← Chapters

မင်းဆက်ပြီး မချိုးဖျက်တော့ဘူးလား…

Vol. 146 Ch. 2013

မင်းဆက်ပြီး မချိုးဖျက်တော့ဘူးလား…

Vol. 146 Ch. 2013

ထိုအခိုက်အတန့်တွင် အင်ပါယာစမ်းသပ်ကွင်းတစ်ခုလုံးသည် ဆူညံပွက်လောရိုက်ကုန်သလို ထင်ရသည်။ သည်နေရာရှိ အင်ပါယာအတုအားလုံးသည် ဝမ်လင်း ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ခြင်းကြောင့် တုန်လှုပ်မိနေသည်။ သူတို့က ဝမ်လင်းကို အထင်အမြင်သေးစွာ တွေးထင်ခဲ့ကြ၏။ သို့သော် အခု  သူတို့ မှားယွင်းခဲ့ပေပြီ။

“ဆယ့်သုံးခုမြောက်နန်းတော်။ ဒီဝမ်လင်းမှာ ဘယ်လောက်များပြားတဲ့ တိုက်ပွဲစွမ်းအား ရှိနေတာလဲ။ သူဟာ ဆယ့်ကိုးခုမြောက်နန်းတော်ထိ ချိုးဖျက်ချင်နေတာလား…”

“ဒီလူဟာ တရက်တည်းနဲ့ တလောကလုံးကို လှုပ်ခါစေခဲ့ပြီ…”

ဩဇာအင်ပါယာများသည်လည်း ကောင်းကင်ထက်သို့ တုန်လှုပ်စွာ မော့ကြည့်နေမိသည်။ သူတို့သည် ဝမ်လင်းကြောင့် ကောင်းကောင်းကြီး တုန်လှုပ်မိနေရသည်။

ဆယ့်သုံးခုမြောက်နန်းတော်ထံမှ ရွှေရောင်အလင်း ထွက်ပေါ်လာသည့်အခါ၌ မည်သူက စကြည့်လိုက်သည် မသိရသော်လည်း အကြည့်များက မန်တောက်ပေါ်သို့ ကျရောက်သွားသည်။

ဝမ်လင်းသည် ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ခြင်းက ဩဇာအင်ပါယာမန်တောက်အပေါ် မမြင်ရသော စိန်ခေါ်မှု ဖြစ်သည် မဟုတ်လား။

ဩဇာအင်ပါယာမန်တောက်က တည်ငြိမ်နေသည့်ပုံပင်။ သို့သော် သူ့ထံမှ အေးစက်စက်အရှိန်အဝါ ပျံ့လွင့်နေသည်။ ထိုအေးစက်မှု ပျံ့လွင့်လာသည့်အခါ ပတ်ဝန်းကျင်ရှိ ဝိုးခနဲဝါးခနဲ ဖြစ်မှုသည် ချက်ခြင်း ရပ်တန့်သွားသည်။

ကောင်းကင်ထက်တွင် ဝမ်လင်း၏ပုံရိပ်သည် ဆယ့်သုံးခုမြောက်နန်းတော်၏ အပြင်ဘက်တွင် ပေါ်လာ၏။ သူ၏မျက်နှာက လုံးဝ ဖြူရောနေသည်။ သူ ပေါ်လာသည့်နောက် သူသည် ဆယ့်လေးထပ်မြောက်နန်းတော်ထံ မဦးတည်တော့ဘဲ အောက်ဘက်သို့ ပြန်ဆင်းလာသည်။

သူ ပြန်ဆင်းလာစဉ် ပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံးက ငြိမ်သက်နေ၏။

“မင်း ထပ်ပြီး မချိုးဖျက်တော့ဘူးလား…”  ဩဇာအင်ပါယာမန်တောက်၏ အသံသည် ဝမ်လင်း ဆင်းသက်လာစဉ် ငြိမ်သက်နေချိန်အတွင်း ပဲ့တင်ထပ်သည်။

