← Chapters

ဘယ်သူလဲ…

Vol. 146 Ch. 2015

ဘယ်သူလဲ…

Vol. 146 Ch. 2015

ထိုအခိုက်တွင် ဝမ်လင်းက ကောင်းကင်ထက်သို့ တရှိန်ထိုး တက်လာ၏။ သူက ဤသည်ကို မလုပ်ချင်ခဲ့ပေ။ ဆယ့်သုံးခုမြောက်နန်းတော်၌သာ ရပ်တန့်ချင်ခဲ့သည်။ သို့သော် ကောင်းကင်ဘုံအင်ပါယာ ပေါ်လာမှုနှင့် သူ ပြောခဲ့သည့်စကားတို့က ဝမ်လင်း၏ စိတ်ကို ဒေါသပုန်ထစေခဲ့သည်။

ထိုဒေါသပုန်ထမှုက သူ၏ အစောပိုင်းတုန်းက ထင်မြင်ချက်ကို သက်သေပြရာလည်း ရောက်၏။ အင်ပါယာမြို့သို့ ခရီးစဉ်က အတော့်ကို အန္တရာယ်များပေလိမ့်မည် ဟူ၏။

ကောင်းကင်ဘုံအင်ပါယာ ဝမ်လင်း၏ အရှိန်အဟုန်ကို လာ၍ ဖျက်စီးခြင်းက မဟာအင်ပါယာများက သူ့အား မစည်းရုံးနိုင်အောင်ပင် ဖြစ်၏။ သူတို့က စည်းရုံးခဲ့လျှင်ပင် သူတို့သည် သူ့ကို ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းခဲ့သော လူတစ်ယောက်ကို ပေးမည့် အခွင့်အရေးမျိုး ပေးကြတော့မည် မဟုတ်ပါ။

ထိုနည်းလမ်းက တိုက်ရိုက်ဆန်လှ၏။ သို့ပေမည့်လည်း အတော့်ကိုလည်း သက်ရောက်မှု ရှိနေသည်။

သူ၏ ဂုဏ်သတင်းကျော်ကြားမှုကို ဆောက်ထိုးမိုးမျှော် ဖြစ်စေခြင်း မဟုတ်လား။ လူအားလုံးက သူ့ကို အထင်သေးအမြင်သေး ကြည့်ရှုကြတော့မည် မဟုတ်လား။ သည်လိုမျိုးအရာက ဝမ်လင်းအတွက် ဘာမျှတော့ မဟုတ်ပေ။ သူ့အနေဖြင့် ထိုသို့သော အရာများကို လုံးဝ အရေးမစိုက်ပေ။ သို့သော် ဤသည်က သူ၏ အမည်ကျော်ကြားရန် ဟူသော ရည်ရွယ်ချက်ကို ဖျက်စီးပစ်ရုံသာမက ကောင်းကင်ဘုံကလန်တခွင်တွင်လည်း သူ့အား နာမည်ဆိုးဖြင့် ကျော်ကြားအောင် လုပ်နေသည်။

သူက ယင်းသို့ အဖြစ်ခံမည် မဟုတ်ပါ။ ကောင်းကင်ဘုံအင်ပါယာ ဖြစ်နေလျှင်ပင် သူက တိုက်ခိုက်ရလိမ့်မည် ဖြစ်၏။

“ဆယ့်ငါးထပ်မြောက်နန်းတော်။ ကောင်းပြီ။ သင်တို့အားလုံးက ငါ့အကန့်အသတ်ဟာ ဆယ့်သုံးခုမြောက်နန်းတော်လို့ ထင်နေကြတယ်မလား။ ဒီနေ့ ငါ မောက်မောက်မာမာနဲ့ ဆယ့်ငါးခုမြောက်နန်းတော်ထိ ဖြတ်သန်းပြမယ်။ ကောင်းကင်ဘုံအင်ပါယာ သင်က တကယ်ပဲ အရှက်မဲ့တာပဲ။ ငါ သင့်ရဲ့ သွေးမျိုးဆက်ထဲမှာ အဲ့အရှက်မဲ့မှုကို မြင်နေရတယ်…”

ဝမ်လင်း၏မျက်လုံးက အေးစက်လာ၏။ သူက ချက်ခြင်းပင် ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်ကျော်ကာ ဆယ့်လေးခုမြောက်နန်းတော်ထံ နဂါးတစ်ကောင်အလား ရွှေ့လျားလာ၏။

