← Chapters

ပြန်ကြမယ်

Vol. 146 Ch. 2016

ပြန်ကြမယ်

Vol. 146 Ch. 2016

အောက်ဘက်မှ အင်ပါယာအတုအားလုံးသည် လုံးဝ ငြိမ်သက်နေ၏။ ယနေ့ ပြောင်းလဲမှုက သူတို့ကို မအော်ဟစ်မိစေအောင်တောင် ဖြစ်စေမိ၏။ ထိုအစား သူတို့က ဆယ့်ခြောက်ခုမြောက်နန်းတော်ရှိ ဝိုးတဝါးပုံရိပ်ကိုသာ စိုက်ကြည့်မိနေသည်။

ဝမ်လင်း၏အပြုအမူက အစောပိုင်းတုန်းက အခြေအနေကို လုံးဝ ပြောင်းပြန် ဖြစ်သွားစေခဲ့ပေပြီ။ မေးခွန်းများနှင့်သံသယများသည် အကြွင်းမဲ့ခွန်အားကြောင့် လွင့်ပြယ်ကုန်လေပြီ။

ကောင်းကင်ဘုံအင်ပါယာက စိတ်ဝိညာဉ်ချပ်ဝတ်နှင့် ပြင်ပအားတို့က ပြည့်စုံခြင်း မရှိတော့သလို ဝမ်လင်းကလည်း လူတိုင်းကို သူ၏အကန့်အသတ်မှာ ဆယ့်သုံးခုမြောက်နန်းတော် မဟုတ်ကြောင်းကို ပြသလိုက်ပြီ ဖြစ်၏။

ဝမ်လင်းက သူ့အား မေးခွန်းထုတ်၊သံသယရှိနေသူများကို ပါးစပ်ဖြင့် မဖြေရှင်းခဲ့ပေ။ ထိုအစား သူက ဆယ့်ငါးခုမြောက်နန်းတော်နှင့် နှစ်ပေါင်းမရေမတွက်နိုင်စွာ မဖြတ်သန်းနိုင်ခဲ့ကြသော ဆယ့်ခြောက်ခုမြောက်နန်းတော်တို့ကို ဖြတ်သန်းပြခဲ့လိုက်ပြီ ဖြစ်၏။

ဤသည်က စကားလုံးတို့ထက် များစွာ သာလွန်ပေသည်။

အင်ပါယာစမ်းသပ်ကွင်းသည် သေလောက်အောင် တိတ်ဆိတ်နေ၏။ အောက်ဘက်မှ မရေမတွက်နိုင်သောအကြည့်များကို ရင်ဆိုင်နေရစဉ် ဝမ်လင်းက စိတ်ခံစားမှုအရိပ်အယောင် လုံးဝ မပြပေ။ သူက ရွှေရောင်အလင်းထဲ၌ ရပ်နေလျက် မျက်လုံးမှိတ်ထား၏။ သူသည် ဩဇာအင်ပါယာမန်တောက်ကို စောင့်နေလျက် ကျင့်ကြံနေသည့်အလား။

ထိုမြင်ကွင်းက သူ့ကို ဆရာသခင်တစ်ယောက်၏ အရှိန်အဝါကို ပေးစွမ်းစေ၏။ သူ့ကို တွေ့မြင်သော ကျင့်ကြံသူတိုင်းသည် စိတ်ထဲကနေ လေးစားမှု ပေးကြရလိမ့်မည်။

အချိန်ကုန်လွန်လာ၏။ နောက်ထပ် အမွှေးတိုင်တစ်တိုင်ဝက်စာလောက် ကုန်လွန်လာသည်။ ဝမ်လင်းက ဆယ့်ခြောက်ခုမြောက်နန်းတော်အပြင်ဘက်တွင် ရပ်နေဆဲ ဖြစ်၏။ ဩဇာအင်ပါယာမန်တောက်၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။