ထိုအသံသည် အင်ပါယာစမ်းသပ်ကွင်းတခွင် ပဲ့တင်ထပ်သည့်အခါ ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးမှာ တုန်ယင်ကုန်၏။ သူတို့၏စိတ်ထဲ၌ မျှော်လင့်ချက်အရိပ်အယောင်တို့ ဖြစ်ပေါ်၏။ သူတို့က မုန်တိုင်းတစ်ခု လာနေသည်ကို စောင့်နေသရသလို ခံစားမိကြသည်။

မဟာအင်ပါယာတောက်ရီ၏ အမူအရာက တည်ငြိမ်နေ၏။ သူက စကားမဆိုပေ။ မဟာအင်ပါယာဝူဖန်ကမူ  သူ မည်သည့်ကိုမျှ မကြားရသည့်နှယ် ပြုံးသည်။ သည်ဩဇာအင်ပါယာနှစ်ယောက်လုံးက ထူးကဲထူးချွန်ကြပေသည်။ သူတို့က ထိုနှစ်ယောက် နောက်မည်သို့ လုပ်ဆောင်မည်ကို မြင်ချင်နေသည်။

ထိုမြင်ကွင်းက ဝမ်လင်း အင်ပါယာစမ်းသပ်ကွင်းကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ချိန်ကထက် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို စိတ်ဝင်စားမှု ပိုဖြစ်စေသည်။

အင်ပါယာစမ်းသပ်ကွင်းကို အဝေးမှ ကြည့်နေသူများကလည်း ဒီမြင်ကွင်းကို အတော့်ကို စိတ်ဝင်စားနေကြသည်ပင်။ မဟာအင်ပါယာကျိုးသဲက သူ့ရှေ့ရှိ သစ်ရွက်ကို ကြည့်နေလျက် သူ၏မျက်လုံးက အရောင်တောက်နေပေသည်။

“ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တယ်ဆိုတော့ သူ့ကို စည်းရုံးဖို့ ထိုက်တန်ပြီ။ ဩဇာအင်ပါယာမန်တောက်ရဲ့ အပြုအမူက စိတ်ဝင်စားစရာပဲ။ ဒီဝမ်လင်း ဘယ်လို ပြန်တုန့်ပြန်မလဲ ငါ သိချင်မိပြီ။ သူ့ပုံပန်းသွင်ပြင်ကို ကြည့်ရတာ ဆယ့်သုံးခုမြောက်နန်းတော်ဟာ မလွယ်ကူခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ ဒါနဲ့တင် သူဟာ ကောင်းကင်ဘုံကလန်တခွင် ကျော်ကြားဖို့ လုံလောက်နေပါပြီ…”

အင်ပါယာနန်းတော်အတွင်း၌ ကောင်းကင်ဘုံအင်ပါယာသည် နဂါးပလ္လင်ထက်တွင် ထိုင်နေလျက် ပုံရိပ်ယောင်ကို ကြည့်နေ၏။ သူ၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု တွဲခိုလာသည်။

“သူဟာ ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာပဲ။ ဒါက စိုးရိမ်စရာတော့ မရှိပါဘူး။ မန်တောက်က နည်းနည်းမောက်မာလွန်းတယ်။ သူ့ကို တစ်ယောက်ယောက် သာသွားမှာ ခွင့်မပြုနိုင်ဘူး။ ပုံမှန်ဆို ဒီလိုစိတ်နေစရိုက်ဟာ မကောင်းဘူး။ ဒါပေမဲ့ သူဟာ ဒီမကောင်းတဲ့ လက္ခဏာကို သူ့ကျင့်ကြံမှုထဲ လမ်းသွယ်နေတာပဲ။ ဒါ့ကြောင့် အဆင်ပြေပါတယ်…”

“ထားလိုက်ပါတော့လေ။ မန်တောက်က ဒီဝမ်လင်းကို သင်ခန်းစာတစ်ခုပေးတာ ခွင့်ပြုလိုက်မယ်။ သူဟာ ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင်တောင် သူ ငါ့ အင်ပါယာမြို့ကို ရောက်လာခဲ့ရင် ဦးညွှတ်ရမှာပဲ…”