ဆယ့်လေးခုမြောက်နန်းတော်ထဲသို့ ဝင်ရောက်တော့မည့် အခါ၌ ဝမ်လင်းက ရပ်ကာ အောက်သို့ လှမ်းကြည့်သည်။

“ကောင်းကင်ဘုံအင်ပါယာ၊ သင့်မျက်လုံးကို ဖွင့်ပြီး ကျုပ်ကို အသေအချာ ကြည့်နေပါ…”

“မောက်မာရဲတင်းလိုက်တဲ့ကောင်…”  ဩဇာအင်ပါယာမန်တောက်က မာန်သွင်းလှမ်းအော်ပြီး ကောင်းကင်ဘုံအင်ပါယာရှေ့သို့ လာရပ်၏။ သို့သော် ကောင်းကင်ဘုံအင်ပါယာကမူ ဟန်မပျက် ပြုံးနေသည်သာ။

“မင်း ဆယ့်ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းမှာကို ငါ စောင့်နေတယ်…”  သို့သော် သူ့မျက်လုံးသူငယ်အိမ်က မဆိုသလောက် လှုပ်ခတ်သွားလေ၏။

ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။ ဟန်ဆောင်မှုအားလုံး ကျိုးပျက်သွားမှတော့ သူကလည်း ဆက်၍ ယဉ်ကျေးနေမည် မဟုတ်တော့ပေ။ သူက ထိုသို့ ပြုမူလေလေ ဒီကိစ္စပြီးသည့်နောက် အင်ပါယာမြို့တော်သို့ သွားရောက်မည့် သူ့ခရီးစဉ်က ပို၍ ဘေးကင်းလေပင်။

ဝမ်လင်းက ဆယ့်လေးခုမြောက်နန်းတော်ထံ ခြေလှမ်းလိုက်သည်။

“စိတ်ဝိညာဉ်ချပ်ဝတ်မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါ လူတိုင်းကို တုန်လှုပ်စေချင်ရင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကနေ ဖြစ်ပေါ်လာခဲ့တဲ့ ငါ့ကိုယ်ပွားကို အသုံးပြုရလိမ့်မယ်။ စိတ်ဝိညာဉ်ကို လမ်းညွှန်မှုအဖြစ် အသုံးပြုပြီး ပေါင်းစည်းစေ…”

ဝမ်လင်း၏ပုံရိပ်က ဆယ့်လေးခုမြောက်နန်းတော်ထဲသို့ ပျောက်ကွယ်သွားလေ၏။

ထို့နောက်တွင် အောက်ဘက်မှ ကျင့်ကြံသူအားလုံးက ငြိမ်သက်နေကြ၏။ ထိုပြောင်းလဲမှုက ရုတ်တရက် ဆန်လွန်းလှပေသည်။

“ခုလက်ရှိ ဩဇာအင်ပါယာတွေထဲမှာ ချိုက်ဝေနဲ့ မန်တောက်တို့ကပဲ ဆယ့်လေးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာ။ ဒီဝမ်လင်းဟာ လူလိမ်သာသာပဲ။ သူ့အတွက် ဖြတ်သန်းနိုင်ဖို့ဟာ မဖြစ်နိုင်ဘူး…”

“သူ ဒီလိုလုပ်နေတာဟာ အရှက်ရလို့ ဒေါသထွက်ပြီး ထင်ရာလျှောက်လုပ်နေတဲ့ သဘောပဲ…”

“စိတ်ဝင်စားစရာပဲ။ ဒီမှာ ဖြစ်ပျက်နေတာတွေက အလှည့်အပြောင်းတွေ ပြည့်နေတယ်…။ နောက်ဆုံး အလှည့်အပြောင်းက ဘာများ ဖြစ်မလဲ ငါ သိချင်မိတယ်…”

“ဒီကိစ္စကို တွေးနေဖို့တောင် မလိုဘူး။ ဒီလူ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ စိတ်ဝိညာဉ်ချပ်ဝတ်ဟာ အချိန်စေ့နေပြီ။ သူ့မှာ ဖြတ်သန်းနိုင်ဖို့ ဘာအစီအစဉ် ရှိနိုင်အုံးမှာမလို့လဲ…”