နောက်ထပ်အမွှေးတိုင်တစ်တိုင်ဝက်စာလောက် ကုန်လွန်သွားခဲ့ပြီးနောက် ရွှေရောင်အလင်း ဝန်းရံထားသော သည်နန်းတော်ထံမှ နောက်ထပ် ရွှေရောင်အလင်းတို့ ထပ်မံ ထုတ်လွှတ်လာသည်။ ထိုရွှေရောင်အလင်းများအတွင်းမှ မန်တောက်သည် ရယ်မောကာ လှမ်းထွက်လာ၏။

သူ၏ရယ်သံတွင် စိတ်လှုပ်ရှားမှု ပါဝင်သည်။ သူသည် ယနေ့ကို စောင့်နေသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ မဟုတ်လား။ အခု သူက ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့လေပြီ။ သူသည် ဝမ်လင်းရှေ့တွင် ပေါ်လာလေ၏။

“ဆယ့်ခြောက်ခုမြောက်နန်းတော်၊ ဒီကနေ့ ငါ မန်တောက်ဟာ ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ပြီ။ ကောင်းကင်ဘုံကလန်ရဲ့ ဘယ်ဩဇာအင်ပါယာက ငါနဲ့ ပြိုင်ဝံ့သလဲ…။ ငါ လှည့်ဖြားခဲ့တဲ့ မင်းကို ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင်…”

သူ၏စကားမဆုံးခင်မှာပင် သူက အရာအားလုံးသည် တိတ်ဆိတ်လွန်းနေသဖြင့် ရုတ်တရက် စကားရပ်သွား၏။ သူ ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းပြီးနောက် မည်သည့်ချီးကျူးထောပနာ ပြုသံမျှ ထွက်ပေါ်မလာခဲ့ပေ။ ထိုအစား အောက်ဘက်မှ ကျင့်ကြံသူများက စိတ်ရှုပ်ထွေးဟန်ဖြင့်သာ ကြည့်နေသည်။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်းက နှေးလွန်းတယ်…”

“မင်း…မင်း ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာလား…”

ဩဇာအင်ပါယာမန်တောက်၏ အမူအရာက ချက်ခြင်း ဖြူရောသွားသည်။ သူက ဝမ်လင်းကို စိုက်ကြည့်သည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာ၏။ သူသည် သူ့ထက် တစုံတစ်ယောက်က သာလွန်သွားမှာကို ခွင့်မပြုနိုင်ပေ။ သူ့အနေဖြင့် မဟာအင်ပါယာများကို မဆန့်ကျင်နိုင်သော်လည်း ဩဇာအင်ပါယာများကြားတွင်မူ သူသည်သာ နံပါတ်တစ် ဖြစ်ရပေမည်။

သို့သော် အခုတော့ သူ ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ခြင်းကြောင့် ရရှိမည့် ဂုဏ်သတင်းနှင့်ချီးကျူးထောပနာအသံများကို ဝမ်လင်းက ယူဆောင်သွားခဲ့ပေပြီ။ ဝမ်လင်း၏ပုံစံအရ သူသည် ဆယ့်ခြောက်ခုမြောက်နန်းတော်ကို အချိန်အနည်းငယ်ဖြင့်သာ ကျော်ဖြတ်ခဲ့ပုံ ရသည်။

ထိုသည်က မန်တောက်ကို အရှက်ရမှု၊ဒေါသတို့ဖြင့် ပြည့်နှက်သွားစေ၏။ သူ၏ မာန်အပြည့်စိတ်နှလုံးက ထိုသို့သောအရာမျိုး ဖြစ်လာခွင့် ပြုမည် မဟုတ်ပေ။

“မင်း ထပ်ပြီး ကြိုးစားကြည့်ချင်သေးလား…”   ဝမ်လင်းက တည်ငြိမ်စွာဖြင့် မန်တောက်ကို ကြည့်နေ၏။ သူ ထိုသို့ ဂရုမစိုက်သည့်ပုံ ပြုမူလေလေ မန်တောက်အတွက် ပိုပြီး လက်သင့်မခံနိုင် ဖြစ်ရလေပင်။ သူက ဝမ်လင်းကို စူးစိုက်ကြည့်နေလေ၏။