အရှေ့ပိုင်းကုန်းမြေ၊ ခရမ်းရောင်ယင်ကလန်။ သက်လတ်ပိုင်းလူက သူ့ရှေ့ရှိ ကြေးမုံကို ကြည့်ကာ မျက်မှောင်ကြုတ်နေ၏။

“မန်တောက်။ ဒီလူက နည်းနည်းတော့ များသွားပြီ။ သူက အင်ပါယာအတုတွေရှေ့မှာ ဒီလိုပုံစံမျိုး ဘာလို့ ပြောရတာလဲ။ သူဟာ အထင်သေးကြောင်း ပြသနေတာ သိသာတယ်…”

အင်ပါယာစမ်းသပ်ကွင်း၌ ကိုးထပ်မြောက်နန်းတော်ထိ ဆင်းသက်လာသော ဝမ်လင်းက ရုတ်တရက် ရပ်လိုက်၏။ သူက သူ့အား အေးစက်စက်ကြည့်နေသော ဝတ်ရုံနက်လူငယ်ထံ လှမ်းကြည့်သည်။

“သင်က ဘယ်သူလဲ…”  ဝမ်လင်းက မေးလိုက်၏။ သူက တဖက်လူ၏ ရန်လိုမှုကို မြင်ပေသည်။

“မန်တောက်…” ထိုဝတ်ရုံနက်နှင့်လူငယ်က အေးစက်စက်အမူအရာဖြင့် မောက်မာလွန်းသည့်ပုံ ပေါ်သည်။

“မင်း ဘာကြောင့် ရပ်လိုက်တာလဲလို့ ငါ မေးနေတာ…”

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက မန်တောက် ဘာကြောင့် ခုလိုမျိုး ပြုမူနေသည်ကို ခန့်မှန်းမိသွားသည်။ ကြည့်ရသည်မှာ သူ ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ခြင်းက ထိုလူ၏ အတိတ်က အောင်မြင်မှုကို ကျော်တက်ခဲ့ပုံ ရသည်။

“ဩဇာအင်ပါယာအဆင့်ကို ရောက်ပြီးတဲ့နောက် ဒီလိုစိတ်နေစရိုက်မျိုးဟာ ရှားလှတယ်။ ဒီလူ…”  ဝမ်လင်းက မန်တောက်ကို ကြည့်လိုက်၏။ သူ၏မျက်လုံးက မဆိုသလောက် လင်းလက်သွားသည်။

“မာနအပြည့်နဲ့ တာအိုကို ဝင်ရောက်ပြီး မာန်မာနအပြည့်နဲ့ စိတ်နှလုံးသွင်းပြီး ကျင့်ကြံတာ။ တခြားသူတွေက သူ့ကို ကျော်တက်ဖို့ ခွင့်မပြုဘူး။ ဒီလိုမာနမျိုးဟာ သူ့စိတ်နဲ့စိတ်ဝိညာဉ်ထဲမှာ ပြည့်နေတာပဲ။ သူက ဒီလိုပုံစံမျိုး ကျင့်ကြံခဲ့တာပေါ့…”

ဝမ်လင်းက ပြုံး၍ ထိုဝတ်ရုံနက်လူငယ်မန်တောက်ကို လစ်လျူရှုလိုက်၏။ သူက မဟာအင်ပါယာတောက်ရီနှင့် ဝူဖန်တို့ ရှိနေသော နေရာထံ ပျံသန်းသွားလေသည်။

“ဝမ်လင်းက မဟာအင်ပါယာနှစ်ယောက်ကို နှုတ်ဆက်ပါတယ်။ ဒီအင်ပါယာစမ်းသပ်ကွင်းကို ဖြတ်ကျော်ပြီးတဲ့နောက် ငါ့မှာ ခု ထွက်သွားဖို့ အရေးတကြီး ကိစ္စ ရှိနေပါသေးတယ်…”  ဝမ်လင်းက မန်တောက်ကို လစ်လျူရှုကာ တောက်ရီနှင့်ဝူဖန်တို့ကို ဦးညွှတ်လိုက်၏။

“ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာဟာ မင်းအနေနဲ့ ငါတို့ ကောင်းကင်ဘုံကလန်မှာ အထွတ်အထိပ်ဖြစ်ပြီလို့ ယူဆလို့ရတယ်။ ငါ မင်းကို လာရှာပါ့မယ်…”  မဟာအင်ပါယာဝူဖန်က ပြုံး၍ ဝမ်လင်းကို ခေါင်းညိတ်ပြသည်။

“ဟားဟား…မိတ်ဆွေလေးဝမ်လင်း။ မင်း ငါတို့ရဲ့ ပြီးခဲ့တဲ့ သဘောတူညီမှုကို မှတ်မိမှတော့ ငါလည်း မင်းကို လာရှာပါ့မယ်…။ အသေးစိတ်အခြေအနေကိုတော့ ငါတို့ တွေ့ပြီးတဲ့နောက်မှ သေချာ ပြောကြတာပေါ့…”  မဟာအင်ပါယာတောက်ရီ၏ မျက်လုံးထဲ၌ လေးစားအသိအမှတ်ပြုမှု ပေါ်လာလေ၏။

ဝမ်လင်းက တောက်ရီနှင့်ဝူဖန်တို့ကို ထပ်မံ၍ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်သည်။ သူက မန်တောက်ကို ဆက်၍ လစ်လျူရှုကာ ထွက်ခွာသွားဖို့အတွက် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ ဦးတည်ပျံသန်းလာသည်။

သူသည် လူတိုင်းကို တုန်လှုပ်စေခဲ့ပြီး သူ့ပန်းတိုင်ကို ရောက်ခဲ့ပြီး ဖြစ်သည်ဟု ခံစားမိ၏။ ဆယ့်သုံးခုမြောက်နန်းတော်၌ သူသည် လေဟာနယ်ဟင်းလင်းပြင်ထဲရှိ သူ့ကိုယ်ပွားထံမှ စွမ်းအားအချို့ကို အသုံးမပြုခဲ့ရသော်လည်း သူသည် စိတ်ဝိညာဉ်ချပ်ဝတ်တစ်ခုတည်းဖြင့် ၎င်းနန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာတော့ မဟုတ်ပေ။

ထိုအခိုက်တွင် သူသည် ဆယ့်သုံးခုမြောက်နန်းတော်၌သာ ရပ်တန့်ဖို့ ဆုံးဖြတ်ထားခဲ့ပေ၏။ ဆယ့်သုံးခုမြောက်နန်းတော်သည် မဟာအင်ပါယာများထံမှပင် အာရုံကြီးကြီးမားမား စိုက်ခံရမှုကို ရဖို့ လုံလောက်နေပြီ မဟုတ်လား။

ကျင့်ကြံသူအားလုံးက ဝမ်လင်း ထွက်ခွာသွားတော့မည်ကို တွေ့သည့်အခါ သူတို့သည် အနည်းငယ် စိတ်ပျက်မိသလို ခံစားမိကြသည်။ သူတို့က ဝမ်လင်းနှင့်မန်တောက်တို့ ထိပ်တိုက်တွေ့မည်ကို မျှော်လင့်နေကြသည် မဟုတ်လား။

“ကြည့်ရတာ ဒီဝမ်လင်းက ဩဇာအင်ပါယာမန်တောက်ကို ရန်မစဝံ့တဲ့ပုံပဲ…”

“သူက သူ့အကန့်အသတ်ကို သိနေတာပဲ။  တကယ်တော့ သူဟာ ဆယ့်သုံးခုမြောက်နန်းတော်ကိုပဲ ဖြတ်ကျော်နိုင်ခဲ့သေးတာ။ ဩဇာအင်ပါယာမန်တောက်ကတော့ ဆယ့်ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တဲ့ နံပါတ်တစ်ဩဇာအင်ပါယာပဲ မဟုတ်လား…”