အင်ပါယာအတုများက ကောင်းကင်ထက်သို့ အေးစက်စက်ကြည့်ကာ ဝမ်လင်းကို အထင်အမြင် သေးနေကြသည်။ ဩဇာအင်ပါယာများကမူ ကောင်းကင်ထက်သို့ မတူညီသောအတွေးများနှင့် ကြည့်ရှုနေသည်။ သူတို့အများစုက ဝမ်လင်းကို ကျရှုံးမည်ဟုသာ ထင်ထားကြ၏။

မဟာအင်ပါယာတောက်ရီက ကောင်းကင်ထက်သို့ ကြည့်ကာ မျက်မှောင်ကြုတ်သည်။ သူကလည်း ဝမ်လင်းအနေဖြင့် ဆယ့်လေးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်လိမ့်မည်ဟု မထင်ပေ။

“ကောင်းကင်ဘုံအင်ပါယာရဲ့ စကားလုံးအနည်းငယ်နဲ့ ခုလိုမျိုး အဆင်အခြင်မဲ့ လုပ်ဆောင်တာဟာ သူ့စိတ်နှလုံးဟာ လုံလောက်အောင် ပြတ်သားခိုင်မာမှု မရှိတာကို ပြသနေတယ်။ ဒီကောင်လေးကို စည်းရုံးဖို့ မထိုက်တန်ဘူး…”

ဩဇာအင်ပါယာမန်တောက်ကတော့ လှောင်ပြောင်သည့်ဟန်ဖြင့် ရှိနေ၏။ သို့သော် ကောင်းကင်ထက်သို့ ကြည့်နေသော သူ့အကြည့်ထဲ၌ အကြောက်တရား အရိပ်အမြွက်ပါရှိနေသည်။ သူက ဘာကြောင့်မှန်းမသိ တစ်ခုခုမှားယွင်းနေပြီဟု ခံစားမိနေရ၏။

သူ၏ဘေးတွင်လည်း ကောင်းကင်ဘုံအင်ပါယာက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက တည်ငြိမ်နေပေသည်။ သို့သော် သူ့စိတ်ထဲ၌မူ ချီတုံချတုံ အနည်းငယ် ဖြစ်နေသည်။

“သူ့ကို ငါ နားလည်သလောက် သူဟာ ယုံကြည်မရှိတဲ့အရာတွေကို လုပ်ခဲလှတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်ချပ်ဝတ် မပါဘဲ ဆယ့်လေးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ဖို့ဟာ အတော့်ကို ခက်ခဲတာ။ မဟုတ်ရင် သူ အစောပိုင်းက ထွက်သွားဖို့ ရွေးချယ်ခဲ့လိမ့်မှာ မဟုတ်ဘူး…”

“သူက သူ့သေတွင်း သူ တူးနေရုံပါပဲလေ…”

သို့ပေမည့် ကောင်းကင်ဘုံအင်ပါယာ ထိုသို့ တွေးမိရုံ ရှိသေး အသက်ကိုးရှိုက်စာ ကျော်ကျော်အချိန်လေးမှာပင် ကောင်းကင်ထက်မှ မျက်စိစူးလောက်သော ရွှေရောင်အလင်း ပေါက်ကွဲထွက်လာလေ၏။

ထိုရွှေရောင်အလင်းက ဆယ့်လေးခုမြောက်နန်းတော်ထံမှ ထွက်ပေါ်လာခြင်းပင်။ ၎င်းက တိမ်စိုင်များကို ထွင်းဖောက်ကာ သည်ဧရိယာကို ထွေးခြုံသည်။

ယင်းအလင်းက တောက်ပလွန်းလှကာ အောက်ဘက်မှ ကျင့်ကြံသူများ၏မျက်လုံးနှင့် နှလုံးသားများကို ထွင်းဖောက်သွားစေု့ထိ လုံလောက်ပေသည်။

“အသက်ကိုးရှိုက်စာ။ မဖြစ်နိုင်ဘူး။ သူက ဆယ့်သုံးခုမြောက်နန်းတော်မှာတောင် အချိန်အတော်ကြာကြာ သုံးစွဲခဲ့ရတာ။ သူ့အနေနဲ့ ဆယ့်လေးခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့အတွက်ဆို ပိုပြီးတော့တောင် အချိန်ယူသင့်တာ မဟုတ်ဘူးလား…”