“သူ့ရဲ့ ဒီလို စိတ်နေစရိုက်နဲ့ သူဟာ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ကို ဘယ်လိုများ ရောက်လာခဲ့တာလဲ။ ဖြစ်နိုင်တာက ဒီလိုအဆင့်ထိ ရောက်လာတာဟာ သူ့ရဲ့ မောက်မာမှုနဲ့ ပတ်သတ်နေလိမ့်မယ်။ သူ ပိုပြီး ရှုံးနိမ့်လေလေ အဲ့တာက သူ့ကို ပိုပြီး လှုံ့ဆော်လေပဲ ဖြစ်ရမယ်…”

“ဒါက လေးတစ်လက်လိုပဲ။ လေးက ပိုပြီး ကွေးညွှတ်လေလေ ပေါက်ကွဲထွက်တဲ့အခါမှာ စွမ်းအား ပိုမားလေပဲ…။ ဒီလေး ဘယ်လောက်သန်မာပါစေ…ငါ ဒါကို ကွေးညွတ်ပုံပျက်သွားအောင် လုပ်ရမယ်…”

ဝမ်လင်းက မန်တောက်ကိုကြည့်၏။ သူသည် မန်တောက် သူ့အား အရှက်ခွဲခဲ့တာကို မမေ့ပေ။ ဝမ်လင်းအနေဖြင့် သည်အတိုင်း ပြီးစေလိမ့်မည် မဟုတ်ပါ။

ထိုထက်ပိုသည်က မန်တောက်သည် ကောင်းကင်ဘုံအင်ပါယာတန်ဖိုးအထားဆုံးသူ တစ်ယောက်လည်း ဖြစ်နေသေး၏။ မန်တောက်ကို ဖျက်စီးခြင်းက အစောပိုင်းတုန်းက ကောင်းကင်ဘုံအင်ပါယာ သူ့ကို ပြောခဲ့သော စကားများကို ပြန်လည်ထိုးနှက်ခြင်းလည်း ဟုတ်ပေ၏။

ဝမ်လင်းက ထိုဩဇာအင်ပါယာမန်တောက်၏ ယုံကြည်မှုကို လုံးဝ ဖျက်စီးပစ်မည် ဖြစ်၏။ သူသည် မန်တောက်ကို သူနှင့်အတူ ဆယ့်ခုနစ်ခုမြောက်နန်းတော်သို့ ချိုးဖျက်ခိုင်းမည် ဖြစ်ကာ ဤသည်က မန်တောက်ကို ပြိုလဲစေပြီး ဝမ်လင်း၏ဖိအားအောက်တွင် ထာဝရ ကျရောက်သွားစေလိမ့်မည်ပင်။

လေးတစ်ချောင်းက မည်မျှ ကွေးညွှတ်ပါစေ ၎င်း၏အကန့်အသတ် ကျော်လွန်သွားသည်နှင့် ကျိုးသွားမည် မဟုတ်လား။ ဝမ်လင်းက ရက်စက်ကာ ပြတ်သားသူတစ်ယောက် ဖြစ်၏။ သူက အခုအခွင့်အရေးကို အသုံးချကာ မန်တောက်၏စိတ်နှလုံးကို ဖျက်စီးပစ်လေမ့ည် ဖြစ်သည်။

ဝမ်လင်းက နှာခေါင်းရှုံ့ကာ ဩဇာအင်ပါယာမန်တောက်ကို အထင်သေးဟန်ဖြင့် ကြည့်လိုက်၏။

ထိုအကြည့်က မန်တောက်ကို လက်သီးခပ်တင်းတင်း ဆုပ်မိသွားစေသည်။

အောက်ဘက်ရှိ ကောင်းကင်ဘုံအင်ပါယာက ဆက်လက်၍ မသုန်မှုန်တော့ပေ။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “မန်တောက်…ငါနဲ့အတူ နန်းတော်ကို ပြန်ကြမယ်…”

ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့် လှမ်းကြည့်သည်။

“ကောင်းတယ်။ ငါ့ကောင်းကင်ဘုံကလန်မှာ နောက်ထပ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် တိုးလာတာပဲ။ ဝမ်လင်း…ဒီအင်ပါယာက မင်းကို အစောတုန်းက အထင်လွဲခဲ့မိတယ်။ ငါ အင်ပါယာမြို့ကို ပြန်ရောက်တာနဲ့ အမိန့်ပြန်တမ်း ထုတ်ပြီး ဒီကိစ္စကို တလောကလုံး သိအောင် လုပ်ပေးမယ်…”

“ပြီးတော့ မင်းနဲ့ ငါနဲ့ သဘောတူထားတာ ရှိနေသေးတယ်။ ဒီအင်ပါယာက မင်းကို အင်ပါယာမြို့တော်ကိုလာဖို့ ဖိတ်ထားခဲ့တာ ခုဆို နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ အခု မင်းလည်း ဩဇာအင်ပါယာအဆင့်ကို ရောက်လာခဲ့ပြီဆိုတော မြို့တော်ကို လာလည်ဖို့ အကောင်းဆုံးအချိန်ပဲ။ အင်ပါယာမိသားစုက ဩဇာအင်ပါယာအားလုံးကို ဂုဏ်ပုဒ်ပေးအပ်ကြတယ်။ ဒီကြီးမြတ်တဲ့အခမ်းအနားအတွက် အင်ပါယာမြို့ကို လာခဲ့ပါ။ ဒီအင်ပါယာကိုယ်တိုင် မင်းအတွက် ဒီအခမ်းအနားကို ကျင်းပပေးမယ်…”

ကောင်းကင်ဘုံအင်ပါယာက ပြုံး၍ ပြောလာ၏။ ထိုအပြုံးက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများပေါ်သို့ လေပြေကဲ့သို့ ကျရောက်သွားသည့်အလား။ သူတို့အားလုံးက ဦးညွှတ်ကာ လက်နှစ်ဖက်ဆုပ်ကြ၏။

ဝမ်လင်းက တည်ငြိမ်နေလျက်ပင်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ကောင်းကင်ဘုံအင်ပါယာကို ကျုပ်က ဒုက္ခများစေခဲ့ပြီ…”

“ပြဿနာမရှိဘူး။ မန်တောက်…မင်း ခုထိ မထွက်သွားသေးဘူးလား…”  ကောင်းကင်ဘုံအင်ပါယာက ပြုံး၍ ကောင်းကင်ထက်တွင် ရုန်းကန်နေသော မန်တောက်ကို လှမ်းကြည့်သည်။ ထို့နောက် သူက မာန်သွင်းကာ လှမ်းအော်၏။ သူ၏အော်သံက မန်တောက်စိတ်အတွင်း ပဲ့တင်ထပ်သွားသည်။ ထို့နောက် မန်တောက်၏ ဒေါသများအားလုံးက ရုတ်တရက် လွင့်ပျောက်သွားကာ သူသည် တည်ငြိမ်သွား၏။ သူသည် နေရာတွင် ရပ်နေလျက် ဝမ်လင်းထံ ဒေါသအလျင်းမပါဘဲ လှမ်းကြည့်သည်။

သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် လှမ်းကြည့်ပြီးနောက် အောက်ဘက်သို့ ပျံသန်းလာတော့သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ ဩဇာအင်ပါယာမန်တောက်က သူ၏ ဒေါသများနှင့် မာနကိုပင် ဖိနှိပ်သွားနိုင်လေ၏။ သူသာ ထိုသူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်ပါက ထိုသူသည် သူ၏အထူးတာအိုကို အဆင့်ချိုးဖျက်နိုင်တာ ဖြစ်သွားနိုင်လောက်သည်။

