

ဝမ်လင်းသည် မြူအတွင်း၌ ငြိမ်သက်စွာ စဉ်းစားနေ၏။

“ဆယ့်နှစ်ခုမြောက်နန်းတော်ထဲက စိတ်ဝိညာဉ်ကိုးခုကြားမှာ ကောင်းကင်ဘုံနွားထီးလည်း ပေါ်လာခဲ့တယ်။  စိတ်ဝိညာဉ်ချပ်ဝတ်ရဲ့ အကန့်အသတ်ဟာ ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့အထိပဲလို့ ငါ ခံစားမိခဲ့ရတယ်…”

“ဒီစိတ်ဝိညာဉ်ချပ်ဝတ်ဟာ ပြိုင်ဘက်မဲ့နေတာ မဟုတ်ဘူး။ ၎င်းက ငါ့ကျင့်ကြံမှုအဆင့်နဲ့ တိုက်ပွဲစွမ်းအားကို မြှင့်ပေးနိုင်ရုံပဲ။ ဒါပေမဲ့ ငါ့ကျင့်ကြံမှုအဆင့် တိုးတက်လာတာနဲ့ ၎င်းရဲ့သက်ရောက်မှုက အတော်လေး လျော့ပါးသွားတယ်…”

“ကံကောင်းစွာနဲ့ ငါဟာ ဆယ့်တစ်ခုမြောက်နန်းတော်မှာ အဆုံးစွန်မီး၊ ဆယ့်နှစ်ခုမြောက်မှာ အဆုံးစွန်ရေတာအိုတိုကို ရရှိခဲ့တာပဲ။ ထာဝရနတ်ဘုရားနယ်မြေကနေ ကောင်းကင်ဘုံဘိုးဘေး အမွေဆက်ခံထားတဲ့ အဆုံးစွန်ရှစ်ပါးတာအိုထဲမှာ ခုဆို ငါဟာ နှစ်ခုကို ထိန်းချုပ်နိုင်ပြီ…”

“ဒီဆယ့်သုံးခုမြောက်နန်းတော်။ ငါ ဖြတ်သန်းနိုင်မလား၊ မနိုင်ဘူးလား…”  ဝမ်လင်းက ထိုနန်းတော်ကို စိုက်ကြည့်ကာ စဉ်းစားနေ၏။

“တာအိုဆိုတာ ဘာလဲ…” သူ စဉ်းစားနေစဉ် ပြီးခဲ့သောနန်းတော်နှစ်ခုတုန်းကကဲ့သို့ အလားတူအသံမျိုး ပဲ့တင်ထပ်လာသည်။ ထိုအသံက လေဟာနယ်ကို ဖြတ်၍ ပဲ့တင်ထပ်ကာ အဆုံးမဲ့ဖိအားနှင့် ပြည့်နေသည်။

၎င်းအသံ ပဲ့တင်ထပ်လာသည့်အခါ ဝမ်လင်း၏မျက်လုံးသည် တဖြည်းဖြည်း တည်ငြိမ်လာ၏။ သူက သည်မေးခွန်းကို နှစ်ကြိမ် ပြန်ဖြေခဲ့ပြီး ဖြစ်၏။ ထိုနှစ်ကြိမ်၌လည်း အဖြေက တစ်ခုနှင့်တစ်ခု မတူပေ။ သူက ပထမအကြိမ်၌ သေခြင်းရှင်ခြင်းသည် တာအိုဖြစ်သည် ဟု ဖြေခဲ့၏။ ဒုတိယအကြိမ်၌ ကံမ္မက တာအို ဖြစ်သည်ဟု ဖြေခဲ့သည်။

သည်တတိယအကြိမ်၌ ဝမ်လင်း၏ အဖြေမှာ အမှန်နှင့်အမှားသည် တာအိုဖြစ်သည် ဟူ၍ပင်။

တာအိုဉာဏ်အလင်းအပေါ် စမ်းသပ်မှုက တခြားသူများအတွက် ခက်ခဲနိုင်၏။ ဝမ်လင်းအတွက်မူ လှိုဏ်ဂူလောကမှာတည်းက သူသည် တာအိုအကြောင်း စဉ်းစားကြံဆခဲ့ပြီးသူ ဖြစ်၏။

“တချီတည်းနဲ့ ကျော်ကြားလာအောင် လုပ်ဖို့။ ဒီဆယ့်သုံးခုမြောက်နန်းတော်ပြီးရင်တော့ ငါ ရပ်သင့်ပြီ။ မဟာအင်ပါယာတွေက ငါ့မှာ စိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ဆိုင်ထားတာမှန်း သိရင်တောင့် ဒါဟာ လုံလောက်သင့်ပြီ…”  ဝမ်လင်းက စဉ်းစားနေလျက် သူ့စိတ်ကိုယ်သူ ပြင်ဆင်သည်။