“ဒါပေမဲ့လို့ ဩဇာအင်ပါယာမန်တောက်က နည်းနည်းရန်လိုနေတယ်။ သူ့စကားတွေက တစ်စက်လေးမျှ ယဉ်ကျေးမှု မရှိဘူး။ သူက ဝမ်လင်းကို အထက်စီးကနေ မေးခွန်းလာထုတ်နေသလိုပဲ…”

“မောက်မာလွန်းတယ်။ ကျုပ်တို့လို ကျင့်ကြံသူတွေဟာ ခွန်အားကို လေးစားကြတာပဲ။ ဩဇာအင်ပါယာမန်တောက်ဟာ နံပါတ်တစ်ဩဇာအင်ပါယာ မဟုတ်လား။ ဒီတော့ သူ့အနေနဲ့ ဒီလို ပြုမူနိုင်တယ်။ အပြန်အလှန်အနေနဲ့ ဝမ်လင်းကလည်း သူ့ကို လစ်လျူရှုပြီး မောက်မာဝံ့ကြွားပုံ ပြခဲ့တာပဲ…”

ပတ်ဝန်းကျင်မှု ကျင့်ကြံသူများသည် သူတို့၏နတ်ဘုရားအာရုံဖြင့် စကားမဆိုကြတော့၊ ရည်ရွယ်ချက်တစ်ခု ရှိသည့်အလား ပကတိအသံဖြင့် ပြောဆိုကြလေသည်။ သူတို့၏ဆွေးနွေးပြောဆိုသံတို့က ပိုကျယ်လောင်လာနေ၏။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နားသို့ ရောက်နေသော ဝမ်လင်းသည်ပင် ထိုစကားသံတို့ကို လှမ်းကြားရသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ သူ့နောက်မှ ကျင့်ကြံသူများထံ လှမ်းကြည့်သည်။ သူ၏အကြည့်အောက်တွင် တီးတိုးစကားသံတို့က ချက်ခြင်း ရပ်သွား၏။ သူက ပြန်လှည့်ကာ ဒီစမ်းသပ်ကွင်းကနေ ထွက်သွားရန် ဟန်ပြင်သည်။

သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်းကို သည်လိုပုံစံဖြင့် မထွက်သွားစေချင်သူ တစ်ယောက် ရှိနေပေ၏။

“မင်း ဒီလိုမျိုး ထွက်သွားမလို့လား။ ငါ မင်းကို နှစ်ကြိမ်တိတိ မေးခဲ့ပြီးပြီ…”  မန်တောက်ထံမှ အေးစက်စက်အသံ တစ်သံ ထွက်ပေါ်လာ၏။

ဝမ်လင်းက ရပ်လိုက်၏။ တအောင့် စဉ်းစားပြီးနောက် သူက ဩဇာအင်ပါယာမန်တောက်ထံ လှည့်ကြည့်သည်။

“အမှန်ပဲ။ ငါ စမ်းသပ်မှုကို ရှေ့မဆက်ချင်သေးဘူး။ မင်း ဘာလုပ်ချင်လဲ…”

“ဘာမှ မဟုတ်ပါဘူး။ ငါ့အနေနဲ့ မင်း ဆယ့်လေးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ဖို့ ကြိုးစားကြည့်စေချင်ရုံပဲ။ မင်း ကျရှုံးသွားတာနဲ့ ထွက်သွားနိုင်ပြီ…”

ဝတ်ရုံနက်လူငယ်မန်တောက်က ဖြည်းဖြည်းချင်း ပြောလာ၏။ သူ၏မျက်နှာပေါ်ရှိ မောက်မာမှုကလည်း ပိုအားကောင်းလာသည်။

ဝမ်လင်းက ထိုသည်ကို ကြားသည့်အခါ သူက ရုတ်တရက် ရယ်မောလိုက်ပြီး မန်တောက်ကို လစ်လျူရှုလိုက်တော့၏။ သူက အစီအရင်ထံ ခြေလှမ်းသည်။ ၎င်းက လင်းလက်လာ၏။ သို့သော် ထိုအခိုက်တွင် မန်တောက်၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် လင်းလက်သွားသည်။