ဝမ်လင်းက ဒေါသထွက်နေသော ဩဇာအင်ပါယာမန်တောက်ကို တစ်စက်လေးမျှ ဂရုမစိုက်ပေ။ သို့သော် မန်တောက်က ရုတ်တရက် တည်ငြိမ်သွားသည့်အခါ သူ့အနေဖြင့် အန္တရာယ်အငွေ့အသက်ကို ခံစားမိခဲ့ရသည်။

“မင်း ဆက်ပြီးတော့ နောက်ထပ်နန်းတော်တွေကို မချိုးဖျက်တော့ဘူးလား…”  ဝမ်လင်း၏အသံ ပဲ့တင်ထပ်လာ၏။

ကောင်းကင်ဘုံအင်ပါယာက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ မန်တောက်က ဝမ်လင်း၏စကားကို မကြားသည့်အလား ကောင်းကင်ဘုံအင်ပါယာထံ လျှောက်လှမ်းလာ၏။

“ဒီတော့ ဒါက ကောင်းကင်ဘုံအင်ပါယာမန်တောက်ပေါ့။ စိတ်ပျက်စရာပဲ။ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့တောင် သတ္တိမရှိဘူးလား…”

ဝမ်လင်းသည် မန်တောက်က သူ့စကားကို ကြားလျက်နှင့် လှည့်ပင် မကြည့်သည့်အခါ ထူးဆန်းစွာ ခံစားရ၏။ ဖြစ်နိုင်သည်မှာ သည်လူသည် ဩဇာအင်ပါယာများကြား၌ နံပါတ်တစ် ဖြစ်လာခဲ့ခြင်းက မတော်တဆ မဟုတ်လောက်ပေ။

ဝမ်လင်းသည် သည်နေရာ၌ ထိုသူ၏ စိတ်ကို ပျက်ပြားအောင် လုပ်ရပေမည်။

“ဝမ်လင်း…မင်းက ဘာရည်ရွယ်ချက်နဲ့လဲ…”   ကောင်းကင်ဘုံအင်ပါယာ၏ အကြည့်၌ ဖိအား လှစ်ဟပေါ်လာကာ သူက ဝမ်လင်းကို လှမ်းကြည့်သည်။

မန်တောက်က အနည်းငယ် စဉ်းစားပြီးနောက် မျက်လုံးမှိတ်လိုက်၏။ သူက ရုန်းကန်နေသည့်နှယ်။ သို့သော် တအောင့်အကြာတွင် သူသည် ချက်ခြင်း ပြန်တည်ငြိမ်သွားပြီး ကောင်းကင်ဘုံအင်ပါယာထံ လျှောက်လှမ်းလာသည်။

“ကျုပ်က သူ့ကို ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းဖို့ ကြိုးစားကြည့်စေချင်ရုံပါဘဲ သူ ကျရှုံးသွားတာနဲ့ ထွက်သွားနိုင်ပါပြီ…”

ဝမ်လင်းက ပြုံး၍ ဆိုသည်။ သူ၏စကားသံက မန်တောက်၏စိတ်အတွင်းထိ ထိုးနှက်လာ၏။

ဤသည်က သူ အစောပိုင်းတုန်းက ဝမ်လင်းကို ပြောခဲ့သလိုပင်။

သူ၏အသက်ရှုသံက မြန်လာ၏။ သူက ထပ်မံ၍ ရပ်သွားပြန်သည်။ သူ၏ မာနက သူ့ကို ဝမ်လင်း၏ စကားတို့အား တောင့်မခံနိုင် ဖြစ်စေ၏။ သို့သော် ထိုအခိုက်၌ ကောင်းကင်ဘုံအင်ပါယာက လက်ဝေ့ယမ်းလိုက်၏။ ညင်သာသောလေပြေတစ်ခုက မန်တောက်ကို ခြုံလွှမ်းကာ သူ့ကို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ စေလွှတ်လိုက်တော့သည်။