“သူ…သူ…သူ တကယ်ပဲ ဒါကို ဖြတ်ကျော်နိုင်သွားပြီ။ သူ့စိတ်ဝိညာည်ချပ်ဝတ်က အချိန်မစေ့သေးတာများလား။ သူ့မှာ စိတ်ဝိညာဉ်ချပ်ဝတ် မရှိရင် ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တဲ့ ခွန်အားပဲ ရှိနေတာ မဟုတ်ဘူးလား…”

“သူ့မှာ နောက်ထပ် စိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ဆိုင်ထားသေးတာလား…”

မဟာအင်ပါယာတောက်ရီသည်လည်း မင်သက်အံ့အားသင့်သွား၏။ သူက ကောင်းကင်ထက်သို့ ပျံတက်ကာ ဆယ့်လေးခုမြောက်နန်းတော်ထံမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းကို အနီးကပ် ကြည့်ရှုသည်။

“သူ တကယ်ပဲ ဆယ့်လေးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာပဲ…” ဩဇာအင်ပါယာမန်တောက်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူက ကောင်းကင်ထက်သို့ စိုက်ကြည့်နေသည်။

“ပြသနာ မရှိဘူး။ ဒါက ဆယ့်လေးခုမြောက်နန်းတော်ပဲ ရှိသေးတယ်…”

ကောင်းကင်ဘုံအင်ပါယာက ကောင်းကင်ထက်သို့ ကြည့်ကာ သူ့မျက်လုံးသူငယ်အိမ်က ထပ်မံ လှုပ်ခတ်သွားပြန်၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။

ကောင်းကင်ထက်တွင် ဝမ်လင်း၏ပုံရိပ်က ဆယ့်လေးခုမြောက်နန်းတော်အပြင်ဘက်တွင် ပေါ်လာ၏။ သူက တစ်စက်လေးမျှ မရပ်တန့်ဘဲ ဆယ့်ငါးခုမြောက်နန်းတော်ထံ တိုက်ရိုက် ပျံသန်းသွားတော့သည်။

ဝမ်လင်း ရွှေရောင်အလင်းတန်းအတွင်းရှိ ဆယ့်ငါးခုမြောက်နန်းတော်ထဲ ဝင်ရောက်သွားသည့်အခါ အောက်ဘက်ရှိ လူအုပ်ကြားထဲတွင် လှိုင်းထန်နေလေပြီ။

“သူ ဆယ့်လေးခုမြောက်နန်းတော်ကို အသက်ကိုးရှိုက်စာအတွင်း ကျော်ဖြတ်ပြီးတဲ့နောက် ဆယ့်ငါးခုမြောက်နန်းတော်ထဲ တန်းဝင်ရောက်သွားတယ်။ အရင်တုန်းက ငါတို့ သူ့ကို အထင်အမြင်လွဲခဲ့တာများလား…”

“စိတ်ဝိညာဉ်ချပ်ဝတ်နဲ့ဆိုရင်တောင် ဆယ့်ငါးခုမြောက်နန်းတော်ကို ရောက်ဖို့ဟာ အလွန်တရာကို ခက်ခဲလွန်းနေပြီ…”

မဟာအင်ပါယာတောက်ရီက ကောင်းကင်ထက်သို့ စိုက်ကြည့်နေ၏။ သူသည် ဝမ်လင်းကို စည်းရုံးဖို့ လက်လျှော့ခဲ့ပြီး ဖြစ်သော်လည်း ခုခါ၌ ထိုစိတ်ဆန္ဒက ပြန်ပေါ်လာခဲ့ပေပြီ။

အသက်တစ်ရှိုက်၊ နှစ်ရှိုက်၊ သုံးရှိုက်…။ ဝမ်လင်းက အသက်ကိုးရှိုက်စာကြာ ဆယ့်ငါးခုမြောက်နန်းတော်တွင် ရှိနေပြီးနောက် ယင်းနန်းတော်ထံမှ ရွှေရောင်အလင်းက ပေါက်ကွဲထွက်လာသည်။

ထိုရွှေရောင်အလင်းက တိမ်စိုင်များကို ချိုးဖျက်ကာ မြန်ဆန်စွာ ပျံ့နှံ့လာသည်။ ထိုရွှေရောင်အလင်းက ကောင်းကင်ဘုံအင်ပါယာ၏ မျက်နှာကို ဖြတ်ရိုက်ချလိုက်သကဲ့သို့ပင်။ ဤသည်က ကောင်းကင်ဘုံအင်ပါယာကို မျက်လုံးဖွင့်လာစေကာ ဖြစ်တောင့်ဖြစ်ခဲ တုန်လှုပ်မှုကို လှစ်ဟပေါ်သွားစေသည်။