“မောက်မာလိုက်တာ…”  သူ ထိုသို့ ပြောလိုက်ပြီး သူ့ညာလက်ကို ပင့်မြှောက်ကာ အစီအရင်ထံသို့ ညွှန်လိုက်၏။ ထိုအခါ အင်ပါယာစမ်းသပ်ကွင်းတစ်ခုလုံးသည် တုန်ယင်သွား၏။ ဧရာမလက်ချောင်းတစ်ခု ပေါ်လာကာ အစီအရင်ထံ ဦးတည်ပျံသန်းလာသည်။

အင်ပါယာစမ်းသပ်ကွင်း၌ တိုက်ခိုက်ခြင်းကို ခွင့်မပြုထားပေ။ ဤသည်မှာ အင်ပါယာစမ်းသပ်ကွင်း၌ တည်ရှိခဲ့တာ ကြာမြင့်လွန်းခဲ့ပြီ ဖြစ်သောစည်းမျဉ်းပင်။ သို့သော် ခုခါ၌ ဩဇာအင်ပါယာမန်တောက်က ထိုစည်းမျဉ်းကို လစ်လျူရှုကာ တိုက်ခိုက်လာခဲ့လေပြီ။

ထိုစည်းမျဉ်းကို ကောင်းကင်ဘုံဘိုးဘေး ချမှတ်ထားခဲ့တာ မဟုတ်ပေ။ နောက်ပိုင်းမျိုးဆက်များက သတ်မှတ်ထားခဲ့တာသာ ဖြစ်၏။ ထို့အတွက်ကြောင့် ဒီနေရာတွင် တစုံတစ်ယောက်ကို တိုက်ခိုက်ခြင်းသည် အင်ပါယာစမ်းသပ်ကွင်းကို စော်ကြားတာ မဟုတ်တော့ပေ။ သို့သော် ၎င်းစည်းမျဉ်းကို မလိုက်နာဝံ့သူမှာ ရှားလေ၏။

ထိုဧရာမလက်ချောင်း ပေါ်လာသည့်အခါ ၎င်းက ဒီနေရာရှိ စွမ်းအင်များကို တဝီဝီထသွားစေသည်။ ကျင့်ကြံသူအားလုံးက ပင့်သက်ရှိုက်မိကုန်ကာ သူတို့၏မျက်လုံးထဲ၌ အကြောက်တရား ပေါ်လာပြီး နောက်ဆုတ်ကြသည်။

“သူက ဒီမှာ အမှန်တကယ် တိုက်ခိုက်ရဲတယ်…”

“မဟာအင်ပါယာတွေအောက် နံပါတ်တစ်ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်တယ်။ သူဟာ ဒီမှာ ရှိတဲ့ စည်းမျဉ်းကိုတောင် ချိုးဖျက်ဝံ့တာပဲ…”

“ဒီစည်းမျဉ်းတွေက မဟာအင်ပါယာတွေ ချမှတ်ထားခဲ့တာ။ ဩဇာအင်ပါယာမန်တောက်က သတ္တိသိပ်ရှိနေတာပဲ…”

ထိုဧရာမလက်ချောင်းက ဝီခေါ်ကာ ဝမ်လင်းထံ ပျံသန်းဝင်လာ၏။ ဝမ်လင်းကသာ မလှုပ်ရှားပါက တည်နေရာရွှေ့ပြောင်းနေစဉ်အတွင်း သူ့နတ်ဘုရားအာရုံသည် ပျက်စီးထိခိုက်သွားနိုင်လောက်သည်။

သို့သော် သူ ပုန်းကွယ်ပါကလည်း တည်နေရာရွှေ့ပြောင်းခြင်းကနေ အတင်းအကြပ် ထွက်လာရမည် ဖြစ်ပြီး သူ့အနေဖြင့် ထွက်ခွာနိုင်စွမ်း မရှိ ဖြစ်တော့မည့်ပုံပင်။