“အင်ပါယာနန်းတော်ကို ပြန်သွားပါ…”

ဩဇာအင်ပါယာမန်တောက်က နောက်လှည့်ကြည့်ချင်စိတ်ကို အတင်းဖိနှိပ်ထား၏။ သူ၏မျက်လုံးတို့က နီရဲနေပေသည်။ ကောင်းကင်ဘုံအင်ပါယာက သူ့ကို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ အတင်းအကြပ် စေလွှတ်လိုက်ပြီး ၎င်းက စတင်၍ အသက်ဝင်လာသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူသည် မန်တောက်ကို ခုလိုမျိုး အလွယ်တကူ ထွက်သွားခွင့် မပြုနိုင်ပေ။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသက်ဝင်လာသည့်အခိုက်၌ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုအစီအရင်ထံ လက်ညွှန်လိုက်သည်။

ထိုအခါ ပုံရိပ်ကိုးဆယ့်ကိုးခု ပေါ်လာပြီး ဧရာမလက်ချောင်းအဖြစ် သိပ်သည်းကာ အစီအရင်ထံ ပျံသန်းလာတော့သည်။

ကောင်းကင်ဘုံအင်ပါယာက ဒေါသထွက်သွားကာ တိုက်ခိုက်ရန် ဟန်ပြင်သည်။ သို့သော် ထိုအခိုက်တွင် မဟာအင်ပါယာဝူဖန်က ရယ်မောလိုက်ပြီး ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းသည်။ သို့သော် ထိုခြေလှမ်းက ကောင်းကင်ဘုံအင်ပါယာကို ဟန့်တားသွား၏။

သူတို့နှစ်ယောက်လုံးက မဟာအင်ပါယာများ ဖြစ်ကြ၏။ သည်အခိုက်၌ သူတို့၏အော်ရာများသည် တစ်ယောက်နှင့်တစ်ယောက် ချုပ်နှောင်ထားသည်။ သူ လှုပ်ရှားပါက ဝူဖန်ကလည်း လှုပ်ရှားမည်ပင်။ ထိုအခါ လက်ချောင်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ နီးကပ်လာသည်။

ဩဇာအင်ပါယာမန်တောက်က အပေါ်သို့ မော့ကြည့်ကာ မာန်သွင်းလိုက်၏။ သူသည် တည်နေရာရွှေ့ပြောင်းနေစဉ် အတောအတွင်း ဖြစ်၍ မတိုက်ခိုက်နိုင်ချေ။ သူက အံတင်းတင်းကြိတ်ကာ အစီအရင်ကနေ ခုန်ထွက်လာ၏။ သူ လှမ်းထွက်လာသည့်အခါ ထိုဧရာမလက်ချောင်းက သူ့ရှေ့တွင် လွင့်ပြယ်သွား၏။ ဤသည်က သူ့ကို လှောင်ပြောင်သည့်အလား။

ယင်းသည် ဩဇာအင်ပါယာမန်တောက် ဝမ်လင်းကို အစောပိုင်းတုန်းက လုပ်ခဲ့သလိုမျိုးနှင့် အတူတူသာပင်။

“ဝမ်လင်း…”  မန်တောက်က ဝမ်လင်းကို စိုက်ကြည့်၏။ သူ ဖိနှိပ်ထားရသော ဒေါသနှင့် အရှက်တရားတို့က ပေါက်ကွဲထွက်လာတော့မည်ဟန် ပြင်၏။

“ဝမ်လင်း…မင်း သတ္တိသိပ်ရှိနေတာလား။ မင်းက ဒီမှာ ရှိတဲ့ စည်းမျဉ်းကိုတောင် ဖောက်ဖျက်ရဲတယ်။ ဒီကနေ့ ဒီအင်ပါယာကို မင်းအပြစ်မတင်တော့နဲ့…”