ထိုအသံ ပဲ့တင်ထပ်သည့်အခါ ဝမ်လင်း၏စိတ်က ကြည်လင်လာ၏။ သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာတုန်းက သူ့အိပ်မက်ကို ပြန်တွေးကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သေခြင်းရှင်ခြင်းဟာ ချိန်းကြိုးတွေပဲ။ ဒါဟာ တာအိုပဲ။ ဒီချိန်းကြိုးတွေဟာ ချိတ်ဆက်ပြီး ကံမ္မစက်ဝန်းကို ဖြစ်ပေါ်စေတယ်။ ဒါဟာ တာအိုပဲ။ လူတွေဟာ အိပ်မက်အတားအဆီး ရှိကြတယ်။ သူတို့ဟာ သူတို့က အိပ်မက်ထဲမှာလား။ ဒါမှမဟုတ် နိုးထနေတာလားကို မပြောနိုင်ကြဘူး။ ဒီအိပ်မက်အတားအဆီးဟာ လောကရဲ့ အရာအားလုံးကို ကွယ်ဖုံးထားတာ။ သူတို့ဟာ အမှန်နဲ့အမှားထဲမှာ နစ်မြုပ်နေပြီး သူတို့ကိုယ်သူတို့ ဆွဲမထုတ်နိုင်ကြဘူး။ အိပ်မက်အတားအဆီးကို ချိုးဖျက်နိုင်တဲ့စွမ်းအားနဲ့ သင့်ရဲ့မျက်လုံးကို ဖွင့်လိုက်ရင် အမှန်နဲ့အမှားပဲ။ ဒါဟာ တာအိုပဲ…”

သူ၏စကားသံ ပဲ့တင်ထပ်လာသည့်အခါ သည်ဧရိယာကို ဖုံးလွှမ်းထားသောမြူက လွင့်ပြယ်သွားပြီး ကြယ်အဖွဲ့အစည်းသည် လုံးလုံးလျာလျာ လှစ်ဟပေါ်လာသည်။

အချိန် ကုန်လွန်လာ၏။ အင်ပါယာစမ်းသပ်ကွင်းရှိ လူများစောင့်ဆိုင်းနေတာ အမွှေးတိုင်တစ်တိုင်ဝက်စာ ရှိလာခဲ့လေပြီ။ ခုဆို ဆယ့်သုံးခုမြောက်ထံ သူတို့၏အကြည့်၌ တဖြည်းဖြည်း ချီတုံချတုံဟန်တို့ ပြည့်လာနေခဲ့ပြီပင်။

“ဆယ့်နှစ်ခုမြောက်နန်းတော်ထက် အများကြီး ပိုကြာနေတယ်။ ဒါဟာ ဒီနန်းတော်က ဘယ်လောက်ခက်ခဲလဲဆိုတာကို ပြသနေတာပဲ…”

“ကြည့်ရတာ သူဟာ ဒီအဆင့်နန်းတော်မျာ ရပ်တန့်ရမယ့်ပုံပဲ။ တကယ်တော့ သူ့မှာ အကန့်အသတ် ရှိကိုရှိရမယ် မဟုတ်လား…”

“အမှန်ပဲ။ ဩဇာအင်ပါယာ ဖြစ်လာရုံရှိသေး သူဟာ အစွမ်းထက်ဆုံးဩဇာအင်ပါယာဆယ်ယောက်ထဲကို ဝင်နိုင်ရုံနဲ့တင် ဒါဟာ ကောင်းကင်ဘုံကလန်တခွင် ကျော်ကြားဖို့ လုံလောက်နေပြီပဲလေ…”

“သူသာ ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင် တတိယမြောက်အစွမ်းထက်ဆုံး ဩဇာအင်ပါယာ ဖြစ်လာလိမ့်မယ်။ သူ့အထက်မှာ ဩဇာအင်ပါယာမန်တောက်နဲ့ ချိုက်ဝေတို့ပဲ ရှိတော့မှာ…”

“အဆုံးသပ်မှာတော့ သူဟာ ဩဇာအင်ပါယာမန်တောက်ကို မဖိနှိပ်နိုင်ဘဲ ဖြစ်နေတုန်းပဲ…”

“ဒါက အကန့်အသတ်လား…” မဟာအင်ပါယာတောက်ရီက ကောင်းကင်ထက်သို့ မော့ကြည့်ကာ အနည်းငယ် စိတ်အေးသွားမိ၏။ ဆယ့်သုံးခုမြောက်နန်းတော်ကို မဖြတ်သန်းနိုင်ခြင်းက သူ့အတွက် ဝမ်လင်းကို စည်းရုံးဖို့ ပိုလွတ်သွားသည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။

လူတိုင်းက ဝမ်လင်းကို ဆယ့်သုံးခုမြောက်နန်းတော်တွင် ရပ်တန့်မည်ဟု ထင်မြင်နေကြစဉ် အကွာအဝေးတစ်ခုရှိ တည်နေရာရွှေပြောင်းခြင်းအစီအရင်က လင်းလက်လာ၏။ ပုံရိပ်တစ်ခုသည် လူတိုင်းရှေ့မှာပင် ထိုအစီအရင်ထံမှ လှမ်းထွက်လာ၏။ ထိုပုံရိပ်မှာ ဝတ်ရုံနက်ဖြင့်လူငယ်တစ်ယောက်ပင်။