မဟာအင်ပါယာတောက်ရီက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏မျက်လုံးထံမှ ရွှေရောင်အလင်းတောက်လာပေသည်။

“ဒီကောင်လေး…ငါတို့အားလုံး သူ့ကို အထင်လွဲခဲ့တာပဲ။ သူ့မှာ မန်တောက်ထက်တောင် ပိုကောင်းတဲ့ အလားအလာ ရှိနေသေးတယ်။ စိတ်ဝိညာဉ်ချပ်ဝတ်ဟာ သူ့အတွက် တခြားစွမ်းအားတစ်ခုသာသာပဲ။ တစ်စုံတစ်ယောက်က အလားတူ ချပ်ဝတ်ကို ပိုင်ဆိုင်မယ်ဆိုရင်တောင် သူတို့က ဆယ့်ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်မယ်လို့ ပြောဝံ့လား…”

မဟာအင်ပါယာဝူဖန်ကတော့ တည်ငြိမ်လျက်ပင်။ သို့သော် သူ့ပါးစပ်ထောင့်တွင် အပြုံးတစ်ခု တွဲခိုလာ၏။ သူက သူ့မျက်လုံးထဲရှိ လေးစားမှုကို ဖုံးကွယ်မထားပေ။ သူက ဝမ်လင်းအတွက် ကောင်းကင်ဘုံအင်ပါယာကို ဆန့်ကျင့်ဖို့လည်း တုံ့နှေးမနေခဲ့ပေ။ အကြောင်းက သူသည် အလောင်းအစားတစ်ခု လုပ်ခဲ့ခြင်းပင်။ ဝမ်လင်းက သူ လုပ်ဆောင်ပေးခဲ့တာကို မှတ်မိနေလိမ့်မည် ဖြစ်၏။ ဝမ်လင်းက သူ့နောက်လိုက်ဖို့ မရွေးချယ်ခဲ့လျှင်ပင် အကယ်၍ ဝမ်လင်းသာ မဟာအင်ပါယာ ဖြစ်လာပါက သူတို့ကြား၌ ကောင်းမွန်သောဆက်ဆံရေးတစ်ခု ရှိနေမည်သာ။

“ဆယ့်ငါးခုမြောက်နန်းတော်…သူ ဆယ့်ငါးခုမြောက်နန်းတော်ကို တကယ်ပဲ ဖြတ်သန်းနိုင်ခဲ့တာပဲ…” မန်တောက်၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်လာ၏။ သူ၏မာနက ခုလိုအရာမျိုး ဖြစ်လာခွင့် ပြုလိမ့်မည် မဟုတ်ပေ။ သူက ကောင်းကင်ထက်သို့ တရကြမ်း ထိုးတက်သွားလေ၏။

ဤသည်ကို လူတိုင်းက တွေ့မြင်သည်။ ရုတ်တရက် ကျင့်ကြံသူများသည် အော်ဟစ်ကုန်သည်။

“ထပ်ပြီးတော့ အသက်ကိုးရှိုက်စာနဲ့ နန်းတော်တစ်ခုကို ဖြတ်သန်းလိုက်ပြန်ပြီလား…။ ဒီဝမ်လင်းက ကျုပ်တို့ အရင်က ထင်ထားသလိုမျိုး ကျိန်းသေပေါက် မဟုတ်ဘူး…”

“ဒီလူ့မှာ အစွမ်းထက်ကျင့်ကြံမှုအဆင့် ပိုင်ဆိုင်ထားလိမ့်မယ်။ သူက ကျုပ်တို့နားလည်နိုင်တဲ့ တစုံတစ်ယောက် မဟုတ်ဘူး။ သူ့ခွန်အားကို ဖုံးကွယ်ထားတာ ရှင်းနေတာပဲ။ သူသာ ကောင်းကင်ဘုံအင်ပါယာရဲ့ အတင်းအကြပ် တွန်းအားပေးတာသာ မခံရရင် နောက်ထပ်ကြိုးစားတော့မှာ မဟုတ်ဘူး…”