ကောင်းကင်ဘုံအင်ပါယာက ဝမ်လင်း တိုက်ခိုက်ဝံ့လိမ့်မည်ဟု မထင်ထားတာ သိသာပေ၏။

“အို…ကျုပ်က တယောက်ယောက်ကို ထိခိုက်စေခဲ့လို့လား။ သူကော ဒဏ်ရာ ရသွားလို့လား။ ဘယ်သူမျှ ဒဏ်ရာမရသွားမှတော့ ကျုပ်က ဘယ်လိုလုပ် စည်းမျဉ်းတွေကို ဖောက်ဖျက်သလို ဖြစ်ရမှာလဲ…”

ဝမ်လင်းက ပြုံး၍ ကောင်းကင်ဘုံအင်ပါယာ ပြောဆိုခဲ့သည့်အတိုင်း ပြန်ပြောလာသည်။

ဝမ်လင်းက သူ၏ဒေါသကို ဖိနှိပ်ဖို့ ကြိုးစားနေသော မန်တောက်ထံ လှမ်းကြည့်ကာ ပြောဆိုလိုက်ပြန်၏။

“ကြည့်ရတာ မင်းမှာ ဘာသိက္ခာမှ မရှိတော့တဲ့ပုံပဲ။ မင်းရဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုဟာ မရှိတော့ဘူး။ မင်းအနေနဲ့ ဒီကနေ ဘာကြောင့် အလျင်စလို ထွက်သွားချင်ပြီး ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို မဖြတ်သန်းချင်တာလဲ ငါ သိချင်မိတယ်။ မင်းဟာ ကောင်းကင်ဘုံအင်ပါယာရဲ့ အမိန့်တိုင်းကို နားထောင်ရတဲ့ ယုံကြည်မှုကင်းမဲ့တဲ့လူသာသာပဲကို။ သူက မင်းကို ထွက်သွားလို့ ပြောရင် မင်း ချက်ခြင်း မထွက်သွားဘဲ မနေဝံ့ဘူးမလား…”

“ထားလိုက်ပါတော့…မင်းလို ကျင့်ကြံသူတစ်ယောက်ဟာ ငါ့အနေနဲ့ ထပ်ပြီး ကြည့်ရှုဖို့ အရည်အချင်း မရှိဘူး။ ထွက်သွားလိုက်တော့…”

ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သို့သော် သူ့မျက်လုံးထဲရှိ အထင်အမြင်သေးမှုကတော့ ရှိနေဆဲသာ။ သူ၏ ထိုအကြည့်က မန်တောက်၏စိတ်ထဲထိ ထွင်းဖောက်လာ၏။

“စိတ်ပျက်ဖို့ ကောင်းလိုက်တာ…”  သည်စကားက မန်တောက်ကို သူ၏ဒေါသအား ဆက်၍ ဖိနှိပ်နိုင်စွမ်းမရှိစေတော့ပေ။ သူ၏ခန္ဓာကိုယ်က တုန်ယင်လျက် သူက မာန်သွင်းကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

“ဝမ်လင်း…ငါတို့နှစ်ယောက်လုံး ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ချိုးဖျက်ဖို့ လုပ်ဆောင်ကြတာပေါ့…”

“ကောင်းပြီ…”   ဝမ်လင်းက ရယ်မောကာ ဆယ့်ခုနစ်ခုမြောက်နန်းတော်ထံ မန်တောက်နှင့် တချိန်တည်းလိုလို ခြေလှမ်းဝင်သည်။

ကောင်းကင်ဘုံအင်ပါယာက သူတို့ကို ဟန့်တားရန် ဟန်ပြင်၏။ သို့သော် သူ့ကို ဝူဖန်က တားဆီးလိုက်သည်။

“လျန်တောက်ကျန်း…။ ဩဇာအင်ပါယာတွေကြားက ပြိုင်ပွဲကို ကျုပ်တို့ ကြားဝင်နှောက်ယှက်ဖို့ မလိုဘူး…”

All Chapters