ဤသည်က ဝမ်လင်း၏ အရှိန်အဟုန်နှင့် ဆယ့်သုံးခုမြောက်နန်းတော်ကို ချိုးဖျက်ပြီးနောက် သူ၏ဂုဏ်သတင်းကို ထိခိုက်စေခြင်းနှင့်အတူတူပင်။

၎င်းက ဝမ်လင်း ကျော်ကြားမှုကို ရပြီးချင်းချင်း ဩဇာအင်ပါယာမန်တောက် မည်မျှ သန်မာသည်ကိုလည်း ပြသခြင်း မည်၏။ မန်တောက်က ဩဇာအင်ပါယာများကြား၌ တိုက်ခိုက်သည်မှာ ဖြစ်ခဲသော်လည်း သူ သိပ်မလွန်ပါက မဟာအင်ပါယာများသည် ကြားဝင်လိမ့်မည် မဟုတ်ဟု သိထားပေ၏။

မဟာအင်ပါယာတောက်ရီနှင့်ဝူဖန်တို့မှာ မျက်မှောင်ကြုတ်သွားသည်။ တောက်ရီက ချီတုံချတုံဖြစ်နေကာ စကားမဆိုပေ။ သို့သော် ဝူဖန်ကတော့ အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။

“မန်တောက်…မင်း သတ္တိသိပ်ရှိနေတယ်ပေါ့။ မင်း ဒီမှာ တိုက်ခိုက်ရဲတာလား…”

ဝူဖန်က ထိုသို့ ပြောလျက် သူ့ညာလက်ကို ဝေ့ယမ်း၏။ ထိုအခိုက်တွင် အောက်ဘက်မှ ကျင့်ကြံသူတစ်ယောက်ထံမှ ရယ်မောသံ ထွက်ပေါ်လာသည်။ အောက်ဘက်မှ အင်ပါယာအတုများထဲမှ တစ်ယောက်ထံမှ ရွှေရောင်အလင်းထွက်ပေါ်ကာ သူ့ပတ်လည်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဖူ ဆောင်းထား၏။ သည်ပုံရိပ်က ကောင်းကင်ဘုံဘိုးဘေးပင်။

ကောင်းကင်ဘုံအင်ပါယာက သည်နေရာသို့ သူ၏ကိုယ်ပိုင်အထူးမန္တာန်ဖြင့် ရောက်လာခဲ့ပေသည်။ သူက သူ့ညာလက်ကို ဝူဖန်ထံ ဝေ့ယမ်းကာ ဝူဖန်၏ လက်ဝေ့ယမ်းချက်မှ စွမ်းအားကို ပယ်ဖျက်ပစ်လိုက်သည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အတွင်း၌ ဝမ်လင်းက မော့ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ သူသည် မူလတုန်းက ဒီနေရာ၌ ပြဿနာများ မဖန်တီးလိုခဲ့ပေ။ သို့သော် ဩဇာအင်ပါယာမန်တောက်၏ အပြုအမူတို့က လွန်လာခဲ့ရာ သူ့အနေဖြင့် စိတ်ထဲကနေ သတ်ဖြတ်လိုစိတ်ကို ပေါ်လာစေသည်။

သူက သူ ရယူခဲ့သော အောင်မြင်မှုပန်းတိုင်ကို ထိုလူက ဖျက်စီးတာအား ခွင့်ပြုမည် မဟုတ်ပေ။

ထိုလက်ချောင်း ကျရောက်လာသည့်အခါ ဝမ်လင်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ လှမ်းထွက်လာ၏။ ထိုလက်ချောင်းက ဝမ်လင်းရှေ့တွင် ရပ်ကာ လွင့်ပြယ်သွားချေသည်။ ဤသည်မှာ တဖက်လူက ဝမ်လင်းကို အမှန်တကယ် တိုက်ခိုက်ခြင်း မဟုတ်ဘဲ လှောင်ပြောင်ရုံမျှ တိုက်ခိုက်လာသည်ဟု ထင်ရလေ၏။

All Chapters