သူ၏ထွက်ပေါ်လာမှုက အောက်ဘက်ရှိ လူအုပ်ကြီးကို တောက်ရီနှင့်ဝူဖန်တုန်းကကဲ့သို့ အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်ပင်။

“ဩဇာအင်ပါယာမန်တောက်…”

“သူက ဩဇာအင်ပါယာမန်တောက်ပဲ…”

“သူပါ ရောက်လာတာပဲ။ ဝမ်လင်းကသာ ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင် ဩဇာအင်ပါယာမန်တောက်ရဲ့ အမူအရာက ဘယ်လိုဖြစ်သွားမလဲ…”

သည်နေရာရှိ အင်ပါယာအတုအများစုသည် မန်တောက်ကို အရင်က မမြင်ဖူးခဲ့ကြပေ။ သို့သော် သူတို့က တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေကြစဉ် ခု ရောက်လာသူသည် မည်သူမှန်း သိသွားကြ၏။ သူတို့အားလုံးက မန်တောက်ထံ လေးစားမှုဖြင့် လှမ်းကြည့်ကြ၏။

သူတို့က ဝမ်လင်း ပေါ်လာသည့်အခါ ထိုနှစ်ယောက်၏အကြည့်ချင်းဆုံချိန်၌ မည်သို့ဖြစ်လေမည်ကို စောင့်နေမိကြသည်။

“မဟာအင်ပါယာတွေအောက်က အသန်မာဆုံးပုဂ္ဂိုလ်၊ နံပါတ်တစ်ဩဇာအင်ပါယာမန်တောက်၊ သူပါ ခု ဒီကို လာဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ဒါက စိတ်ဝင်စားစရာပဲ…”

“ဩဇာအင်ပါယာမန်တောက်က မတည်ငြိမ်နိုင်တော့တာ သိသာတယ်။ တကယ်တော့ ဝမ်လင်းက သူ့ကို ဖိနှိပ်တော့မှာ မလား။ သူ ရောက်မလာမှသာ သူ့စိတ်နေစရိုက်နဲ့ မကိုက်မညီ ဖြစ်မှာ…”

“ဒီဩဇာအင်ပါယာမန်တောက်က အမြဲတမ်းမောက်မာနေတဲ့သူ။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကို စိန်ခေါ်နိုင်ခြင်း မရှိကြဘူး။ ဩဇာအင်ပါယာချိုက်ဝေတောင် မန်တောက်ရဲ့ ဖိနှိပ်ထားတာ ခံရတာပဲ…”

“မန်တောက်က မဟာအင်ပါယာတောက်ရီနဲ့ ဝူဖန်တို့ကို နှုတ်ဆက်ပါတယ်…”

ထိုအေးစက်စက်ဝတ်ရုံနက်ဖြင့်လူငယ်က အင်ပါယာအတုများနှင့် ဩဇာအင်ပါယာများကို ကြည့်ပင် မကြည့်ပေ။ သူက မဟာအင်ပါယာနှစ်ယောက်ထံသာ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်စကား ဆိုသည်။

ဝူဖန်ကလည်း မန်တောက်ကို ကြည့်ကာ စိတ်ထဲကနေ သက်ပြင်းချမိ၏။ သူသည် အတိတ်တုန်းက မန်တောက်ကို ကောင်းမွန်ဆုံးအခြေအနေများဖြင့် ကမ်းလှမ်းခဲ့ဖူး၏။ သို့သော် မန်တောက်က ကောင်းကင်ဘုံအင်ပါယာကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်၏။ သူ စကား ပြောရန် ဟန်ပြင်လိုက်စဉ် သူက ရုတ်တရက် မော့ကြည့်လိုက်သည်။

သူသာမက လူတိုင်း၏စိတ်သည်လည်း တုန်ယင်သွားကာ မန်တောက်ထံ အာရုံစိုက်နေမှုများကို ရပ်တန့်ပြီး အားလုံးက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။

တိမ်စိုင်များကြားရှိ ဆယ့်သုံးခုမြောက်နန်းတော်သည် ရုတ်တရက် ရွှေရောင်အလင်း ပေါက်ကွဲထွက်လာသည်။ ထိုရွှေရောင်အလင်းက တိမ်စိုင်တို့ကြား စွန်းထင်းနေကာ ကောင်းကင်တခွင်လုံးသည် ရွှေရောင်သန်းနေတော့သည်။

“သူ ဆယ့်သုံးထပ်မြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ပြီ…”

“အတိတ်တုန်းက ဩဇာအင်ပါယာမန်တောက်ဟာ ဩဇာအင်ပါယာဖြစ်လာခါစတုန်းက ဆယ့်သုံးခုမြောက်နန်းတော်မှာ ရပ်ခဲ့ကြရတယ်။ အခု ဒီဝမ်လင်းက ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ပြီး မန်တောက်ကို ကျော်တက်သွားခဲ့ပြီ…”

ဝတ်ရုံနက်ဖြင့်လူငယ်မန်တောက်သည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ထက်သို့ စိုက်ကြည့်လိုက်၏။ သူ၏အမူအရာက အနည်းငယ် သုန်မှုန်လာသည်။

All Chapters