“ဟုတ်တယ်။ သူနဲ့ ကောင်းကင်ဘုံအင်ပါယာကြားမျာ လူမသိတဲ့လျှို့ဝှက်ချက်တစ်ခု ရှိမှာပဲ။ ဒါ့ကြောင့်လည်း ကောင်းကင်ဘုံအင်ပါယာက သူ့ကို တိုက်ခိုက်ခဲ့တာမလား…”

ဩဇာအင်ပါယာများ၏ စိတ်ထဲ၌ ထိုသို့သောအတွေးများ ဝင်လာပေ၏။ သည်အခိုက်တွင် သူတို့သည် ဝမ်လင်းကို အထင်သေးကြခြင်း မရှိတော့ပေ။ သူတို့ထံ၌ လေးစားမှုနှင့်အတူ စိတ်ရှုပ်ထွေးမှုအချို့သာ ရှိလေတော့၏။

မည်သည့်နည်းလမ်းကို သုံးပါစေ ဆယ့်ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခြင်းသည် ခွန်အားပိုင်ဆိုင်သည်ဟု ဆိုလိုသည် မဟုတ်လား။

လူအုပ်ကြားရှိ အင်ပါယာအတုဟိုင်းဇီက ကောင်းကင်ထက်သို့ ကြည့်ကာ ပြုံး၏။ သူမသည် သူတို့နှစ်ယောက်ကြားရှိ ကွာဟမှုက ကြီးမားသထက်ကြီးမားသွားပြီကို သိသော်လည်း သူမက ပျော်ရွှင်မှုကို ခံစားနေရဆဲပင်။

ဩဇာအင်ပါယာမန်တောက် ပျံသန်းတက်သွားခြင်းက သည်အဖြစ်သနစ်၏ စိတ်လှုပ်ရှားမှုကို နောက်တစ်ဆင့်သို့ ရောက်သွားစေသည်။မန်တောက်က ကောင်းကင်ထက်သို့ တိုက်ရိုက်ပျံသန်းတက်သွားချိန် ဝမ်လင်းကလည်း ဆယ့်ခြောက်ခုမြောက်နန်းတော်ရှေ့သို့ ရောက်နေလေပြီ။ သူတို့နှစ်ယောက်က ဆယ့်ခြောက်ခုမြောက်နန်းတော်ထဲသို့ တချိန်တည်း ခြေလှမ်းလိုက်ကြသည်။

အင်ပါယာအတုစမ်းသပ်ကွင်း၌ တစ်ကြိမ်လျှင် လူတစ်ယောက်ဟူသော အကန့်အသတ် မရှိပေ။ နှစ်ယောက်လုံး တစ်ချိန်တည်း ဝင်သွားသော်လည်း တစ်ယောက်နှင့်တစ်ယောက် တွေ့ကြလိမ့်မည် မဟုတ်ပါ။ သူတို့က သူတို့ဘာသာ ဒီနန်းတော်ကို ဖြတ်ကျော်ဖို့ ကြိုးစားနိုင်ကြ၏။

ဆယ့်ခြောက်ခုမြောက်နန်းတော် မလင်းလက်သည်မှာ နှစ်ပေါင်း မရေနိုင်တော့ပေ။

“ဩဇာအင်ပါယာမန်တောက်နဲ့ ဝမ်လင်းတို့ဟာ တချိန်တည်းမှာ ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ ကြိုးစားနေတယ်။ ဘယ်သူ ကျော်ဖြတ်နိုင်မလဲ…”

မဟာအင်ပါယာတောက်ရီက ကောင်းကင်ထက်သို့ ကြည့်ကာ သူ့စိတ်ထဲ၌ မျှော်လင့်မှုတို့ ပေါ်လာသည်။

တကယ်တော့ ထိုနှစ်ယောက်တွင် တစ်ယောက်က ကျော်ကြားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တစ်ယောက်ကတော့ ခုမှ စတင်ကျော်ကြားလာခဲ့တာ ဖြစ်၏။ နှစ်ယောက်လုံးက ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ တာဆူခြင်းသည် ကောင်းကင်ဘုံကလန်အတွက် ကြီးမားသည့်ကိစ္စရပ်တစ်ခုပင်။

ဝူဖန်၏အမူအရာမှာလည်း အလေးအနက် ဖြစ်လာ၏။ အင်ပါယာစမ်းသပ်ကွင်းရှိ အထပ်တိုင်းက ပြီးခဲ့သောတစ်ခုထက် များစွာပိုခက်ခဲပေ၏။ ဩဇာအင်ပါယာမန်တောက်သည် အရင်တုန်းက ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ နှစ်ခါ ကြိုးစားခဲ့ဖူးသော်လည်း သူ ကျရှုံးခဲ့ပေသည်။

ကောင်းကင်ဘုံအင်ပါယာက အကွာအဝေးတစ်ခုမှ စောင့်ကြည့်နေလျက် သူက သုန်မှုန်နေ၏။ သူ  အစောလေးတင် ပြောခဲ့သော စကားတို့ကို ဝမ်လင်းက ရိုက်ဖယ်ထုတ်ခဲ့ပြီ မဟုတ်လား။ ဤသည်က သူ့ကို အရှက်ရစေခြင်းပင်။ သည်အခိုက်၌ သူ၏မျက်လုံးထဲတွင် အေးစက်မှု ပေါ်လာကာ သူက ကောင်းကင်ထက်သို့ ကြည့်နေသည်။

ဖြတ်ခနဲအတွင်း အသက်ကိုးရှိုက်စာ ကုန်လွန်သွား၏။ ကိုးကြိမ်မြောက်အသက်ရှိုက်စာ ကုန်လွန်သည်နှင့် ဆယ့်ခြောက်ခုမြောက်နန်းတော်ထံမှ တလျှံ့လျှံ့တောက်ပသော ရွှေရောင်အလင်း ပေါက်ကွဲထွက်လာ၏။

“ရွှေရောင်အလင်း။ ဒါက ဆယ့်ခြောက်ခုမြောက်နန်းတော်ကပဲ။ ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းလိုက်နိုင်ပြီ။ ဒီနေ့မတိုင်ခင်က ဘယ်ဩဇာအင်ပါယာကမျှ ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ခြင်း မရှိဘူး…”

“ဘယ်သူလဲ။ မန်တောက်လား၊ ဝမ်လင်းလား…”

“အသက်ကိုးရှိုက်စာဆိုတော့ ဒါဟာ ဝမ်လင်းပဲ ဖြစ်ရမယ်…”

“မဟုတ်တာ။ ဩဇာအင်ပါယာမန်တောက်က ကျော်ကြားခဲ့တာ နှစ်များစွာ ရှိနေပြီ။ သူ့မှာ ယုံကြည်ချက် မရှိရင် သူက ခုလိုမျိုး ဘယ်ကြိုးစားပါ့မလဲ။ ငါ့အမြင်တော့ ဒီတခါတော့ ဖြတ်သန်းနိုင်တဲ့သူက ဩဇာအင်ပါယာမန်တောက်ပဲ ဖြစ်လိမ့်မယ်…”

တောက်ရီ၊ဝူဖန်နှင့် ကောင်းကင်ဘုံအင်ပါယာတို့ကလည်း အလေးအနက်ဟန်တို့ဖြင့် လှမ်းကြည့်နေကြ၏။ သူတို့ကလည်း မည်သူဖြတ်ကျော်နိုင်ခဲ့သည်ကို သိချင်နေကြသည်။

ဆယ့်ခြောက်ခုမြောက်နန်းတော်၏ အပြင်ဘက်၌ ဝမ်လင်းက လှမ်းထွက်လာ၏။ သူ၏မျက်နှာကအနည်းငယ် ဖြူရောနေသည်။ သူသည် ဆယ့်ခုနစ်ခုမြောက်နန်းတော်ထံသို့ မသွားရောက်သေးပေ။ နေရာတွင်သာ ရပ်နေလျက် မန်တောက်ကို စောင့်နေသည့်အလား။

ထိုမြင်ကွင်းက တောက်ရီ၏မျက်လုံးကို ပြူးကျယ်သွားစေ၏။ ဝူဖန်၏မျက်လုံးထဲတွင်လည်း တုန်လှုပ်မှု ပြည့်လာသည်။ ကောင်းကင်ဘုံအင်ပါယာ၏အမူအရာကမူ အဆက်မပြတ် ပြောင်းနေပြီး သူ၏မယုံကြည်နိုင်ဖြစ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားနေလေ၏။

သူတို့မဆိုနှင့်ဦး အင်ပါယာတောင်ပေါ်ရှိ မဟာအင်ပါယာကျိုးသဲသည်ပင် ပင့်သက်ရှိုက်မိနေသည်။

All Chapters